Wednesday, September 19, 2007

တွယ်ရာမဲ့ ဘ၀များ (၁)

ဒေါက်တာလွဏ်းဆွေ

(ဒီဗွီဘီ အသံလွှင့်ဆောင်းပါး)

ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေဟာ ရှေးအစဉ်အဆက်ကတည်းက အလှူရေစက် လက်နဲ့မ ကွာ နေထိုင်လာခဲ့ကြသူတွေပါ။ ဒါ့အပြင် နှစ်စဉ်နှစ်တိုင်း ဆယ့်နှစ်လရာသီ ပွဲတော်တွေကို ခြိမ့်ခြိမ့်သဲ ဆင်ယင် ကျင်းပပြီး မတောင့်မတ မကြောင့်မကြနဲ့ အပူအပင်ကင်းစွာ နေထိုင်နိုင်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ အဲဒီလို ပျော်ရွှင်ကြည်နူး ဖွယ်ကောင်းလှတဲ့ ဓလေ့ထုံးစံတွေဟာ မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေ အုပ်စိုးပြီးနောက်ပိုင်း မှာ တစတစ ပျက်သုဉ်းခဲ့ရပါတယ်။ အထူးသဖြင့် နအဖစစ်အုပ်စုအုပ်ချုပ်နေတဲ့ ယနေ့ကာလမှာ အဆိုးဆုံးအနေ အထားကို ရောက်ရှိခဲ့တာတွေ့ရပါတယ်။ စစ်အာဏာရှင်တွေ မအုပ်စိုးမီက မြန်မာနိုင်ငံသားတွေအနေနဲ့ ဘာဖြစ် လို့ အလှူရေစက် လက်နဲ့မကွာရှိခဲ့ကြပြီး အပူအပင်ကင်းစွာ နေထိုင်နိုင်ခဲ့ကြတာလဲ။ အဖြေက ရှင်းပါတယ်။ အ တိတ်က မြန်မာနိုင်ငံ သားတွေဟာ စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေ ကောင်းမွန်ခဲ့ကြပြီး ဥစ္စာဓန ပေါကြွယ်ဝခဲ့ကြ လို့ပါပဲ။

ဒါပေမယ့် ဒီအစဉ်အလာကောင်းတွေဟာ ဒီကနေ့ခေတ်ကာလမှာ ကြီးပြင်းရတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအ တွက်တော့ ပုံပြင်တွေအလား ဖြစ်ခဲ့ရပါပြီ။ အကယ်ဒမီဒေါ်မြင့်မြင့်ခင်သီဆိုခဲ့တဲ့ ‘နပန်းဆံ’သီချင်းထဲကလို ၀မ်းစမိုး သံတွေ သောသောမညံနိုင်တာလည်း ကြာခဲ့ပါပြီ။ လက်သီးဆုပ်သဏ္ဍာန် ၀က်သားတုံးကြီးတွေကျေးပြီး အလှူအ တန်း မလုပ်နိုင်ခဲ့တာလည်း ကြာခဲ့ပါပြီ။ အဲæဒါပေမယ့် နအဖစစ်အုပ်စုလက်ထက်မှာ အလှူအတန်းတွေ ၀ှဲချီး ကျင်းပနိုင်သူတချို့ကိုတော့ ကျနော်တို့ တွေ့ရမှာဖြစ်ပါတယ်။ သူတို့တွေကတော့ တိုင်းပြည်ဘဏ္ဍာတွေကို မတော် မတရား ရယူထားကြတဲ့ စစ်အုပ်စုဝင် အမျိုးအနွယ်တွေနဲ့ သူတို့ကို အမှီသဟဲပြုပြီး စီးပွားဖြစ်နေကြတဲ့ လက်တ ဆုပ်စာ ခေတ်ပျက်သူဌေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နအဖမောင်ပိုင်စီးထားတဲ့ တယ်လီဗေးရှင်းမှာ နေ့စဉ်တွေ့ ရတဲ့ သူကြီးဘုရား ရွာသားကောင်းမှုဆိုသလို အတင်းအဓမ္မလှူဒါန်းခိုင်းတဲ့ အလှူမျိုးတွေကိုလည်း စိတ်ပျက်ဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။ သာမန်ပြည်သူအများစုကြီးကတော့ လှူနိုင်တန်းနိုင်ဖို့ နေနေသာသာ ထမင်းနပ်မှန် အောင်ကို မနည်းရုန်းကန်နေရတဲ့ အခြေအနေပါ။ မဝေးသေးတဲ့ အတိတ်ကာလက အဆိုတော် ဒေါ်မာမာအေးသီ ဆိုခဲ့တဲ့ အလှူသီချင်းတွေဆိုရင် အခု အချိန်အခါမှာ ကျနော်တို့ ပြည်သူတွေအဖို့ အိပ်မက်လိုလို ဖြစ်ခဲ့ရပါပြီ။

(မာမာအေးအသံ) ‘ကျမတို့ သပြေတောရွာ … သာသာယာယာ နွေရာသီမှာ လှူကြတန်းကြတာ … ညအခါ လ သာ ဦးရေချမ်းရဲ့အလှူမှာ … ကာလသား ကာလသမီးတွေ … ပျော်ကြကျက်ကြတာ … ကြော်ကြချက်ကြတာ … ၀ိုင်းဖွဲ့စုံညီစွာ…’ ‘သပြေ သပြေတောရွာ … ဗြောသံတွေ သာသာယာယာ … နေခြည်မှာ ရွှေရည်ဝင်း ဆယ်စင်း လည်း မကပါ … ထီးတန်းကြီးတွေနဲ့ မောင်သာချို ရှင်လောင်းလှည့်လို့လာ’

အခုတော့ သပြေတောရွာတွေမှာလည်း ဗြောသံ၊ စည်သံတွေတိတ်ခဲ့ရပါပြီ။ မောင်သာချိုတွေလည်း ပြည်တွင်းထဲ မှာ အလုပ်အကိုင်ရှားပါးမှု၊ စီးပွားရေးကျပ်တည်းမှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ခွာပြီး တ၀မ်းတခါး အတွက် ကြုံရာကျပန်းအလုပ်တွေကို ရှာဖွေလုပ်ကိုင်နေကြရပါပြီ။ ရှင်ညိုထွေးတို့၊ ကွမ်းတောင်ကိုင် မယ်ကျော့တို့ လည်း အိမ်နီးချင်းနိုင်ငံတွေဆီက စက်ရုံအလုပ်ရုံတွေမှာ ၀မ်းဝခါးလှဖို့အတွက် ပန်းပမ်းဆင်းရဲခြင်းကြီးစွာနဲ့ နေ့မ အား ညမနား ရုန်းကန်လှုပ်ရှားနေကြရပါပြီ။

ထမင်းရည်ချောင်းစီးအောင် လှူနိုင်တန်းနိုင်ခဲ့ပြီး ‘ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတွေတောင်လိုပုံ’ခဲ့တဲ့ ကျွန်တော် တို့ နိုင်ငံသူနိုင်ငံသားတွေဟာ အခုအချိန်အခါမှာ ထမင်းရည်သောက်သူသောက်ရ၊ စားစရာမရှိလို့ အိုး ခွက်ပန်း ကန်တွေ မှောက်သူမှောက်ရနဲ့ ဖြစ်ကုန်ကြပါပြီ။ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက်မှာ ၄၅နှစ်ကျော် ကြာ နေထိုင်ခဲ့ရပြီးတဲ့နောက် အလှူရေစက်တွေ ခန်းခြောက်ခဲ့ရရုံတင်မက ရဟန်းသံဃာတော်တွေသည်ပင်လျှင် ဆွမ်းကွမ်းအခက်အခဲနဲ့ ကြုံတွေ့ရတဲ့အထိ အဆိုးဝါးဆုံး အနေအထားကို ရောက်ရှိခဲ့ရပြီ ဖြစ်ပါတယ်။

ဒီလိုအခြေအနေဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရခြင်းဟာ မဆလ၊ န၀တ၊ နအဖဆိုတဲ့ စစ်အုပ်စုအဆက်ဆက်ရဲ့ ရက်စက် စွာဖိနှိပ်အုပ်ချုပ်မှု၊ မှားယွင်းတဲ့ စီမံခန့်ခွဲမှု၊ အကျင့်ပျက်ခြစားမှုတွေအောက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု စတဲ့ နယ်ပယ်အားလုံး အလုံးစုံပျက်သုဉ်းခဲ့ရလို့ပဲ ဖြစ်ပါတယ်။ နအဖစစ် အုပ် စုအနေနဲ့ တိုင်းသူပြည်သားတွေ ကြုံတွေ့ခံစားနေရတဲ့ ပြဿနာအ၀၀ကို လက်တွေ့ကျကျ ဖြေရှင်းမပေးနိုင်ဘဲ တံ တားဆောက်၊ လမ်းဖောက်၊ ထုံးသုတ် စတဲ့ အပေါ်ယံဟန်ပြအလုပ်တွေကိုသာ လုပ်ဆောင်နေမှုကြောင့် တိုင်း ပြည်ဟာ အပေါစားမိတ်ကပ်တွေ လိမ်းကျံထားတဲ့ ပြည့်တန်ဆာမတယောက်လို မျက်နှာမှာတော့မိတ်ကပ်နဲ့ ခန္ဓာ ကိုယ်မှာတော့ ရောဂါဗရပွနဲ့ ဆိုသလို ဖြစ်ခဲ့ရပါတယ်။ ပြည်သူတွေဟာ ဆန်ကောထဲ ထည့်အလှိမ့်ခံရတဲ့ ဇီးဖြူသီး တွေလို ကမောက်ကမဖြစ် ဗြောင်းဆန်နေပြီး ဆောက်တည်ရာမရတဲ့ အခြေအနေဆိုးနဲ့ ကြုံတွေ့နေကြရပါတယ်။

အဆိုးဆုံးကတော့ ပြည်သူတွေဟာ သူတို့ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြဿနာအရပ်ရပ်ကြောင့် ကိုယ့်အိမ်ကိုယ့်ယာ တွေမှာ အတည်တကျမနေထိုင်နိုင်တော့ဘဲ နည်းမျိုးစုံနဲ့ ရွှေ့ပြောင်းနေထိုင်ကြရခြင်းပဲဖြစ်ပါတယ်။ အဲဒီလို ရွှေ့ ပြောင်းနေထိုင်ကြရာမှာ ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မိဘဆွေမျိုးညာတ ကာတွေကို စွန့်ခွာပြီး အိမ်နီးချင်းနိုင်တွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် သွားရောက်လုပ်ကိုင်ကြရသူတွေ ရှိသလို နအဖစစ်အုပ်စုရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘာသာရေးအရ ည‡ဉ်းနှိပ်ကွပ်ခံရမှုတွေကြောင့် နိုင်ငံတွင်းမှ ထွက်ပြေးတိမ်း ရှောင်ပြီး ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရသူတွေလည်းပါတယ်။ ဒါ့အပြင် နအဖစစ် တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု၊ အတင်းအားဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ပဋိပက္ခဖြစ်ပွားတဲ့ ဒေ သတွေက အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှု၊ တိုင်းရင်းသားလူမျိုးစုတွေကို လူမျိုးတုံးသတ်ဖြတ်မှု စတဲ့ လူအခွင့် အရေးချိုးဖောက်ခံရမှုတွေကြောင့် တိုင်းပြည်အတွင်းမှာပဲ ထွက်ပြေးတိမ်းရှောင်ပြီး ပုန်းလျှိုးကွယ်လျှိုးး နေထိုင်နေ ကြရတဲ့ ရွာပုန်းရွာရှောင်တွေလည်း တနေ့တခြားများပြားလာတာကို တွေ့ရပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကို ရွှေ့ပြောင်းလုပ်ကိုင်ကြသူတွေထဲမှာ အရင်းအနှီးတတ်နိုင်သူတွေနဲ့ ပညာတတ်အချို့သာ မ လေးရှား၊ စင်္ကာပူနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်ကြပြီး သာမန်လူအများစုကတော့ နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံမှာပဲ အဓိကရွှေ့ပြောင်းလုပ်ကိုင်ကြတဲ့အတွက် ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေထဲမှာ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ အများဆုံးနေထိုင်လုပ်ကိုင်နေတဲ့ နိုင်ငံဖြစ်လာပါတယ်။ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဘယ်လိုအလုပ်မျိုးတွေကို ရွေးချယ်လုပ်ကိုင်နေကြရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမိုးဆွေကို ကျနော်မေးမြန်းကြည့်တဲ့အ ခါ အခု လိုပြောပြပါတယ်။

(ဦးမိုးဆွေအသံ) အဓိကကတော့ ဟို များသောအားဖြင့်ပေါ့နော် ကိုယ့်နိုင်ငံကနေပြီးတော့ တခြားနိုင်ငံကို လာ လုပ်ကြတယ်ဆိုရင် ဗမာအလုပ်သမားတွေ ဒီထိုင်းနိုင်ငံမှာ အထူးသဖြင့်တော့ ဒီထိုင်းတွေ ထိုင်းလူမျိုးတွေ မလုပ် ချင်တဲ့ လုပ်ငန်းတွေပေါ့နော်။ အထူးသဖြင့်တော့ ခုနပြောတဲ့ ကိုယ်ကာယအားကို အများကြီးသုံးရတဲ့ လုပ်ငန်းမျိုး တွေမှာ အများစုလုပ်ကြရတယ်။ ခုနက လမ်းဖောက်လုပ်တဲ့လုပ်ငန်း ဒီမှာတော့ construction site တွေပေါ့၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ နောက်လမ်းဖောက်လုပ်ရေးလုပ်ငန်းတွေ။ နောက်တခုက လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ၊ နောက်တခု ဒီ ငါးလုပ်ငန်းတွေပေါ့၊ ငါးလုပ်ငန်းမှာဆိုရင်လည်း ငါးဖမ်းလှေလိုက်တာတွေ နောက် တခုက ရေ ထွက်ပစ္စည်းတွေ ငါးတွေကို ရွေးတဲ့ဟာ သယ်တဲ့ဟာ ရေခဲသေတ္တာ ရေခဲခန်းထဲကိုထည့်တဲ့ဟာ ဒီလို အလုပ်မျိုးတွေပေါ့ နောက်တခုက ဆန်စက်တွေမှာ ဆန်အိတ်တွေကို အတင်အချ အသယ်အပို့ ဒီကုန်တင်ကုန်ချ လိုလုပ်ငန်းမျိုးတွေ၊ ဒီလုပ်ငန်းတွေမှာလည်း အလုပ်များကြတယ်။ နောက်တခုက တဖြေးဖြေးနဲ့ ပိုအလုပ်များလာ တာကတော့ စက်ရုံ လုပ်ရုံတွေပေါ့၊ ကိုယ်ကာယအားကို တအားစိုက်ရတဲ့ စက်ရုံအလုပ်ရုံလုပ်ငန်းတွေမှာလည်း ၀င်ပြီးတော့ အလုပ်လုပ် ကြတာများတယ်ခင်ဗျ။

အဲဒီလို အိမ်းနီးချင်းနိုင်ငံတွေမှာ တွယ်ရာမဲ့ဖြစ်နေကြရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ၊ ဒုက္ခသည်တွေနဲ့ ရွာပုန်းရွာရှောင်တွေအကြောင်း မြန်မာပြည်သူတွေအမှန်အတိုင်း သိရှိစေဖို့ ရှေ့အပတ်တွေမှာ ဆက်လက်တင် ဆက်ပေးသွားမယ့် အကြောင်းပြောကြားရင်း အခုတပတ် ဆောင်းပါးအစီအစဉ်ကို နိဂုံးချုပ်လိုက်ရပါတယ်။

(အသံဖိုင်ကို www.dvb.no ၀က်ဘ်ဆိုက် အပတ်စဉ်ဆောင်းပါး စာမျက်နှာတွင် ရှာဖွေနားဆင်နိုင်ပါသည်)

No comments: