လေနုအေး
ဒေါနရေ …
အခုအချိန်မှာတော့
မင်းဟာ
စစ်အာဏာရူးတွေရဲ့ ထောင်တံတိုင်းတဖက်။
မင်းကာရံပေးထားတဲ့ စစ်အကျဉ်းထောင်ထဲမှာ
ပြည်သူတွေ အကျဉ်းကျနေတယ်
ဘ၀တွေ ကျိုးကြေနေတယ်
သွေးမုန်တိုင်းတွေ တိုက်နေတယ်
အရိုးတွန်သံတွေ ကြားနေရတယ်
မျက်ရည်တွေ ချောင်းစီးနေတယ်
အစာအိမ်တွေ အော်မြည်နေတယ်
အိုးစည်ဗုံမောင်းသံတွေ ဆွံ့အနေတယ်
ဆည်းလည်းသံတွေ ဆိတ်သုဉ်းနေတယ်
ကလောင်တွေ လက်ထိပ်ခတ်ခံနေရတယ်
ပရိဒေ၀မီးတွေ အဆက်မပြတ်လောင်ကျွမ်းနေတယ်။
အဲဒါတွေဟာ
ငါတို့ပြည်သူတွေ
အနှစ်လေးဆယ်ကျော် မက်ခဲ့ရတဲ့
အိပ်မက်ဆိုးတွေလေ။
အေး … ဒါပေမယ့်
မကြာခင်မှာ
ဒီမိုကရေစီအောင်လံတွေ လွှင့်ပြီး
မင်းရဲ့ပခုံးပေါ်
ငါတို့ ပြန်ကျော်လာတော့မယ်၊
အာဏာရူး မိစ္ဆာကောင်တွေကို အမြစ်ပြတ် ချေမှုန်းပြီး
လွတ်လပ်မှု ကျောက်စက်ရေကို
အမြတ်တနိုး ခံယူသောက်စို့တော့မယ်၊
ညီညွတ်မှု တေးသံတွေနဲ့
ငါတို့ တိုင်းပြည်ကိုငါတို့
တက်ညီလက်ညီ တည်ဆောက်တော့မယ်၊
တရားမျှတမှု မျိုးစေ့တွေကို
နေရာအနှံ့ ကြဲပက်တော့မယ်။
အဲဒီအခါကျရင်
မင်းကိုလည်း
စစ်အကျဉ်းထောင်တံတိုင်း ဘ၀ကနေ
ပြည်သူ့ခံတပ်အဖြစ်
ပြောင်းလဲပေးမယ်လေ … ဒေါနရေ။ ။
Sunday, September 23, 2007
ဒေါနတောင်တန်းနဲ့ စကားပြောခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment