Wednesday, October 31, 2007

ဖြိုလှဲပစ်ရမည့် မြန်မာစစ်အာဏာရှင်တို့၏ ဒေါက်တိုင်တစ်ချောင်း
(သို့မဟုတ်)
စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန
(ဒေါက်တာလွဏ်းဆွေ)

စစ်အာဏာရှင်တွေ ကြီးစိုးနေတဲ့ မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးရုံးရယ်လို့ တန်ခိုးထွားနေခဲ့တာ ဆယ်စုနှစ် နှစ်စုနီးပါး ကြာခဲ့ပြီဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းတွေအပေါ် ပိုပြီး သိသိသာသာ နှိပ်ကွပ် လာခဲ့တာကတော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တော်လှန်ရေး လူထုအုံကြွမှုကို စစ်အာဏာရှင်တို့က ရက်ရက်စက်စက် နှိမ်နင်းပြီး နောက်ပိုင်းကာလမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ မတိုင်ခင် ကတည်းကလည်း စာပေစိစစ်ရေးရုံး ဆိုတာရှိပါတယ်။ ဗိုလ်နေ၀င်း ဘုန်းမီးနေလ တောက်ခဲ့တဲ့ မဆလခေတ် ကတည်းက ရှိနေတာပါ။ ဒါပေမယ့် မဆလခေတ်က စာပေစိစစ်ရေးရုံး ဆိုတာကို စာနယ်ဇင်း လုပ်ကိုင်နေသူတွေ ကလွဲပြီး ပြည်သူလူထုနဲ့ နိုင်ငံတကာ က အခုလို ဟိုးလေးတကျော် သိနေတာမျိုး မရှိခဲ့ဘူး။ အခုလောက်လည်း ဆင်ဆာ ဖြတ်တောက်မှု မရှိသေးဘူး။ ရှစ်လေးလုံး အရေးအခင်း ဖြစ်ခါနီး ၁၉၈၇-၈၈ ကာလ လောက်ကျမှ စာပေစိစစ်ရေးရုံးရဲ့ တင်းကျပ်လာမှုတွေကို စပြီး သတိထားမိတာ ဖြစ်တယ်။

အဲဒီအချိန်မှာ ထုတ်ဝေနေတဲ့ စာနယ်ဇင်းတွေမှာ သူတို့ခွင့်မပြုတဲ့ စာလုံးတွေ၊ စာပိုဒ်တွေကို ငွေမင်နဲ့ ပိတ်ခိုင်းတာတွေ စတွေ့လာရတယ်။ ၁၉၈၈ခုနှစ် စက်တင်ဘာလမှာ န၀တ စစ်ခေါင်းဆောင်တွေက အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ စာပေစိစစ်ရေးရုံးဟာ စာနယ်ဇင်းတွေကို တစ်စထက်တစ်စ ပိုပိုပြီးတင်းကျပ် ပိုပိုပြီး နှိပ်ကွပ်လာပါတော့တယ်။ အခုအချိန်မှာတော့ နအဖရဲ့ လက်ကိုင်တုတ်အဖြစ်နဲ့ အဆိုးဆုံး ပိတ်ပင်မှု၊ အမျိုးမျိုး အဖုံဖုံ ဒုက္ခပေးမှု၊ အာဏာနဲ့ အနိုင်ကျင့်မှုတွေအထိ ရောက်လာခဲ့တော့တာပါပဲ။ ကျနော့်ရဲ့ အတွေ့အကြုံနဲ့ ထင်မြင်ချက် အသေးစိတ်ကို ခေါင်းစဉ်ငယ်တွေ ခွဲပြီး တင်ဆက်သွားပါမယ်။

စာပေစိစစ်ရေးရုံးရဲ့ ရည်ရွယ်ချက်က ဘာလဲ

အဓိက ရည်ရွယ်ချက်ကတော့ မြန်မာ စစ်အာဏာရှင်တွေက သူတို့ အာဏာတည်မြဲရေးအတွက် သူတို့ကို ဒုက္ခ ကောင်းကောင်း ပေးနိုင်တဲ့ စာနယ်ဇင်းသမားတွေ၊ စာအုပ် ထုတ်ဝေသူတွေကို အဟန့်အတားပြု နှိပ်ကွပ်ဖို့ ဒီစာပေစိစစ်ရေးရုံးကို ဖွဲ့စည်းပြီး လုပ်ကိုင်စေခဲ့တာပဲ ဖြစ်တယ်။ တစ်နည်းအားဖြင့် လွပ်လပ်စွာ ရေးသားထုတ် ဝေခွင့်ဆိုတဲ့ ဒီမိုကရေစီ အခွင့်အရေးတစ်ခုကို ပိတ်ပင်ထားခြင်းပဲ ဖြစ်တယ်။ ကလောင်သွားဟာ ဓားသွားထက် ထက်တယ် ဆိုတာကို သူတို့ သိပုံရတယ်။ အဲဒါကြောင့် သူတို့ရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေ၊ ကောက်ကျစ် ယုတ်မာမှုတွေ၊ မဟုတ်တန်းတရား အဆီအငေါ်မတည့် လုပ်ဆောင်မှုတွေကို ကလောင်နဲ့ ဖော်ထုတ် ထိုးနှက် လာနိုင်တဲ့ အနေအထားအားလုံးကို ပိတ်ဆို့ထားနိုင်ဖို့ စာပေစိစစ်ရေးရုံးကို လုပ်ပိုင်ခွင့်တွေပိုပိုပြီး ပေးခဲ့ခြင်းပဲဖြစ် တယ်။ အဲဒီလို စာနယ်ဇင်းတွေကို နှိပ်ကွပ်ထားတဲ့အတွက် နအဖစစ်အစိုးရရဲ့ လက်အောက်မှာ အလွန်ယုတ် ညံ့ဆိုးဝါးနေတဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ လူမှုရေး အခြေအနေမှန် အားလုံးကို ပြင်ပကမ္ဘာက သိခွင့်မရတော့ဘဲ သူတို့ရဲ့ တဖက်သတ် လိမ်ညာရေးသားမှု၊ လိမ်ညာ ၀ါဒဖြန့်မှုတွေကို သာ ဖတ်ရှုနေရတော့တယ်။ သူတို့ရဲ့ ပြောဆိုရေးသား ၀ါဒဖြန့်မှုတွေဟာ လိမ်ညာမှုတွေမှန်း အားလုံးက သိရှိကြ ပေမယ့် စာပေစိစစ်ရေးရဲ့ ပိတ်ဆို့ တားဆီးမှုကြောင့် တကယ့် အခြေအနေမှန်တွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက သိခွင့်မရနိုင်တဲ့ အနေအထားကို ရောက်ခဲ့ရတယ်။ အဲဒီလို အခြေအနေမျိုးကို လိုချင်လို့လည်း စစ်အာဏာရှင်တွေက စာပေစိစစ်ရေးရုံးကို အခိုင်အမာ ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်း ဖြစ်တယ်။

နှိပ်ကွပ်မှု အဆင့်ဆင့်အတွက် စာပေစိစစ်ရေးရုံး ဖွဲ့စည်းပုံ

ဗဟန်းမြို့နယ်၊ ၀င်္ကပါလမ်း၊ ဂျပန်သံရုံးဘေးမှာ တည်ရှိတဲ့ အဲဒီရုံးကို အထပ်သုံးထပ်နဲ့ ဖွဲ့စည်းထားတယ်။ ကနဦးက ထရံကာ အဆောက်အဦကြီးဖြစ်ပြီး တဖြည်းဖြည်း တန်ခိုးအာဏာ ကြီးထွားလာတဲ့အခါမှာ ပြည်သူ့ ဘဏ္ဍာကို အလွဲသုံးစားလုပ်ပြီး ကွန်ကရစ် အဆောက်အဦးကို အခိုင်အမာ ပြင်ဆောက်ခဲ့တာ ဖြစ်တယ်။ ၀န်ထမ်း ဖွဲ့စည်းပုံအနေနဲ့ (အထက်ကနေ အောက်ကို အစဉ်အတိုင်း ပြောရရင်) ညွှန်ကြားရေးမှူး (၁)ဦး၊ လက်ထောက်ညွှန် ကြားရေးမှူး (၂)ဦး၊ ဦးစီးအရာရှိ (၃)ဦး၊ စာဖတ်မှူးများ၊ အခြား ရုံးဝန်ထမ်းပေါင်း မြောက်မြားစွာနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ အဲဒီရုံးကို ဖြတ်သန်းပြီးရင် ပြည်ထဲရေး ၀န်ကြီးဌာနမှာ ရုံးထိုင်တဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ၀န်ကြီး၊ ၀န်ကြီးတို့ကို ထပ်ပြီး ဖြတ်သန်းရတယ်။ အဲဒီ အဆင့်ဆင့်ကို စိတ်ညစ်စရာ ကောင်းလောက်အောင် ဖြတ်သန်းပြီး အဆင့်တိုင်း အဆင့်တိုင်းက ခွင့်ပြုမှ စာအုပ်တစ်အုပ်ကို ပုံနှိပ်ထုတ်ဝေ ဖြန့်ချိခွင့်ရတာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ သူတို့ အထူးစောင့်ကြည့်တဲ့ မဂ္ဂဇင်း၊ ဂျာနယ်တချို့ကတော့ စစ်မဟာဗျူဟာ ထောက်လှမ်းရေးအဖွဲ့ လက်အောက်ခံ ‘ကွပ်ကဲ’ ဆိုတဲ့ အဖွဲ့ထံကိုပါ နောက်ဆက်တွဲ ဖြတ်သန်းရသေးတယ်။

စာအုပ်တစ်အုပ် ထုတ်လုပ်ပုံ အဆင့်ဆင့်နဲ့ အခက်အခဲများ

ကျနော်က မဂ္ဂဇင်း လုပ်ခဲ့သူဆိုတော့ မဂ္ဂဇင်းတစ်စောင်ကို တလအတွင်းမှာ အချိန်မီ ထုတ်ဝေဖြန့်ချိနိုင်အောင် အဆင့်ဆင့် လုပ်ကိုင်ရပုံနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို တင်ပြချင်တယ်။ ပထမဆုံးအနေနဲ့ ထုတ်မယ့် မဂ္ဂဇင်းရဲ့ မျက်နှာဖုံး ဒီဇိုင်းကို ရုံးကို တင်ပြရတယ်။ အဲဒီလို တင်ပြဖို့အတွက် အစိုးရဘဏ်မှာ ငွေသွင်း၊ ဘဏ်ချလံ နဲ့ တွဲပြီး ရုံးမှာ အ၀င်စာရင်းသွင်း၊ ပြီးမှ မျက်နှာဖုံး ဒီဇိုင်းကို ဖိုင်တွဲပြီး ၀န်ထမ်းဖွဲ့စည်းပုံအတိုင်း အဆင့်ဆင့် လှည့်ပြရတယ်။

ပထမအဆင့် ကိုယ့်မဂ္ဂဇင်းကို စစ်မယ့် စာဖတ်မှူး (၂)ဦးကို အရင်ပြရတယ်။ စာဖတ်မှူးတွေကို (၂)ဦးစီ တွဲပြီး တာဝန်ချထားတာ အတွဲပေါင်း များစွာရှိတယ်။ အမျိုးသမီး စာဖတ်မှူးတွေ များတယ်။ မဂ္ဂဇင်းတစ်စောင်ကို (၄)လ တစ်ကြိမ် စာဖတ်မှူး ပြောင်းတယ်။ (ထင်မြင်ချက်–အမျိုးသမီး စာဖတ်မှူးတွေ အများစု ခန့်ထားခြင်းကတော့ အမျိုး သမီး ၀န်ထမ်းတွေက အမျိုးသား ၀န်ထမ်းတွေထက် စာရင် အမိန့်ပိုနာခံခြင်း၊ စာတစ်ပုဒ်ကို အပြစ်ရှာရာမှာ ပို စေ့စပ်ခြင်း၊ အပြင်လူဆီက လာဘ်ငွေယူပြီး စာမူကို လွတ်ကင်းအောင် လုပ်ပေးဖို့ သတ္တိနည်းခြင်း၊ အပြင်လူများက နည်းအမျိုးမျိုးနဲ့ ချဉ်းကပ်လည်း ပူးပေါင်းဆောင်ရွက်ဖို့ သတ္တိနည်းခြင်း စတဲ့ အချက်တွေကြောင့်လို့ ထင်တယ်။ (၄)လတစ်ကြိမ် စာဖတ်မှူးတွေ ပြောင်းခိုင်းခြင်းကလည်း မဂ္ဂဇင်း လုပ်သူတွေနဲ့ ကြာကြာ မရင်းနှီးစေလိုတဲ့ သဘောလို့ ထင်တယ်။) မျက်နှာဖုံး ဒီဇိုင်းကို စာဖတ်မှူးတွေက ခွင့်ပြုသင့်မသင့် အမှုတွဲဖိုင်မှာ မှတ်ချက်ရေးပြီးရင် အမှုတွဲဖိုင်ကို ဦးစီးအရာရှိ၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး တွေဆီကို အဆင့်ဆင့် ဖြတ်ရတယ်။ ညွှန်ကြားရေးမှူး ဆိုသူဆီက ‘ခွင့်ပြုပါ’ ဆိုတဲ့ မှတ်ချက်နဲ့ ထွက်လာမှ မျက်နှာဖုံး ခွင့်ပြုချက်နံပါတ် ထုတ်ရတယ်။ အဲဒီခွင့်ပြုချက် နံပါတ်ရမှ မျက်နှာဖုံးကို အချောပုံနှိပ်ရတယ်။ ‘ခွင့်မပြု’ ဆိုတဲ့ မှတ်ချက်နဲ့ ထွက်လာရင်တော့ ပြန်ပြင်ပြီး အစကနေ အဆင့်ဆင့် ပြန်ဖြတ်ရတယ်။

မျက်နှာဖုံး ပုံနှိပ်ပြီးရင် အတွင်း စာဖောင်ကို(၂၅)အုပ်လောက် ပုံနှိပ်၊ ပြီးရင် မျက်နှာဖုံးန ချုပ်ကပ်ပြီး စာပေစိစစ်ရေးရုံးကို သွားတင်ရတယ်။ ရုံးမှာ အ၀င်စာရင်း ပြပြီးတာနဲ့ အတွင်းစာဖောင် သတ်ပုံစစ်ခအတွက် ဘဏ်မှာ ငွေသွင်း၊ စစ်မယ့် စာဖတ်မှူး (၂)ယောက်ကို စာမြန်မြန် ဖတ်ပေးအောင် တစ်ယောက်က လာဘ်ငွေ (၁၅၀၀)ကျပ်နဲ့ ရုံးတင် မဂ္ဂဇင်းတစ်အုပ်စီကို ရုံးပွဲစားက တဆင့်ပေးရတယ်။ ပြီးရင် စာဖတ်မှူးတွေ အထက်က ဦးစီးအရာရှိကို (၂၅၀၀)ကျပ်တန် စူပါကော်ဖီမစ်တစ်ထုပ် (သို့)ငွေသားနဲ့ ရုံးတင်မဂ္ဂဇင်းတစ်အုပ် ပေးရတယ်။ ပြီးရင် အမှုတွဲဖိုင်မှာ တွဲပြီး အစည်းအဝေး စောင့်ရတယ်။ အစည်းအဝေးက တစ်ပတ်မှာ စနေတစ်ရက်ပဲ ထိုင်တယ်။ အဲဒီ စနေတစ်ရက်မှာမှ ညွန်ကြားရေးမှူး မအားဘူးဆိုရင် စောင့်ပေတော့ နောက်တစ်ပတ်ပဲ။ စနေ အစည်းအဝေးကို မီဖို့ဆိုရင် အင်္ဂါနေ့ နောက်ဆုံးထားပြီး ရုံးတင်ရတယ်။ ဗုဒ္ဓဟူး၊ ကြာသပတေးလောက်မှ ရုံးတင်ရင်တော့ ရတော့ရတယ်၊ လာဘ်ငွေ (၂) ဆလောက် အပိုပေးရတယ်။

စနေနေ့ကျရင် ရုံးမှာ အစည်းအဝေး သွားစောင့်ရတယ်။ အစည်းအဝေး ပြီးတာနဲ့ ဦးစီအရာရှိ အမျိုးသမီး အခန်းမှာဖြုတ်ခိုင်း၊ ပယ်ခိုင်း၊ ပြင်ခိုင်းတဲ့ စာမျက်နှာတွေကို တစ်မျက်နှာချင်း သေသေချာချာ မှတ်ရတယ်။ ပြီးရင် ဖြုတ်၊ ပယ်၊ ပြင်ဆင်ခိုင်းတဲ့ ဟာတွေကို မှတ်တမ်းစာအုပ်မှာ တစ်ခုချင်းရေးပြီး အမှန်တကယ်ဖြုတ်၊ ပယ၊် ပြင်ဆင် ပါမယ့်အကြောင်း ၀န်ခံကတိ လက်မှတ်ထိုးရတယ။် ပြီးရင်အချောပြင်ဆင်ပြီးတဲ့ စာအုပ် (၄)အုပ်ကို ရုံးပြန်တင်ရ တယ်။ ပြီးမှ ပုံနှိပ်စက်မှာ ဖြန့်မယ့် အုပ်ရေအတိုင်း အချောပုံနှိပ်ရတယ်။ တခါတခါ ပုံနှိပ်စက်မှာ ရိုက်ပြီးခါမှ နောက်ဆက်တွဲ ထပ်ဖြုတ်ပေးပါဆိုလို့ ရိုက်ပြီးသားတွေကို လွှင့်ပစ်ပြီး အသစ် ထပ်ရိုက်ပေးရတဲ့ အခါပေါင်းလည်း မရေတွက်နိုင်ဘူး။

ပုံနှိပ်ပြီးလို့ စာအုပ်ချုပ်ပြီးရင် မဖြန့်ခင် ရုံးကို စာအုပ်အချော (၆၅)အုပ် သွားပေးရတယ်။ လက်ဆောင် တောင်းတာဆိုပြီး မိုက်ကြေးခွဲတာပေါ့။ အဲဒီ စာအုပ်တွေထဲကမှ ရုံးကို (၃၃)အုပ် တရားဝင်ပေးရတယ်။ ၀န်ကြီး ဌာနတွေကို လက်ဆောင်ပေးရတာလို့ ပြောတယ်။ ကျန်တဲ့ (၃၂)အုပ်ကိုတော့ ညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေမှူး၊ ဦးစီးအရာရှိတွေ၊ စာဖတ်မှူးတွေ၊ ၀န်ထမ်းတွေဝေယူပြီး ရုံးကို စာအုပ်လာဝယ်တဲ့ သူဆီ ရောင်းစားကြတယ်။ စာပေစိစစ်ရေးရုံးမှာ စာအုပ်လာဝယ်တဲ့ သူတွေ ရှိတယ်။ ၀န်ထမ်းတွေက နေ့တဓူဝ လက်ဆောင်ရတဲ့ စာအုပ်တွေကို အဲဒီလူတွေဆီ ရောင်းစားပြီး ညနေဆို ခွဲဝေယူကြတယ်။ အဲဒီ ငွေပေးငွေယူ ကိစ္စတွေကို ရုံးပွဲစားတွေကပဲ ဆောင်ရွက်ပေးတယ်။ အဲဒီတော့ လာဘ်ငွေပေးရတာရော စာအုပ်လက်ဆောင် ပေးရရတာရော အားလုံးပေါင်း တွက်ကြည့်ရင် လစဉ်ထုတ် မဂ္ဂဇင်းတစ်အုပ် အတွက် တစ်လတစ်လ စာပေစိစစ်ရေးရုံး အတွက် ကုန်ကျငွေ စုစုပေါင်းဟာ (၇၀၀၀၀)ကျပ်လောက် ကုန်တယ် (ဒါ ၂၀၀၄-၂၀၀၅ ခုနှစ်လောက်က ကုန်ကျစရိတ်ပါ)။ အဲသလို ရုံးကို စာအုပ်အချော လက်ဆောင် ပို့ပြီးရင်တော့ စာအုပ်ဖြန့်လို့ရပြီ။ ဒါပေမယ့် တရားဝင်တော့ မဟုတ်ဘူး။ တရားဝင်က ဖြန့်ချိခွင့် အမိန့်ကျမှ ဖြန့်ရမှာ။ ဒါပေမယ့် ခွင့်ပြုမိန့်က တော်တော်နဲ့ မကျဘူး။ စာအုပ်အချောကို ပြည်ထဲရေး ၀န်ကြီးအထိ အဆင့်ဆင့်ပတ်ပြီးမှ ထုတ်ပေးတာဆိုတော့ စောင့်နေရင် ဖြန့်ရမှာကို မဟုတ်တော့ဘူး။ အဲဒီတော့ သူတို့ပြင်ခိုင်းတာ သေချာပြင်ဆင်ပြီးရင် နား လည်မှုနဲ့ ဖြန့်ကြတော့တာပဲ။
(ဆက်ပါဦးမယ်)

(ခေတ်ပြိုင် အင်တာနက် စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

No comments: