Monday, September 24, 2007

လူထုအုံကြွမှု၊ အဲန်အယ်လ်ဒီနဲ့ ဒီမိုကရေစီပွဲသိမ်း

ဒေါက်တာလွဏ်းဆွေ

မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲကို အဆုံးသတ်ပွဲသိမ်းဖို့အတွက် လူထုအုံကြွမှုနည်းနဲ့သာ အဖြေရှာဖို့ရှိတော့တယ် ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်မှုမျိုးတွေကို အခုနောက်ပိုင်းမှာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ၊ လေ့လာအကဲခတ် သူ အတော်များများ ဖွင့်ဟပြောဆိုလာကြပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်ထောင်စုနေ့ အထူးကြေညာ ချက်နဲ့ ရွေးကောက်ပွဲ(၁၆)နှစ်ပြည့်တဲ့ မေလ(၂ရ)ရက်နေ့ကို နောက်ဆုံးရက်သတ်မှတ်ပြီး တောင်းဆိုတဲ့ ထုတ်ပြန် ကြေညာချက်တွေကို နအဖစစ်အုပ်က မလိုက်လျောတဲ့အဆုံးမှာ လူထုအုံကြွမှုဆိုတဲ့အသံတွေ ပိုပြီးကျယ်လောင် လာတာ ဖြစ်ပါတယ်။

စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာကလည်း လူထုနည်းနဲ့ အဖြေရှာကြဖို့ လေလှိုင်းကတဆင့် ကမ္ဘာသိပြောဆိုလိုက်ပါပြီ။ စာရေးဆရာကြီး ဒဂုန်တာရာကလည်း အတိုက်အခံအင်အားစုတွေ တပ်ပေါင်းစုဖွဲ့ပြီး ညီညီညွတ်ညွတ် တိုက်ပွဲဝင်ကြဖို့ ဆရာကြီးရဲ့ (၈၇)နှစ်မြောက်မွေးနေ့ပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။ မကြာ သေးခင်က ဘီဘီစီအသံလွှင့်ဌာနရဲ့ အစီအစဉ်တခုဖြစ်တဲ့ ‘မေးဖြေစရာ ဒီချိန်ခါ’ အစီအစဉ်ကို လွတ်မြောက်နယ် မြေတနေရာမှာ ကျင်းပပြုလုပ်တဲ့အခါမှာလည်း လူထုအုံကြွမှုဖြစ်အောင်ပုံဖော်ဖို့ အဖွဲ့အစည်းခေါင်းဆောင်တွေအ နေနဲ့ ဘယ်လိုနိုင်ငံရေးလမ်းကြောင်းမျိုးတွေ ချမှတ်ပေးမလဲ၊ လူထုအုံကြွမှုဖြစ်လာရင် အမျိုးသားဒီမိုက ရေစီအဖွဲ့ ချုပ်အနေနဲ့ ဘယ်အခန်း၊ ဘယ်ကဏ္ဍက ရပ်တည်လှုပ်ရှားမှာလဲဆိုတဲ့ မေးခွန်းတွေနဲ့ ညံစီနေခဲ့ပါတယ်။ မကြာ သေးမီက တကိုယ်တော်ဆန္ဒပြပြီး အသေခံတိုက်ပွဲဝင်ဖို့ အားထုတ်ခဲ့တဲ့ ဒေါက်တာဆလိုင်းထွန်းသန်းရဲ့ လှုပ်ရှားမှု ဟာလည်း လူထုအုံကြွမှုကို ဦးတည်စေမယ့် ကြိုးပမ်းမှုတရပ်ပါပဲ။ ဒီအနေအထားတွေကို ကြည့်ခြင်းအားဖြင့် နိုင် ငံရေးနယ်ပယ်က လူအများစုဟာ လူထုအုံကြွမှုနည်းနဲ့ အပြောင်းအလဲဖြစ်ဖို့ကိုပဲ ဦးတည်စဉ်းစားနေကြပြီဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။

လူထုအုံကြွမှုဟာ ၁၉၈၈ခုနှစ်တုန်းကလည်း နိုင်ငံအနှံ့ ဖြစ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီကနေ့အထိ ဒီမိုကရေစီတိုက်ပွဲ ကို အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ဘာ့ကြောင့် အဆုံးမသတ်နိုင်ခဲ့တာလဲဆိုတဲ့ အကြောင်းအရင်းတွေကို ခွဲခြမ်းစိတ် ဖြာကြည့်မှ နောက်ထပ် လူထုအုံကြွမှုဖြစ်လာရင် ဘယ်လိုနည်းနဲ့ တိုက်ပွဲကို အဆုံးသတ်ရမလဲဆိုတာကို အဖြေ ရှာတွေ့နိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ ၁၉၈၈ခုနှစ်တုန်းက လူထုအုံကြွမှုဖြစ်ခဲ့တဲ့ အနေအထားနဲ့ ဒီကနေ့လူထုအုံ ကြွမှု ထပ်ဖြစ်နိုင်မယ့် အနေအထားတွေ၊ ဘယ်လိုပုံစံနဲ့ ဖြစ်လာနိုင်မလဲ ဆိုတာတွေကို နှိုင်းယှဉ်သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲသလို နှိုင်းယှဉ်သုံးသပ်ကြည့်တဲ့အခါ အောက်ပါအချက်တွေ အကြမ်းဖျဉ်းတွေ့ရမှာ ဖြစ်တယ်။

(၁) ၁၉၈၈ခုနှစ်ကဖြစ်ပေါ်ခဲ့တဲ့ လူထုအုံကြွမှုမှာ ဦးဆောင်ပါတီမရှိဘူး၊ လူထုခေါင်းဆောင် မပေါ်သေးဘူး။ အခုအ ချိန်မှာ လူထုအုံကြွမှုဖြစ်လာမယ်ဆိုရင် ဦးဆောင်ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရှိနေပြီ။ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားထင်ရှားတဲ့ ကိုမင်းကိုနိုင်တို့လို ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် တွေ အဆင်သင့်ရှိနေပြီဖြစ်တယ်။ တိုင်းရင်းသားလူမျိုးစုတွေထဲမှာလည်း သက်ဆိုင်ရာ လူမျိုးစုအလိုက် ထင်ရှား တဲ့ ခေါင်းဆောင်တွေ ပေါ်နေပြီဖြစ်တယ်။ ဒီတခါဖြစ်လာနိုင်တဲ့ လူထုအုံကြွမှုမှာ အဲဒီလို ဦးဆောင်ပါတီနဲ့ လူထု ခေါင်းဆောင်တွေ ရှိနေခြင်းဟာ ၁၉၈၈ခုနှစ်လူထုအုံကြွမှုထက် အားသာစေမယ့် အချက်ဖြစ်တယ်။ အဲဒီခေါင်း ဆောင်တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် အပေးအယူမျှမျှနဲ့ လူထုကို ဦးဆောင်ကြမယ်ဆိုရင် လုံးဝဥဿုံ အောင်ပွဲရမှာ သေချာတယ်။ ခေါင်းဆောင်တွေအနေနဲ့ လူထုအုံကြွမှုဖြစ်လာရင် ပြည်သူလူထုကို စနစ်တကျ ဦး ဆောင်မှုပေးနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားကြရမှာ ဖြစ်တယ်။
(၂) ၁၉၈၈ခုနှစ်အရေးအခင်းဖြစ်ပွားစဉ်က အတိုက်အခံအင်အားစုတွေက မဆလအစိုးရထံ စင်ပြိုင်အစိုးရဖွဲ့ပေး ဖို့ တောင်းဆိုရင်း တိုက်ပွဲကာလရှည်လျားပြီး ညီညွတ်မှုပြိုကွဲကာ စစ်အာဏာရူးတွေရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရ တယ်။ ဒီတခါ လူထုအုံကြွမှုဖြစ်ရင်တော့ အဆိုပါသင်ခန်းစာကိုယူပြီး စင်ပြိုင်အစိုးရကို အလျင်အမြန်ဖွဲ့စည်းကာ တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အတိုက်အခံခေါင်းဆောင်တွေကြားမှာ ညီညွတ်မှုကို အလျင်အမြန် တည်ဆောက်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။

(၃) ၁၉၈၈ခုနှစ် ဒီမိုကရေစီလူထုအုံကြွမှုကြီးဖြစ်ပွားခဲ့ရာမှာ တတိုင်းတပြည်လုံးအတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ဖြစ် မလာခင် ကျောင်းသားတွေက အရေးအခင်းအဆင့်ဆင့်ကို အနာခံပြီး ဦးဆောင်တိုက်ပွဲဝင်ခဲ့တယ်။ သွေးနဲ့အ သက်ကို အရင်းတည်ပြီး တိုက်ပွဲပုံသဏ္ဍာန်ကို ဖန်တီးကာ ပြည်သူလူထုလိုက်ပါလာအောင် စည်းရုံးလှုံ့ဆော်နိုင်ခဲ့ တယ်။ အခုအချိန်မှာတော့ ကျောင်းသားတွေ အဲဒီလိုမျိုး စည်းရုံးလှုံ့ဆော်မှု မလုပ်နိုင်စေဖို့အတွက် စစ်အုပ်စုက တက္ကသိုလ်၊ ကောလိပ်တွေကို ပျံ့ကျဲသွားအောင်စနစ်တကျဖြိုခွဲပြီး ကျောင်းသားတွေ တစုတစည်းတည်းမရှိ အောင် လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်။ စစ်အုပ်စုက ၈၈နောက်ပိုင်း မျိုးဆက်ကျောင်းသားတွေကို နိုင်ငံရေးကွင်းဆက် ပြတ်နိုင်သမျှပြတ်အောင် ဖြတ်ထားတယ်။ အခြားသွေးဆောင်မှုတွေနဲ့ ကျောင်းသားတွေကို နိုင်ငံရေးဘက်အာရုံ မရောက်အောင် ဖန်တီးထားတယ်။ အဲဒီတော့ ဒီတခါလူထုအုံကြွမှု ဖြစ်ပေါ်ဖို့အတွက် တိုက်ပွဲလမ်းကြောင်းကို ပုံ ဖော်မယ့်အင်အားစုဟာ ကျောင်းသားတွေဖြစ်နိုင်ချေ အလွန်နည်းတယ်လို့ ထင်မြင်မိပါတယ်။ တိုက်ပွဲပုံသဏ္ဍာန် ကို ဦးဆောင်ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖော်ရင်ဖော်၊ မဖော်ရင် အခြားမမြင်သာတဲ့ အရပ်ဘက် အင်အားစုတွေက တိုက်ပွဲပုံသဏ္ဍာန်ကို ဖန်တီးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ၁၉၈၈ခုနှစ် အချိန်တုန်းကထက် ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်ပြီး ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ အခြားအထွေထွေအကျပ်အတည်းတွေ အ လွန်အမင်း ကြီးထွားလာမှုဟာ အရပ်ဘက်အင်အားစုတွေဘက်က စတင်ထကြွလာစေနိုင်တဲ့ အဓိကအကြောင်း အရင်းဖြစ်ပါတယ်။

(၄) လူထုအုံကြွမှုနည်းနဲ့ ဒီမိုကရေစီတိုက်ပွဲကို အဆုံးသတ်နိုင်ဖို့အတွက် တိုက်ပွဲလမ်းကြောင်းကို ချပေးမယ့် အင် အားစုဟာ ဦးဆောင်ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်ရင် အကောင်းဆုံးပဲလို့ မြင်မိပါတယ်။ အဲဒါမှ ပြည်သူလူထုနဲ့ အဲန်အယ်လ်ဒီပါတီကြားမှာ အက်ကြောင်းမထင်ဘဲ အကောင်းဘက်ကို ရေရှည်ဦးတည်မယ့် အ နေအထားတွေ ဖြစ်လာမယ်လို့ မြင်မိပါတယ်။ အဲသလိုမဟုတ်ဘဲ မမြင်သာတဲ့ အရပ်ဘက်အင်အားစုတွေက တိုက်ပွဲလမ်းကြောင်းကို စတင်ပုံဖော်ပြီး လူထုအုံကြွမှုဖြစ်လာတဲ့အခါမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရပ် မယ်ဆိုရင်တော့ နောက်မြီးဆွဲလို့အထင်ခံရနိုင်ပြီး အဖွဲ့ချုပ်အတွက် အန္တရာယ်ရှိတယ်လို့ မြင်မိပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲတုန်းက အားကိုးတကြီးနဲ့ တခဲနက်မဲပေးခဲ့တဲ့ ပြည်သူလူထုဟာ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အကြီးအကျယ် မျှော်လင့်ထားခဲ့မှုတွေအတွက် စိတ်ပျက်လက်ပျက် ဖြစ်လာ နိုင်စရာ အနေအထားမျိုးတွေ ရှိလာနိုင်လို့ပါပဲ။

အချုပ်အားဖြင့်ဆိုရရင်တော့ မြန်မာ့ဒီမိုကရေစီရေးပွဲသိမ်းတိုက်ပွဲဟာ စစ်အုပ်စုရဲ့ မိုက်တွင်းနက်မှုကြောင့် လူထု အုံကြွမှုနည်းနဲ့သာ အပြောင်းအလဲဆီကို ဦးတည်နိုင်တဲ့ အခြေအနေမျိုးကို ဆိုက်ရောက်နေပါပြီ။ နိုင်ငံရေးလှုပ်ရှား သူ၊ အကဲခတ်သူ အတော်များများကလည်း လူထုအုံကြွမှု ဖြစ်လာတော့မယ့်အရေးကို ကြိုတင်တွက်ဆနေကြပါ ပြီ။ စစ်အုပ်စုကိုယ်တိုင်ကလည်း လူထုအုံကြွမှု ဖြစ်လာနိုင်တဲ့အရေးကို ကြိုတွေးပြီး ကြပ်ပြေးကို ခွေးပြေးဝက်ပြေး ပြေးသွားပါပြီ။ လူထုအုံကြွမှုဖြစ်လာရင် ၁၉၈၈ခုနှစ်တုန်းကလို အစိုးရယန္တရားတွေ ရပ်မသွားအောင် ကြိုတင်စီ စဉ်ပြီး လူထုအုံကြွမှုကို ခုခံဖို့ပြင်ဆင်နေပါပြီ။ အဲဒီတော့ မလွဲမသွေဖြစ်လာဖို့ရှိနေတဲ့ လူထုအုံကြွမှုကြီးကို ၀ရုန်း သုန်းကားနဲ့ ထိန်းမနိုင်သိမ်းမရ မဖြစ်စေဖို့အတွက် လက်ရှိပြင်ပမှာရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်း ဆောင်တွေနဲ့ အခြားအတိုက်အခံ အဖွဲ့အစည်းခေါင်းဆောင်တွေ တိုင်ပင်ညှိနှိုင်းပြီး တိုက်ပွဲလမ်းကြောင်းကို အ ချိန်မီ ချပေးသင့်ပြီလို့ ထင်မြင်မိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

(၂၀၀၆ခုနှစ်၊ ဇူလိုင်လထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

နောက်ဆက်တွဲ (၂၄-၉-၂၀၀၇) ။ ။ အခုအချိန်မှာ သံဃာတော်တွေရဲ့ ဦးဆောင်ဆန္ဒပြမှုနဲ့အတူ လူထုအုံကြွမှု ကြီး ထပ်မံပေါ်ပေါက်ဖို့ တာစူနေပြီ ဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာ အန်အယ်လ်ဒီစီအီးစီကတော့ တိုက်ပွဲမခေါ် သေးဘဲ ထုတ်ပြန်ကြေညာချက်လောက်နဲ့သာ ငြိမ်သက်မြဲ ငြိမ်သက်လျက် ရှိနေတာကို အားမရဖွယ် တွေ့ရှိရပါ တယ်။ လက်ရှိအပြင်မှာရှိတဲ့ အန်အယ်လ်ဒီစီအီးစီတွေဟာ လူထုမပါတော့လည်း မပါလို့ဆိုပြီး ပြောခဲ့သလို၊ ဟော … အခု လူထုပါလာတဲ့အခါကျပြန် တော့လည်း မလှုပ်မယှက်နဲ့ ငြိမ်သက်နေကြတာဟာ အံ့အားသင့်စရာပါပဲ။ လူထုကို ဦးမဆောင်နိုင်၊ ဦးမဆောင်ချင်၊ ဦးမဆောင်ရဲဘဲ ဘာဖြစ်လို့ ခေါင်းဆောင်တွေ တက်လုပ်နေကြပါလိမ့်လို့ ဦးအောင်ရွှေ တို့၊ ဦးလွင်တို့ကို မေးခွန်းထုတ်ရတော့မယ် ထင်ပါရဲ့။

No comments: