Saturday, November 24, 2007

တန်ဆောင်တိုင်ည အငြိမ့်ပွဲ(၁)နဲ့ (၂)

တန်ဆောင်တိုင်ည အငြိမ့်ပွဲ(၁)နဲ့ (၂)
လူရွှင်တော် ဇာဂနာ တင်ဆက်သည်

လတန်ဆောင် ခါသမယပေမို့
ညအရောင် သာယာစွရယ်လို့
လာလာသမျှ စိတ်ပျော်ရွှင်။
ဖျော်ဖြေကြောင်းရယ်နဲ့
စုပေါင်းကာ အနုပညာအားကို
ထားကြစုံလင်။ ။
နှင်းမှုန်ဝေ ခ၀ဲမာလာ ပန်းတွေက
သင်းထုံနေ အမြဲမကွာ လန်းပြန်တော့
ပုလဲရတနာ ဆန်းတို့က မှုန်ပြာဝေ
စုံပဏ္ဏာခြွေပါလို့ ဝေးနေအပေါင်း
(ပရိသတ်တို့ရေ …)
ဘုံ မြန်မာပြေမှာတော့ အေးစေကြောင်း။ ။

ကြယ်သီး ။ ။ မင်္ဂလာရှိလိုက်တာ ကိုပန်းသီးရယ်၊ တန်ဆောင်မုန်း ဗြိစ္ဆာ ကြတ္တိကာ ရောင်ဝါရှိန်သို့ဖြိုး၊ ခ၀ဲ ပွင့်ချိန် ခင်းကထိန် ရွှေအိမ် ပိုင်လည်စိုး ဆိုတဲ့ စာချိုးအတိုင်းပေါ့ဗျာ တန်ဆောင်မုန်း ခါသမယမှာ ခ၀ဲပန်းတို့က လဲပွင့်လို့ ကထိန်တွေလဲ ခင်းလို့ မနှစ်က ပြောပါတယ်
စိန်သီး ။ ။ ဒီနှစ်ပြောပါဟ …
ကြယ်သီး။ ။ ကထိန်လည်း ၀မ်းဖိုးဖိုးနဲ့ ပါသွားလို့
ပန်းသီး ။ ။ စကားတွေ ဘေးရောက်ကုန်ပါ့မယ်။ ကထိန်ခါ သမယဆိုတော့ ဆရာတော် သံဃာတော် များလည်း ကထိန်သင်္ကန်း ကပ်လှူရပေတယ်
ဇီးသီး ။ ။ မှန်ပါတယ် မသိုးသင်္ကန်းလို့ ဆိုတာကိုး။ ခုတော့ သိုးကုန်ပါပြီ။ မကပ်ရဘဲ သိမ်းထားလိုက်ရလို့
စိန်သီး ။ ။ ကဲပါ မိဘပြည်သူများအတွက် ဆုတောင်းပေးကြပါစို့ မြန်မာပြည်သူ ပြည်သားများ အပ္ပါယ်လေးပါးနဲ့ ဝေးကြပါစေ ကပ်သုံးပါးနဲ့လဲ မကြုံကြပါစေနဲ့
ကြယ်သီး ။ ။ ကြက်ကြီးသုံးပါးလည်း ဝေးပါစေ
ဇီးသီး ။ ။ ကပ်ကြီး သုံးပါးပါ
ကြယ်သီး။ ။ ကြက်ငှက်တုပ်ကွေး ဝေးပါစေ ဟော ကြက်တပါး၊ ကြက်သွန်နီ မစားရတဲ့ဘေး ဝေးပါစေ ဟော ကြက်နှစ်ပါး၊ ကြက်ဆူပင် စိုက်ရတဲ့ဘေး ဝေးပါစေ ကြက်သုံးပါး
စိန်သီး ။ ။ ယပ်ပစ်ရှစ်ပါး ဝေးပါစေ
ပန်းသီး ။ ။ မင်းကသာ ဝေးပါစေပြောနေ။ ငါ့ရှေ့မှာ ဦးဇင်းတွေ ယပ်ပစ်ပြီးပြေးတာ ရှစ်ပါး မကဘူး
စိန်သီး ။ ။ ခက်တော့နေပြီ။ ကိုင်း … ရန်သူမျိုး ၃ပါး ဝေးကြပါစေ
ပန်းသီး ။ ။ ရန်သူမျိုး ငါးပါးပါ ဟ …
စိန်သီး ။ ။ မင်း ဘာသိလဲ။ ရန်သူငါးပါး ဆိုတာက ရေ၊ မီး၊ မင်း၊ သူခိုး၊ မချစ်မနှစ်သက်သူ ငါးပါးနော်။ ခု ပြောင်းသွားပြီ။ မင်းရယ် သူခိုးရယ် မချစ်မနှစ်သက်သူရယ်က တစ်ယောက်တည်း ဖြစ်သွားလို့ ရန်သူမျိုး သုံးပါး။
(ထိုနောက် မင်းသမီး ထွက်လာ က စေ)

ကြယ်သီး ။ ။ ငွေနှင်းထန်စွာ ကျမှောင်တုန်းဟာမို့ နေမင်းဖလ်ဝါ မြအရောင်ဖုံးပြီး
လတန်ဆောင်မုန်း နတ်ပြည်လို သာလိုက်တာ ကြတ္တီကာ မိုးဘွေခွင်က မြန်းပြန်တော့
ကတိုးရေစင်ဖြန်းလို့ စန်းပေါ်ထွက်ကတည်းက
မသိုးရွှေသင်္ကန်း နန်းတော်က ရက်သည့်ပြင်
ပန်းတော်ဆက် ပုလဲပွင့်တဲ့ နံ့သာနီလို
ခ၀ဲပွင့်တဲ့ရာသီ တစ်အိမ်တရပ် မယွင်းဘဲ
ကထိန်ဇာတ်ခင်း တန်ဆောင်တိုင် လှူသည့်
တောင်ခရိုင်ဇမ္ဗူ စိတ်ဟာ ရွှင်ကြ
ဗြိစ္ဆာခွင် ထက်ရပ်ဘုံက
နက္ခတ်အစုံ စိန်ရောင်အသွေးလင်းတော့
တသိန်ဆောင်တဲ့ တေးသီးချင်းနဲ့ ပညာဒြပ် မဆုံးနိုင်သည့်
တိမ်မှောင်ဝေးကင်း အစဉ်အလာ မပြတ်သုံးရအောင်(ရွာစားရေ) မင်္ဂလာ ပတ်လုံး ဖွဲ့
(မင်းသမီး ထွက်လာကာ က စေ)
ပန်းသီး ။ ။ အဲဒါတွေ ခက်နေတာပဲ။ ခေတ်က ပြောင်းနေပြီ အင်တာနက်ခေတ် အိုင်တီခေတ် တစ်ခါလာလည်း တိန်နောင် တိန်နောင်နဲ့ ပြီးကြတော့မှာလား
စိန်သီး ။ ။ ဒါ မြန်မာ့ရိုးရာကွ … တို့ထိန်းရမယ်
ပန်းသီး ။ ။ တဆိတ်ရှိ ရိုးရာနဲ့ ကိုင် ကိုင် မပေါက်ပါနဲ့။ မော်ဒယ်ရှိုးမှာ တုံးလုံးချွတ်မလို့ လျှောက်တာကျတော့ ဒါရိုးရာလား …
စိန်သီး ။ ။ ဟဲဟဲ ဒါကတော့ ဘဘတို့ ကြိုက်တာကိုး
ဇီးသီး ။ ။ အော် စကားတွေ ရောကုန်ပြီ။ မင်းတို့ ဘာဖြစ်ချင်လဲပြော
ကြယ်သီး။ ။ ခေတ်နဲ့အညီ ပြောင်းရမယ်။ ဟစ်ဟော့ ခေတ်ဆို ဟစ်ဟော့ ဒါမျိုး
စိန်သီး ။ ။ ဟေး … မပြောင်းဖူး အပြောင်းအလဲကို ငါ မကြိုက်ဘူး။ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ရုပ်ရှင်လေ
ဇီးသီး ။ ။ မပြောင်းဖူး ဗမာမှ ဗမာ …
ကြယ်သီး ။ ။ နိုင်ငံတကာနဲ့ဗမာ ယှဉ်ကြည့်မလား
ဇီးသီး။ ။ စိန်လိုက်
(ဆိုင်းဝိုင်းမှ နတ်ဒိုးတီးပေးရန်)
ပန်းသီး ။ ။ သူများတကာ့ နိုင်ငံတွေမှာ ဖောရင်းဆိုတဲ့ နိုင်ငံတွေမှာ လေယာဉ်ပျံဆိုတာ အပေါစား များလွန်းတယ်တဲ့ဗျား။
စိန်သီး ။ ။ ဒီလောက်တော့ အပျော့ပါကွယ် အဲဒီလောက်တော့ အပျော့ပါကွယ် ငါတို့ဗမာ လေယာဉ်မနှေး
စင်္ကာပူတောင် မရောက်သေး ခရီးစဉ် ဖျက်ရတယ်တဲ့ ဟေး
ဇီးသီး ။ ။ မှတ်ထား အဲဒါ ပုဂံ အဲလေ ဗမာ
ကြယ်သီး ။ ။ သူများတကာ့ နိုင်ငံ့တွေမှာ ဖောရင်းဆိုတဲ့ နိုင်ငံတွေမှာ စက်မှုပညာ လွန်ထွန်းကား မော်တော်ကားတွေများ
စိန်သီး ။ ။ ဒိလောက်တော့ အပျော့ပါကွယ် အဲသလောက်တော့ အပျော့ပါကွယ် တို့ဗမာပြည် မော်တော်ကား စက်မှုဇုန်ထုတ် မော်တော်ကား ဘယ်ကိုကွေ့တော့ ညာကိုသွား အားလုံး မာလကီးယား
ဇီးသီး ။ ။ မှတ်ထား အဲဒါ ထီလာဂျစ်
ပန်းသီး ။ ။ သူများတကာ့ နိုင်ငံတွေမှာ ဖောရင်းဆိုတဲ့ နိုင်ငံတွေမှာ နွားနို့မလိုင် လွန်ပေါများ လမ်းမပေါ်တောင် သွန်လို့ထား
စိန်သီး ။ ။ ဒိလောက်တော့ အပျော့ပါကွယ် အဲသလောက်တော့ အပျော့ပါကွယ် တို့ဗမာတွေ အကြံဥာဏ်ထုတ် အီအီးကုန်းတဲ့ စက္ကူစုတ် မလိုင်ဖြစ်အောင်လုပ်
ဇီးသီး ။ ။ ဗမာ … ကွ
ကြယ်သီး ။ ။ သူများတကာ့ နိုင်ငံတွေမှာ ဖောရင်းဆိုတဲ့ နိုင်ငံတွေမှာ လက်နက်တွေကို အပြိုင်အဆိုင်ထုတ် နျူကလီးယားတွေ အပြိုင်အဆိုင်လုပ် နျူထရွန်ဗုံးတွေ ထုတ်
စိန်သီး ။ ။ ဒီလောက်တော့ အပျော့ပါကွယ် အဲဒီလောက်တော့ အပျော့ပါကွယ် တို့ဗမာဆို ကမ္ဘာကသိ ဟော ဒီမှာ ဂျင်ဂလိ …
(ဂျင်ဂလိ ထုတ်ချိန်ရာ အားလုံး ထွက်ပြေးကြပုံ …)

(ဆက်လက် ကပြ အသုံးတော် ခံပါ့မည်)

(ဇာဂနာဘလော့ဂ်မှ ကူးယူ ဖော်ပြပါသည်)

No comments: