Sunday, September 23, 2007

လူထုအင်အား၊ ညီညွတ်မှုနဲ့ ဒီမိုကရေစီပန်းတိုင်

ဝင့်ထည်

နိုင်ငံရေးတိုက်ပွဲဆင်နွှဲတဲ့အခါမှာ ပြည်သူလူထုရဲ့ ထောက်ခံမှုအင်အား(လူထုအင်အား)ဟာ အင်မတန်မှ အရေးပါ အရာရောက်လှပါတယ်။ ၁၉၈၈ခုနှစ်၊ မတ်လမှာ ကျောင်းသားတွေဦးဆောင်ပြီး ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြ ကြတဲ့အခါ တစ်တိုင်းတစ်ပြည်လုံးမှာရှိတဲ့ ပြည်သူလူထုအားလုံးကပါ လိုက်ပါဆန္ဒပြခဲ့ကြလို့ ရှစ်လေးလုံး လူထု အုံကြွမှု ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရတယ်။ လူထုအင်အားကြောင့် ဒီမိုကရေစီ အရေးတော်ပုံကြီး ဟာ အရှိန်မြင့်သထက်မြင့်လာပြီး နောက်ဆုံးမှာ ဗိုလ်နေ၀င်းရဲ့ မဆလတစ်ပါတီအာဏာရှင်စနစ် ဗုံးဗုံးလဲပြိုခဲ့ရ ပါတော့တယ်။ ဒါပေမယ့် တစ်တိုင်းတစ်ပြည်လုံးက လိုလားတဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ခြင်းမ ရှိဘဲ နိုင်ငံတော်အချုပ်အခြာအာဏာကို သူခိုးလက်က သူဝှက်လုခြင်း ခံခဲ့ရတယ်။ ဗိုလ်နေ၀င်းရဲ့ လက်ဝေခံ တ ပည့်ရင်းတွေဖြစ်တဲ့ န၀တစစ်ခေါင်းဆောင်တွေက ချီတက်ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီအင်အားစုတွေကို ရက်ရက် စက်စက် သတ်ဖြတ်နှိမ်နင်းပြီး လက်နက်အားကိုးနဲ့ အာဏာကို အတင်းအဓမ္မ လုယူသွားလို့ တိုင်းပြည်ဟာ အခု အချိန်အထိဆက်ပြီး ရေစုန်မျောခဲ့ရတယ်။

လူထုထောက်ခံမှု အင်အားအပြည့်နဲ့ ဆင်နွှဲတိုက်ပွဲဝင်ခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီး ပန်းတိုင်မရောက်မီ သား လျှောခဲ့ရတဲ့အဖြစ်ကို ပြန်လည်သုံးသပ်ကြည့်ရင် ဆက်လက်ဆင်နွှဲနေဆဲ ဒီမိုကရေစီတိုက်ပွဲအတွက် အထောက် အကူဖြစ်စေနိုင်တဲ့ တွေးဆဆင်ခြင်စရာတွေ အမြောက်အမြား ထွက်ပေါ်လာတာ တွေ့ရပါတယ်။ လူထုအုံကြွဆန္ဒ ပြမှုအထွတ်အထိပ်ကို ရောက်နေချိန် (၉-၉-၁၉၈၈)နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနုက ဗိုလ်နေ၀င်းရဲ့ မ ဆလတစ်ပါတီအစိုးရနဲ့အပြိုင် စင်ပြိုင်အစိုးရကို ဖွဲ့စည်းလိုက်ကြောင်း၊ ၁၉၆၂ခုနှစ်-မတ်လ(၂)ရက်နေ့က ဗိုလ်နေ ၀င်းနဲ့ အပေါင်းအပါတွေရဲ့ တော်လှန်ရေးကောင်စီက လက်နက်အားကိုးနဲ့ သိမ်းယူသွားခဲ့တဲ့ နိုင်ငံတော်အာဏာ ကို ပြန်လည်ရယူလိုက်ခြင်းဖြစ်ကြောင်း၊ (၆)လကြာတဲ့အခါ ရွေးကောက်ပွဲအသစ် ကျင်းပပေးမှာဖြစ်ကြောင်း ကြေ ညာလိုက်ပါတယ်။ အဲဒီကြေညာချက် ထွက်ပေါ်လာတဲ့အခါ တိုက်ပွဲဝင်နေကြတဲ့ ဒီမိုကရေစီအင်အားစုတွေကြား မှာ ၀န်ကြီးချုပ်ဟောင်းဦးနုရဲ့ စင်ပြိုင်အစိုးရကို ထောက်ခံတဲ့အုပ်စုနဲ့ ကန့်ကွက်တဲ့အုပ်စုဆိုပြီး သဘောထားတွေ ကွဲကုန်ကြတယ်။ ဒါပေမယ့် ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့စင်ပြိုင်အစိုးရဟာ အဲဒီအချိန်မှာ လူထုထောက်ခံမှုအင် အား ကြီးကြီးမားမား ရရှိနေကြတဲ့ ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းကြီးတချို့ရဲ့ ထောက်ခံမှုကို မရရှိခဲ့လို့ အစိုး ရဖွဲ့စည်းမှု မအောင်မမြင်ဖြစ်သွားခဲ့ရပါတယ်။ အုံကြွဆန္ဒပြနေကြတဲ့ ပြည်သူလူထုကလည်း ဘယ်သူ့ကို ထောက် ခံရမှန်းမသိတော့ဘဲဖြစ်သွားပြီး အကျပ်အတည်းတွေ့နေတဲ့ ဒေါက်တာမောင်မောင်အစိုးရအတွက် အသက်ရှူ ချောင်သွားစေခဲ့ပါတယ်။ နိုင်ငံရေးအကင်းပါးတဲ့ ဒေါက်တာမောင်မောင်ဟာ ဦးနုရဲ့ခြေလှမ်းကို ရိပ်မိသွားပြီး စင် ပြိုင်အစိုးရဖွဲ့စည်းမှု အောင်မြင်သွားမှာကို စိုးရိမ်တဲ့အတွက် ပြည်သူ့လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူ ကာ (၃)လအတွင်း ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ကြေညာခဲ့ရတဲ့အထိ ဖြစ်သွားတယ်။ ဒါပေမယ့် ဒေါက်တာ မောင်မောင်ရဲ့ ကြေညာချက်ကိုလည်း ဘယ်သူမှမယုံကြည်လို့ အထမမြောက်ခဲ့ပြန်ဘူး။

အဲဒီအနေအထားမှာ တွေးဆဆင်ခြင်စရာတွေ ထွက်ပေါ်လာပါတယ်။ ၀န်ကြီးချုပ်ဟောင်းဦးနု စင်ပြိုင်အစိုးရဖွဲ့ တာကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နိုင်ငံရေးခြေလှမ်း ရှေ့တစ်လှမ်းတိုးတယ်ဆိုတဲ့ အနေအထားမျိုး နဲ့ တွက်ဆပြီး အဖွဲ့အစည်းအားလုံးက တညီတညွတ်တည်း ထောက်ခံခဲ့ရင် …
၁။ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း အသိအမှတ်ပြု ထောက်ခံအားပေးလာနိုင်တဲ့အတွက် စစ်တပ်က
အာဏာမသိမ်းရဲတော့ဘဲ အရပ်သားအစိုးရလက်ထဲ အာဏာပြန်ရောက်လာနိုင်တယ်။
၂။ အဖွဲ့အစည်းအားလုံးက တညီတညွတ်တည်း ထောက်ခံတာဖြစ်တဲ့အတွက် လူထုထောက်ခံမှုအင်
အားလည်း ပြိုကွဲမသွားနိုင်ဘူး။
၃။ အရပ်သားအစိုးရလက်ထဲ အာဏာရောက်လာတဲ့အတွက် မကြိုက်ရင် စစ်အာဏာရှင်အစိုးရကို ဖြုတ်
ချရတာထက် ပိုမိုလွယ်ကူနိုင်တယ်။
၎။ လူအသေအပျောက် နည်းပါးစွာနဲ့ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်နိုင်မယ်။
၅။ စစ်မှန်တည်ငြိမ်တဲ့ ဒီမိုကရေစီအစိုးရ ပေါ်ထွန်းလာတဲ့အထိ ရွေးကောက်ပွဲစနစ်နဲ့ တဆင့်ပြီး တဆင့်
ကူးပြောင်းသွားနိုင်တယ်။

စင်ပြိုင်အစိုးရကို မထောက်ခံခဲ့တဲ့အတွက် …
၁။ အဖွဲ့အစည်းတွေကြားမှာ ညီညွတ်မှု ပြိုကွဲသွားပြီး လူထုထောက်ခံမှု အင်အားလည်း တစ်စုတစ်စည်း
တည်း မရှိတော့ဘဲ ပြန့်ကျဲသွားတယ်။
၂။ အဖွဲ့အစည်းအားလုံး စုစည်းပြီး စင်ပြိုင်အစိုးရ မဖွဲ့စည်းနိုင်ဘဲ မဆလအစိုးရထံ ကြားဖြတ်အစိုးရဖွဲ့
ပေးဖို့ တောင်းဆိုနေတဲ့အတွက် (မဆလအစိုးရကလည်း ကြားဖြတ်အစိုးရ ဖွဲ့စည်းမပေးတဲ့အတွက်)
အရပ်သားအစိုးရ ပေါ်ပေါက်ဖို့ အခွင့်အလမ်း နည်းပါးသွားခဲ့တယ်။
၃။ ဒီမိုကရေစီအင်အားစုတွေ ညီညွတ်မှုပြိုကွဲတာကို ရန်သူကသိရှိသွားပြီး စစ်ခေါင်းဆောင်တွေ အာ
ဏာသိမ်းဖို့ လမ်းဖွင့်ပေးသလို ဖြစ်သွားတယ်။

ဝန်ကြီးချုပ်ဟောင်းဦးနု စင်ပြိုင်အစိုးရဖွဲ့တာကို မထောက်ခံပေမယ့် (ရနိုင်မှာမဟုတ်တဲ့ မဆလထံ ကြားဖြတ် အစိုးရ ဖွဲ့စည်းပေးရေးကို မတောင်းဆိုဘဲ) အဖွဲ့အစည်းအားလုံးကို ကိုယ်စားပြုတဲ့ စင်ပြိုင်အစိုးရကို ဖွဲ့စည်းကြေ ညာနိုင်ခဲ့ရင်လည်း အရပ်သားအစိုးရ ပေါ်ထွက်လာဖို့ အနေအထားဖြစ်ပေါ်နိုင်တယ်။ အဓိက ကတော့ ဒီမိုကရေစီ အင်အားစုတွေအချင်းချင်း ပန်းတိုင်မရောက်မီ ညီညွတ်မှုပြိုကွဲခဲ့လို့ အရပ်သားအစိုးရ စောစီးစွာပေါ်ထွက်လာဖို့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရခြင်းပဲဖြစ်တယ်လို့ တွေးဆဆင်ခြင်မိပါတယ်။

အခုအချိန်မှာလည်း နိုင်ငံရေးအရ ဦးဆောင်ပါတီဖြစ်တဲ့ (၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရခဲ့ တဲ့ ပါတီဖြစ်တဲ့) ပြည်တွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၀န်ကြီးချုပ်ဟောင်းဦးနု စင်ပြိုင်အစိုးရဖွဲ့သ လိုမျိုး နောက်တကြိမ် စင်ပြိုင်အစိုးရဖွဲ့ပြီး ကြေညာရမယ့်အနေအထားကို ဆိုက်ရောက်လာနိုင်တဲ့ အခြေအနေ တွေ ဖြစ်ပေါ်နေပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ …
၁။ အန်အယ်လ်ဒီပါတီအနေနဲ့ နအဖက အတင်းအကျပ် လျှောက်စေချင်တဲ့ လမ်းညွှန်မြေပုံ(၇)ချက်အ တိုင်း လိုက်လုပ်ဖို့မဖြစ်နိုင်ဘူး။ (၁၉၉၀ပြည့်နှစ်က ပေါက်ထားတဲ့ ထီလက်မှတ်ကိုတောင် ဆုငွေထုတ်မပေးဘဲ မျက်နှာပြောင်တိုက်နေတဲ့ နအဖက အခုနောက်ထပ်ဖွင့်ပေးမယ့် လမ်းညွှန်မြေပုံထီကို ထပ်ထိုးကြည့်ပါဆိုတဲ့ သ ဘောဖြစ်နေတော့ အန်အယ်လ်ဒီပါတီအနေနဲ့ နအဖလူလိမ်တွေအပေါ် ဘယ်လိုနည်းနဲ့မှ ယုံကြည်စရာမရှိဘူး ဖြစ် နေတယ်။)
၂။ နအဖအနေနဲ့ကလည်း အန်အယ်လ်ဒီပါတီက တောင်းဆိုတဲ့ ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့လွှတ်တော်ခေါ်ပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့ လုပ်ချင်တဲ့အနေအထား လုံးဝမတွေ့ရဘူး။ သူတို့ ချပြတဲ့ လမ်းအတိုင်းပဲ အန်အယ်လ်ဒီပါတီကို လျှောက်စေချင်နေတယ်။
၃။ နအဖအနေနဲ့ အထွေထွေအကျပ်အတည်းနဲ့ နိုင်ငံတကာဖိအားတွေကြောင့် မပြောင်းလဲလို့ မဖြစ် တော့တဲ့ အနေအထားကို သေချာပေါက်ရောက်လာမယ်။ အဲဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်မ ပေးဘဲ လမ်းညွှန်မြေပုံကိုပဲ အမြန်အကောင်အထည်ဖော်ပြီး သူတို့စိတ်ကြိုက် အရပ်သားအစိုးရ ဖွဲ့စည်းနိုင်အောင် ဆောင်ရွက်လာမယ်ဆိုရင် အန်အယ်လ်ဒီပါတီအနေနဲ့ မဖြစ်မနေ စင်ပြိုင်အစိုးရဖွဲ့စည်းပြီး ကြေညာရတော့မယ့် အ နေအထားကို ဆိုက်ရောက်လာနိုင်တယ်။ အဲသလိုမှမလုပ်ရင်လည်း အန်အယ်လ်ဒီပါတီအနေနဲ့ နအဖလုပ်သမျှ လက်ပိုက်ကြည့်နေရမယ့် အနေအထားကို ရောက်သွားပြီး ပြည်သူလူထုရဲ့ ထောက်ခံမှုအင်အား လျော့ကျသွား နိုင်တယ်။

နောက်ဆုံးအခြေအနေမှာ ပြည်တွင်းက အန်အယ်လ်ဒီပါတီအနေနဲ့ မဖြစ်မနေ စင်ပြိုင်အစိုးရအဖွဲ့ကြေညာပြီး န အဖကို ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရင် ပြည်သူလူထုကတော့ လုံးဝဥဿုံထောက်ခံမှာ အသေအချာပါပဲ။ အဲဒီအခါမှာ ပြည်တွင်းပြည်ပမှာရှိတဲ့ ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းတွေအနေနဲ့ ၀န်ကြီးချုပ်ဟောင်းဦးနု စင်ပြိုင်အစိုးရ ကြေညာတုန်းကလို သဘောထားမကွဲဘဲ အန်အယ်လ်ဒီပါတီကို တညီတညွတ်တည်း ထောက်ခံအားပေးကြမယ် ဆိုရင် နအဖက ဘယ်လောက်ပဲ နှိမ်နင်းနှိမ်နင်း နောက်ဆုံးမှာ ညီညွတ်မှုအင်အား၊ နိုင်ငံတကာရဲ့ ထောက်ခံမှုနဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းနိုင်မယ်လို့ (ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားတစ်ခုအပေါ်) တွေးဆဆင်ခြင် မိတာကို တင်ပြလိုက်ရပါတယ်။

(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)

No comments: