ဒေါက်တာလွဏ်းဆွေ
နအဖစစ်အာဏာရူးတစု အုပ်ချုပ်နေတဲ့ ဒီကနေ့ မြန်မာပြည်ရဲ့ အနေအထားကို အမြင်သာဆုံး ဥပမာနဲ့ ပြောရရင် ရောဂါဘယတွေ တကိုယ်လုံး လှိုက်စားနေတဲ့ ပြည့်တန်ဆာမ တယောက် အပေါစား မိတ်ကပ်တွေ လိမ်းခြယ် ထားပုံမျိုးလို့ ပြောရမှာပဲ။ နအဖရဲ့ လက်ကိုင်တုတ် ကြံ့ဖွံ့အဖွဲ့ဝင်တွေလို ခပ်တိမ်တိမ် ခပ်အူအူ လူပြိန်းအတွေး နဲ့ အပေါ်ယံလောက်ပဲ ကြည့်တတ်မြင်တတ်မယ် ဆိုရင်တော့ လမ်းတွေဖောက်၊ တံတားတွေ ဆည်မြောင်းတွေဆောက်၊ ဆေးတွေသုတ်၊ ပန်းခြံတွေပြင်၊ ဘုရားတွေ တည်နေတဲ့ နအဖစစ် အာဏာရူးတွေရဲ့ အဆင်ခြင်မဲ့ လုပ် ရပ်တွေကို ကြည့်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက် ပေးနေတာပါလားလို့ မှားယွင်း ထင်မြင်မိနိုင်ပါတယ်။ ပိတ်နေတဲ့ မျက်ချေးတွေကို သေချာပွတ်ပြီး မကြည့်ဘဲ ပြည့်တန်ဆာကို မိတ်ကပ်လိမ်း အလှပြင်ထားတဲ့ မိန်းမချောလေးလို့ ထင်မှတ်ပြီး မှားယွင်း ငေးမောမိသလိုမျိုးပေါ့။
တကယ်တော့ နအဖစစ်အာဏာရူးတစု တိုင်းပြည်ကို အုပ်ချုပ်နေပုံက ကောင်းရောင်းကောင်းဝယ်နဲ့ စီး ပွားမရှာ တတ်ဘဲ ဘိုးဘွားလက်ထက်က ကံကောင်းထောက်မလို့ ကျန်ခဲ့တဲ့ အမွေပစ္စည်းတွေကို တခုပြီးတခု အောက်ဈေး နဲ့ ထုတ်ရောင်းစားနေတဲ့ အရက်သမား လူရမ်းကားတယောက် အိမ်ထောင်တခုကို ဦးစီးနေသလိုမျိုးပါပဲ။ သူအ ရက်သောက်ဖို့ တခုတည်းကိုကြည့်ပြီး အိမ်မှာရှိတဲ့ ဇနီးနဲ့သားသမီးတွေကို ရိုက်ပုတ်ညှင်းဆဲမယ်၊ နှိပ်စက်ရမ်း ကားမယ်၊ ဘေးပတ်ဝန်းကျင်ကို ပြဿနာရှာမယ်။ အသုံးမကျတဲ့ သူ့ရဲ့အရည်အချင်းတွေကို ဖုံးကွယ်တဲ့ အနေနဲ့ အများအမြင်မှာ အထင်ကြီးစရာ ဖြစ်လေမလားထင်ပြီး အိမ်နဲ့ ခြံစည်းရိုးတွေကို လူမြင်ကောင်းအောင် ဆေးသုတ် ပြမယ်။ အမွေပစ္စည်းတွေ ရောင်းစားလို့ကုန်တော့ ငွေရလွယ်တဲ့ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်ဖောက်ကားမယ်၊ ဖဲဝိုင်း ဂျင်ဝိုင်းထောင်ပြီး အကောက်ကောက်မယ်၊ ပြည့်တန်ဆာခေါင်းလုပ်မယ် … စတဲ့ မကောင်းမှု ဒုစရိုက်တွေ ကို လုပ်ကိုင်ပြီး အသက်ဆက်ဖို့ကြိုးစားတဲ့ အရက်သမားရဲ့ ဥာဏ်နီဥာဏ်နက်မျိုးနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတာ ပါပဲ။
နအဖစစ်အုပ်စု အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ခုနှစ် စက်တင်ဘာလ (၁၈)ရက်နောက်ပိုင်းကစပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုဈေးကွက်ဟာ ပြည်တွင်းမှာ သိသိသာသာကြီး မားလာခဲ့တယ်။ မူးယစ်ဆေးသုံးစွဲသူ တွေအနေနဲ့ ၀ယ်ယူရတာ အရင်ကထက် ပိုမိုလွယ်ကူလာခဲ့တယ်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းတွေ၊ အ ထက်တန်းကျောင်းတွေ တ၀ိုက်မှာ မူးယစ်ဆေးရောင်းဝယ် ဖောက်ကားမှုတွေကို ပေါ်ပေါ်ထင်ထင် တွေ့လာရ တယ်။ တက္ကသိုလ် ကျောင်းသားတွေနေတဲ့ အစိုးရအဆောင်တွေ၊ အပြင်ဘော်ဒါဆောင် တွေမှာဆိုရင် မူးယစ် ဆေးဝါးရောင်းဝယ် ဖောက်ကားသူတွေ ခြေချင်းလိမ်နေတာကို ကြိမ်ဖန်များစွာ တွေ့ခဲ့ရဖူးတယ်။ နယ်မြေ ထောက်လှမ်းရေးတွေ၊ ရဲတွေကို ဆက်ကြေးပေးပြီး ကျောင်းသားတွေကို အကြွေးစနစ်နဲ့ ဘိန်းဖြူဖြန့်ချိတဲ့သူတွေ ကျောင်းဆောင်တွေတ၀ိုက်မှာ တနေ့တခြား များပြားလာခဲ့တယ်။ မူးယစ်ဆေးစွဲပြီး အသက်ဆုံးရတဲ့ ကျောင်းသား တွေ၊ ကိုယ်ကျင့်တရား ပျက်ပြားတဲ့ကျောင်းသားတွေ၊ ဘ၀ပျက်ပြီး ပညာရေး ဆုံးခန်းမတိုင်ဘဲ ကျောင်းထွက်သွား ရတဲ့ ကျောင်းသားတွေ န၀တခေတ်မှာ အထူးများပြားလာခဲ့တယ်။
ကျနော်တို့က မဆလခေတ်နဲ့ န၀တခေတ် နှစ်ခုကိုခွပြီး တက္ကသိုလ်တက်ခဲ့ရတဲ့ သူတွေဆိုတော့ မဆလခေတ် ထက် န၀တခေတ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူ ကျောင်းသားဦးရေ ပိုမိုများပြားလာတာ၊ ရောင်းဝယ်ဖောက်ကားမှု ပိုမိုတွင်ကျယ်လာတာ၊ ၀ယ်ယူရတာ ပိုမိုလွယ်ကူလာတာတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။ အဲဒီ အ ကြောင်းအရင်းတွေရဲ့ ဇာစ်မြစ်ကို သေသေချာချာ လေ့လာစုံစမ်းကြည့်တဲ့အခါကျမှ အရပ်ဖက် ကျောင်းသားတွေ အပေါ် န၀တ စစ်ထောက်လှမ်းရေးတွေက နိုင်ငံရေးအငြိုးအတေးနဲ့ စနစ်တကျ အကွက်ချ ဖျက်ဆီးထားတာကို ရင်နာဖွယ် သိခဲ့ရပါတယ်။ ဒါကလည်း ကျောင်းဆောင်တွေကို အကြွေးစနစ်နဲ့ ဘိန်းဖြူလာဖြန့်နေတဲ့ သူတွေကို အချိုသပ်ပြီး မေးကြည့်တော့မှ သိခဲ့ရတာပါ။ ရှစ်လေးလုံး အရေးတော်ပုံကို အရပ်ဖက် ကျောင်းသားတွေက စ တင်ဦးဆောင်ခဲ့တဲ့အပေါ် ရန်ငြိုးထားပြီး ကျောင်းသားတွေကို နိုင်ငံရေးဖက် စိတ်ဝင်စားမှု လျော့နည်းသွားအောင် န၀တက ပက်စက်တဲ့အကြံအစည်နဲ့ လုပ်ဆောင်ခဲ့တာကို သိခဲ့ရတယ်။ ကျနော်နေခဲ့တဲ့ ဆေးတက္ကသိုလ်(၂) ဥက္က လာအမျိုးသားကျောင်းဆောင်ကို မူးယစ်ဆေးဝါး (ဘိန်းဖြူ၊ ဆေးခြောက်၊ ဖင်စီဒိုင်း၊ အက်ဖတမင်း) လာရောက် ဖြန့်ချိသူတချို့ကို မေးကြည့်တဲ့အခါ စစ်ထောက်လှမ်းရေးတွေကို ဆက်ကြေးပေးပြီး သူတို့ရဲ့ခွင့်ပြုချက်နဲ့ လာ ရောက်ဖြန့်ချိတာ ဖြစ်တဲ့အတွက် သူတို့ကို ဖမ်းဆီးမှာကို စိုးရိမ်စရာ လုံးဝမရှိကြောင်း ပြောပြပါတယ်။ အခုဆိုရင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဟာ အထက်တန်းကျောင်းတွေ အထိအောင် ထိုးဖောက်ပျံ့နှံ့နေပြီဖြစ် ကြောင်း ကြောက်မက်ဖွယ် သိရှိရပါတယ်။ မြို့နယ်အသီးသီးက ရပ်ကွက်တွေထဲမှာလည်း မူယစ်ဆေးဝါးသုံးစွဲလို ရင် ၀ယ်ယူရတာ အင်မတန် လွယ်ကူကြောင်း၊ အိမ်တိုင်ရာရောက်ပင် လိုက်လံပို့ဆောင်ပေးနေကြောင်း သိရပါ တယ်။
မူးယစ်ဆေးဝါးအပြင် အရက်သေစာ ရောင်းဝယ်ဖောက်ကားမှုများလည်း မဆလခေတ်ကထက် အဆမတန် များ ပြားလာတာကို သိသာထင်ရှားစွာ တွေ့မြင်ရပါတယ်။ မြို့ကြီးတွေကနေ ကျေးလက်တောရွာတွေအထိ အရက် ဆိုင်၊ စည်ဘီယာဆိုင်တွေ မှိုလိုပေါက်နေတယ်။ အရက်ဆိုင်၊ စည်ဘီယာဆိုင်ဖွင့်ခွင့် လိုင်စင်အသစ်တွေကို ထောက်လှမ်းရေးကချပေးပြီး ဖွင့်ခွင့်ရသူများဟာ အစိုးရသတင်းပေး အဖြစ်လည်း တဖက်တလမ်းက လုပ်ဆောင် ပေးရတယ်လို့ သိရပါတယ်။ များသောအားဖြင့် ကြံ့ဖွံ့အဖွဲ့ဝင်တွေ၊ စစ်ပြန်စစ်မှုထမ်းဟောင်းတွေနဲ့ နအဖနပေါင်း စားနေတဲ့ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေပဲ အရက်ဆိုင်၊ ဘီယာဆိုင်ဖွင့်ခွင့် လိုင်စင်အသစ်တွေ ရကြတာများ တယ်။ အဓိကအနေနဲ့ သူတို့ဆိုင်တွေမှာ လာထိုင်တတ်တဲ့ စစ်စိုးရဆန့်ကျင်ရေး ဒီမိုကရေစီအင်အားစုတွေရဲ့ လှုပ် ရှားမှု သတင်းတွေကို ထောက်လှမ်းရေးတွေဆီ ပို့ပေးရတယ်လို့ သိရပါတယ်။ ထင်ရှားတဲ့ ဖြစ်ရပ်တခုကတော့ အ မျိုးသားစာပေဆုရ စာရေးဆရာ ဆောင်းဝင်းလတ်ဟာ ရန်ကုန်တဖက်ကမ်းရှိ ဒလသင်္ဘောဆိပ်က ဆိုင်တဆိုင်မှာ ထိုင်ပြီး တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ကြည့်ကာ ပုံတူရေးဆွဲနေတာကို ဆိုင်ရှင်ကတွေ့သွားပြီး ရေတပ်ထောက်လှမ်းရေးတွေဆီ ဖုန်းဆက်အကြောင်း ကြားလိုက်လို့ ချက်ချင်းလာဖမ်းသွားပြီး အစစ်အဆေး အမေးအမြန်းမရှိဘဲ ၁၉၉၇ခုနှစ်မှာ ထောင်ဒဏ်တနှစ် ကျခံ ခဲ့ရဖူးပါတယ်။ အစိုးရသတင်းပေး အရက်ဆိုင်၊ ဘီယာဆိုင်ပိုင်ရှင်တွေရဲ့ ချောက်ချမှုကြောင့် ထောက်လှမ်းရေး တွေက လာရောက်ဖမ်းဆီးပြီး ပြစ်မှုထင်ထင်ရှားရှားမရှိဘဲ ထောင်ထဲရောက်သွားခဲ့ရတဲ့ အရပ်သားတွေ ဒုနဲ့ဒေး ပါပဲ။ စစ်ထောက်လှမ်းရေးတွေ ပြုတ်ကျသွားတဲ့အခါကျမှ အဲဒီလူတွေကို အပြစ်မရှိဘဲ ဖမ်းဆီးထားခဲ့တယ်ဆိုပြီး လက်ကျန် စစ်ခေါင်းဆောင်တွေက ပြန်လွှတ်ပေးခဲ့ပြန်ပါတယ်။ ဒီဖြစ်ရပ်တွေကို ကြည့်ရင် စစ်အာဏာရူးတွေအ နေနဲ့ သူတို့စိတ်ထဲ မထင်ရင်မထင်သလို ဥပဒေမဲ့ လုပ်ဆောင်ရမ်းကား နေတယ်ဆိုတာကို အထင်အရှား တွေ့ရ ပါတယ်။
နိုင်ငံတကာမှာ အသက်(၁၈)နှစ်အောက် ကလေးများကို ဆေးလိပ်နဲ့ အရက်သေစာများ မရောင်းချဖို့ တင်းတင်း ကျပ်ကျပ် တားမြစ်ထားပေမယ့် ဒီကနေ့ မြန်မာပြည်မှာတော့ အထက်တန်းကျောင်းသား အရွယ်တွေထဲမှာတင် ဆေးလိပ်၊ ဘီယာ၊ အရက်သောက်တတ်တဲ့ ဦးရေ အတော်များပြားလာနေတာကို တွေ့ရတယ်။ ရန်ကုန်မြို့ပေါ် က နေရာအတော်များများမှာ အရက်ဆိုင်၊ ဘီယာဆိုင်ကြီးတွေ ဟီးထနေအောင် ဖွင့်ထားတာ တွေ့ရတယ်။ ထိပ် တန်း စစ်ခေါင်းဆောင်တွေ လက်ဝါးကြီးအုပ်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကနေပြီး တတိုင်းပြည်လုံး ကို စည်ဘီယာတွေ အကြီးအကျယ် ဖြန့်ပေးနေတယ်။ ကမ္ဘာ့အကောင်းဆုံး ရွှေတံဆိပ်ဆုရ မြန်မာ့စည်ဘီယာ ဆို ပြီးတော့တောင် ဂုဏ်ယူစရာမရှိ ကြံဖန်ဂုဏ်ယူပြီး ဘီယာကြော်ငြာ ဆိုင်းဘုတ်တွေ တနိုင်ငံလုံးအနှံ့ လိုက်ထောင် နေသေးတယ်။ အရက်မျိုးစုံ၊ တံဆိပ်မျိုးစုံကိုလည်း နေရာတိုင်းမှာ အလွယ်တကူ ၀ယ်ယူသောက်သုံးလို့ရအောင် ဖန်တီးပေးထားတယ်။
ဆေးရုံတွေမှာလည်း မူးယစ်ဆေးစွဲတဲ့ လူနာတွေ၊ မူးယစ်ဆေး သုံးစွဲရာကနေ ရောဂါကူးစက်ခံရတဲ့ အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ရောဂါသည်တွေ၊ အရက်ကြောင့်ဖြစ်တဲ့ ရောဂါတွေနဲ့ တက်ရောက်ကုသတဲ့ လူနာတွေ၊ အရက် ကြောင့် ငယ်ငယ်ရွယ်နဲ့ အသက်ဆုံးပါးရတဲ့ သူတွေ တနေ့တခြား ပိုပိုများလာတယ်လို့ အစိုးရ ၀န်ထမ်း ဆရာဝန် အသိုင်းအ၀ိုင်းက မိတ်ဆွေဆရာဝန်တွေရဲ့ ပြောပြချက်အရ ကြေကွဲဖွယ် သိရှိရပါတယ်။
အဲဒီတော့ အချုပ်ပြောရရင် ဒီကနေ့ နအဖစစ်အာဏာရူးတစု တိုင်းပြည်ကိုအုပ်ချုပ်နေပုံဟာ အပေါ်မှာ ဥပမာပေး ခဲ့သလို အရက်သမား ဥာဏ်နီဥာဏ်နက်မျိုးနဲ့ သူတို့အာဏာတည်မြဲရေး တခုတည်းကိုသာ ကြည့်ပြီး အုပ်ချုပ်နေ တယ်ဆိုတာ အထင်အရှားပါပဲ။ အင်္ဂလိပ်တွေ တရုတ်ပြည်ကို ဘိန်းစစ်ပွဲ ဆင်နွှဲတာက လူမျိုးခြား အစိုးရ မို့ဆိုပြီး တွေးကြည့်ရင် ခံသာသေးပေမယ့် မြန်မာ့စစ်အစိုးရကတော့ ကိုယ်လူမျိုး အချင်းချင်းကို ဘိန်းစစ်ပွဲ နည်းဗျူ ဟာ ခင်းပြီး လူညွန့်တုံးအောင်လုပ်ကာ အုပ်ချုပ်နေတာကတော့ ခွင့်လွှတ်နိုင်စရာမရှိတဲ့ ဧရာမ ရာဇ၀တ်မှုကြီးပါပဲ။ အ ဓိကကတော့ တိုင်းသူပြည်သားတွေ မူးယစ်ဆေးဝါးနဲ့ အရက်သေစာနွံထဲမှာ နစ်မွန်းပြီး သူတို့ကို ပြန်မတွန်းလှန် နိုင်အောင် စနစ်တကျအကွက်ချပြီး ဖျက်ဆီးခဲ့တာပဲ ဖြစ်တယ်။ အဲဒီလို ယုတ်မာပက်စက်တဲ့ အကြံအစည်နဲ့ ကိုယ် အာဏာတည်မြဲရေး တခုတည်းကိုသာ အဆင်ခြင်မဲ့ လုပ်ဆောင်နေတဲ့ စစ်အာဏာရူးအုပ်စုကို ‘နအဖ’အဖွဲ့ဆိုတဲ့ အမည်၊ လုပ်ရပ်တွေနဲ့ လိုက်ဖက်အောင် ‘နွားအဖွဲ့’ လို့သာ အမည်ပြောင်းလဲ ခေါ်ဝေါ်သင့်ပါကြောင်း အကြံပြုရေး သားလိုက်ရပါတယ်။
(ခေတ်ပြိုင်ဂျာနယ် ၂၀၀၅ခုနှစ် မေလထုတ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)
Tuesday, October 16, 2007
ယုတ်မာပက်စက်တဲ့ အကြံအစည်နဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ နအဖ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment