မနှင်းစု
အာဆီယံ ၁၀ နိုင်ငံရဲ့နှစ်ပတ်လည် ထိပ်သီး အစည်းအဝေးနဲ့ အာဆီယံနဲ့ အရှေ့အာရှ အစည်းအဝေးကို စင်ကာပူမှာ လက်ရှိ ကျင်းပလျက်ရှိပါတယ်။ ဒီအစည်းအဝေးမှာ အုပ်စုအတွင်းရှိ နိုင်ငံတွေမှာ လူ့အခွင့်အရေးကို အာမခံပေးနိုင်မယ့် အချက်အလက်တွေ ပါဝင်မယ့် ဥပဒေအခြေပြု အာဆီယံ သဘောတူညီချက် ပဋိညာဉ် အာဆီယံ ချာတာကိုလည်း လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။
ဒီချာတာမှာ မကြာသေးခင်ကမှ တိုင်းပြည်အတွင်းမှာ ပြည်သူတွေ ရင်ဆိုင်ခံစားနေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ သံဃာနဲ့ ပြည်သူတွေကို ပစ်ခတ်ချေမှုန်းပြီး လူ့အခွင့်အရေးတွေကို အကြီးအကျယ် ချိုးဖောက်ထားတဲ့ မြန်မာနိုင်ငံကလည်း ပါဝင် လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။
အာဆီယံ ထိပ်သီး နှစ်ပတ်လည် အစည်းအဝေး မတိုင်ခင် ၂ လခန့် အလိုထဲက အစည်းအဝေးက ဆွေးနွေးမှုတွေ ဆုံးဖြတ်မှုတွေကနေ ကျမတို့ မြန်မာပြည်သူတွေအတွက် ဘာတွေ တိုးတက်ပြောင်းလဲမှုတွေ ရလဒ်ကောင်းတွေ ပေါ်ထွန်းလာနိုင်မလဲလို့ မျှော်လင့်ခဲ့ကြတာ နှစ်စဉ်နှစ်တိုင်းမို့ အခုဆိုရင် ၁၀စုနှစ် တခုတောင် ရောက်ခဲ့ပါပြီ။ ရက်တွေ နီးလာတာနဲ့အမျှ မျှော်လင့်ချက်တွေက ပိုလို့တိုးလာပြီး အစည်းအဝေးရက်တွေ အတွင်းမှာတော့ တက်လိုက် ကျလိုက်နဲ့ပါ။
နောက်ဆုံးပိတ် အစည်းအဝေး ပြီးဆုံးမှပဲ ဘာမှ သိပ်မထူးခြားစွာနဲ့ မျှော်လင့်ချက်ဆိုတာလည်း ရေရေရာရာ မရှိ ကုန်လွန်ခဲ့တဲ့ အချိန်တွေ နှမြောမိပါဘိ။ အာဆီယံဟာ မြန်မာနိုင်ငံအတွက် အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ ဒေသတွင်း အကြီးဆုံးနဲ့ အင်အားအရှိဆုံး အဖွဲ့အစည်းကြီးပါ။ ဆွေးနွေးဖက် မိတ်ဖက် နိုင်ငံတွေကလည်း အိမ်နီးချင်းလည်းဖြစ် အင်အားလည်း ကြီးမားတဲ့ အိန္ဒိယ တရုတ်နဲ့ အခြားအင်မတန် အရေးပါတဲ့ ကမ္ဘာ့နိုင်ငံတွေမို့ လူသားတွေရဲ့ ကောင်းကျိုး နိုင်ငံရေး စီးပွားရေး လူမှုရေး ပတ်ဝန်းကျင်ရေးရာတွေလည်း အင်မတန် နှီးနှော ဖလှယ်လို့ ကောင်းတဲ့ အရေးပါတဲ့ ထိပ်သီး အစည်းအဝေးကြီး ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲကနေ ယူတတ်ရင်တော့
မိမိနိုင်ငံအတွက် ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမှုတွေကို ရနိုင်မယ်လို့ ယုံကြည်မိပါတယ်။
ကျမတို့ ပြည်သူတွေကတော့ ဒီလိုကိုယ့်နိုင်ငံမှာ အထွေထွေ အကြပ်အတည်းမျိုးစုံ ကြုံနေရပြီး နှစ်ပေါင်း ၄၅ နှစ်တာမျှ မတရားတဲ့ အမိန့်အာဏာနဲ့ ဖိနှိပ်အုပ်ချုပ် ခံနေရရာက နှစ်ပေါင်း ၂၀ နီးပါးအတွင်း အကြီးမားဆုံး လူထုအင်အားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြလို့ စစ်တပ်က လက်နက်နဲ့ အကြမ်းဖက် ဖြိုခွဲပစ်ခဲ့ပြီး နိုင်ငံခြား သတင်းထောက်တယောက်အပါအ၀င် သံဃာနဲ့ အပြစ်မဲ့ ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်ကို မမေ့ဖျောက်နိုင်ကြပါဘူး။
ဒီလို အချိန်အခါမျိုးမှာ ဒေသတွင်းမှာ ကျင်းပတဲ့ အာဆီယံ အစည်းအဝေးကနေ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက ဘာတွေများ လုပ်ပေးနိုင်ပါမလဲလို့ ပိုပြီးမျှော်လင့်ခဲ့ ကြပါတယ်။ မစားရ ၀ခမန်း အပြောအဆိုတွေကလည်း ဒီမျှော်လင့်ချက်တွေကို ပိုလို့ တိုးစေခဲ့တာပေါ့။ အတွေ့အကြုံတွေအရ ရာနှုန်းပြည့် ယုံကြည်ထားတာတော့ မဟုတ်ပါဘူး။
ဒီလိုနဲ့ ပွဲစ စချင်းမှာပဲ အင်မတန် တင်းမာတဲ့ အာဏာရှင် စစ်အစိုးရကတော့ သူရဲ့ ခေါင်းမာမှုကို တပြားသားမှ မလျှော့ဘဲ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှု၊ အကြမ်းဖက် ဖြိုခွဲမှုတွေနဲ့ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ ဂန်ဘာရီရဲ့ ကြားဝင် ဆောင်ရွက်မှုတွေကို အရှေ့အာရှနဲ့ အာရှနိုင်ငံတွေထံ အစီရင်ခံမယ့် အစီအစဉ်ကို သဘောမတူ ပယ်ချခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အရေးဟာ ပြည်တွင်းရေးသာဖြစ်ပြီး မိမိဘာသာ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းရှိတယ်… မြန်မာနိုင်ငံမှာ ပုံမှန်အခြေအနေ ရောက်နေပါပြီလို့ မြန်မာ ကိုယ်စားလှယ်တွေ ပြောကြားခဲ့ခြင်းဟာ လက်နက်မဲ့ ပြည်သူတွေကို ဥပဒေမဲ့ သတ်ဖြတ်ခွင့်၊ မတရား ဖမ်းဆီး ချုပ်နှောင်ခွင၊့် ညှဉ်းပမ်း နှိပ်စက်ခွင့် နှစ်ရှည်ထောင်ဒဏ် ချခွင့်တွေ ရထားတဲ့ လက်နက်ကိုင် စစ်တပ်တခုက အကြောက်တရားနဲ့ ဖိနှိပ်ထားလို့ အပေါ်ယံ ငြိမ်သက်နေခြင်းကို ပုံမှန်အခြေအနေပါ ဆိုတာ ဖြစ်နိုင်ခြေရှိပါ့မလား ..…နိုင်ငံ့ခေါင်းဆောင်ကြီးများ သုံးသပ်ကြည့် စေချင်ပါတယ်။
ယခင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအနန်က ပြောခဲ့ဖူးပါတယ် .. မြန်မာနိုင်ငံဟာ ကမ္ဘာ့ဝေးလံခေါင်ဖျား အစွန်ကျတဲ့ ထောင့်တနေရာမှာ မတည်ရှိပါဘဲနဲ့ ဒီလောက် ဖွံ့ဖြိုးမှုနည်းပါးပြီး ဆင်းရဲမွဲတေနေတာဟာ မဖြစ်သင့်ပါဘူးတဲ့ … မြန်မာနိုင်ငံရဲ့ လှပတဲ့ မြေပုံကိုကြည့်ရင် ရှည်လျားတဲ့ ကမ်းရိုးတန်းမိုင်တွေ … နိုင်ငံကို ဖြတ်သန်း စီးဆင်းနေတဲ့ မြစ်ချောင်း အသွယ်သွယ်တွေနဲ့ တောင်စဉ် တောင်တန်းတွေဟာ ဘိုးဘွား အမွေအနှစ်တွေအဖြစ် မြတ်နိုးဖွယ်ရာ တွေ့ရမှာပါ။ ကျမတို့ နိုင်ငံရဲ့ ပေါကြွယ်လှတဲ့ သဘာဝရင်းမြစ်တွေကို စီမံအုပ်ချုပ်မှုကောင်းတွေနဲ့ ပေါင်းစပ်၊ နိုးကြား တက်ကြွပြီး အလုပ်ကြိုစားတဲ့ မြန်မာ့ လူသားရင်းမြစ်တွေနဲ့ တည်ဆောက်လိုက်ရင် ဒီဒေသတွင်းမှာ တည်ငြိမ်ပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခု ပေါ်ပေါက်လာပြီး အရှေ့တောင် အာရှဒေသဟာ ကမ္ဘာ့အလယ်မှာ ပိုလို့တင့်တယ်လာမှာ မလွဲပါဘူး။
ခုတော့ အားလုံးသိကြတဲ့အတိုင်း ၅၀သန်းသော ကျမတို့ ပြည်သူတွေဟာ နေ့စဉ်ဘ၀မှာ စားဝတ်နေရေး ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်ရင်း စစ်အစိုးရရဲ့ ဖိနှိပ်တဲ့ အုပ်ချုပ်မှု ဥပဒေမဲ့ ညှဉ်းပမ်းမှု အကျင့်ပျက်ခြစားမှု မတရား ခိုင်းစေမှု စတဲ့ အခြေခံ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကို ရင်စည်းခံကြရင်း နောင်လာမယ့် မျိုးဆက်သစ် တိုင်းပြည်ရဲ့ အနာဂတ်ပျောက်ဆုံးနေတဲ့ လူငယ်တွေဟာလည်း အဆင့်အတန်းရှိတဲ့ ပညာကို မသင်ကြားနိုင်ဘဲ
ကြုံသလို လုပ်ကိုင် စားသောက်နေရပါတယ် .. အိမ်နီးချင်း နိုင်ငံတွေမှာ လုံခြုံမှုမရှိ အဆင့်နိမ့် အလုပ်သမားတွေ ဘ၀နဲ့ တိုင်းပြည်က ထွက်ခွာပြီး သွားရောက်လုပ်ကိုင် နေကြရတယ်။
ကျမတို့ မြန်မာပြည်သူတွေဟာလည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံ အချို့က ပြည်သူတွေလိုပဲ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ဥပဒေရဲ့ အကာအကွယ် အလုပ်အကိုင် အခွင့်အလမ်း ပညာရေး အခွင့်အလမ်းတွေနဲ့ လှပတဲ့ ဘ၀တွေကို တည်ဆောက်ချင်ကြပါတယ်။ နိုင်ငံတခုထဲနဲ့ သီးခြားရပ်တည်လို့ မရတော့တဲ့ ဒီရာစုနှစ်မှာ နိုင်ငံနယ်နိမိတ်တွေ ကျဉ်းမြောင်းပြီး တနိုင်ငံနဲ့ တနိုင်ငံ ကဏ္ဍမျိုးစုံမှာ ကူးလူးဆက်ဆံ နေကြတဲ့အခါမှာ ကျမတို့ မြန်မာပြည်သူတွေဟာ ဒေသတွင်းက ပြည်သူတွေလိုပဲ တိုးတက်ဖွံ့ဖြိုးမှုရဲ့ အရသာကို ခံစားချင်ကြပါတယ်။
မိသားစုဝင်တွေပါလို့ ဆိုတဲ့ အာဆီယံနိုင်ငံတွေ ကျမတို့ မြန်မာနိုင်ငံက ပြည်သူတွေကို တကယ် မိသားစုတွေလို သဘောထားကြမယ်ဆိုရင် ပြည်သူတို့ရဲ့ အသံတွေကို မပြစ်ပယ်ဘဲ နားထောင် ကြည့်စေချင်ပါတယ်.. တကယ့် ပြည်သူတွေကို ကိုယ်စားပြုတဲ့အဖွဲ့ အစည်းတွေနဲ့လည်း ဆုံတွေ့ဆွေးနွေးပြီး အဖြေရှာနိုင်မယ့် နည်းလမ်းတွေကို ကြံဆစေချင်ပါတယ်… မိမိနိုင်ငံကို ကောင်းမွန်တဲ့ စနစ်နဲ့ အုပ်ချုပ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်မှု ပေးနေတဲ့ နိုင်ငံခေါင်းဆောင်ကြီးတွေရဲ့ တောက်ပြောင်လှတဲ့ အရည်အချင်းတွေကို ကျမတို့ အများကြီး လေးစား အားကိုး မိပါတယ်။ ဒီအရည်အချင်းတွေနဲ့ အတွေ့အကြုံတွေကို အသုံးချပြီး မိမိအဖွဲ့ဝင်နိုင်ငံတခုကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် ဆွဲခေါ်ပေးဖို့ အလေးအနက် တောင်းဆိုချင်ပါတယ်။
ပြည်သူကို ကိုယ်စားမပြုတဲ့ အာဏာရှင်လူတစုရဲ့ အလိုကျ ဖြစ်စေဖို့သာ ဆောင်ရွက်နေမယ် ဆိုရင်တော့ နောင်လာမယ့်နှစ် ဆွေးနွေးပွဲတွေအပေါ် ကျမတို့အနေနဲ့ ယုံကြည် မျှော်လင့်စရာ အကြောင်းရှိလာတော့မယ် မဟုတ်ပါကြောင်း ရေးသားလိုက်ရပါတယ်။
မနှင်းစု
Wednesday, November 21, 2007
မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ သဲထဲရေသွန် ဖြစ်ရတဲ့ အာဆီယံ
Subscribe to:
Post Comments (Atom)
1 comment:
I never expect to see any sympathy from ASEAN, an organization founded by mostly undemocratic governments in the regiion. Look at them, they are only looking for business opportunities and covering up their own poor human-right records by backing up each other. It is very clear they do not believe in democracy.
Post a Comment