Sunday, October 28, 2007

ရွှေဝါရောင်တော်လှန်ရေး တစေ့တစောင်း

ဘာသာပြန် - မီးပြတိုက်

တိုင်းမဂ္ဂဇင်းရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ “ANDREW MARSHALL / RANGOON” ရဲ့ “ANATOMY OF FAILED REVOLUTION” ကို ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက လူတွေ အလွယ်တကူ ဖတ်ရှု နိုင်အောင် ရည်ရွယ်ချက်နဲ့ပါ။

“ခင်ဗျား ဒီဘက်နား ကပ်နေသင့်တယ်” လို့ ကျနော့်အနောက်ဘက်မှာရှိတဲ့ လူအုပ် ထဲက မိန်းမပျိုလေးတယောက်က လှမ်းပြောတာပါ။ ပြီးတော့ သူကပဲ ဆက်ပြီး “နိုင် ငံခြားသားတွေ ဒီမှာရှိနေရင် သူတို့ပစ်မှာမဟုတ်ဘူး” လို့ ဆက်ပြီးပြောပါတယ်။ အဲဒါကတော့ စက်တင် ဘာလ ၂၇ ရက်နေ့ နေ့လည် ၁ နာရီ အချိန်လောက်မှာပါ။

ကျနော်ဟာ ထောင်နဲချီတဲ့ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသူတွေ ကြားထဲမှာ ရောက်နေပါတယ်။ နေရာက တော့ ရန်ကုန်မြို့လည်ခေါင်က ဆူးလေစေတီတော်နားမှာပါ။ ကျနော်တို့ရဲ့ မျက်နှာချင်းဆိုင်မှာတော့ စစ်သား တရာလောက်ဟာ သေနတ်တွေကို အစဉ်သင့်ကိုင်ပြီး စောင့်နေပါတယ်။ ကျနော့်အနောက်နားက မိန်းမပျို လေး မျှော်လင့်နေတာကတော့ အနောက်တိုင်းသားတယောက်ကို ပစ်မိပြီး နိုင်ငံတကာမှာ ဂယက်ရိုက်ခတ် သွားမှာကို သူတို့မလိုလားလောက်ဘူးဆိုတာ ကျနော်ရိပ်မိပါတယ်။ အဲဒီနေရာမှာ ကျနော်ရှိနေတာ သူတို့အ တွက် အကာအကွယ်ဖြစ်မယ်လို့လည်း မျှော်လင့်နေပုံရပါတယ်။ သူမရဲ့မျှော်လင့်ချက် မှားယွင်းနေတယ်ဆို တာ မကြာခင်မှာပဲသိရတော့မှာပါ။ ဒါပေမယ့် အဲဒီအခိုက်အတန့်မှာတော့ ဆန္ဒပြသူတွေဟာ ကြောက်ရွံ့ခြင်းမ ရှိကြတဲ့အပြင် စိတ်အားတက်ကြွနေကြပါတယ်။ သူတို့ဟာ ဗုဒ္ဓရဲ့ဂါထာတော်တွေကို ရွတ်ဆိုနေကြပါတယ်။ အဲဒီရွတ်ဆိုသံတွေဟာ ကျနော့်ကို ရက်ပေါင်းများစွာ ခြောက်လှန့်နေမှာပါ။

“လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ”

“ဒို့မေတ္တာစွမ်းကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ”

ဒီမေတ္တာသုတ်ကို စတင်ရွတ်ဆိုခဲ့တာ ဘုန်းတော်ကြီးတွေပါ။ သူတို့ ရွတ်ဆိုနေတာ အခုဆို တပတ်တောင် မ ကတော့ပါဘူး။ သူတို့တွေဟာ လမ်းတွေပေါ်မှာ ငြိမ်းချမ်းစွာ လမ်းလျှောက်ရွတ်ဆိုရင်း ရာစုနှစ်တ၀က်မက ကြာအောင် ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အုပ်စုကို တိုင်းပြည်ပြောင်းလဲရေးအတွက် တောင်းဆိုနေကြတာပါ။ မြန်မာ ပြည်မှာ သံဃာတော်အရေအတွက်နဲ့ စစ်သားအရေအတွက်ဟာ မတိမ်းမယိမ်းပါပဲ။ သံဃာတော် အရေအ တွက် ခန့်မှန်း ၃၀၀,၀၀၀ လောက်နဲ့ စစ်သား အရေအတွက် ၄၀၀,၀၀၀ လောက် ရှိပါတယ်။ ဒါပေမယ့် သူတို့ တွေရဲ့ ခံယူချက်တွေဟာ မတူညီကြပါဘူး။ သံဃာတော်တွေဟာ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှုကို ဆုတောင်း ကြပေမယ့် စစ်တပ်ကတော့ သေနတ်ပြောင်းနဲ့ ချိန်ပြီး အာမခံဖို့ တောင်းဆိုပါတယ်။ ဒီဆန္ဒပြပွဲဟာ ပြည်သူလူ ထုတရပ်လုံးက မြတ်နိုးကိုးကွယ်ကြတဲ့ သံဃာတော်တွေနဲ့ ပြည်သူ့ချဉ်ဖတ် စစ်တပ်တို့ ထိပ်တိုက်တွေ့တဲ့ပွဲပါ။

“ဒီဘက်တိုး ဒီဘက်တိုး” လို့ မိန်းမပျိုလေးက ထပ်ပြောပါတယ်။ စစ်သားတွေနဲ့ ကျနော်တို့ လူအုပ်ရဲ့ အကွာ အဝေးဟာ ခန့်မှန်းခြေ ကိုက်တရာလောက်ပဲ ရှိပါတော့တယ်။ ကျနော်ကတော့ အရမ်းနီးနေပြီလို့ ထင်နေမိ တယ်။ ကျနော့်စိတ်ထဲမှာလည်း မနေ့ညက ဘုန်းတော်ကြီးကျောင်းတွေကို စစ်တပ်က အကြမ်းဖက် ၀င်စီးတဲ့ သတင်းတွေကို ထပ်တလည်းလည်း ပြန်တွေးနေမိထယ်။ အဲဒီစစ်သားတွေကပဲ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဒီမိုကရေစီလှုပ်ရှားမှုကြီးတုန်းက ပြည်သူတွေ ထောင်နဲ့ချီပြီး သတ်ဖြတ်ခဲ့တာကို ကျနော် သိတယ်။ သူတို့ဟာ နိုင်ငံခြားသားတွေ ရှိရှိ မရှိရှိ ပစ်ဖို့ဝန်မလေးဘူးဆိုတာလည်း ကျနော်သိတယ်။ စက္ကန့်ပိုင်းလောက် အတွင်းမှာပဲ သူတို့စပစ်တော့တာပါပဲ။ အဲဒီအချိန်ကစပြီး ကမ္ဘာ့ မယုံနိုင်ကောင်းဆုံး အုံကြွမှုကြီးရဲ့ တောက်ပ တဲ့ မြင်ကွင်းတွေဖြစ်တဲ့ ချီတက်နေတဲ့ ဘုန်းတော်ကြီးတွေ၊ စိတ်ဓာတ်တက်ကြွနေတဲ့ ကျောင်းသားထုရဲ့ မြင် ကွင်းတွေ၊ ရွှေရောင်တလက်လက်နဲ့ ဘုရားပုထိုးတွေ၊ ရေစိုနေတဲ့ ကတ္တရာလမ်းမတွေ အဲဒါမြင်ကွင်းတွေအား လုံး ကမ္ဘာပျက်သလို ပြောင်းလဲကုန်ပါပြီ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ကျနော် ဒီနိုင်ငံကို ချစ်မြတ်နိုးခဲ့ရတာပါ။ မြန်မာနိုင်ငံရဲ့ ကြွယ်ဝလှတဲ့ ယဉ် ကျေးမှုအမွေအနှစ်တွေ၊ ရင်သပ်ရှုမောဖွယ် ပတ်ဝန်းကျင်ရှုခင်းတွေနဲ့ ယဉ်ကျေးသိမ်မွေ့လှတဲ့ ပြည်သူတွေ ဟာ ကျနော့်ကို ဖမ်းစားထားခဲ့ပါတယ်။ အထီးကျန်ဆန်စေမှုနဲ့ တရားမဲ့ အဖမ်းအဆီးတွေကို ကြောက်ရွံ့နေရ မှုတွေထဲကနေ မြန်မာပြည်သူတွေဟာ ကမ္ဘာကို ဆက်ဆံလိုစိတ်တွေ၊ ပြင်းပြတဲ့ ပြောကြားလိုစိတ်တွေ၊ တာ ရှည်ခံမယ့် ရင်းနှီးမှုတွေ ရလွယ်တာ ကျနော် တွေ့ရတယ်။ တဒါဇင်ထက်မနည်း ကျနော် သွားရောက်ခဲ့တဲ့ အ ကြိမ်တိုင်းမှာ မြန်မာပြည်ရဲ့အခြေအနေတွေဟာ ပိုပိုဆိုးလာတာကို တွေ့မြင်နေရတယ်။ ပြည်သူတွေဟာ ပိုပို ပြီး ဆင်းရဲလာကြတယ်။ အဟာရချို့တဲ့မှုတွေနဲ့ ကူးစက်ရောဂါတွေ ပျံ့နှံ့နေတယ်။ ဆေးရုံတွေ ကျောင်းတွေ ဟာ လျစ်လျူရှုမှုတွေကြောင့် အဆင့်အတန်း နိမ့်ကျလာနေတယ်။ နယ်စပ်ဒေသတွေမှာလည်း တိုင်းရင်းသား လူမျိုးစုတွေဟာ ဖိနှိပ်ခံနေရတယ်။ တည်ငြိမ်မှုရှိတာဆိုလို့ ၁၉၆၂ ခုနှစ်ကတည်းက အာဏာကို လုယူထားတဲ့ စစ်အုပ်စုတခုတည်းရှိတယ်။ 


ဒါပေမယ့် ကောင်းတဲ့ ပြောင်းလဲမှုတချို့လည်း ရှိပါတယ်။ ၂၀၀၄ ခုနှစ် အတွင်းစည်း ရှင်းလင်းမှုတွေကနေ ထောက်လှမ်းရေးကွန်ရက်ကို ဂယက် ရိုက်လာခဲ့ပါတယ်။ နောက်တနှစ်မှာတော့ စစ်အစိုးရဟာ ဝေးလံတဲ့ နေ ရာကို သူတို့ရဲ့မြို့တော်ကို ရွှေ့ခဲ့ပါတယ်။ အဲဒီမြို့တော်ကိုလည်း ဘုရင်နန်းစိုက်ရာမြို့လို့ အမည်ရတဲ့ နေပြည် တော် ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ ရုတ်ခြည်းဆိုပဲ ရန်ကုန်နေ ပြည်သူလူထုတွေဟာ အနည်းငယ် ပိုလွတ်လပ် သွားပါတယ်။ မိုဘိုင်းလ်ဖုန်းတွေနဲ့ အင်တာနက်တွေလည်း သုံးစွဲခွင့်ရရှိလာကြတယ်။ စစ်အစိုးရရဲ့ ထိန်းချုပ်မှု တွေရယ်၊ ဈေးအဆမတန် ကြီးတာတွေရယ်၊ ကြားထဲက ပြည်သူတွေဟာ သုံးစွဲခဲ့ကြရတယ်။ ၁၉၈၈ အရေးအ ခင်းတုန်းက ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ ပြန်လည်လွတ်မြောက်လာကြပြီး နောက် တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြန်လည်စုစည်းခဲ့ကြတယ်။ ပြီးခဲ့တဲ့နှစ်လကစပြီးတော့ ၈၈မျိုးဆက်ကျောင်း သားတွေဟာ စစ်အစိုးရရဲ့ လောင်စာဆီဈေး ရုတ်တရတ်တိုးမြှင့်မှုကို ကန့်ကွက်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြရပါတယ်။

စစ်အစိုးရဟာ သူတို့ကို အလျင်အမြန်ပဲ ဖြိုခွင်းနိုင်ခဲ့တယ်လို့ ယုံကြည်ခဲ့ပါတယ်။ အဲဒီနောက် ၃ ပတ်အကြာ ကျနော် ရန်ကုန်ကိုရောက်တော့ ကျနော်မြင်တွေ့နေရတဲ့ မြင်ကွင်းဟာ အိပ်မက်မက်နေသလိုပါပဲ။ ကျနော် ပထမဆုံးတွေ့ရတဲ့ မြင်ကွင်းကတော့ သံဃာတော်တွေ ချီတက်ဆန္ဒပြနေကြတာပါ။

စက်တင်ဘာလ ၂၃ ရက်နေ့ (တနင်္ဂနွေနေ့)


ရန်ကုန်မြို့ရဲ့မြောက်ဘက် နှစ်မိုင်ခန့်မှာရှိတဲ့ မြန်မာပြည်သူတွေ အထွဋ်အမြတ်ထားရာ ရွှေတိဂုံ စေတီတော် ကြီးဆီကနေ သံဃာတော်တွေဟာ စုစည်းညီညွတ်စွာ စတင်ကြွချီလာခဲ့ကြပါတယ်။ ကြွချီလာတဲ့ သံဃာတော် တန်းကြီးဟာ တမိုင်မက ရှည်လျားပါလိမ့်မယ်။ သံဃာတော်တွေဟာ ခြေဗလာနဲ့ ကြွချီလာကြတာပါ။ သူတို့ ရုံထားတဲ့ သင်္ကန်းတော်တွေဟာ သည်းကြီးမည်းကြီး ရွာထားတဲ့မိုးကြောင့် ရွှဲနစ်နေသည့်တိုင်အောင် တရား တော်တွေ ရွတ်ဆိုမပြတ်ပါဘူး။ တက်တက်ကြွကြွ ချီတက်လာတဲ့ သံဃာတော်တွေဟာ ဆူးလေစေတီတော် ကို အရောက်မှာ ရပ်တန့်ပြီး ရှိခိုးဦးခိုက်ကြပါတယ်။ အဲဒီနောက် မြို့တွင်းက လမ်းတွေအတိုင်း ချီတက်သွား ကြတာ လူ့ခန္ဓာကိုယ်ထဲက သွေးတွေ သွေးကြောထဲမှာ စီးဆင်းနေသလိုပါပဲ။ သံဃာတော်တွေ ချီတက်လာ တာကို မြင်တွေ့လိုက်ရတဲ့ ရန်ကုန်မြို့နေ ပြည်သူလူထုကြီးဟာ ၀မ်းသာတုန်လှုပ်ဖြစ်ခဲ့ရပါတယ်။ အစပထမ မှာတော့ ရပ်ကြည့်နေတဲ့လူတွေထဲက သတ္တိရှိတဲ့ လူတချို့ဟာ လက်ခုပ်လက်ဝါးတီးပြီး အားပေးခဲ့ကြပါတယ်။ နောက်တဖြည်းဖြည်းနဲ့ လူတွေပိုပိုများများလာပါတယ်။ နောက်ဆုံးမှာတော့ ထောင်နဲ့ချီတဲ လူအုပ်ကြီးဟာ သံ ဃာတော်တွေနဲ့အတူ ပူပေါင်းပါဝင်လာကြပါတယ်။ သူတို့ဟာ “ဒီမိုကရေစီ ဒီမိုကရေစီ” ဆိုပြီး တိုင်တည်ဟစ် ကြွေးခဲ့ကြပါတယ်။


မနေ့ကလည်းပဲ ဆန္ဒပြသူတချို့ဟာ ကန်စပ်မှာရှိတဲ့ ဒီမိုကရေလှုပ်ရှားမှုသင်္ကေတဖြစ်တဲ့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ခဲ့ရတယ်လို့လည်း ကျနော်ကြားသိခဲ့ရပါသေးတယ်။ သူမဟာ မြန်မာနိုင်ငံ ရောက်ရှိနေခဲ့တဲ့ ၁၈ နှစ်အတွင်းမှာ ၁၂ နှစ်ကျော်ဟာ အိမ်မှာ အကျယ်ချုပ်နဲ့ နေခဲ့ရပါတယ်။ သူမဟာ လုံထိန်းရဲတွေ ကာရံထားတဲ့ ခြံတံခါးနောက်ကနေ ကြွချီလာကြတဲ့ သံဃာတွေကို ၁၅ မိနစ်ကြာမျှ ဖူးမျှော်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီနောက် သံ ဃာတော်တွေနဲ့ လူအုပ်ကြီးဟာ မျက်ရည်စက်လက်နဲ့ ဆက်လက်ချီတက် သွားကြပါတယ်။

စက်တင်ဘာလ ၂၄ ၇က်နေ့ (တနင်္လာနေ့)


နေရာကတော့ ရွှေတိဂုံစေတီတော်ကြီးရဲ့ အရိပ်အောက်မှာပါ။ ၈၈ လှုပ်ရှားမှုနဲ့ သူ့ရဲ့နိုင်ငံရေးအယူဝါဒကြောင့် ထောင်ထဲကို ၃ ကြိမ်ရောက်ခဲ့ဖူးတယ့် ကဗျာဆရာ အောင်ဝေးဟာ ကျနော့်ရဲ့လက်ထဲကို သူ့ရဲ့ ကဗျာစာရွက် လေးတရွက် လာထိုးထည့်ပေးသွားပါတယ်။ သံဃာတော်တွေတချို့ဟာ ကွမ်းတွေဝါးနေကြပြီး သူတို့ရဲ့ပါးစပ် တွေဟာ ကွမ်းသွေးတွေနဲ့ ရဲရဲနီနေတာဟာ သတိပေးနေသလိုပါပဲ။ သက်တော် ၄၉ နှစ်ရှိ ကိုယ်တော်တပါး ဟာ လက်ထဲမှာ Francis Fukuyama ရဲ့ The Great Disruption ဘာသာပြန်စာအုပ်ကို လက်ထဲမှာ ကိုင် ထားပါတယ်။ အဲဒီကိုယ်တော်က ကျနော့်ကို သူတို့ဟာ အချက် ၃ ချက်ကို တောင်းဆိုထားတဲ့အကြောင်းပြော ပြပါတယ်။ အဲဒီအချက်တွေကတော့ ၁။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရေး ၂။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို အမြန်ဆုံး ပြန်လည်ဆောင်ရွက်နိုင်ရေး ၃။ ကုန်ဈေး နှုန်းကျဆင်းရေးတို့ ပါပါတယ်။


အဲဒီညနေမှာပဲ စစ်အစိုးရက အကြောင်းပြန်လာပါတယ်။ မြန်မာ့ရုပ်မြင်သံကြားကနေတဆင့် သာသနာရေးဝန် ကြီး သူရမြင့်မောင်ဟာ သံဃာတော်တွေကို အာဏာစက်နဲ့ အရေးယူမယ်လို့ ကြေညာသွားပါတယ်။ နာရီပိုင်း အတွင်းမှာပဲ ထရပ်ကားတွေဟာ မီးရောင်ခပ်မှိန်မှိန် ထွန်းထားတဲ့ ရန်ကုန်မြို့တွင်းက လမ်းတွေပေါ်မှာ လှည့် လည်ပြီး ညမထွက်ရအမိန့်ကို လိုက်လံကြေညာပါတယ်။ တဆက်ထည်းမှာပဲ လူထုကိုလည်း သံဃာတော် တွေနဲ့အတူ ချီတက်ရင် ဖမ်းမယ်လို့ ခြိမ်းခြောက်ကြေညာပါတယ်။

စက်တင်ဘာလ ၂၅-ရက်နေ့ (အင်္ဂါနေ့)


စစ်အစိုးရဟာ ဖြိုခွင်းမှုကို ဖြည်းဖြည်းချင်း စတင်လုပ်ဆောင်လာနေပါတယ်။ ထင်ရှားတဲ့ ဒီမိုကရေစီလှုပ်ရှား သူတွေကို ညဘက်တွေမှာ လိုက်လံဖမ်းဆီးနေပါတယ်။ ကဗျာဆရာ ကိုအောင်ဝေးကတော့ ရှောင်နေပါပြီ။ သူပေးခဲ့တဲ့ ကဗျာစာရွက်လေးကို ထုတ်ကြည့်တဲ့အခါ စိတ်ထဲမှာ အပြစ်မကင်းသလို ခံစားရပါတယ်။ သူ့က ဗျာလေးရဲ့ အဓိပ္ပာယ်ကတော့ “လွတ်လပ်ရေးကို တောင်းဆိုသည်။ တပ်မတော်နှင့်ပြည်သူ လက်တွဲကြည်ဖြူ” လို့ ရပါတယ်။ အစိုးရပိုင် မီဒီယာတွေကတော့ အခုဆန္ဒပြသံဃာတွေဟာ ဆူပူမှုကို လိုလားသူတွေဖြစ်တယ်။ တိုင်းပြည်အေးချမ်းသာယာနေတာကို မနာလို မရှုစိမ့်သူတွေအဖြစ် စွပ်စွဲနေပါတယ်။


ဖမ်းဆီးဖြိုခွဲမှုတွေ ပြုလုပ်နေပေမယ့် သံဃာတော်တွေဟာ ဆက်လက်ချီတက် ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြ သံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတွေ ဘယ်လောက်များသလဲဆိုရင် ရန်ကုန်မြို့လယ်ခေါင်ဟာ ပွဲ တော်ကျင်းပနေတဲ့အတိုင်းပါပဲ။ ကျောင်းသားတွေကလည်း သူတို့ရဲ့အထိမ်းအမှတ်ဖြစ်တဲ့ အနီရောင်ခွပ်ဒေါင်း အလံတွေကို ဝှေ့ရမ်းပြီး ပူးပေါင်းပါဝင် ချီတက်ဆန္ဒပြကြပါတယ်။ လူတန်းကြီးရဲ့ နောက်ဆုံးမှာ ပန်းရောင် သင်္ကန်းတွေ ၀တ်ဆင်ထားတဲ့ သီလရှင်တွေကို တွေ့ရပါတယ်။

စက်တင်ဘာလ ၂၆-ရက်နေ့ (ဗုဓ္ဒဟူးနေ့)


စစ်အစိုးရဟာ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တံခါးကို ပိတ်ထားပါတယ်။ အဲဒီမှာ စောင့်ကြပ်နေတဲ့ စစ်သား တွေ၊ လုံထိန်းတွေနဲ့ ဒေါသထွက်နေတဲ့ သံဃာတော်တွေ ကျောင်းသားတွေဟာ ထိပ်တိုက်တွေ့နေကြပါပြီ။ မ ကြာခင်မှာပဲ စစ်တပ်ဟာ ဆန္ဒပြသူတွေ ခြောက်လှန့်ဖို့ မျက်ရည်ယိုဗုံးတွေခွဲပြီး ဆန္ဒပြနေသူတွေကို တုတ်တွေ နဲ့ ၀င်ရိုက်ပါတယ်။ ဆန္ဒပြသူတွေဘက်က ပြန်လှန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ကျည်အစစ် တွေကို ခေါင်းပေါ်ကနေ ကျော်ပစ်ပါတယ်။ မီးခိုးလုံးတွေကြားကနေ အုတ်ခဲကျိုးကိုင်ထားတဲ့ အသက် ၂၄ နှစ် ရှိ ကျောင်းသား ကိုသူရိန် ပြေးထွက်လာပါတယ်။ သူဟာ “ဒီကောင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ဘူး” “ဒီကောင်တွေဟာ လူတွေ မဟုတ်ဘူး” လို့ ပေါက်ကွဲအော်ဟစ်နေပါတယ်။ ကျနော့်ကိုလည်း ကမ္ဘာကို ပြော ပေးပါ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘုရားရှိခိုးဖို့ လာတဲ့သူတွေကို ဒီကောင်တွေ တုတ်နဲ့ ရိုက်တယ်လို့ ပြောပါတယ်။


ဒဏ်ရာရထားတဲ့ ကိုယ်တော်တွေဟာ ပြုစုကုသမှုတွေ ခံယူပြီးတဲ့နောက် သံဃာတော်တွေဟာ မြို့ထဲကို ချီ တက်သွားကြပါတယ်။ သူတို့နောက်ကို စစ်သားတွေ လုံထိန်းတွေ အပြည့်ပါတဲ့ စစ်ကားတွေနဲ့ လိုက်လံဖမ်း ဆီးကြပါတယ်။ အဲဒီစစ်ကားတွေ ဆူးလေစေတီတော်အနီးကို ရောက်လာတဲ့အခါ လူတွေက ၀ိုင်းဝန်းအော် ဟစ် လှောင်ပြောင်ကြပါတယ်။ လူတချို့က လေးခွတွေနဲ့ ပစ်ပါတယ်။ အဲဒီမှာ စစ်သားတွေက ထပ်ပြီး ခေါင်း တွေပေါ်ကနေ ကျော်ပစ်ပြန်ပါတယ်။ မှောင်ရီဖြိုးဖြအချိန်ကို ရောက်လာတဲ့အခါမှာတော့ လူစုကွဲသွားပါတယ်။ ပုံမှန် ညဘက်မှာ လမ်းဘေးလ္ဘက်ရည်ဆိုင်တွေနဲ့ စည်ကားလေ့ရှိတဲ့ ရန်ကုန်မြို့ဟာ အခုအခါမှာတော့ လူသူ ကင်းမဲ့ တိတ်ဆိတ်နေပါတယ်။

စက်တင်ဘာလ ၂၇-ရက်နေ့ (ကြာသာပတေးနေ့)


စစ်အစိုးရဟာ ရန်ကုန်မြို့အနှံ့မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အကြမ်းပတမ်း ၀င်ရောက်စီးနင်းရိုက်နှက်ဖမ်း ဆီးမှုတွေ
ညလုံးပေါက် ပြုလုပ်ခဲ့ပါတယ်။ ငွေကြာရံကျောင်းတိုက်ရဲ့ ကြမ်းပြင်ပေါ်မှာ သွေးအိုင်တွေနဲ့ နံရံတွေ ပေါ်က ရာဘာကျည်ဆံပေါက်တွေဟာ ပြည်သူတွေကို အကြီးအကျယ် ဒေါသဖြစ်စေခဲ့ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ သံဃာတော်တွေရဲ့ဘ၀ဟာ ခွဲခြားလို့မရပါဘူး။ သံဃာတော်တွေဟာ မင်္ဂလာဆောင်တဲ့ အခါမှာပဲ ဖြစ်ဖြစ် အသုဘအခမ်းအနားမှာပဲ ဖြစ်ဖြစ် အကြီးအမှူးအဖြစ် ပါဝင်လေ့ရှိပါတယ်။ သံဃာတော်တွေ ဟာ မိဘမဲ့ကလေးတွေကို အကာအကွယ်ပေးတယ်။ အေ့ (စ်) ရောဂါ ဝေဒနာရှင်တွေကို ကုသပေးတယ်။ က လေးတွေကို စာသင်ပေးတယ်။ ဗုဒ္ဓဘာသာကို နက်နက်ရှိုင်းရှိုင်း ကိုးကွယ်သူတွေဟာ သံဃာတော်တွေရဲ့ အ ရိပ်ကိုတောင် မနင်းကြပါဘူး။ အခုနက ဒေါသအပြင်းအထန် ထွက်နေတဲ့ လူအုပ်ကြီးဟာ ငွေကြာရံ ကျောင်း တိုက်ထဲမှာရှိနေတဲ့ စစ်သားတွေနဲ့ လုံထိန်းတွေကို ၀ိုင်းဝန်းပိတ်ဆို့ထားပါတယ်။ အနီးအနားမှာ ရှိတဲ့ လူတ ယောက်က ကျနော့်ကို ပြောပြတာက “ကျနော်တို့မှာ လက်နက်မရှိဘူး။ ကျနော်တို့ ဘုန်းတော်ကြီးတွေကို ကာကွယ်ပေးရမယ်” ဒါပေမယ့် တဖြည်းဖြည်း မှောင်လာတဲ့အခါ စစ်သားတွေဟာ ကျည်ဆံအစစ်တွေကို သုံး ပြီး ဖောက်ထွက်နိုင်ခဲ့ကြတယ်။ အဲဒီမှာ လူနှစ်ယောက် ကျဆုံးခဲ့ကြရတယ်။

ကျနော် ရောက်ရှိလာတဲ့အချိန်မှာ ဆူးလေစေတီတော်အနီးမှာ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးဟာ စုစည်းနေကြပါ ပြီ။ စစ်အစိုးရရဲ့ဖမ်းဆီးမှုတွေကြောင့် သံဃာအနည်းငယ်ခန့်သာ ပါဝင်နိုင်သာကို တွေ့ရပါတယ်။ စစ်ထရပ် ကား အများအပြား ဆူးလေလမ်းဆုံကို ရောက်လာကြပါတယ်။ ထရပ်ကားတွေထဲမှာ စစ်သားတွေဟာ သူတို့ ရဲ့သေနတ်တွေကို ဆူညံနေအောင် ထုနေကြပါတယ်။ မျက်ရည်ဗုံးတွေခွဲပြီး စက္ကန့်ပိုင်းမှာပဲ ကျနော်တို့ဟာ သေပြေးရှင်ပြေး ပြေးကြရပါတော့တယ်။ လမ်းပေါ်မှာ ခေါင်းတွေငုံ့ပြီး ကျနော်တို့ ပြေးနေတဲ့အချိန်မှာ ကျနော် တို့ရဲ့ နောက်ဘက်မှာ သေနတ်သံတွေ ညံနေပါတယ်။ ကျနော် ရပ်နေတဲ့ မလှမ်းမကမ်းမှာ ဂျပန်ဓာတ်ပုံသ တင်းထောက်ရဲ့ အလောင်းရှိနေပါတယ်။ သူဟာ အနီးကပ် သေနတ်နဲ့ ပစ်ခံရတာပါ။


လုံထိန်းတွေဟာ ဆူးလေဘုရားကနေ မြောက်ဘက်ကို ချီတက်လာနေကြပါတယ်။ သူတို့ဟာ ဒိုင်းတွေကို နံ ပါတ်တုတ်တွေနဲ့ တဗြောင်းဗြောင်း ရိုက်နေကြပါတယ်။ ပိုပြီး ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းကတော့ လုံ ထိန်းတွေရဲ့နောက်မှာ ရာနဲ့ချီတဲ့ စစ်သားတွေဟာ စနစ်တစ်ကျ ချီတက်လာကြပုံပါ။ သူတို့ရဲ့ကြားမှာရှိတဲ့ ထ ရပ်ကားပေါ်ကနေ လမ်းပေါ်ကလူတွေ အမြန်ဆုံးထွက်သွားကြဖို့ အော်ဟစ်နေပါတယ်။ အံ့သြစရာ မြင်ကွင်း ကတော့ လူတွေဟာ ဆက်လက်အော်ဟစ် ဆန္ဒပြနေကြဆဲပါ။

စက်တင်ဘာလ ၂၈-ရက် (သောကြာနေ့)


အစိုးရပိုင် မီဒီယာကနေ သူတို့ဟာ သူတို့ ရေးသားထားတဲ့ သတင်းတွေကို ဖော်ပြထားတာကို တွေ့ရပါတယ်။ ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်သားတွေကို ခဲတွေနဲ့ပေါက်တဲ့အပြင် လေးခွတွေ ဓားတွေနဲ့လည်း တိုက်ခိုက် ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ လုံခြုံရေးတပ်သားတွေဟာ သတိပေး ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဆန္ဒပြသူ တွေဟာ လစ်လျူရှုခဲ့ကြတယ်လို့ ဆိုပါတယ်။ အစိုးရသတင်းဌာနတွေရဲ့အဆိုအရ လူ ၁၀ ဦး သေဆုံးခဲ့တယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ၀န်ထမ်းတွေရဲ့အဆိုအရ လူ ၄၀ ခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သံတမန်တဦးရဲ့အဆိုအရ သေဆုံးသူဦးရေဟာ ရာနဲ့ချီပြီး ရှိမယ်လို့ ဆိုပါတယ်။


အကြမ်းဖက်နှိမ်နှင်းမှုဟာ အလုပ်ဖြစ်ပုံရပါတယ်။ ပြောက်ကျားဆန္ဒပြတာတွေ ကြားရပေမယ့် ချီတက်တာ တွေ မတွေ့ရတော့ပါဘူး။ အဓိက စုဝေးရာနေရာတွေဖြစ်တဲ့ ရွှေတိဂုံစေတီတော်နဲ့ ဆူးလေစေတီတို့ကို လုံခြုံ ရေး ထူထူထပ်ထပ် ချထားပြီး ပိတ်ဆို့ထားလိုက်ပါတယ်။ နေရာအနှံအပြားမှာတော့ လုံခြုံရေးအဖွဲ့ဝင်တွေဟာ လူတွေကို ရိုက်နှက်ဖမ်းဆီးတာတွေ ကြားနေရပါတယ်။


ကျနော် ရန်ကုန်ကနေ ဘန်ကောက်ကို ပြန်လည်ထွက်ခွာလာတဲ့အခါ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ပုံရိပ်တွေ ဟာ ကျနော့်အတွေးထဲကနေ တဖြေးဖြေး မှေးမှိန်လာပါပြီ။ နေရောင်နဲ့အတူ ဖြစ်ထွန်းနေတဲ့ သန့်တန့်ဟာ လည်း စိတ်ဓာတ်တက်ကြွမှုကို မပေးနိုင်တော့ပါဘူး။ အစိုးရပိုင် မီဒီယာတွေမှာတော့ အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ရရှိပြီဖြစ်ကြောင်းနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ခရီးသွားလာရေးတို့ ပုံ မှန်အတိုင်း ပြန်ဖြစ်နေပြီဖြစ်ကြောင်းတို့ကို ရေးသားဖော်ပြနေပါတယ်။


ကျနော့်ရဲ့အသိစိတ်မှာတော့ စစ်အစိုးရရဲ့အောင်မြင်မှုဟာ စစ်ရေးသက်သက် အောင်မြင်မှုအဖြစ် သက်သေ ပြလာမှာပါ။ စစ်အစိုးရရဲ့ လူမဆန်တဲ့ ဖြိုခွင်းမှုဟာ စစ်ဗိုလ်ချုပ်တွေနဲ့ သံဃာတော်တွေအကြား အက်ကြောင်း ထင်စေခဲ့ပါတယ်။ စစ်အစိုးရဟာ နှစ်ပေါင်းများ ဘုရားတွေတည် ကျောင်းတွေဆောက်ပြီး ပြည်သူတွေ၊ သံ ဃာတွေကို ဘုရားဒကာအဖြစ်မြင်အောင် ကြိုးစားခဲ့ကြပါတယ်။ အခုတော့ သူတို့ကို အဲဒီလို မြင်ဖို့ဆိုတာ အ တော်ခက်ပါလိမ့်မယ်။ စစ်တပ်အတွင်းမှာလည်း အကွဲအပြဲတွေ ဖြစ်လာနိုင်ပါတယ်။ စစ်တပ်အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတဦးရဲ့သုံးသပ်ချက်ကတော့ “စစ်သားတွေဟာ လူတွေပါပဲ” တဲ့၊ ဟုတ်ပါတယ် စစ်သားတွေမှာလည်း မိသားစုအသိုင်းအ၀ိုင်းတွေ ရှိကြပါတယ်။ သူတို့မိသားစုထဲမှာလည်း ဘုန်းကြီးဖြစ်နေသူတွေ ရှိကြပါတယ်။ ဟုတ်ပါတယ် ကျနော်ကြားပြီးသား သတင်းတပုဒ်ဖြစ်တဲ့ ဘုန်းကြီးကို ရိုက်နေတဲ့ စစ်သားကို မင်းဟာ သေရင် ငရဲပြည်ကို ရောက်ပါစေလို့ ကျိန်တဲ့အခါ အဲဒီစစ်သားဟာ မျက်ရည်တွေ ကျလာတယ်ဆိုတဲ့ သတင်းမျိုးဟာ အဲဒီအချက်ကို သက်သေပြနေတာပါ။


စစ်တပ်တွင်းရဲ့ပြဿနာဟာ တသက်လုံးပဲ ရှုံ့ချပြောဆိုခံနေရမယ့် အရေးတခုတည်း မဟုတ်ပါဘူး။ စစ်သား စုဆောင်းမရရှိမှုနဲ့ စစ်တပ်အတွင်းမှ ထွက်ပြေးနေမှုတွေကလည်း ထိုးနှက်ချက်တခုပါပဲ။ စစ်သားအရာရှိတွေ တောင်မှ ငွေကြေးကျပ်တည်းမှုကို ခံစားနေရတာပါ။ ကျနော်တွေခဲ့ရတဲ့ စစ်သားတချို့ဆိုရင် သံချေးတက်နေ တဲ့ သေနတ်တွေ ကိုင်ထားကြပါတယ်။ ဂျပန်ဓာတ်ပုံဆရာကို ပစ်သတ်လိုက်တဲ့ စစ်သားဆိုရင် ညှပ်ဖိနပ်ကို စီးထားတာပါ။


ဒီအရေးအခင်းကို ဖြစ်စေခဲ့တဲ့ စီးပွားရေးကျပ်တည်းမှုကြီးကို မဖြေရှင်းနိုင်သေးပါဘူး။ မြန်မာပြည်ဟာ လူ့အ ခွင့်အရေးချိုးဖောက်မှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ တစပြင် ဖြစ်လို့နေပါပြီ။ အာရှတိုက်တခုလုံးမှာ ငှက် ဖျားကြောင့် သေဆုံးရတဲ့ အရေအတွက်ရဲ့ တ၀က်လောက်ဟာ မြန်မာပြည်ကပါ။ အသက် ၅ နှစ်အောက် ခ လေးငယ်တွေရဲ့ သုံးပုံတပုံဟာ အဟာရချို့တဲ့မှုကို ခံစားနေရပါတယ်။ မြန်မာပြည်သူလူထုအများစုရဲ့ တနေ့ ၀င်ငွေဟာ တဒေါ်လာအောက်မှာပဲ ရှိပါတယ်။ မြန်မာပြည်သူလူထုတွေဟာ ခေါင်းငုံ့အညံခံတဲ့စိတ်ကို အောင် အောင်မြင်မြင် မွေးမြူထားပုံရတယ်လို့ ကျနော့်ကို အမေရိကန်သံရုံးက Shari Villarosa က ပြောပြပါတယ်။ ဒါပေမယ့် သူတို့ဟာ အသက်ရှင်ရပ်တည်နိုင်ဖို့၊ သူတို့မိသားစုတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး တွေအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲပါ။ အဲဒါကြောင့် နောက်တကြိမ် ပေါက်ကွဲမှု မလွဲမသွေ ဖြစ်လာဦး မှာပါလို့ ဆက်ပြီးပြောပြပါတယ်။

အဲဒီလို ထပ်ဖြစ်ခဲ့ရင် ကမ္ဘာကြီးဟာ မြန်မာပြည်အတွက် ဘာလုပ်ပေးနိုင်မလဲ။ အခုအချိန်မှာ အစဉ်အလာမ ဟုတ်တဲ့ နိုင်ငံတကာရဲ့ဖိအားပေးမှုတွေ ရှိနေတာတောင်မှ အထီးကျန်ဖြစ်နေတဲ့ နိုင်ငံခြားမုန်းတီးရေးဝါဒကို ဆုပ်ကိုင်ထားတဲ့ မြန်မာပြည်အပေါ် သက်ရောက်မှုတွေဟာ မေးခွန်းထုတ်စရာပါပဲ။ ကျနော် ရှိနေတဲ့ အချိန် အတွင်းမှာပဲ မစ္စတာဂမ်ဘာရီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ ကြိမ်၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ ၁ ကြိမ် တွေ့ ဆုံဆွေးနွေးခွင့် ရခဲ့တာတောင်မှ သူတို့အကြားဆွေးနွေးပွဲတွေ မြန်မြန်ဖြစ်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ထို့အတူပဲ တရုတ်ဟာ သူတို့ရဲ့ မြန်မာပြည်အပေါ် သြဇာလွှမ်းမိုးမှုတွေကို အသုံးချမယ့်ဆိုတာဟာလို ချဲ့ကား ပြောဆိုမှုတွေ ဖြစ်နိုင်ပါတယ်။ တရုတ်ပြည်ရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် Wang Guangya က အခုဖြစ်နေ တာတွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသက်သက်သာ ဖြစ်တယ်လို့ ပြောသွားတာကို ထောက်ရှုသင့်ပါ တယ်။

မြန်မာပြည်သူတွေဟာ ဒူးထောက်အရှုံးပေးလိမ့်မယ် မဟုတ်ပါဘူး။ ကျနော် မြန်မာနိုင်ငံက မထွက်ခွာခင်မှာ နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်နဲ့ စကားပြောခွင့်ရခဲ့တယ်။ သူက ကျောင်းသားငယ်လေးတွေ ဒီအ ရေးအခင်းမှာ ပါဝင်ခဲ့သာကို အားရ၀မ်းသာဖြစ်မိကြောင်း ပြောပြပါတယ်။ တချို့ ကျောင်းသားငယ်လေးတွေ ဆိုရင် ၈၈ အရေးအခင်းတုန်းကလိုပဲ ခွပ်ဒေါင်းအလံတွေကိုင်ပြီး ရှေ့ဆုံးကနေ ချီတက်ခဲ့တယ်။ မျိုးဆက်သစ် တွေကို လက်ဆင့်ကမ်းပေးနိုင်ခဲ့တယ်ဆိုတာ ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။ ၂၀၀၇ မျိုးဆက် သံဃာနဲ့ ပြည်သူ့လှုပ်ရှားမှုကြီးဟာ မလွဲမသွေ ဖြစ်ပေါ်လာမှာပါလို့ သူက ဆက်ပြီးပြောပြပါတယ်။

ဘာသာပြန် - မီးပြတိုက်

No comments: