Tuesday, October 30, 2007

ဖြစ်ရပ်မှန်များ

စစ်မှာပဲ
နေထူး
ကာတွန်း-ဟန်လေး (ဧရာဝတီ)

အခုလဆန်းပိုင်း ရန်ကုန်မြို့လယ် တနေရာမှာ ရဲတွေ၊ စည်ပင်တွေ၊ စစ်သားတွေ တရုန်းရုန်းနဲ့ ခွေးတွေကို လိုက်ဖမ်းနေပါတယ်။
ခွေးတွေရဲ့လည်ပင်းမှာ နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဓာတ်ပုံကို ကြိုးနဲ့ချည်ပြီး ချိတ်ထားတာကိုး။
ချိတ်ထားတာမှ ဓာတ်ပုံကို ပလတ်စတစ် အကျအနလောင်း အပေါက်ဖောက် ကြိုးသီပြီးမှ သေသေချာချာ ချည်ပေးလိုက်တာပါ။
လိုက်ဖမ်းတဲ့ လူတွေနဲ့ ခွေးတွေ တလုံးလုံး ဖြစ်နေပြီး လမ်းသွား လမ်းလာ တွေကလည်း တရုန်းရုန်း တ၀ါးဝါးပေါ့။
အဲဒီမှာတင် ခါးမှာ ဗျောက်ချိတ်ထားတဲ့ စစ်ဗိုလ်တယောက်က လူထုကိုကြည့်ပြီး မျက်ထောက်နီကြီးနဲ့ မရယ်ကြနဲ့လို့ ပြောလိုက်တော့ လူတွေမှာ မျက်နှာပိုးသတ်ပြီး ရယ်ချင်ပက်ကျိ မျက်နှာထားတွေနဲ့ ဖြစ်ကုန်တယ်။
ခွေးတွေ ခမျာလည်း စစ်ကားပေါ်မှာ ငုတ်တုတ်၊ မျက်နှာငယ် လေးတွေနဲ့ပေါ့။ ကားပေါ်ကိုတော့ သုံးလေးကောင် ရောက်နေပြီ။
ပရိသတ်ထဲက တယောက်က မကြားနိုးနား မေးပြော ပြောတယ်။ “သူတို့နှယ်ကွာ၊ ဦးနှောက်မရှိ လိုက်တာများ၊ ခွေးလည်ပင်းက ဓာတ်ပုံကို ဖြုတ်လိုက်ရင် ပြီးတဲ့ဟာကို။ ခွေးကို ကားပေါ်ဖမ်းတင် ထားရတယ်လို့”
အနားက တယောက်က ပြန်ဖြေလိုက်ပုံကြောင့် အနားက လူတွေအားလုံး ထိန်းထားသမျှ ၀ါးလုံးကွဲ ရယ်မိလိုက်ကြတာ စစ်ဗိုလ်က နောက်တကျော့ မျက်ထောက်နီကြီးနဲ့ ပြန်လှည့်ကြည့်တဲ့အထိပါ။
အနားကလူ ပြန်ဖြေလိုက်တဲ့ စကားကတော့ …
“မင်းကလည်းကွာ၊ သူတို့က စစ်ဦးမှာပေါ့ကွ” တဲ့။

နေထူး
(ကိုယ်တွေ့ ဖြစ်ရပ်မှန်ကို ပြောပြကြတဲ့ ပြည်တွင်းသတင်းထောက်များကို ကျေးဇူးတင်ပါတယ်။)

1 comment:

မဆုမွန် said...

ဟားဟား ဟဟ ရီရတယ်
အေးလေ မေးမေးပြီးရိုက်ဦးမှာပေါ့
လူလိုမေးလို့ မဖြေနိုင်ရင် ခွေးလိုဟောင်ပြီးစစ်မှာပေါ့
ဟဟဟဟ