Saturday, October 27, 2007

ကုစရာနတ္ထိ ဆေးမရှိတဲ့ နအဖလက်အောက်က ဆေးရုံတွေ
ဒေါက်တာလွဏ်းဆွေ
ဆေးရုံတွေကို နအဖကျန်းမာရေးဝန်ကြီး လှည့်လည် နှမ်းဖြူးနေစဉ်

ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါက အေအိုင်ဒီအက်စ်ရောဂါဆိုရင် ကုစရာနတ္ထိ ဆေးမရှိတဲ့ ဆေးရုံတွေကတော့ နအဖ အာဏာရူးတစု မင်းမူနေတဲ့ မြန်မာပြည်က ဆေးရုံတွေပဲ ဖြစ်တယ်။ ဒီကနေ့ မြန်မာပြည်မှာ ဝေဒနာ ခံစားနေရတဲ့ လူနာတွေ အစိုးရ ဆေးရုံတွေကို လာတက်ကြတယ်ဆိုတာ ရပ်ကွက်ထဲက ကျူလယာဆိုင်လေးတွေမှာ ဆေးဝယ် သောက်တာ မပျောက်လို့၊ အပြင်ဆေးဆိုင်တွေက ဆေးရောင်းတဲ့ သူတွေ စပ်ပေးတဲ့ ဆေးတွေ သောက်တာ မပျောက်လို့၊ အရပ်ထဲက ဆေးခန်းလေးတွေမှာ ကုသတာ မသက်သာလို့၊ အပြင် အထူးကုဆေးရုံတွေမှာ ငွေကြေး မြောက်မြားစွာ အကုန်အကျခံပြီး မကုနိုင်လို့ ကြံရာမရတဲ့အဆုံး အစိုးရ ဆေးရုံတွေကို လာတက်ကြတာပါ။ မင်းလုပ် အုပ်ချုပ်ချင်နေတဲ့ စစ်အာဏာရူးတွေက တိုင်းသူပြည်သားတွေအတွက် အစိုးရ ဆေးရုံတွေမှာ ဘာတွေများ အားကိုးရအောင် စီစဉ်ပေးထားမလဲဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ လာတက်တဲ့ လူတွေလည်း ရှိချင်ရှိမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နအဖ စစ်အာဏာရူးတွေက သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေမှာ ဆေးရုံ ဆေးခန်းပုံတွေကို တကယ့် အားကိုးစရာ နေရာတွေအဖြစ် မြင်လာအောင် ဟန်တခွဲသားနဲ့ လိမ်ညာပြီး အမျိုးမျိုး လွှင့်ထုတ် ပြသနေတာကိုး။ အဲဒီတော့ ရိုးတဲ့သူတွေက အဟုတ်မှတ်ပြီး လာတက်ကြတာလည်း ပါတာပေါ့။

တကယ်တော့ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်ဆိုသလို သူတို့ထုတ်လွှင့် ပြသနေတဲ့ ဆေးရုံတွေမှာ ရှိတာဆိုလို့ ဆရာဝန်ရယ်၊ လူနာရယ်၊ ကုတင်ရယ်ပဲရှိတာပါ။ အရက်ပျံနဲ့ ဂွမ်းကအစ ဆေးရုံတ၀ိုက်မှာရှိတဲ့ အပြင်ဆေးဆိုင်တွေက အကုန်ဝယ်ရတာပါ။ ဆေးရုံမှာ ကုသစရာဆေးက တကယ့်ကို နတ္ထိပါပဲ။ မြန်မာပြည်က ဆေးရုံတွေ တ၀ိုက်မှာ ပုဂ္ဂလိက ဆေးဆိုင်ကြီးတွေ ဟီးထနေအောင် ဖွင့်ထားတာကို ကြည့်ရင် အစိုးရ ဆေးရုံတွေမှာ ဆေးမရှိလို့ လာဖွင့်ထားကြတယ်ဆိုတာ သိသာထင်ရှားလွန်းနေတယ်။ ဆေးရုံတွေက ဆေးပေးနိုင်ရင် ဒီဆိုင်တွေ လာဖွင့်ထားစရာ ဘာအကြောင်းရှိမှာလဲ။ အဲဒီကိုပဲ ပြည်သူတွေရဲ့ကျန်းမာရေး အဆင့်အတန်းကို မြှင့်တင်ပေးဖို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို ဘယ်လိုဘယ်ဝါ ဆောင်ရွက်နေပါတယ်ဆိုပြီး ကျန်းမာရေးဝန်ကြီး ဆိုတဲ့သူက ကိန်းဂဏန်း အတုတွေကို နှစ်စဉ် လူရှေ့ထွက်ပြီး တော့ လိမ်ပြောသေးတယ်။ သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကိန်းဂဏန်းတွေ၊ စာရင်းဇယားတွေကို ကြည့်ရင် လူတဦးချင်းစီရဲ့ ပျှမ်းမျှသက်တမ်းကို တွက်ချက်တာက အစ ရောဂါဖြစ်ပွားမှုနှုန်း အလယ် ဖွားသေစာရင်း အဆုံး အားလုံးဟာ လိမ်စဉ်တွေချည်းပဲ ဆိုတာတွေ့ရတယ်။

လူနာတယောက် ဆေးရုံလာတက်ပြီ ဆိုရင်လည်း ဆေးရုံထဲကို ၀င်တာနဲ့ အပေါက်စောင့်ကို စပြီး လာဘ် ထိုးရတယ်။ ပြီးရင် ဆေးရုံထဲကို ပို့ပေးမယ့် အလုပ်သမားကို လာဘ်ထိုးရတယ်။ အဲဒါမှ ပြင်ပလူနာ ကြည့်တဲ့ဌာန ကို ရောက်ပါမယ်။ ပြင်ပလူနာဌာနက တာဝန်ကျဆရာဝန်က စမ်းသပ်စစ်ဆေးပြီးတဲ့အခါ သက်ဆိုင်ရာလူနာ ဆောင်ကို ပို့ပေးမယ့် တွန်းလှည်းတွန်းတဲ့ အလုပ်သမားကို လာဘ်ပေးရပါတယ်။ အဲဒီလို ဖြတ်သန်းပြီးမှ ကုသပေးမယ့် အဆောင်ပေါ်ကို ရောက်ပါမယ်။ အဆောင်ပေါ် ရောက်တဲ့အခါ ကုတင်မှာ ခေါင်းအုံးတွေ အိပ်ယာခင်တွေ လာခင်းပေးတဲ့ အလုပ်သမားကို ကောင်းကောင်းမွန်မွန်ု သန့်သန့်ရှင်းရှင်း လုပ်ဆောင်ပေးအောင် လာဘ်ပေးရတယ်။ အဲဒီလို ပြင်ဆင်ပြီး လူနာမှတ်တမ်း သွင်းပြီးရင် တာဝန်ကျ လက်ထောက်ဆရာဝန်က လာကြည့်ပါတယ်။

၁၉၉၅ခုနှစ်မှာ ကျနော် အလုပ်သင် ဆရာဝန်ဘ၀နဲ့ မြောက်ဥက္ကလာပ ဆေးရုံမှာတာဝန်ကျတုန်းက အ ဖြစ်အပျက်လေး တခုကို အမှတ်ရ နေပါသေးတယ်။ လူနာ အမျိုးသမီးဟာ တော့်တော့်ကို ဆင်းရဲတဲ့ သူမှန်း နွမ်းဖတ်နေတဲ့ သူမရဲ့ ပုံပန်းသဏ္ဍာန်ကို ကြည့်တာနဲ့ သိသာတယ်။ ဘေးက အစောင့်အဖြစ် ပါလာတဲ့ သူမရဲ့ အမျိုးသားဆိုရင်လည်း ထိုနည်း၎င်းပါပဲ။ မထင်ကောင်း ထင်ကောင်း သူတောင်းစား လင်မယားလို့တောင် ထင်မိနိုင်စရာ အနေအထားမျိုးပါ။ ဗိုက်အောင့်တဲ့ ဝေဒနာကို မခံမရပ်နိုင်တော့လို့သာ ဆေးရုံကို လာတက်တာ၊ လူနာအတွက် ပစ္စည်း ပစ္စယတွေလည်း ဘာတခုမှ ပါမလာဘူး။ အလုပ်အကိုင်ကို မေးကြည့်တော့ လင်မယား နှစ်ယောက်စလုံး ပန်းရံလုပ်တယ်လို့ သိရတယ်။ အလုပ်လုပ်နေရင်း ဗိုက်တအား အောင့်လာလို့ ဆိုက်ထဲကနေ နီးရာဆေးရုံကို ကမန်းကတန်း ပြေးလာတာပါလို့ ပြောပြတယ်။

ကျနော့်အထက်က လက်ထောက်ဆရာဝန် အမျိုးသမီးက စမ်းသပ်ကြည့်ပြီး လိုအပ်တဲ့ ဆေးတွေ ၀ယ်ခိုင်းဖို့ တာဝန်ကျ သူနာပြုဆရာမကို ပြောပြီး ကျနော်နဲ့အတူ ရုံးခန်းထဲ ပြန်လာခဲ့တယ်။ ခဏအကြာမှာ သူနာပြု ဆရာမက ရုံးခန်းထဲကို ဒေါနဲ့မောနဲ့ ပြန်ဝင်လာပြီး ကျနော်တို့ နှစ်ယောက်ကို ပြောပြတယ်။

“ဆရာမတို့ လူနာက ဆေးရုံလာတက်တာ ဘာပစ္စည်းမှလည်း ပါမလာဘူး၊ ဆေးဝယ်ဖို့တောင် ပိုက်ဆံပါ မလာဘူးတဲ့၊ ဘယ်လို လုပ်မလဲ၊ ကျမလည်း စိတ်တိုတိုနဲ့ ပြောလိုက်တယ်၊ ဆေးရုံဆိုတာ ဆရာဝန်ရယ် သူနာပြုရယ် ကုတင်ရယ်ပဲ ရှိတာ၊ ကျမတို့လည်း အိတ်စိုက် ကုပေးရတာ များလွန်းလို့ မတတ်နိုင်တော့ဘူးလို့ ပြောလိုက်တယ်”

လက်ထောက် ဆရာဝန်မက နေပါဦးဆရာမရယ် ကျမတို့ သွားမေးကြည့် ပါဦးမယ်လို့ ပြောပြီး ကျနော်တို့ ဆရာဝန်နှစ်ယောက် လူနာဆောင်ထဲကို ပြန်သွားပြီး အကျိုးအကြောင်းကို မေးကြည့်တယ်။
အဲဒီမှာ လူနာစောင့် အမျိုးသားက မျက်ရည်လည်ရွဲနဲ့ ပြောပြတယ်။

“ဆရာမရယ်၊ ကျနော့်မိန်းမက အလုပ်လုပ်နေရင်း ရုတ်တရက် ဗိုက်အောင့်လာပြီး မခံနိုင်တော့လို့ အလုပ်ရှင်ကို သွားပြောတော့ မပေးချင်ပေးချင်နဲ့ ကျနော်တို့ နှစ်ယောက်စာ နေတွက်ခ ငွေ ၃၀၀ ကို ထုတ်ပေးတယ်။ အဲဒီ ပိုက်ဆံလေးနဲ့ပဲ ဆေးရုံကို အမြန် ပြေးလာတာပါ၊ အလာမှာ ကားငှားလာတယ်ရယ်၊ ဆေးရုံအ၀င်မှာ ပေးရ တာတွေရယ်နဲ့ လက်ထဲမှာ ငွေအစိတ်လောက်ပဲ ကျန်တော့လို့ပါ၊ ကျနော်တို့က လက်လုပ်လက်စားတွေ ဆိုတော့ ငွေပိုငွေလျှံလည်း မရှိလို့ပါ၊ အိမ်ကလည်း ရွှေပြည်သာမှာမို့ ပစ္စည်းတွေလည်း ဘာမှ ပါမလာတာပါ၊ မပေးချင်လို့ မဟုတ်ပါဘူး”

ဆရာမက ကျနော့်ဘက် လှည့်ပြီး “ကဲ ဆရာရေ၊ ဘယ်လို လုပ်ကြမလဲ၊ လူနာ အနေအထားကလည်း အသည်းအသန်၊ Acute appendicitis ဆိုတော့ လိုအပ်ရင်အရေးပေါ်ခွဲစိတ်ဖို့တောင် O.T (ခွဲစိတ်ခန်း)ကို inform လုပ်ရမှာ၊ ဒုက္ခပါပဲ” လို့ ပြောနေရင်း လူနာက ကုတင်ပေါ်မှာ လူးလိမ့် အော်ဟစ်နေတယ်။

ဆရာမက “ကဲ ဆရာ လောလောဆယ် လိုအပ်တဲ့ ဆေးတွေ အရင်ဝယ်ဖို့ ကျမပဲ အိတ်စိုက် ထုတ်ပေးလိုက်မယ်၊ လိုအပ်လို့ O.T ၀င်ရမယ်ဆိုရင်တော့ ကြုပ်ကျက်လိ ကြတာပေါ့၊ ကဲ ကဲ ရော့ ရော့ ခုနက ပေးထားတဲ့ ဆေးစာရွက်ပြပြီး ဆေးရုံရှေ့က ဆိုင်မှာ ဆေးထွက် ၀ယ်ချေ၊ ၀ယ်ပြီးရင် ရုံးခန်းထဲကို လာပေး၊ ခုနက ဆရာမ လာထိုး ပေးလိမ့်မယ်၊ ဟုတ်ပြီလား” ဆိုပြီး ဆရာမက ငါးရာတန် တရွက် ထုတ်ပေးလိုက်တယ်။

လူနာစောင့် အမျိုးသားက ငါးရာတန်ကို လှမ်းယူပြီး ဘာမပြော ညာမပြောနဲ့ ကျနော်တို့ နှစ်ယောက်ကို ဦးကုန်းချတော့တယ်။ ပါးစပ်မှလည်း “ဆရာမတို့ရယ်၊ ကျနော့် မိန်းမ အသက်ကို ကယ်ပါ၊ ကျနော် ဆရာမတို့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး၊ ရှိလည်း ခိုးပါတယ်” ဆိုပြီး မျက်ရည်လည်ရွဲနဲ့ ပြောနေတော့တယ်။

ကျနော်က ဆရာမကို “ကျနော်လည်း တ၀က်စိုက်မယ်လေ”ဆိုတော့ ဆရာမက “ဆောင်ထား ဆရာရေ၊ စိုက်ရဦးမှာ မပူနဲ့” လို့ ပြန်ပြောတယ်။ အဲဒီလို အရပ်ကူပါ လူဝိုင်းပါနဲ့ပဲ အသည်းအသန် လူနာတယောက်ရဲ့ အသက်ကို ကယ်ခဲ့ရတယ် ဆိုပါတော့။ ဆေးရုံတွေမှာ တနေ့တနေ့ အဲဒီလို ဒုက္ခသုက္ခနဲ့ လူနာပေါင်းကလည်း အ မြောက်အမြား ဆိုတော့ သူနာပြုဆရာမ စိတ်တိုတာကိုလည်း အပြစ်လို့ မဆိုသာပြန်ဘူး။ နေ့တဓူဝ အိတ်စိုက် ကု ပေးနေရတာတွေ များတော့ စိတ်ရှုပ်ပြီး ပြောမိတယ်လို့ပဲ ဖြေသိမ့်လိုက်တော့တယ်။ နောက်ပိုင်း နှစ်တွေမှာတော့ စရိတ်မျှပေး ကျန်းမာရေး ဆိုပြီးတော့ ဆေးရုံတွေမှာ ဆိုင်းဘုတ်တွေ တင်လာတာကို တွေ့ရတယ်။ အဲဒါကလည်း တ၀က်ကို အစိုးရစရိတ်နဲ့ ကျခံတာ မဟုတ်ဘဲ အလှူငွေ ကောက်ခံရရှိတဲ့ ငွေကတ၀က် လူနာကို တ၀က်ကျခံခိုင်းပြီး ကုသပေးနေတာပါ။

အချုပ်အားဖြင့် ပြောရရင်တော့ နအဖ အာဏာရူးတွေ အနေနဲ့ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတယ်လို့ အသံကောင်းဟစ်ပြီး လိမ်ညာ ၀ါဒဖြန့်နေတယ် ဆိုတာကို ဆေးရုံမှ တာဝန် ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ၀န်းထမ်းတွေနဲ့ တက်ရောက်ကုသတဲ့ လူနာတွေ အသိဆုံးပါပဲ။ အသုံး မကျတဲ့ အစိုးရနဲ့ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲမွဲတေတဲ့ လူနာတွေကြားမှာ စိတ်ဆင်းရဲမှု အဖြစ်ရဆုံး
လူတွေကတော့ တာဝန်ကျ ဆေးရုံဝန်ထမ်းတွေပဲ ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လူနာတွေက ဆင်းရဲ၊ ဆေးရုံတွေမှာက ကုစရာနတ္ထိ ဆေးမရှိလို့ ဆရာဝန် ဆရာမတွေခမျာ ဘာမှ မတတ်နိုင်ဘဲ လက်ပိုက် ကြည့်နေရတဲ့ အဖြစ်တွေက နအဖ လက်ထက်မှာ တနေ့တခြား များပြားလာလို့ပါပဲ။ ဒီလို အဖြစ်ဆိုးတွေကနေ လွတ်မြောက်အောင် လုပ်ဆောင်ဖို့ရာမှာ လက်ရှိ တိုင်းပြည်ရဲ့အင်အားနဲ့ချည်း မလုပ်ဆောင်နိုင်ဘဲ နိုင်ငံတကာက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အများကြီးရမှာ ဖြစ်မှာပါ။ ရရှိတဲ့ အကူအညီတွေ ပြည်သူလူထုဆီ အပြည့်အ၀ ရောက်ရှိဖို့ ဆိုတာကတော့ လက်ရှိ တိုင်းပြည်ကို ဖျက်ဆီး အုပ်ချုပ်နေတဲ့ စစ်အာဏာရူးတစု မရှိမှဖြစ်မှာပါ။ နို့မဟုတ်ရင် ရသမျှ အကူအညီတွေကို သူတို့အိတ်ကပ်တွေထဲ ထည့်ရင်ထည့်၊ မထည့်ရင်လည်း သူတို့ အာဏာတည်မြဲဖို့နဲ့ တိုင်းသူပြည်သားကို ဖိနှိပ်အုပ်ချုပ်ဖို့ လက်နက်ဝယ်ရာမှာပဲ အသုံးချပစ်မှာမို့ပါ။ အဲဒီတော့ ပြည်သူလူထုရဲ့လူမှုဘ၀ ဒုက္ခအထွေထွေကို ကယ်တင်နိုင်ဖို့အတွက် စစ်အာဏာရူးတွေကို ၀ိုင်းဝန်းချေမှုန်းပြီး ပြည့်သူအစိုးရ ပေါ်ထွန်းလာအောင် အမြန်ဆုံး ပူးပေါင်း လုပ်ဆောင်ကြပါစို့လို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။

(၂၀၀၅ခုနှစ် ဒီဇင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ် ဂျာနယ်တွင် ဖော်ပြပြီး ဖြစ်ပါသည်)

No comments: