Thursday, November 1, 2007

စိုးရိမ်လို့
အိတ်ဇိုင်းမာတလိ

နအဖ စစ်အစိုးရက စက်တင်ဘာ အရေးအခင်းမှာ ပါဝင်တဲ့ သံဃာတွေနဲ့လူတွေကို အကြမ်းဖက် နှိမ်နင်းနေတဲ့ အချိန်မှာ လွတ်မြောက်နယ်မြေကို ခေတ္တ တိမ်းရှောင်လာတဲ့ လူငယ်တယောက်ကို မေးမြန်းစပ်စုဖို့ အိတ်ဇိုင်းမာတလိ တယောက် အချစ်တော် ခွေးမလေး “ဒိုင်လူး” ကို ဆွဲပြီး
လူငယ် တည်းခိုရာဆီကို ရောက်သွားတယ်။

အိတ်ဇိုင်းမာတလိ ။ ။ ညီလေးရေ … အခုပြီးသွားတဲ့ အရေးအခင်းမှာ ဘ၀တသက်တာ အတွက် မမေ့နိုင်တဲ့ အဖြစ်အပျက်တွေနဲ့ ကြုံခဲ့ရရင် ရှိရင် ရှဲလုပ်ပါဦး။(ဟီး … ဟီး … ဗိုလ်လို ရွှီးကြည့်တာ)

လူငယ် ။ ။ ဟာ … အစ်ကိုရာ ဘုရားနဲ့ တတန်းတည်း ထားတဲ့ သံဃာတွေကို ရိုက်၊ ထု၊ ကန်ကျောက်၊ သေနတ်နဲ့ ပစ်ခတ်တာတွေ၊ ဘုရာပရ၀ုဏ် အထဲမှာ ပါဏာတိပါတကံ ကျူးလွန်တာတွေကို ဘယ်လို မေ့လို့ ရမှာလဲ။

လူငယ်သည် ပြောရင်းမှာပင် မျက်လုံးအိမ်ထဲတွင် မျက်ရည်များ ပြည့်လာ၍ မျက်နှာကို အထက်သို့ မော့ထားပြီး မျက်တောင်ကို အကြိမ်ကြိမ် ခတ်နေသည်။

အိတ်ဇိုင်းမာတလိ ။ ။ အင်း … သူတို့လုပ်ခဲ့တဲ့ အကုသလိုလ် အကျိုးကို ရှေးဘ၀ကျရင် သူတို့ ကောင်းကောင်းကြီး ခံရမှာပေါ့၊

လူငယ်သည် မျက်နှာထား တင်းတင်းနှင့် …
လူငယ် ။ ။ ဟုတ်တယ် အစ်ကို၊ သန်းရွှေတို့ တမိသားစုလုံးဟာ ရှေ့ဘ၀ကျရင် ခွေးဖြစ်မှာ သေချာတယ်။

လူငယ်က အဲဒီလို ပြောလိုက်တာကြောင့် အိတ်ဇိုင်းမာတလိ တယောက် လန့်ဖျန့်ပြီး အချစ်တော် ခွေးမလေး “ဒိုင်လူး” ကြည့်ကာ လူငယ်ကို ပြန်ပြောလိုက်သည်။ အိတ်ဇိုင်းမာတလိ ပြန်ပြောလိုက်တဲ့ စကားကြောင့် လူငယ်လည်း ဘာပြောရမှန်း မသိဘဲ ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

အိတ်ဇိုင်းမာတလိ ။ ။ ငါ့ညီရာ … သူတို့ကို ၀က်တွေ ဘာတွေ ပေးဖြစ်ပါကွာ။ ခွေးတော့ မပေးဖြစ်ပါနဲ့။ တော်နေကြာ အစ်ကို့ရဲ့ “ဒိုင်လူး” ဗိုက်ထဲမှာ ဗိုလ်သန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်တို့ သားသမီး မြေးမြစ် တအုပ်လုံး လာပြီးဝင်စားရင် အစ်ကို ဒုက္ခဖြစ်သွားမှာပေါ့။

(အန်ဒါမန်ဟီးရိုး ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်)

No comments: