Tuesday, November 20, 2007

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်နဲ့ စောင်ခြုံထားတဲ့ ကွန်ပြူတာများ

သာမန်ကွန်ပြူတာပြုပြင်သူတစ်ဦး

“မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး၊ ဘဘဗိုလ်ချုပ်ကြီး ကျန်းမာပါစေ” “ခလေးတို့လည်း ကျန်းမာကြပါစေ”
“ကျေးဇူးတင်ပါတယ် ဘဘဗိုလ်ချုပ်ကြီး”

နယ်မြို့လေးတမြို့က အထကကျောင်း တကျောင်းမှာ Multimedia Class Room ဖွင့်ပွဲတုန်းက ကြားခဲ့တဲ့ အသံပါ။ ဖွင့်ပွဲ မတိုင်ခင် နှစ်ပတ်အလို လောက်တည်းက ဆရာ၊ ဆရာမနဲ့ ကျောင်းသူ ကျောင်းသားလေးတွေကို ကျနော်တို့ အဖွဲ့က လိုအပ်တာတွေကို အလျင်အမြန် သင်ပေးရပါတယ်။ ကျောင်းအုပ်ကြီးက ဘယ်ဆရာက ဘယ်လို သရုပ်ပြ၊ ဘယ်ဆရာမကတော့ ကျောင်းသားတွေနဲ့ အင်္ဂလိပ်လို ဘယ်လိုပြော။ ဘယ်ကျောင်းသားလေးက ပန်းချီဆွဲ၊ ဘယ် ကျောင်းသားက ဘာ … အစရှိသဖြင့်ပေါ့လေ သူတို့လိုချင်တာတွေကို နှစ်ပတ်အတွင်း ကျနော်တို့ ဖြည့်ဆည်းပေးရပါ တယ်။

ဒီလိုနဲ့ အတိုချုပ် ပြောရရင် ဖွင့်ပွဲလေးကို အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ ကျနော် ပြောချင်တာက မာလ်တီမီဒီယာ အခန်းတခန်း ဖြစ်ဖို့က ငွေတော်တော် ကုန်ကျပါတယ်။ ကျောင်းသားမိဘတွေဆီက ကောက်ခံရရှိတဲ့ ငွေ၊ ကျောင်းရန်ပုံငွေ၊ အလှူရှင်တွေက လှူဒါန်းတဲ့ငွေ အဲဒီငွေတွေနဲ့ ဖြစ်မြောက်အောင် မတည်ရတာပါ။ တနိုင်ငံလုံး ကျောင်းတိုင်းမှာ မာလ်တီမီဒီယာ အခန်းရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စီမံချက်ဟာ ကောင်းပါတယ်။ ဒါပေမယ့် ကျောင်းသားမိဘတွေ အတော်များများဟာ (နယ်မြို့မှာဆိုရင်) လယ်သမား၊ ယာသမား၊ အင်းနဲ့ ငါးမွေးကန်လုပ်တဲ့ ကာယလုပ်သားတွေ များပါတယ်။ ကိုယ့်သားသမီးတွေကို နည်းပညာ တိုးတက်စေချင်လို့ မရှိ ရှိတာလေးတွေနဲ့ ငွေရှာ ပြီး မျက်နှာမငယ်အောင် ပေးကြရတယ်ဆိုတာကို သိစေချင်ပါတယ်။

ဒါနဲ့ မနက် ၁၀နာရီလောက်က ဖွင့်ပွဲစလိုက်တာ ပိတ်ပွဲအထိဆိုရင် နေ့လည် ၂နာရီလောက်မှာ အားလုံး ပြီးစီးသွားပါ တယ်။ ဘဘဗိုလ်ချုပ်ကြီးလည်း ပြန်သွားရော ကွန်ပြူတာတွေ အားလုံးကို စောင်ခြုံပြီးတော့ ထားလိုက်ပါတယ်။ နောက်နေ့ကစပြီး မာလ်တီမီဒီယာ အခန်းတွေမှာ စောင်ခြုံအိပ်နေတဲ့ ကွန်ပြူတာတွေကိုသာ တွေ့ရပါတော့တယ်။ ကျ နော်တို့လည်း အဲ့ဒီမြို့လေးမှာ နောက်ထပ် တပတ်တိတိ နေပြီးမှ ပြန်ခဲ့ကြရပါတယ်။ ကွန်ပြူတာတွေကတော့ စောင်ခြုံ လျက်ပါပဲ။

ကျနော်တို့ နိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုး တိုးတက်စေချင်ရင်ဖြင့် နယ်ကျောင်း၊ မြို့ကျောင်းတွေမှာရှိတဲ့ ကွန်ပြူတာ တွေကို စောင်ခြုံ မအိပ်ခိုင်းဖို့၊ စောင်ခြုံအိပ်နေတဲ့ ကွန်ပြူတာတွေကို နှိုးပေးကြဖို့ တိုက်တွန်းလိုပါတယ်။

(အခုလောက်ဆို စောင်ခြုံ အိပ်နေရာကနေ အဟောင်းဆိုင်က အစုတ်ပုံထဲမှာ လဲကျပြီး သေနေလောက်ပါပြီ။)

သာမန်ကွန်ပြူတာပြုပြင်သူတစ်ဦး

1 comment:

Unknown said...

(အခုလောက်ဆို စောင်ခြုံ အိပ်နေရာကနေ အဟောင်းဆိုင်က အစုတ်ပုံထဲမှာ လဲကျပြီး သေနေလောက်ပါပြီ။)
this is a true story, hey let ask zaw myo n the others , can u check it, inspect it , investigate it " is this true or not" or i'm waiting how u reply this articles