Monday, October 15, 2007

မှန်လိုက်တဲ့ ပြည်သူ့သဘောထား

ဂျင်ဂလိ

ခေါင်းစဉ်ကိုဖတ်ပြီး ဂျင်ဂလိကို နအဖစစ်အာဏာရူးတွေဖက်က ကူပြီး ၀ါဒဖြန့်ချိပေးနေတဲ့လူလို့ သတ်မှတ်လိုက် ရင်တော့ ကိုယ့်ကိုယ်ကိုယ် ဂျင်ဂလိနဲ့ ပစ်ပြီး သတ်သေလိုက်မှာနော် … အဟင့် … အဟင့် … ။ မှန်လိုက်တဲ့ ပြည် သူ့သဘောထားလို့ ဂျင်ဂလိ ခေါင်းစဉ်ပေးရခြင်း အကြောင်းအရင်းက နအဖစစ်အာဏာရူးတွေ မိုးလင်းကနေ မိုး ချုပ်အထိ သတင်းစာကတဖုံ၊ ရုပ်မြင်သံကြားကတနည်း၊ အမှိုက်ပုံမှာတသွယ် မျက်စိရောနားပါ သည်းမခံနိုင် လောက်အောင် ၀ါဒဖြန့်ချိနေတဲ့ ပြည်သူ့သဘောထား ကြေညာချက်(၄)ရပ် ဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး ဂျင်ဂလိ ဖာသာ အဓိပ္ပါယ်ဖွင့်ဆိုထားတာလေးကို ပြောပြချင်လို့ပါ ခင်ဗျာ။

ဂျင်ဂလိရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဖတ်ပြီးရင် ပြည်သူတွေအားလုံးက ဂျင်ဂလိကို ဆုတော်လာဘ်တော်တွေ အ သီးသီး ချီးမြှင့်ကြမယ်ဆိုတာ ဂျင်ဂလိဖာသာ အော်တိုမစ်တစ် သိထားတော်မူပေမယ့် ဘုရင်ရူး ရူးပြီး အကန့်ပျက် နေရှာတဲ့ အာဏာရူး ဗိုလ်သန်းရွှေကတော့ အဆိုပါ ပြည်သူ့သဘောထား ရေးသားတော်မူတဲ့ ကပ်ဖားရပ်ဖား တစု ကို ကြိမ်ဒဏ်အချက်ပေါင်း အင်ဖနတီနှက်ပြီး နေပြည်တော်မြိုင်ရပ်က နှင်ထုတ်တော်မူမှာကို ဂျင်ဂလိ စိုးရိမ်မိပါ လေရဲ့။

ဂျင်ဂလိ ဖွင့်ဆိုထားတဲ့ ပြည်သူ့သဘောထား ကြေညာချက် ဒက်ဖနေရှင်း(၄)ရပ်က အောက်ပါအတိုင်း ဖြစ်ပါ တယ်။

(၁) ပြည်ပအားကိုးပုဆိနိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ။
ဂျင်ဂလိရဲ့ ဖွင့်ဆိုချက် - ပေါက်ဖော်ကြီးဖြစ်တဲ့ တရုတ်ပြည်နဲ့ အထည်ကြီးပျက် ရုရှားတို့ဆီက စစ်လက်နက် ပစ္စည်း အကူအညီတွေ ရယူပြီး ပြည်သူလူထုကို ဆက်လက်ဖိနှိပ်အုပ်ချုပ်ဖို့ ကြိုးစားနေတဲ့၊ အတိုက်အခံ ဒီမိုက ရေစီ အင်အားစုတွေကို အကြမ်းဖက်ဖောက်ခွဲရေးသမားတွေလို့ အဆိုးမြင်နေတဲ့ ပေါက်ဖော်နဲ့ အထည်ကြီးပျက် အားကိုးပုဆိန်ရိုး အ ဆိုးမြင်ဝါဒီ နအဖစစ်အာဏာရူးများအား ဆန့်ကျင်ကြ။

(၂) နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင် ကြ။
ဂျင်ဂလိရဲ့ဖွင့်ဆိုချက် - နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းစေမည့် ဒီမိုကရေစီစနစ်ထွန်းကားရေးကို အမျိုးမျိုး နှောက်ယှက် ဟန့်တား၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုများကို အမျိုးမျိုး ဖမ်းဆီးနှိပ်စက်ပြီး တိုင်းပြည်အတွင်း မကြာခဏ ဗုံးထောင်ဖျက်ဆီးကာ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည့် နှောင့်ယှက်ဖျက်ဆီးသူ နအဖစစ် အာဏာရူးများအား ဆန့်ကျင်ကြ။

(၃) နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက် နှောင့်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ။
ဂျင်ဂလိရဲ့ ဖွင့်ဆိုချက် - မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူတရပ်လုံးက တိုက်ပွဲဝင်နေစဉ်အတွင်း ပြည်သူလူထုကို လက်နက်အားကိုးနှင့် ဖိနှိပ်ရက်စက် သတ်ဖြတ်နေသည့် နအဖစစ်အာဏာရူးတွေအား ကူညီ ထောက်ပံ့ပြီး ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နေသည့် ပေါက်ဖော်ကြီး တရုတ်ပြည်နှင့် အထည်ကြီးပျက် ရု ရှားတို့အား ဆန့်ကျင်ကြ။

(၄) ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။
ဂျင်ဂလိရဲ့ ဖွင့်ဆိုချက် - ပြည်တွင်း၌ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့် ကဏ္ဍအသီးသီးကို ရစရာမရှိအောင် ဖျက်ဆီးပြီး ပြည်ပရောက် အတိုက်အခံ ဒီမိုကရေစီအင်အားစုများကိုပါ နည်း မျိုးစုံဖြင့် ဖြိုခွဲဖျက်ဆီးကာ အာဏာတည်မြဲဖို့ ကြိုးစားနေသည့် နအဖစစ်အာဏာရူးများအား ဘုံရန်သူအဖြစ် သတ် မှတ်ချေမှုန်းကြ။

အထက်ပါ ဂျင်ဂလိရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို သဘောတူတယ်ဆိုရင် ဂျင်ဂလိနဲ့အတူ ပြည်သူတရပ်လုံး လိုက်ဆိုကြပါခင်ဗျား။ (၀မ်း … တူး … သုံး …)

- ပေါက်ဖော်နှင့် အထည်ကြီးပျက်အားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီ နအဖစစ်အာဏာရူးများအား ဆန့်ကျင်ကြ။
- နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော် တိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသူ နအဖစစ်အာဏာရူး များအား ဆန့်ကျင်ကြ။
- နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက် နှောင့်ယှက်သော ပေါက်ဖော်နှင့် အထည်ကြီးပျက် ပြည်ပ နိုင်ငံများအား ဆန့်ကျင်ကြ။
- ပြည်တွင်းပြည်ပ အဖျက်သမား နအဖစစ်အာဏာရူးများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

(ရွှီး … ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း)အင်ဖနတီ

(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)

No comments: