Monday, October 29, 2007

နအဖလက်ထက် လာဘ်ပေးလာဘ်ယူနဲ့ အကျင့်ပျက်ခြစားမှုများ
ဒေါက်တာလွဏ်းဆွေ
နအဖ စစ်အာဏာရူးတစု အုပ်ချုပ်နေတဲ့ ဒီကနေ့ မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက်
ခြစားမှုတွေ ဖြစ်ပေါ်နေမှုဟာ အဆိုးဝါးဆုံး အခြေအနေမှာ ရောက်ရှိနေပါတယ်။ ကုန်ကုန်ပြောရရင် လူတစ်ယောက် အဖြစ် ‘အူဝဲ’ လို့အော်တဲ့ သားဖွားခန်း ကနေစပြီး လာဘ်ပေးရတာ ‘ဂျိန်း’ ဆိုတဲ့ မီးသင်္ဂြိုဟ်စက် တံခါး ပိတ်တဲ့အထိပါပဲ။ အစိုးရဆေးရုံမှာ ကလေးမွေးဖို့ လာပြီဆိုတာနဲ့ ဆေးရုံစောင့်၊ လူနာဆောင် အလုပ်သမား၊ လက်တွန်းလှည်း သမား၊ သန့်ရှင်းရေး အလုပ်သမားကနေ တခါတရံ သူနာပြု၊ ဆရာဝန် ဆရာမတွေအထိ လာဘ်မပေးဘဲ ချောချာချူချူ ကလေးမွေးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ရှားပါးဖြစ်ရပ် ဆိုပေမယ့် ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဆိုးဝါးတဲ့အဖြစ် အပျက်တခုအကြောင်းကို ပြန်ပြောပြချင်မိတယ်။ မြောက်ဥက္ကလာပ ဆေးရုံ သားဖွားနဲ့ မီးယပ်ဆောင်မှာ ကျနော် အလုပ်သင် ဆရာဝန် အဖြစ်နဲ့ တာဝန်ကျစဉ် ၁၉၉၅ ခုနှစ်တုန်းက ကြုံဆုံခဲ့ရတဲ့ အဖြစ်အပျက်တခုပါ။ တော်တော့်ကို တုန်လှုပ်စရာ ကောင်းပါတယ်။

အဲဒီညက ကျနော်နဲ့ ရခိုင်လူမျိုး သူငယ်ချင်း ဆရာဝန်တယောက် နိုက်ဂျူတီ (Night duty) အတူကျပါတယ်။ ကျနော်က သားဖွားခန်းရဲ့ အပြင်ဘက်က လူနာကုတင်မှာ ကိုယ်ဝန်ဖျက်ချလာတဲ့ လူနာတယောက်ကို ဆေးသွင်းပေးနေတုန်း သားဖွားခန်းဘက်က ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ အသံကြားရလို့ ကမန်းကတန်း ထွက်ကြည့် တော့ ကျနော့်သူငယ်ချင်း ဆရာဝန်နဲ့ အနီဝတ် သားဖွားဆရာမ တဦးတို့ အချင်းများနေကြတာကို တွေ့ရပါတယ်။ သူငယ်ချင်း ဆရာဝန်ကို ကြည့်လိုက်တော့ မျက်လုံးက မီးတောက်မတတ် ဒေါသအမျက် ချောင်းချောင်းထွက်နေတာကို တွေ့ရတယ်။ သူ့ကို မွေးခန်းမှာ ရှိတဲ့ဝန်ထမ်းတွေက ၀ိုင်းဆွဲထားကြတယ်။ အနီဝတ် သားဖွားဆရာမကတော့ ကြောက်လန့်သွေးပျက်တဲ့ အမူအရာနဲ့ အခန်းထောင့်မှာ ထိတ်ထိတ်ပြာပြာ ဖြစ်နေတယ်။ သားဖွားစင်ပေါ်မှာတော့ မွေးလူနာက ပေါင်ကားယားနဲ့ ပက်လက်။ ဘာဖြစ်ကြမှန်း ကျနော် သေချာမသိသေးလို့ သူငယ်ချင်းကို စိတ်လျော့ချပစ်ဖို့သာ အရင်ဖျောင်းဖျပြီး အပြင်ဘက်ကို ခေါ်ထုတ်လာခဲ့တယ်။

အနည်းငယ် စိတ်ပြေသွားတော့မှ သူငယ်ချင်းက ကျနော့်ကို ရခိုင်သံဝဲ၀ဲနဲ့ သူ လူသတ်ချင် လောက်အောင် ဒေါသဖြစ်မိတဲ့ အကြောင်း တခွန်းချင်း ပြောပြတယ်။ သူပြောပြတာကို နားထောင်ရတော့ ကျနော်လည်း တော်တော်ပဲ ထိတ်လန့် တုန်လှုပ်သွားမိတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဒီလောက်တောင်ပဲ အကျင့်ပျက် ခြစား နေပါ့လား လို့ပေါ့။ အဖြစ်အပျက်က ဒီလိုပါ။ အနီဝတ် သားဖွားဆရာမက ကလေးမွေးပြီးကာစ အချင်းကြိုးတန်း လန်းနဲ့ မွေးစင်ပေါ်က မွေးလူနာရဲ့ ပေါင်ကို အချင်းကြိုးညှပ်တဲ့ ညှပ်နဲ့ လိမ်ဆွဲပြီး ပိုက်ဆံပေးဖို့ တီးတိုးတောင်းနေ တာပဲ ဖြစ်ပါတယ်။ လူနာက ပက်လက်အနေအထား ပေါင်ကားယားနဲ့ “အမလေး ပေးပါ့မယ် ဆရာမ၊ အမလေး ပေးပါ့မယ် ဆရာမ” ဆိုပြီး နာလို့ အော်တဲ့အသံကို သူငယ်ချင်းဆရာဝန်က လက်ဆေးနေရင်း ကြားသွားရာကနေ ပြဿနာ စတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးတော့ ပြဿနာက ဆေးရုံအုပ်ကြီးဆီ ရောက်သွားပြီး အဲဒီဆရာမကို အရေးယူ အပြစ်ပေးရတဲ့ အဆင့်အထိ ဖြစ်သွားခဲ့တယ်။ ဒါကတော့ လူရယ်လို့ စ ဖြစ်ဖို့အတွက် မွေးဖွားစဉ်မှာ
ကြုံတွေ့ရတဲ့ အကျင့်ပျက် ခြစားမှုတွေထဲက ထိတ်လန့်တုန်လှုပ်စရာ အဖြစ်အပျက်တခုပေါ့။

လူအဖြစ်က သေဆုံးလို့ သင်္ချိုင်းကို ရောက်သွားတဲ့ အခါမှာလည်း မီးသဂြုင်္ိဟ်စက်ထဲ ထည့်ခါနီးအထိ လာဘ်ပေးရတုန်းပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သုဿာန်မှာ တာဝန်ကျတဲ့ စည်ပင်သာယာ ၀န်ထမ်း တွေက နေ့တွက်ကိုက်အောင် ဆီခိုးကြရတဲ့အတွက် ဖြစ်ပါတယ်။ သူတို့က အလောင်းတလောင်းချင်းကို ဟန်ပြ မီးသင်္ဂြိုဟ်ပြပြီး အသုဘရှင်တွေ ပြန်သွားရင် မီးသင်္ဂြိုဟ်တာကို ရပ်လိုက်ပါတယ်။ ညနေ မိုးချုပ်တော့မှ တနေ့လုံး လာသမျှ အလောင်းတွေကို စုပုံမီးရှို့ပြီး သူတို့အတွက် ခွဲတမ်းပေးထားတဲ့ ဆီကို ပိုအောင်လုပ်တာ ဖြစ်ပါတယ်။ ပိုတဲ့ ဆီကို ရောင်းစားပြီး ခွဲဝေယူကြတာ ဖြစ်ပါတယ်။ အဲဒီတော့ အရိုးပြာလိုချင်တဲ့ အသုဘရှင်က စည်ပင်သာယာ ၀န်ထမ်းတွေကို လာဘ်ပေးပြီး သီးသန့် မီးသင်္ဂြိုဟ်ခိုင်း ရပါတယ်။ ဒါမှ ကွယ်လွန်သူရဲ့ အရိုးပြာစစ်စစ်ကို ရမှာဖြစ်ပါတယ်။ ကျန်တဲ့ နိစ္စဓူဝ ပညာရေး၊ ကျန်းမားရေး၊ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး နယ်ပယ်အသီးသီးမှာ ဖြစ်ပျက်နေတဲ့ အကျင့်ပျက် လာဘ်စားမှုတွေကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။

ဒီကနေ့ မြန်မာပြည်မှာ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ကိစ္စဟာ ယဉ်ကျေးမှုတခုလို ခိုင်မာအရိုးစွဲနေပြီ ဖြစ်ပါတယ်။ မြန်မာပြည်မှာနေတဲ့ သူတိုင်းအတွက် ဒီကိစ္စဟာ သိပ်ပြီး ထူးဆန်းအံ့သြဖွယ်ရာ မဟုတ်တော့တဲ့ သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတခုလိုကို ဖြစ်နေပါပြီ။ ဘယ်နေရာသွားသွား၊ ဘာလုပ်လုပ် လာဘ်ပေးမှ ရမယ်ဆိုတဲ့ အသိကို ကလေးကအစ ယဉ်ပါးပြီးသား ဖြစ်နေပါပြီ။ ပညာရေး နယ်ပယ်မှာဆိုရင် လာဘ်ပေးပြီး စာမေးပွဲအောင်အောင် လုပ်လို့ရတယ်။ မေးခွန်းဝယ်လို့ရတယ်။ အမှတ်ဝယ်လို့ရတယ်။ ရန်ကုန်မြို့ပေါ်က ကျောင်းကောင်းကောင်းတွေ မှာထားဖို့အတွက်ဆို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတွေကို လာဘ်ငွေ သုံးသိန်းကနေ ဆယ်သိန်း ကြားလာဘ်ပေးရတယ်။ အဲဒီလို အကျင့်သီလကို ဦးထိပ်ထားတဲ့ ပညာရေးနဲ့ ကျန်းမာရေး နယ်ပယ်တွေမှာပါ အကျင့်ပျက်ခြစားမှုတွေ တနေ့တခြား များပြားလာခြင်းဟာ ကျနော့်တို့ လူအဖွဲ့အစည်းအတွက် အလွန်စိုးရိမ် ဖွယ်ကောင်းတဲ့ အခြေအနေကို ပြသနေတာပဲ ဖြစ်တယ်လို့ မြင်မိပါတယ်။

အစိုးရုံးဌာန အသီးသီးမှာ ဆိုရင်လည်း ဘယ်ဌာနကိုပဲ သွားသွား လာဘ်ငွေပေးမှ အဆင်ပြေအောင် ဆောင်ရွက်ပေးမှာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ အစိုးရဌာနဆိုင်ရာ အရာရှိတွေကို လာဘ်ထိုးဖို့ ပက်ကင်လှလှနဲ့ ပစ္စည်းတွေ ထုပ်ပိုးရောင်းချတဲ့ စတိုးဆိုင်တွေ သီးသန့်ရှိတယ်။ လာဘ်ပေးတဲ့ ပစ္စည်းရရှိတဲ့ အရာရှိတွေက ပြန်လာသွင်းရင် အဲဒီ စတိုးဆိုင်ကပဲ လက်ခံပြီး ပြန်ဝယ်ပေးတယ်။ စတိုးဆိုင်နဲ့ အဲဒီအရာရှိတွေဟာ စီးပွားဖက်တွေလို ဖြစ်နေတယ်။ နောက်ပြီး အရာရှိကြီးတွေဆီကို လာဘ်ငွေ ပေးကမ်းပေးတဲ့ ကြားပွဲစားတွေလည်း ဌာနတိုင်းမှာ ရှိတယ်။ အဆိုးဆုံး လာဘ်ပေးရတဲ့ ဌာနတွေကတော့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ထောက်လှမ်းရေးဌာန၊ ရဲဌာန၊ တရာရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ အကောက်ခွန်ရုံး၊ ၀န်ထမ်းရွေးချယ်ရေးဌာနနဲ့ စာပေစိစစ်ရေးရုံးတို့ပဲ ဖြစ်တယ်။

အဲဒီလို အကျင့်ပျက်ခြစားမှုတွေ တတိုင်းပြည်လုံးအနှံ့ ဖြစ်ပျက်နေခြင်းရဲ့ အဓိကလက်သည် တရားခံကတော့ တိုင်းပြည်ကို သေနတ်အားကိုးနဲ့ ဖိနှိပ်အုပ်ချုပ်နေတဲ့ နအဖ စစ်အာဏာရူးတွေပဲ ဖြစ်တယ်။ သူတို့ရဲ့ အုပ်ချုပ်မှုအရည် အသွေးညံ့ဖျင်းမှုကြောင့် တိုင်းသူပြည်သားတွေ ဆင်းရဲမွဲတေပြီး ငါ့ဝမ်းပူဆာ မနေသာ ဖြစ်ရာကနေ စပြီး အကျင့်ပျက် ကုန်ကြတာဖြစ်တယ်။

နောက်တချက်ကတော့ ခေါင်းမိုးမလုံတဲ့ ကိစ္စဖြစ်တယ်။ အဲဒါကတော့ အုပ်ချုပ်တဲ့ စစ်အာဏာရူးတေ ကိုယ်တိုင် ထိပ်ပိုင်းကနေပြီး တိုင်းပြည်ဘဏ္ဍာတွေကို မတော်မတရား ခိုးယူနေတာပဲ ဖြစ်တယ်။ သူတို့ကိုယ်တိုင်က စံပြဖြစ်အောင် မနေထိုင်ဘဲ ထိပ်ကနေ ဦးဆောင်ဦးရွက်ပြုပြီး နင်းကန် ခိုးနေတဲ့အတွက် အောက်လက်ငယ်သား အရာရှိတွေ အဆင့်ဆင့် ခိုးဝှက်နေကြတာကိုလည်း အရေးမယူရဲတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရေးယူလိုက်ရင် သူတို့ကိုပါ ပြန်အမှုပတ်မှာကို စိုးရိမ်တာကြောင့်လည်း ပါတယ်။ သာဓကတွေကတော့ ဒုနဲ့ဒေးပါပဲ။ စစ်အာဏာရူးတွေ အချင်းချင်း အာဏာစားခွက်လုရင်း ဖြုတ်ထုတ်သတ် လုပ်တဲ့အချိန်ကျမှ သူတို့ခိုး ထားတဲ့ အမှုတွေက မကြာခဏဆိုသလို တိုင်းသိပြည်သိ ပေါ်လာတတ်တာကလား။ နအဖ သက်တမ်းတလျှောက် လာဘ်ပေးလာဘ်ယူမှုနဲ့ ဖြုတ်ထုတ်အရေးယူခံရတဲ့ အမှုတွေထဲမှာဆိုရင် ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ်မြင့်အောင်၊ ဗိုလ်ချုပ်သိန်းဝင်း၊ ဗိုလ်ချုပ်ဝင်းမြင့်၊ ဗိုလ်ချုပ်ညွန့်တင်နဲ့ ပြုတ်ကျသွားတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့တို့ရဲ့ အမှုတွေဟာ အဆိုးဝါးဆုံး လာဘ်စားမှုတွေ အဖြစ် ထင်ရှားခဲ့တယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ လာဘ်အစားဆုံး ပုဂ္ဂိုလ်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကတော် ဒေါ်ကြိုင်ကြိုင်ပဲ ဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း မှတ်ချက်ပြုနေကြတယ်။ ဒါဟာလည်း ဟုတ်လို့ကျော် ပုပ်လို့ ပေါ်တာပဲ ဖြစ်ပါလိမ့်မယ်။

အချုပ်အားဖြင့် ပြောရရင်တော့ မြန်မာတနိုင်ငံလုံးမှာ ဖြစ်ပျက်နေတဲ့ လာဘ်ပေးလာဘ်ယူနဲ့ အကျင့်ပျက် ခြစားမှုတွေကို ပပျောက်အောင် လုပ်ဖို့ဆိုရင် (၁၇)နှစ်ကြာ အရည်အချင်း ညံ့ဖျင်းစွာ အုပ်ချုပ်နေတဲ့ နအဖစစ်အာ ဏာရူးတစုကို ဖယ်ရှားဖို့ အရင်ဆုံး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှ အရည်အချင်း ပြည့်ဝတဲ့ ခေါင်း ဆောင်မှုအောက်မှာ အချိန်ယူပြီး စနစ်တကျ အရေးယူ အပြစ်ပေးမှုတွေကို လုပ်ဆောင်မယ်ဆိုရင် အကျင့်ပျက်ခြ စားမှု ကင်းစင်ပြီး တိုးတက်စည်ပင်တဲ့ လူမှုအဖွဲ့အစည်းတခုကို အကောင်အထည်ဖော် တည်ဆောက်နိုင်မယ်လို့ ထင်မြင်မိကြောင်း အကြံပြု တင်ပြလိုက်ရပါတယ်။

( ၂၀၀၆ ခုနှစ် ဇန်န၀ါရီလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြပြီး ဖြစ်ပါသည်)

1 comment:

WanderFish said...

သူတို့ကအောက်ကလူတွေကို အရေးမယူတာက သူတို့ဆီကိုပြန်ထိလာမှာကတစ်ကြောင်းပေါ့လေ။ နောက်တစ်ချက်က အောက်ကလူတွေက အဆင့်ဆင့် သူတို့ဆရာတွေကို ပြန်ပူဇော်ပသမှုလုပ်ရပါတယ်။ (ဒါကသူတို့ကျင့်သုံးနေတဲ့အပြန်အလှန်နားလည်မှုပါ၊
မစားတဲ့အောက်ကလူလဲ ဆရာကမကြိုက်တော့ နေလို့မရပါဘူး။)ဒါကပိုဆိုးမယ်လို့ဆိုချင်ပါတယ်။
ဒီဆရာ တပည့်မွေးထားတဲ့စနစ်မှာ မတရားမှုကို (အထက်ကို)တိုင်တောလို့လဲ မျက်စိကန်း၊နားပင်းပြနေကြမှာပေါ့။