Saturday, February 2, 2008

အင်းစိန်ထောင်တွင်းမှ ပေးစာ

တိုက်ပွဲဝင် ရဲဘော်တဦး ပေးပို့သည်
အင်းစိန်ထောင်တွင်းမှ ကျနော်တို့ရဲ့ သံဃာတော်တွေ၊ ညီအစ်ကိုတော် ရဲဘော်ရဲဘက်တွေ ဘယ်လို ဒုက္ခဆင်းရဲတွေ ခံနေကြရသလဲ၊ ဘယ်လို ဖိနှိပ်ရက်စက်မှုတွေ ခံနေရကြရသလဲ၊ ဘယ်လို လူ့အခွင့်အရေးတွေ ဆုံးရှုံးနေကြသလဲ ဆိုတာ ဒီပေးစာကို ဖတ်ကြည့်ပါ။ ပေးစာဖတ်ပြီးတဲ့အခါ ကျနော်တို့ ဒီမိုကရေစီတိုက်ပွဲဝင် ရဲဘော်တွေအနေနဲ့ အင်းစိန်ထောင်တွင်းမှ အကျဉ်းကျခံ သံဃာတော်တွေ၊ ရဲဘော်ရဲဘက်တွေကို ဘယ်လို ကူညီနိုင်မလဲ၊ ဘယ်လို ကယ်တင်နိုင်မလဲ ဆိုတာ ၀ိုင်းဝန်းစဉ်းစား လုပ်ဆောင်ကြပါစို့။ (ဒေါက်တာလွဏ်းဆွေ)

အပြည့်အစုံသို့...

သီးလေးသီး ဆေးရောင်စုံအငြိမ့် မဲဆောက်တွင် ခြိမ့်ခြိမ့်သဲ အောင်ပွဲခံ

သီးလေးသီး ဆေးရောင်စုံအငြိမ့် မဲဆောက်တွင် ခြိမ့်ခြိမ့်သဲ အောင်ပွဲခံ
သတင်းနှင့် ဓာတ်ပုံ - ကိုလတ်

ဖေဖော်ဝါရီလ (၁)ရက်နေ့ ည(၈)နာရီက မဲဆောက်မြို့ မယ်တော်ဆေးခန်းဝင်းအတွင်း၌ ဇာဂနာနှင့် မြပုဏ္ဏမာ မိသားစု၏ သီးလေးသီး ဆေးရောင်စုံအငြိမ့် ကပြဖျော်ဖြေရာ ပရိသတ် (၃၀၀၀)ကျော် လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ လူရွှင်တော် ဂေါ်ဇီလာဦးစီးပြီး လူရွှင်တော် စိန်းသီး၊ ပန်းသီး၊ ကြယ်သီး၊ ဇီးသီးနှင့် ခေါင်းဆောင်မင်းသမီး ချောစုမျိုး၊ ရှေ့ထွက်မင်းသမီး မြစပယ်ငုံတို့ ပါဝင်သည့် သီးလေးသီး ဆေးရောင်စုံ အဖွဲ့သားများသည် ဘန်ကောက်မြို့မှ ဖေဖော်ဝါရီလ (၁)ရက်နေ့ နေ့လည် (၁၁)နာရီကားဖြင့် ထွက်ခွာလာရာ ည(၇)နာရီခန့်တွင် မဲဆောက်မြို့သို့ ရောက်ရှိလာသည်။ မဲဆောက်မြို့ရှိ မြန်မာပရိသတ်က ညနေ(၄)နာရီခန့်မှ စတင်၍ မိုးထဲလေထဲမှာပင် အငြိမ့်ကြည့်ရှုရန် တခဲနက် စောင့်ဆိုင်းနေသည့်အတွက် သီးလေးသီးအဖွဲ့သည် ခရီးရောက်မဆိုက် ဇာတ်တိုက်ချိန်ပင် မရလိုက်ဘဲ ရေမိုးချိုးပြီး စင်ပေါ်တက်ကာ ဖျော်ဖြေခဲ့ရသည်။

ပထမဦးစွာ အငြိမ့်အဖွဲ့သားများစုံညီ ရောက်ရှိမလာမီ လူရွှင်တော် ပန်းသီးနှင့် ဇီးသီးတို့ အရင်ရောက်ရှိလာပြီး မိုးထဲလေထဲတွင် စောင့်ဆိုင်းနေသည့် ပရိသတ်ကို ပွဲထိန်းသည့်အနေဖြင့် စင်ပေါ်တက်ကာ ပြက်လုံးများဖြင့် ဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့သည်။ အငြိမ့်အဖွဲ့သားအားလုံး ရောက်ရှိလာသည့်အခါ စင်ပေါ်သို့ စုံညီတက်ရောက်ပြီး ပရိသတ်ကို ဦးစွာနှုတ်ဆက်သည်။ ထို့နောက် အ၀တ်အစားလဲကာ ဇာတ်တိုက်ထားခြင်း မရှိသည့် မဲဆောက် စိန်ဘယ်ကျော်ဆိုင်းဝိုင်းနှင့် စတင်ကပြဖျော်ဖြေပါသည်။

ကပြအသုံးတော်ခံသည့် အငြိမ့်အစီအစဉ်တွင် ပထမဦးစွာ အဖွဲ့သားအားလုံးက “ဗမာ့သူရဲကောင်း” သီချင်းကို သံပြိုင်သီဆိုပြီးနောက် လူရွှင်တော် ဂေါ်ဇီလာက “နဂါးနီ”၊ လူရွှင်တော် ပန်းသီးက “မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်”၊ ခေါင်းဆောင်မင်းသမီး ချောစုမျိုးက “ချမ်းမြေ့ပါစေ”၊ လူရွှင်တော် စိန်သီးနှင့် ခေါင်းဆောင်မင်းသမီး ချောစုမျိုးတို့က “ငယ်ကျွမ်းဆွေ”၊ လူရွှင်တော် ကြယ်သီးနှင့် ချောစုမျိုးက “ဦးရွှေရိုးနှင့် ဒေါ်မိုး”အက၊ လူရွှင်တော် ပန်းသီး၊ ကြယ်သီး၊ ဇီးသီးတို့က “ကရင်ဒုံးယိမ်း”အက တို့ဖြင် သီဆိုကပြ ဖျော်ဖြေကြသည်။ ထို့နောက် အငြိမ့်ခန်းအစီအစဉ်တွင် ရှေ့ထွက်မင်းသမီး မြစပယ်ငုံ၊ ခေါင်းဆောင်မင်းသမီး ချောစုမျိုးတို့၏ အကအလှများ၊ လူရွှင်တော် ဂေါ်ဇီလာ၊ စိန်းသီး၊ ပန်းသီး၊ ကြယ်သီး၊ ဇီးသီးတို့၏ ဟာဒယရွှင်ဆေး တိုက်ကျွေးမှုများကို ပရိသတ်များ လက်ခုပ်လက်ဝါးတီး အားပေးခဲ့ကြသည်။ အထူးသဖြင့် စက်တင်ဘာ ရွှေဝါရောင် အရေးတော်ပုံနှင့် ပတ်သက်သည့် ပြက်လုံးများကို ပရိသတ်များ အထူးနှစ်ခြိုက် အားပေးခဲ့ကြပြီး အဆိုပါ ပြက်လုံးခွင်များထဲမှ လူရွှင်တော် ကြယ်သီး၏ “သိတယ်၊ မပြောဘူး အောင့်ထားတယ်” နှင့် ဖြူဖြူကျော်သိန်း၏ ညီမ မဲမဲဇီးသီး၏ “ကျေးဇူးတင်ပါတယ်” ဆိုသည့်စကားများ ပရိသတ်နှုတ်ဖျားတွင် ရေပန်စားခဲ့သည်။

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအပြီး အရေးတော်ပုံစိတ်ဓာတ် သွေးအေးမသွားအောင် လာရောက် သွေးနွှေးပေးသည့် သီးလေးသီး ဆေးရောင်စုံအဖွဲ့သားများကို လွတ်မြောက်နယ်မြေ ပရိသတ်များ အထူးကျေးဇူးတင်ရှိနေကြကြောင်း ကြားသိရသည်။

လွတ်မြောက်နယ်မြေ မီဒီယာများသို့ အင်တာဗျူးဖြေကြားနေသည့် သီးလေးသီးအဖွဲ့သားများ‘SAW’ ကလေးများစောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်လည်ပတ်ကြသည့် သီးလေးသီးအဖွဲ့သားများ

အပြည့်အစုံသို့...

Friday, February 1, 2008

ဦးအောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ

(ရေးသူအမည် ပါမလာပါ)

အပြည့်အစုံသို့...

Thursday, January 31, 2008

သွေးစွန်းလက်တွေကို ဘယ်သူတွေ နှုတ်ဆက်လေမလဲ

သွေးစွန်းလက်တွေကို ဘယ်သူတွေ နှုတ်ဆက်လေမလဲ
ဂျာနယ်လစ်ကိုကို
(မိုးမခ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

၂၀၀၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတွေကို ဖေဖော်ဝါရီလဆန်းပိုင်းမှာ နေပြည်တော်မှာ ပေးတော့ မယ်တဲ့ခင်ဗျ။ စက်တင်ဘာ လူသတ်စစ်အစိုးရက ပေးအပ်ချီးမြှင့်မယ့် အကယ်ဒမီဆုပေးပွဲကြီးပေါ့ခင်ဗျာ။ ပြည်တွင်းထုတ် ဂျာနယ်တစောင်မှာ ဖတ်ရတာကို ပြောပြတာပါ။ “ကွန်ဖမ်း” ဖြစ်မဖြစ်ကတော့ ဂျာနယ်လစ်ကိုကိုလည်း အာမမခံနိုင်ဘူးခင်ဗျ။ နအဖလက်ထက်မှာက ဒီကနေ့ မနက်ဖြန် သေချာတာရယ်လို့ ဘာဆိုဘာမှ မရှိလေတော့ တပ်အပ်မ ပြောနိုင်တာကို အပြစ်လို့ မဆိုပါနဲ့ပေါ့နော်။ ဟုတ်တယ် ဟုတ်။

အရင့်အရင် နှစ်ကာလတွေတုန်းကတော့ အကယ်ဒမီဆုပေးပွဲ နီးလာရင် ပရိသတ်တွေ လှုပ်လှုပ်ရှားရှား မုန့်ဖုတ်စား (အဲလေ … ယောင်လို့) စိတ်ဝင်တစား ရှိတတ်ကြပေမယ့် ဒီကနှစ်မှာတော့ ပြည်သူတွေခမျာ စိတ်ဝင်စား အားမယ် မဟုတ်ဘူးလို့ ဂျာနယ်လစ်ကိုကို တွက်ဆနေမိသဗျ။ ဘယ်လိုဖြစ်လို့လဲဆိုတော့ လောင်စာဆီဈေးနှုန်းက တာဝတိံသာကို ရောက်၊ ကုန်ဈေးနှုန်း ဂရပ်မျဉ်းက သိကြားမင်းဖင်ကို ဆောင့်နေတဲ့အခါကျတော့ ပြည်သူတွေခမျာ စားဝတ်နေရေး ချားရဟတ်ကြီးထဲမှာ ချာချာလည် မူးနောက်ပြီး ခေါင်းမဖော်အားကြလို့ပါ။

နောက်ထပ် စိတ်မ၀င်စားအားတဲ့ အချက်က ဒီလိုပါခင်ဗျ။ ပြည်သူတွေခမျာ အသုံးမကျတဲ့ စစ်အစိုးရအပေါ် မကျေနပ်တဲ့အကြောင်း စက်တာဘာမှာ ဆန္ဒပြမိကြတယ်လေ။ အဲဒါကို အငြိုးထားပြီး နအဖစစ်ခွေးတွေက လိုက် ကိုက်နေတော့ ပြေးသူ ပြေး၊ လွှားသူ လွှား၊ ပုန်းသူ ပုန်း၊ ရှောင်သူ ရှောင်၊ စစ်ကြောရေးရောက်သူ ရောက်၊ ထောင် ထဲဝင်သူ ၀င်၊ မသေမရှင်နဲ့ မီးရှို့ခံရသူ ခံရ၊ ပုဇွန်တောင်ချောင်းထဲ မျောသူ မျောနဲ့ ယောက်ယက်ခတ် နေကြတာလည်း ပါတာပေါ့။

နောက်ဆုံးတချက်ကတော့ အကယ်ဒမီဆုပေးပွဲ စင်မြင့်ပေါ် အခွက်ပြောင်ပြောင်နဲ့ အရှက်မရှိ တက်လာပြီး ဆုချီးမြှင့်မယ့် လူသတ်ကောင် ကျော်ဆန်းရဲ့ သွက်ချာပါဒမျက်နှာကို မကြည့်ချင်ကြလို့ဘဲ ဖြစ်ပါတယ်။ အကယ်ဒမီဆု ပေးပွဲမှာ တော်ရမ်းတွေ မိန့်ခွန်းချွေမယ့် ကျော်ဆန်းလေကို နားကြားပြင်းကပ်ပြီး တီဗွီပိတ်ထားကြမှာကို ကြိုတင်မြင်ယောင်နေမိတာလည်း ပါပါတယ်။ အဲဒီလို အကြောင်းတရားတွေကြောင့် နေပြည်တော်မှာ သွေးစွန်းလက်တွေနဲ့ ပေးအပ်မယ့် အကယ်ဒမီဆုပေးပွဲကို ပြည်သူတွေ စိတ်ဝင်စားမယ် မဟုတ်ဘူးလို့ ဂျာနယ်လစ်ကိုကို ပွဲကြိုသုံးသပ်ချက်ကလေး ပေးမိခြင်း ဖြစ်ပါသဗျ (အောက်ကြေး စားသွားရင်တော့ အလျော် ပြန်မတောင်းနဲ့နော် … အဟဲ)။

ဒါ့အပြင် အကယ်ဒမီဆုပေးပွဲကြီး ကိုယ်နှိုက်ကိုယ်က စိတ်ဝင်စားချင်စရာ အကြောင်းမရှိတာလည်း ပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ နအဖခေတ် အကယ်ဒမီဆုပေးပွဲ ဆိုတာက ဂျာနယ်လစ်ကိုကိုတို့ ငယ်စဉ်တောင်ကျေး နှပ်ချေးတွဲလောင်းဘ၀က အကယ်ဒမီဆုပေးပွဲတွေနဲ့ “ကွန်ပဲယား”လုပ်ရင် နံ့သာဆီနဲ့ အီးလို အကွာကြီး ကွာနေလို့ပါ။ ဟိုယခင် အကယ်ဒမီဆုပေးပွဲတွေဆိုတာက ဇာတ်ကားတွေ ရာချီတဲ့အထဲက ရွေးချယ်ပြီး ပေးတာဆိုလေတော့ တိုက်ရိုက်လွှင့်တဲ့ ရေဒီယိုနားထောင်နေရင်း ‘ရင်ခုန်ရလွန်းလို့ ရူးမှာပဲ’ ဆိုသလို ဖြစ်ခဲ့ရတာပေါ့။ ဇာတ်ကားတွေကလည်း ကောင်း၊ သရုပ်ဆောင်တွေကလည်း တော်ဆိုတော့ ဘယ်သူရမယ်ဆိုတာကို မှန်းလို့ မလွယ်ဘူးခင်ဗျ။ အဲဒါကို ယုံကြည်မှုလွန်ကဲပြီး လောင်းကြေးထပ်မိလို့က တော့ စပါးနဲ့ အာကြီးပွဲလို ဟက်တက်ကြီးကွဲမှာ သေချာတယ်ခင်ဗျ (၅ဂိုး- ၁ဂိုးတဲ့ဗျာ)။

ဆိုလိုတာကတော့ ဟိုယခင့်ယခင်ကာလတွေက ဇာတ်ကားတွေ အများကြီးထဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရတာဖြစ်ပြီး ဘယ်သူရမယ်ဆိုတာကိုလည်း ခန့်မှန်းရခက်လို့ ရတဲ့အကယ်ဒမီဆုက တန်ဖိုးရှိတယ်လို့ ပြောချင်တာပါ။ အခုခေတ် နအဖလူသတ်အစိုးရက ကျင်းပတဲ့ အကယ်ဒမီဆုပေးပွဲတွေကတော့ …

(၁) ပေးမယ့်ဆု အမျိုးအစားက လက်ဆယ်ချောင်းကျော်ပြီး ရုံတင်တဲ့ ဇာတ်ကားက တနှစ်လုံးမှ လက်ဆယ်ချောင်း မပြည့်တာတို့ (အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ သဘောပေါ့နော်)
(၂) ဆုပေးဖို့ လျာထားတဲ့ မင်းသားက ရောက်မလာဘဲ စားသောက်ဆိုင်တဆိုင်မှာ အရက်ထိုင်သောက်နေလို့ ပွဲမစနိုင်သေးဘဲ လိုက်ရှာပြီး သွားခေါ်ရတာတို့ (ဆုပေးပွဲကို တန်ဖိုးထားတဲ့ သဘောပေါ့ နော်)
(၃) ပေါ်လစီကားရိုက်တဲ့ မင်းသားမင်းသမီးတွေကိုသာ အလှည့်ကျ ဆုပေးတာတို့ (အရည်အချင်း အစစ်အမှန်ပေါ့နော်)
(၄) ဆုရတဲ့သူ နာမည်ကို မကြေညာရသေးခင် ကင်မရာမင်းတွေက ဆုရမယ့် မင်းသားမင်းသမီးရှေ့ ကြိုရောက်ပြီး ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်နေတာတို့ (တော်တော် ရင်ခုန်စရာ ကောင်းတယ်နော်)
(၅) အကယ်ဒမီလိုချင်တဲ့ သရုပ်ဆောင်တွေက ဆုရွေးချယ်ရေးအဖွဲ့ဝင် လူကြီးမင်းတွေအိမ်ကို နောက်ဖေးပေါက်က၀င်ပြီး အုန်းပွဲ၊ ငှက်ပျောပွဲနဲ့ ကန်တော့ရတာတို့ (လူကြီးသူမတွေကို ရိုသေလေးစားတဲ့ သဘောပေါ့နော်)
… အဲသလို ဖြစ်ရပ်မျိုးစုံနဲ့ စွဲဆောင်အား ကောင်းလွန်လွန်းလို့ တန်ဖိုးကျဆင်းပြီး ပရိသတ် စိတ်မ၀င်စားတော့တာလည်း ပါမယ်ထင်တယ်ခင်ဗျ ဟဲ ဟဲ …။

ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်လေ … တနှစ်ပတ်လုံး ဇာတ်ကားတကားထဲ ရုံတင်ပြီး အဲဒီကားကိုပဲ ဆုပေး မယ်ဆိုရင်လည်း တက်ယူမယ့်သူတွေက အများသားဆိုသလို တွေ့နေရတယ်ခင်ဗျ။ အံမယ် … အံမယ် … ကြည့်စမ်း ကြည့်စမ်း ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ကြီးတယောက် ဂျာနယ်တစောင်ထဲမှာ ရင်ခုန်စွာ ပြောကြားနေပုံများ ဒီလို ဒီလို … “အကယ်ဒမီဆိုတာကိုတော့ အကယ်ဒမီရွေးချယ်ရေး ဘုတ်အဖွဲ့က ထူးချွန်တဲ့ အနုပညာရှင်တွေကို ပေးတဲ့ဆုလို့ပဲ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်”တဲ့။

ဟော နာနာလေး (နန္ဒလှိုင်ကို ဂျာနယ်လစ်ကိုကို ချစ်စနိုးခေါ်သံ)ရဲ့ ရင်ခုန်သံကိုလည်း ကြားချင်သေးလား ခင်ဗျ (မျိုးမျိုးခိုင်နဲ့ အတင်းတုပ်တဲ့ အခွေထဲက မဟုတ်ဘူးနော်)။ နာနာလေးကလည်း ဂျာနယ်ထဲမှာ ရင်ခုန်ထားတာက ဒီလို ဒီလို “နန္ဒာ့ကို ပရိသတ်တွေက ရစေချင်တယ် ဆိုတာနဲ့တင် နန္ဒာဝမ်းသာလှပါပြီတဲ့။ တောင်သမန်သစ္စာ ကားနဲ့ ရခဲ့မယ်ဆိုရင်လည်း နန္ဒာ အတိုင်းထက်အလွန် ၀မ်းသာမိမှာပါ”တဲ့။

ဟော … ပိုပြီးထူးခြားနေပုံက အကယ်ဒမီဆုပေးပွဲ မကျင်းပခင်မှာပဲ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးမြင့်သိန်းဖေကို မြန်မာ့ရုပ်ရှင်လုပ်ငန်းက အမှတ်တရဂုဏ်ပြု အကယ်ဒမီရွှေစင်ရုပ်ဆု ပေးအပ်လိုက်တယ် ဆိုတဲ့သတင်းပါပဲ။ အဲဒီသတင်းကို ဖတ်ရတော့ ဒီနှစ်ဆုပေးမယ့် ရွှေစင်ရုပ်တွေကို ဦးလှဒင်နဲ့သားများဆိုင်မှာ သွားအပ်တာ ဆိုင်က အရုပ်တရုပ် အပိုပေးလိုက်လို့များလား၊ ဒါမှမဟုတ် ဦးမြင့်သိန်းဖေတယောက် နအဖသက်တမ်းတလျှောက် စစ်ခွေးတသိုက်ကို (အဖား)တာဝန် ကျေပြွန်ခဲ့လို့ပဲလားလို့ ဂျာနယ်လစ်ကိုကို အတွေးလွန်နေမိလေရဲ့။

ဒါပေမယ့် ဒီ့ထက်ဒီ ပိုပြီးထူးခြားနေတာက ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင် အရေးတော်ပုံအပြီးမှာ မြန်မာ ပြည်သူလူထုကြီးက ပေးအပ်ချီးမြှင့်တဲ့ အကယ်ဒမီဆုပေးပွဲကို ဂျာနယ်လစ်ကိုကို အထူးဧည့်သည်တော်အနေနဲ့ တက်ရောက် သတင်းယူခဲ့ရတာပဲ ဖြစ်ပါတယ်။ အဲဒီဆုပေးပွဲကြီးမှာ မြန်မာပြည်သူလူထုကြီးက တခမ်းတနား ဂုဏ်ပြုပေးအပ်ခဲ့တဲ့ အကယ်ဒမီဆုရှင်က ရှားရှားပါးပါး နှစ်ဦးပဲ တွေ့ခဲ့ရသဗျာ။ သရုပ်ဆောင်တွေ အများကြီး ရှိတဲ့အထဲက နှစ်ယောက်ကိုပဲ ရွေးချယ်ပြီး ပေးအပ်တာဆိုတော့ ဆုရတဲ့ အကယ်ဒမီဆုရှင် နှစ်ဦးကိုယ်စား ဘယ်လောက်တောင် ဂုဏ်ယူစရာ ကောင်းလိုက်လေမလဲဆိုတာ စဉ်းစားကြည့်ပေါ့နော်။ ဆုရှင်နှစ်ဦးက ဘယ်သူတွေလဲဆိုတော့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်းရေးကြီးအတွင်းမှာ လူထုနဲ့တသားတည်း ရပ်တည်ပြီး ရှေ့ဆုံးကနေ တက်တက်ကြွကြွ တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာနဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ရုပ်ရှင်မင်းသား ကျော်သူတို့ပဲ ဖြစ်ပါသဗျ။ သူတို့နှစ်ယောက်လည်း ဆုတက်ယူရော တီးလိုက်ကြတဲ့ ပရိသတ်လက်ခုပ်သံတွေဗျာ၊ ဘ၀ဂ်အထိအောင် ညံ ဆိုသလိုပါပဲ။ ပြည်သူတွေက ဖက်ရမ်းနမ်းရှုတ် ဂုဏ်ပြုလိုက်ကြတာများဆို ကိုဇာဂနာနဲ့ ကိုကျော်သူတို့နှစ်ယောက် အသက်တောင် ဘယ်လိုရှူရမှန်း မသိအောင် ဖြစ်ခဲ့ရသတဲ့ဗျာ။

အဲသလို ပြည်သူ့အကယ်ဒမီပေးပွဲကြီးကို တက်ရောက်ပြီးခဲ့တဲ့ ဂျာနယ်လစ်ကိုကိုအနေနဲ့ နေပြည်တော် လူ သတ်အစိုးရရဲ့ သွေးစွန်းလက်တွေနဲ့ ပေးအပ်မယ့် ဆုပေးပွဲကြီးမှာ သွေးစွန်းလက်တွေကို လက်ဆွဲနှုတ်ဆက် ပြီး ဘယ်သူတွေ ဆုတက်ယူကြမလဲ ဆိုတာကို စောင့်ကြည့်ချင်နေမိပါတယ်။ သေချာတာကတော့ ပြည်သူ့ အကယ်ဒမီ ဆုရပြီးဖြစ်တဲ့ ကိုဇာဂနာနဲ့ ကိုကျော်သူတို့ ပါမှာမဟုတ်ဘူးဆိုတာကို အိမ်တိုင်ပါချွတ်ပြီး လောင်း ကြေးထပ်ချင်နေမိတာပါပဲ။

ဂျာနယ်လစ်ကိုကို

အပြည့်အစုံသို့...

‘အင်’အစိုးရ၊ ‘အင်’ကျောင်းသား၊ ‘အင်’သံဃာနှင့် ‘အင်’စစ်တပ်

ဒီမိုကရေစီဘက်တော်သားတဦး

အပြည့်အစုံသို့...

Wednesday, January 30, 2008

Suu Kyi tells Myanmar to "prepare for worst"

Suu Kyi tells Myanmar to "prepare for worst"
By Aung Hla Tun
Wed 30 Jan 2008, 10:46 GMT

YANGON (Reuters) - Detained Myanmar opposition leader Aung San Suu Kyi is frustrated at a lack of talks on political reform with the ruling military junta since last year's bloody crackdown on dissent, her party said on Wednesday.

After a rare meeting between the Nobel peace laureate and leaders of her National League for Democracy (NLD), spokesman Nyan Win said Suu Kyi held out little hope that unprecedented international pressure on the generals would bear fruit.

"Let's hope for the best and prepare for the worst," he quoted her as saying, adding she worried that Wednesday's 90-minute meeting, and another immediately afterwards with junta liaison minister Aung Kyi, might give rise to "false hope".

Suu Kyi, who has been in prison or under house arrest for more than 12 of the last 18 years, also passed on details of her fourth and last encounter with Aung Kyi on January 11.

Nyan Win said she had told Aung Kyi, appointed as go-between after the September crackdown, that talks must include representatives of Myanmar's many ethnic groups, which have been struggling for autonomy or independence for five decades.

Suu Kyi also told her colleagues she feared she was being strung along by the junta, a group of generals who have turned promise-breaking into an art form, not least by ignoring their humiliating 1990 election defeat.

"She is not satisfied with meetings with Aung Kyi and with the lack of any time frame," Nyan Win said.

In another sign of junta intransigence, NLD number two Tin Oo, who like Suu Kyi has been under house arrest since May 2003, was barred from attending the meeting, held at a government guest house under heavy armed guard.

Ever since the crackdown, in which the United Nations says at least 31 people were killed, diplomats from Beijing to London to Washington have been pushing the junta to hold talks with Suu Kyi about moving towards civilian rule.

Despite admitting U.N. special envoy Ibrahim Gambari twice, the generals have failed to embark on any sort of programme of negotiations, and human rights groups say they are continuing to arrest dissidents and democracy activists.

Police arrested a popular political blogger, Nay Phone Latt, at a Yangon Internet cafe on Tuesday, a local journalist who asked not to be named told Reuters.

The U.N.'s Gambari, who wanted to return to Myanmar before the end of 2007, is still waiting for a visa.

Suu Kyi and the NLD won an election landslide in 1990 but were denied power by the military, which has ruled in one form or another since a 1962 coup. During that time, the once-promising economy has collapsed.

(Reporting by Aung Hla Tun, additional reporting by Nikolas Lynn; Editing by Ed Cropley and Roger Crabb)

အပြည့်အစုံသို့...

ဒက္ခိဏတုတ်ကြီးနှင့် သူ၏ နေ့မစေ့ လမစေ့ ကောလဟာလများ

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

ငှက်မသိတော့ ဇရက် ဂျိုးထင်၊ အချက်မသိတော့ တုတ်ကြီး သမက်ထင် ... အဟတ်ဟတ် ...။
ဒါလည်း ကောလဟာလပဲ .... ထူးထူးခြားခြား ဦးဦးဖျားဖျားလေး ကိုယ့်ကိုယ်ကိုယ် ချောက်ချချင်လွန်းလို့။
ဘုန်းတော် ကြီးတော်မူထသော (မိုတိုရိုလာ လက်ကိုင်ဖုန်း အဟောင်းအစုတ်ကြီးနဲ့ တူသဖြင့် …) ညိုတုတ်နဖူးကြီး ငန်းမြွေသည် ဆင်တကောင်လုံးကို ဖင်ထောင်ကုန်းစေပြီး မြိုခြင်း ...၊ ဒါလည်း ကောလဟာလပဲ၊ ထူးထူးခြားခြား ဦးဦးဖျားဖျားလေး အမြိုခံချင်လို့ ... အဟတ်ဟတ် …။

လွယ်အိတ်ကလေးလွယ် စစ်ဦးထုပ် အဟောင်းလေး ခေါင်းပေါ်တင် ပုဆိုးကို ပြင်ဝတ်ရင်း အိမ်ပြန်ရန်ပြင်၏။
လူသူစည်ကားလှသော လမ်းမကြီးတွင် ဟိုလူ့ကွေ့ရှောင် ဒီလူ့လမ်းပေးဖြင့် အိမ်သို့ပြန်လာရာလမ်းသည် အလုပ်လုပ်ရသည်ထက် မောပန်းစေ၏။

“ကိုကိုတုတ် ... မီဒီယာတွေက ဘယ့်နှာလဲတော့ ...“ မိန်းမဖြစ်သူ ညှက်စိခေါ် ဘုတ်ဆုံက ရှင်အဖြေ မကောင်းရင် ဒီည အိမ်ရှေ့ကပြင်မှာ ခြင်ကိုက်ဖြုတ်ကိုက်ခံ ထွက်ကွေးဖို့ ပြင်တော့ ဆိုသည့်အကြည့်ဖြင့် မေးတော်မူတော့၏။

ဟိုက် ... စောမြသန္တာပါလား ... မောကမောနဲ့ ရေအေးလေးတခွက်မှ မသောက်ရခင် မိန်းမလုပ်သူက ပြဿနာ ဆီးရှာပြီ။ “ဘေဘီညှက်ရယ် .... ကိုကိုတုတ် ဘယ်သိမလဲ ... ကဲ ကိုကိုတုတ်ကို ပြောပြနော်” အချီကြီး ရွှီးတော့မည့် မျက်နှာပေးဖြင့် မိန်းမကို ဂရုစိုက်ချင်ယောင်ဆောင်ကာ စိတ်ပျက်နေသော်လည်း ညစာခက်မည့်အရေး (ဆာလှပါပြီ အလုပ်က ပြန်လာကတည်းက ဘာမှ မစားရသေးသဖြင့် တမျိုးမတွေးပါနှင့်)ကို ကြောက်လှပါသဖြင့် …။

ဘေဘီညှက်က ရေတခွက် ခပ်ပေးရှာ၏။
ပြီးတော့ အင်တာနက် စာမျက်နှာတခု၏ အကြားအမြင်ရမှု အကြောင်းပြောပြပါတော့၏။
“အော် ... အင်း ... သည်းလေးရယ် သူတို့လည်း သတင်းဦး သတင်းထူးဖြစ်လို့ အရင်ဦးချင်တဲ့ ဦးရှင်ကြီးတွေ ဖြစ်မှာပေါ့”
ချစ်သူ ဘေဘီညှက်၏ မျက်နှာလေးကို ငေးရင်း အော် အပြစ်ကင်းလိုက်တဲ့ ငါ့မိန်းမရယ် ငါဒေါသတွေ ထွက်ရင် အမြဲ ဒေါသပြေအောင် စေတနာအပြည့် ချစ်စရာမျက်နှာလေးနဲ့ ငါ့ကို လိမ်ဆွဲ ကြိုဟောက် ခုံဖိနပ်နဲ့ ပေါက်ပြီး စိတ်ပြောင်းစေသူလေးရယ် ... ဒါတွေကြောင့် မင်းလေးကိုချစ်ရတာ ...။

အတွေးမဆုံးခင် ညှက်ညှက်လေးက “ဖြစ်မယ် အဲဒီ ဦးရှင်ကြီးတွေ ရေတော့ ကောင်းကောင်း ကူးတတ်ကြမယ် ထင်ပါ့တော်” ...။
အကွက်ပဲ ... ညှက်ညှက်လေးကို ရေစိုထမိန်ရင်လျှားနှင့် ရေစိုကိုယ်လုံးလေးကို ကောင်းကောင်း မမြင်ရသည်မှာ ကြာလှပြီကတကြောင်း၊ စကားကလည်း ပြောင်းချင်သည်က တကြောင်းကြောင့် ...
“ချစ်လေး စနေ နေ့ကျ မြို့ပြင်က ကန်ကြီးမှာ ရေသွားကူးကြရအောင်”
“ကိုကိုတုတ်ရယ် အရေးထဲ ... ကိုယ့်မယားကိုယ် ပြန်ပြီး နှာဘူး ကျချင်သေးတယ် ... ပြောပါဦးတော်ရဲ့ ... အဲဒါ တခုခုတော့ ပြောသင့်တယ်”
မိန်းမက ပြောလည်းပြော ပုခုံးကို လာမှီပြီဆိုတော့ ဒက္ခိဏ တုတ်ကြီးတယောက် မဇ္ဈိမဒေသမှာ အလည်အလတ် နေပြီး လူလည်ကျလို့ မရတော့ ... ညှက်လေးရဲ့ ဒက္ခိဏဒေသသည်ကား တုတ်ကြီးပျော်စံရာ ... အော် တော်ရာမှာ မနေ ပျော်ရာမှာ နေချင်တဲ့ တုတ်ကြီးပါလား ... ကိုယ့်ဟာကိုယ် သံဝေဂတွေ ဇွတ်တရွတ်ရ ...။
“သည်းလေးရယ် ကိုကို တခုခု ရေးမယ်နော် သိလား”ဟု အလောင်းကြား သေချင်ယောင်ဆောင်ရင်း သူရဘွဲ့ရလိုက်သည့် ဆစ်သူကြီး(ဈေးဝယ်ရင် သူ့ မိန်းမထက် ပိုပြီး ဆစ်တတ်လွန်းလို့ …) တယောက်၏ မျက်နှာပေးဖြင့် ဖြေလိုက်ရင်း ...။

ဂျာနယ်လဆင် နားလည်အောင် လေ့လာတော့မည်ဟု ကျိတ်ဆုံးဖြတ်လိုက်ကာ စိတ်ကူးထဲတွင် သတင်းတပုဒ် ရေးနေမိ၏ ဂျာအေးသူ့ အမေရိုက်သည့် ရေးသားမှုနဲ့တော့ အလုပ်မဖြစ် ... လူတိုင်းလည်း သိ၊ ထူးထူးခြားခြား ဦးဦးဖျားဖျားလည်း ဖြစ်တာလေး ရေးမည်ဟု ... ခဲတံလေး တံတွေးဆွတ်ကာ စက္ကူကြမ်းလေးပေါ်တွင် စတင်ကာ ချရေးလိုက်မိသည်မှာ …။

သတင်းရေးမယ်ဆိုတော့ မေးခွန်းတွေကို အချက်အလက်တွေကို စီတတ်ဖို့ ဘပေါင်းများစွာကို စဉ်းစားမိသည်။ ဘယ်နေရာ ဘယ်သူ ဘာဖြစ် ဘိန်းစား ဘေးထိုင် ဘုပြော ဘောကိုင် ... အဲ ... ဟုတ်သေးပါဘူးလေ ... ဟုတ်ပြီ ... ယမန်နေ့ညနေ လေးနာရီခွဲခန့်က အီတလီနိုင်ငံ ရောမမြို့မှ အဆိပ်ပုလင်းကို ရွေးခဲ့သော ဆိုကရေးတီးက ပလွေတို အဲ ... မှားလို့ ပလေတိုအား ရေးခဲ့သော နောက်ဆုံး မေတ္တာစာကို ချင်းမိုင်မြို့ ဂွင်းကိုင် လှမ်းထောက်ပွဲ … အဲ ... မှားပြန်ပြီ လမ်းလျှောက်ပွဲတွင် တာဝန်ရှိသူ (ကိုယ်ဝန်တားဆေး ရှိစရာမလိုသူ) တစ်ဦးက ရွတ်ဖတ် ဖော်ပြသွားခြင်း ...။

ဒေးဗစ်ကော့ပါးဖီးလ် ၀တ္တုကို ရေးခဲ့သော ချား လ ဒစ် ကင်း သည် ဂျုဒ် သ အော့ဘ်စကူးယ် ရေးခဲ့သော သောမတ်စ် ဟာဒီနှင့် မယားညီအကို ဖြစ်ခဲ့ရုံမက ယခုဘ၀တွင် လူပြန်ဖြစ်ကာ မြန်မာ အင်တာနက် သတင်းဌာနတစ်ခုတွင် မှားနေသောသတင်းအား သတင်းစာ သိက္ခာကျမှာ မခံနိုင်ဟု ဆိုသောအကြောင်းပြချက်ဖြင့် ... များတို့ကတော့ ပြင်ဘူး .... များတို့ ခုလိုပြောလိုက်တော့ ဖြစ်ကိုဖြစ်တော့မှာ ဟူသော ယုံကြည်ချက်ဖြင့် ဒုတိယံပိ လုပ်ချလိုက်ပြန်ခြင်း ... ပထမအကြိမ် လုပ်တာကတော့ မ.က.ဒ.တ ကျောင်းသားတပ်မတော်နှင့် ပတ်သက်သည့် ကိစ္စ ... ထို ကိစ္စတုန်းကလည်း မြန်မာစာကို သေချာ မဖတ်သူတို့က တုတ်ကြီးကို အခြောက်ထံက ထောက်ပံ့ကြေးဖြင့် လူလုပ်နေသည် ထင်သည်။ မွှားပါဒယ် ... သို့သော် ကိစ္စမရှိ ... စာဖတ်သူ အမှားမဟုတ် ... တုတ်တုတ်အမှား ... ပြင်းထန်လွန်းသော ဘားရှင်းကလေးကို လူကြည့်ကောင်းအောင် ဖင်သနပ်ခါး လိမ်းလိုက်မိသည့်အဖြစ် ...။(ဘယ့်နှယ် သတင်းရေး ကျင့်မယ်ဆိုမှ အတွေးတွေက ဟိုရောက်ဒီရောက် …)

မဖြစ်တော့ ... တုတ်ကြီး လက်လျှော့တော့မည် ... တုတ်ကြီး ဟုတ်တိပတ်တိ သတင်းမဖြစ်ဖြစ်အောင် ကိုယ့်ကို မသိသော်လည်း ကိုယ်ကကြိတ် ခင်မင်သည့်သူများ ကွိသွားအောင် မလုပ်ရက် .... ဒီတော့ ညှက်စိလေးကို မျက်နှာချိုသွေးရင်း ပြောလိုက်မိသည် ....“ချစ်လေး ... ကိုကို ထပ်ပြီး ကျိန်းသေအောင် ရေးမယ်နော် သိလား၊ မကျိန်းသေမှာ စိုးလို့”ဟု ဖြေရင်း ... ဗိုက်ကြော ခပ်ပြင်းပြင်း ဆွဲခံလိုက်ရပါတော့သည်။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

ဆုံးမစာ (စုန်းမ ဆာ မဟုတ်) ။ ။ သတင်းဆိုသည်မှာ ကြိုတင် နှပ်ကြောင်းပေး ဖန်တီးအပ်သော ကိစ္စမဟုတ်။

အပြည့်အစုံသို့...

မီဒီယာဖော် မီဒီယာဆိတ်များသို့ …

နယ်ခြားမဲ့ မြန်မာဘလော့ဂါများ

တကယ်တော့ ဒီအကြောင်းမျိုးကို ရေးချင်နေတာ ကြာပါပြီ။ မကောင်းတတ်လို့ စောင့်ကြည့်နေခဲ့တာပါ။ အခုတော့ ဘယ်လိုမှ မတတ်သာတော့လို့ ချရေးလိုက်ရပါတယ်။

အားလုံးသိကြတဲ့ အတိုင်းပါပဲ။ မြန်မာ့သတင်းတွေကို သိချင်ရင် ပြည်တွင်းက အစိုးရထုတ်ဝေတဲ့ သတင်းတွေကို ဘယ်လိုမှ အားထားလို့ မရတဲ့အတွက် ပြည်ပမီဒီယာတွေကိုပဲ အားကိုးရပါတယ်။ အဲဒီ ပြည်ပမီဒီယာတွေထဲမှာမှ BBC, CNN တို့လို ပြည်ပမီဒီယာကြီးတွေရှိသလို ပြည်ပရောက် မြန်မာဒီမိုကရေစီ အင်အားစုတွေက တည်ထောင်ထားတဲ့ မီဒီယာတွေလည်း ပါပါတယ်။ အဲဒီလို ဒီမိုကရေစီအင်အားစုများက မီဒီယာ တည်ထောင်ထားခြင်းဟာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူရစေဖို့ ရည်ရွယ်ချက် ဖြစ်မယ်လို့ ယူဆမိခဲ့ပါတယ်။ (ယူဆမိရုံပါ။)

ဒီမနက်က မြန်မာပြည်မှာ ဘလော့ဂါ တစ်ယောက် အဖမ်းခံရတယ်လို့ သတင်းထွက်ပါတယ်။ သူ့ကို သိသူများက အချင်းချင်း အဆင်ပြေတဲ့ နည်းလမ်းတွေနဲ့ (လုံခြုံရေးကို ငဲ့ညှာပါက ဘယ်နည်းများလဲလို့ ကျေးဇူးပြု၍ မမေးပါနဲ့) တနေ့လုံး ဆယ်သွယ် မေးမြန်းကြတဲ့အခါ မသေချာပါဘူးလို့ ပြောပါတယ်။ အခုစာရေးနေချိန် မြန်မာစံတော်ချိန် ည (၉)နာရီအထိ သူ့ကို ရဲတွေက ဖမ်းဆီးခေါ်သွားတယ်လို့ တစ်ယောက်မှ မျက်မြင်မတွေ့သေးပါ။ အဲဒီအချိန်မှာ နေ့လည်လောက်ကတည်းက မီဒီယာတချို့မှာ သတင်းက တက်သွားပါပြီ။ မသေချာလို့ မတင်ပါနဲ့ဦးလို့ လိုက်ပိတ်ချိန်မှာ တင်ပြီးသွားလို့ ဆောရီးပါပဲလို့ အွန်လိုင်း မက်ဆင်ဂျာကနေ ဆောရီးတာ တစ်ချက်ကလွဲလို့ သတင်းကို ပြန်ရုပ်သိမ်းမပေးပါ။ အခု စာဆက်ရေးနေတုန်း ကျန်ဘလော့ဂါတွေပါ တိမ်းရှောင်နေတယ်လို့ သတင်း ထပ်တက်ပြန်တယ်။ တကယ်တော့ သူ အဖမ်းခံရတာ ဟုတ်မဟုတ် အခုအထိ မိသားစုကရော ရင်းနှီးတဲ့ မိတ်ဆွေတွေကပါ အတည်မပြုနိုင်သေးပါ။

ဒီသတင်း မှားသွားခဲ့ရင် .. ဆိုတာကို သတင်းမတင်ခင် ထိုမီဒီယာတွေ တွေးမိပါသလား။
ကဲ ဒီသတင်း မှန်သွားခဲ့ရင်ရော ဘာအကျိုးရှိမှာလဲ။ လက်တွေ့ကျကျ စဉ်းစားရင် တစ်ယောက်ယောက် အဖမ်းခံရတယ်ဆိုရင် သူသူကိုယ်ကိုယ် ပြန်လွတ်စေချင်တာပါပဲ။ သူ့ဖာသာ ဖြေရှင်းပြီး ပြန်လွတ်ကောင်း လွတ်လာနိုင်ပါတယ်။ ခဏလောက် မစောင့်နိုင်ကြတော့ဘူးလား။ ဒီသတင်းကို ကိုယ်ကမှ မတင်လိုက်ရင် သူများက အရင်တင်သွားမှာကို အစိုးရိမ်ကြီး နေလေရော့သလား။ သူကတော့ ဘယ်သူဘယ်ဝါပါ ဘာသမိုင်းတွေနဲ့ပါလို့ ကိုယ်ရေးရာဇ၀င်ကို ရိုက်မစစ်ရဘဲ နအဖအကြိုက် မီဒီယာကိုယ်တိုင်က အကုန်ဖော်ပြီး သူများထက်ဦးအောင် သူများထက် စုံအောင် သတင်းကို ရေးပြီး တင်ရခြင်း ရည်ရွယ်ချက်က လူများများ လာဖတ်စေချင်ရုံ သက်သက်ပဲလား။ တစ်ယောက်ယောက် အဖမ်းခံရရင် သတင်းတင်တယ်ဆိုတာ အခြေအနေ အမျိုးမျိုးရှိမယ်လို့ ထင်ပါတယ်။ low profile နေသူ သူတတ်စွမ်းသမျှ အနုပညာနဲ့ ရေးသားနေသူ တစ်ယောက်ကို သတင်းမသေချာသေးတဲ့ အခုလိုအချိန်မှာ ပြူးတူးပြဲတဲ နိုင်ငံရေး တံဆိပ် အတင်းကပ်လိုက်တဲ့အခါ သူဟာ ပြန်လွတ်လာနိုင်ပါဦးမလား။ လွတ်လာခဲ့ရင်ရော နောက်ပိုင်း သူဘယ်လို နေထိုင်သွားရမှာလဲ။ အဖမ်းခံရသေးတာ မဟုတ်ဘဲ သူ့ဘာသာ တနေရာ ရှောင်နေတာ ဖြစ်ခဲ့ရင်ရော ဒီသတင်းတွေကြောင့် ကြောက်လန့်ပြီး တောထဲ ရောက်သွားစေချင်တာလား။

ညာသံ ၀ိုင်းပေးတာလည်း ပေးပေါ့။ စဉ်းစဉ်းစားစားလည်း လုပ်ကြစေချင်ပါတယ်။ အပြင်က လူတွေက အော်ရုံအော်နေတာ။ အတွင်းကို နားလည်မှု မရှိကြဘူး။ သူတို့ကြောင့် တို့တွေ အနေရပိုကျပ်တယ်လို့ ပြည်တွင်းက ပြောနေတဲ့ တချို့အသံတွေကိုလည်း ကျနော်တို့ထဲက တချို့ကနားနဲ့ ဆတ်ဆတ်ကြားခဲ့ရပါတယ်။

အင်တာဗျူးတွေမှာ မမေးသင့်တဲ့ မေးခွန်းတွေကို မမေးသင့်တဲ့ အချိန်မှာမေးလို့ တချို့မြန်မာမီဒီယာတွေ ကဲ့ရဲ့ခံခဲ့ရပါတယ်။ သတင်းတွေရရင် အူယားဖားယားတင်လို့ အစိုးရဘက်က တဖက်လှည့်နဲ့ပို့တဲ့ မမှန်တဲ့ ဓာတ်ပုံတွေ သတင်းတွေ ထောင်ချောက်မိတာလည်း တစ်ကြိမ်မကပါ။ အခုပြောနေတာ ပြည်ပ exile မြန်မာမီဒီယာတွေရော သတင်းအဓိကတင်တဲ့ ဘလော့ဂ်တွေကိုပါ ပါပါတယ်။ ဖြစ်ပြီးသူများကို နောက်မဖြစ်စေချင်သလို မဖြစ်သေးသူများလည်း စဉ်းစားနိုင်ရန် ဖြစ်ပါတယ်။

နောက်ဆုံး မေးချင်တာကတော့ သတင်းတစ်ခု တင်ခါနီးရင် ကိုယ့်ရည်ရွယ်ချက်က ဘာလဲ ။ အခု မြန်မာမီဒီယာတွေက မီဒီယာသက်သက် မဟုတ်ဘဲ တော်လှန်ရေးမီဒီယာ လုပ်နေပါတယ်ဆိုတာကို သတိထားမိစေချင်ပါတယ်။ မှန်ရင် ဘာမဆို တင်မှာပဲလား။ မှန်တာရော သေချာရဲ့လား။ ဘယ်လောက် တိကျ သလဲ။ မှန်ရင်တောင် ကိုယ့်ထင်မြင်ချက်ကို မရေးဘဲ စောင့်ထိန်း မရေးသားသင့်ပေဘူးလား။ ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ဖို့မဟုတ်ဘဲ Media for Media Sake သက်သက်ပဲ ဆိုရင်တော့လည်း ဒီစာကို လျစ်လျူရှုလိုက်ပါ။ ကျနော်တို့လည်း အဲဒီ မီဒီယာမျိုးကို လျစ်လျူရှုလိုက်ပါမယ်ခင်ဗျား။

နယ်ခြားမဲ့ မြန်မာဘလော့ဂါများ
Burmese Bloggers w/o Borders (BBWOB)
http://bbwob.blogspot.com

အပြည့်အစုံသို့...

Tuesday, January 29, 2008

ဆေးရောင်စုံ ဇင်းမယ်ကောက်ကြောင်း

ဆေးရောင်စုံ ဇင်းမယ်ကောက်ကြောင်း
အေးချမ်းမြေ့
(ဧရာဝတီ ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

“ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ်” အငြိမ့်မင်းသမီးချောလေး ချောစုမျိုး၏ အသံက ပီပြင်ကြည်လင်စွာ ထွက်ပေါ် လာသည်။ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မျက်နှာပုံပါ တီရှပ်အဖြူရောင် များဖြင့် သူတို့တဖွဲ့လုံးကို ကြည့်ရသည်မှာ ရှင်းသန့်နေ၏။

သီးလေးသီး ဆေးရောင်စုံအငြိမ့် ထိုင်းနိုင်ငံဇင်းမယ်မြို့တွင် လာရောက်ကပြမည်ဆိုသော သတင်းကြား ကတည်းက အားပါးတရ အားပေးလိုက်မည်ဟု ဇင်းမယ်မြို့ရောက် မြန်မာအများစု ကြံစည်ထားပြီး ဖြစ်သည်။ ဇန်နဝါရီ ၂၆ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင်တော့ ဇင်းမယ်တက္ကသိုလ် ဝင်းထဲတွင် ရှိသော ဗိသုကာ အဆောက်အအုံ ခန်းမထဲမှာ စိတ်အားထက်သန်စွာ စောင့်ကြည့်အားပေးမည့် ပရိသတ်များနှင့် ပြည့်နေပြီ။

သီးလေးသီးက သူတို့၏ အငြိမ့်သဘင်ကို ဘုရားကန်တော့ခန်းဖြင့် ဖွင့်ပြီးနောက် တင်ဆက်မှု အစီအစဉ်ကို “ဗမာ့သူရဲကောင်း” သီချင်းဖြင့် စတင်လိုက်သည်။

“ရာဇဝင် အထုပ္ပတ္တိလည်းရှိရမယ် မော်ကွန်းလည်း ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်း ရယ်” ဆိုသည့် သံပြိုင်အပိုဒ်တွင် ပရိသတ်များကပါ လက်ခုပ်များတီး၍ လိုက်လံသီဆိုကြသည်။

တခြားသူတွေတော့ မသိ၊ သူကတော့ သံပြိုင်အပိုဒ်ကို လိုက်လံသီဆိုရင်း ကြက်သီးဖြန်းဖြန်း ထမိသည်။ အဲဒီ သီချင်းက မြန်မာပြည်တွင်းမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ၊ တချို့ကလေးများဆိုလျှင် ကြားပင်ကြားဖူးမည် မထင်။

“ဒီသီချင်းကို ကျမအစက မရဘူးလေ၊ နည်းနည်းတော့ ကြားဖူးတယ်၊ ဒီဘက်ရောက်တော့မှ ဖျော်ဖြေပွဲမှာ ထည့်ဖို့ မနည်း အောင် အလွတ်ကျက်ရတာ” ဟု သီးလေးသီး ဆေးရောင်စုံအငြိမ့်၏ ခေါင်းဆောင်မင်းသမီး ချောစုမျိုးက ပြောပြသည်။

ပြီးတော့ လူရွှင်တော် ဂေါ်ဇီလာက နဂါးနီသီချင်းဖြင့် ဖျော်ဖြေသည်။ ထိုသီချင်းတွင်လည်း “ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည် လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်” ဆိုသည့် သံပြိုင်အပိုဒ်ကို ပရိသတ်က လိုက်လံသီဆိုကြသည်။ ကိုဂေါ်ဇီလာက ဆိုပြီးပါက သူစင်ပေါ်က ဆင်းပေးပါမည်ဟု သီချင်း မသီဆိုမီက ပြောခဲ့သည့်အတိုင်း သီချင်းဆိုပြီးနောက် “ကတိပေးထားတဲ့အတိုင်း ကျနော်ဆင်းပြီနော် သူများတွေလို ခဏဆိုပြီး အနှစ်၂၀ ကြာတဲ့ထိ မဆင်းပေးတဲ့သူ မဟုတ်ဘူး” ဟု အရွှန်းဖောက်ရာ ပရိသတ်များ ပွဲကျခဲ့ရသေးသည်။

လူရွှင်တော် ပန်းသီး၏ “မွေးမေ့ကျေးဇူး ဆပ်ဖူးချင်တယ်” သီချင်းတွင်တော့ ပရိသတ်များအားလုံး တုတ်တုတ်မျှ မလှုပ်နိုင်တော့။ အများစုက အကြောင်းအမျိုးမျိုးကြောင့် အမေနှင့် ခွဲခဲ့ရသူတွေ၊ တချို့ အမေ့ကျေးဇူးကို ဆပ်ချင်လျက် မဆပ်လိုက်ရဘဲ အမေ့ရဲ့ နောက်ဆုံးအချိန်ကို နာကျင်စွာဖြင့် အဝေးက မှန်းဆကန်တော့ရသူတွေ၊ တိုက်ဆိုင်သူတိုင်း၏ ရင်ထဲက ကြေကွဲသံများကို သီချင်းသံနှင့် ထပ်တူကြားနေရသည်။ သူ့အနားက နိုင်ငံရေးသမားကြီး တဦးလည်း မျက်ရည်တွေ ဝဲနေသည်။

လူရွှင်တော်စိန်သီးနှင့် ချောစုမျိုးတို့ နှစ်ယောက်တွဲ သီဆိုသည့် “ငယ်ကျွမ်းဆွေ” သီချင်းကျတော့မှ အားလုံး ပြုံးပြုံးရွှင်ရွှင် ပြန်ဖြစ်နိုင်တော့သည်။ ပြီးတော့ ဇီးသီးနှင့် ပန်းသီးတို့၏ ကရင်ဒုံးယိမ်း၊ ကြယ်သီးနှင့် ချောစုမျိုးတို့၏ ဦးရွှေရိုးနှင့် ဒေါ်မိုး အကများကလည်း ပရိသတ်အားပေးမှုကို အပြည့်အဝရသည်။

နောက်အစီအစဉ် တခုကတော့ မြန်မာနိုင်ငံတွင် ကွယ်ပျောက်ခဲ့ပြီဖြစ်သော သံချပ်အစီအစဉ် ဖြစ်သည်။ ငယ်ငယ်က စွဲမက်စွာ ကြည့်ဖူးခဲ့သော သင်္ကြန်သံချပ် ပြိုင်ပွဲများကို သတိရမိသည်။ အဖွဲ့လိုက် တူညီဝတ်စုံများဖြင့် ခေတ်ကို ထင်ဟပ်သော စကားလုံးများကို သုံးကာ ပြောင်မြောက်စွာ ဖွဲ့နွဲ့သရော်သော လူငယ်သံချပ်များ ဖြစ်သည်။ ခုသီးလေးသီးနှင့် ကိုဂေါ်ဇီလာကလည်း သင်္ကြန်သံချပ် ပုံစံအတိုင်း တိုင်သွားဖောက်သွားသည်။

သူများပျော်လို့ မပျော်နိုင် ဒိုင်လူကြီးတွေ သနားစရာပါဟေး
အိမ်ကချစ်ချစ် ပျောက်လို့ရှာ တွေ့ပြီတွေ့ပြီ သူပဲသူပဲ။
လှေခါးထစ်ကြီး ထွက်လို့လာ စီးပွားရေး စီးပွားရေး
သံချပ်တိုင်ပြီး ဟစ်လို့အော် တို့အရေး တို့အရေး
သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ မောင်တို့။ သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ မယ်တို့
ဆေးဆေးဆေး ရောင်စုံလား။ သီး သီး သီးလေးသီးဟေ့
မီးသွေးခဲမို့ မည်းသကိုး၊ သီးလေးသီးမို့ ရဲသကိုး
နံရံကြီးကို လက်သီးနဲ့ထိုးရင် ထိုးတဲ့လက်သီးနာမှာပေါ့
နာချင်နာပစေ ဆက်ထိုးမှာပဲ အဲဒါ သီးလေးသီး

စသည်ဖြင့် မြူးမြူးကြွကြွ သရုပ်ဖော် တင်ဆက်သွားသည်။ “လူတွေကလည်း အခွင့်အခါလေးရတာနဲ့ ကြီးနိုင်ငယ်ညှဉ်း လုပ်ချင်တယ်၊ အန်ကယ်မမြင်နိုင်တဲ့ ရပ်ကွက်ထဲမှာလည်း ကြီးနိုင်ငယ်ညှဉ်း လုပ်ချင်တယ် နိုင်ငံပိုင်တဲ့ ရုံးဌာနထဲမှာလည်း ကြီးနိုင်ငယ်ညှဉ်း လုပ်နေတယ်။ အရာရှိကြီးကကွယ် ရုံးအုပ်ကြီးကို ဟောက်၊ ရုံးအုပ်ကြီးကကွယ် စာရေးကြီးကို ဟောက်။ စာရေးကြီးကကွယ် စာရေးလေးကို ဟောက်၊ စာရေးလေးကကွယ် ရုံးလုလင်ကို ဟောက် ရုံးလုလင်က မခံနိုင်တော့ ခွေးကို ပိတ်လို့ကန်”

လူအချင်းချင်း ကြီးနိုင်ငယ်ညှဉ်း လုပ်တတ်သည့် သဘာဝကို သရော်ထားသည့် သံချပ်ကြောင့် ပရိသတ်မှာ သဘောအကျ ကြီးကျလျက် လက်ခုပ်သြဘာသံမစဲ အားပေးကြသည်။ “ဖားကိုမြွေမြို၊ မြွေကိုစွန်သုပ်၊ အဖြေ ထုတ်ကြည့်စမ်း စဉ်းစားစရာ ဘာလိုလို့လဲ။ လူဟာလူပဲ မူနဲ့မဆိုင်ဘူး၊ ရည်ရွယ်ချက်က ကောင်းပါတယ် မကောင်းတာက လူ”
သံချပ်ဖြင့် အားရပါးရ ဖျော်ဖြေပြီးချိန် ကြည့်ရှုသည့် ပရိသတ်လည်း အားရကျေနပ်မှု အပြည့်ရသွားပုံရသည်။ ကျေကျေနပ်နပ် ရယ်မောသံများ အတောမသတ် နိုင်သေးခင်မှာပင် အငြိမ့်ခွင် စတင်သည်။ လူရွှင်တော် ဝတ်စုံပြည့်ဖြင့် သီးလေးသီးနှင့် ဂေါ်ဇီလာ စင်မြင့်ပေါ် တက်လာကတည်းက လက်ခုပ်သံ ညံမစဲ ဖြစ်သွားသည်။

“၂၀၀၈ ခုနှစ်မှာ မြန်မာတနိုင်ငံလုံး လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတော့မှာကွ”
“ဟုတ်လား ဘာဖြစ်လို့လဲ”
“အိမ်တိုင်းအိမ်တိုင်း တအိမ်တလုံး မီးစက်တွေ ဝယ်တော့မှာမို့လို့”

သူတို့ ပါးစပ်ဟလိုက်သည်နှင့် လူများက ရယ်ဖို့ပြင်ပြီးသား ဖြစ်နေသည်။ အတိုင်အဖောက်ကလည်း ညီလှသည်။ ဒါတောင် ဇင်းမယ်မှာ သူတို့ကရတာ အဆင်မပြေမှုတွေနှင့်။ ဇာတ်စင်က ကျဉ်းသည်၊ ဆိုင်းဝိုင်းက မရှိ၊ ရတာလေးနှင့် ဆိုင်းဝိုင်းဖြစ်အောင် ဖန်တီးပြန်တော့ တီးမည့်သူက မရှိပြန်။ ပန်းသီးက ပတ္တလား ပြေးခေါက်လိုက် ပြက်လုံး ပြေးထုတ်လိုက်၊ ဆီးသီးက ဗုံပြေးတီးလိုက် ပြက်လုံး ပြေးထုတ်လိုက် လုပ်နေရသည်။

သို့သော်လည်း သူတို့မျက်နှာများတွင် တချက်ကလေးမှ စိတ်ညစ် စိတ်ပျက်ဟန မတွေ့ရ၊ မောသည့် ပန်းသည့် ဟန်လည်း မတွေ့ရ။ ပရိသတ်ကို ဆွဲခေါ်သွားသလို ပရိသတ်ကလည်း သူတို့ခေါ်ဆောင်ရာနောက် ပျော်ရွှင်စွာ အလိုက်သင့် လိုက်ပါသွားသည်။

“ကမ္ဘာမြေ အတိတ်အခါလို မညှိုးဖို့၊ ဗမာတွေ အိပ်ရာက နိုးကြပါတော့
အဘိဇ္ဈာအဆိုး ပြည်ဗဟိုရ် မပွေလီစေနဲ့တော့
ဒီမိုကရေစီ အများသဘောတူ အုပ်ချုပ်၍ မယားချောချောယူကာ အလုပ်လုပ်ဖို့
ယနေ့ ခေတ်ပြောင်းကြပါစို့
ရသေ့ရှစ်သောင်း မဏိရတနာ စည်တီးသလို
ကဝိဆရာ အညီမိုး၍ မှတ်ချက်သွင်းပါတော့
အမိမြန်မာပြည်ကြီး ဇာတ်ကွက်ရှင်းတဲ့အောင်
ပါးစပ်မဂ္ဂဇင်းဖွင့်” ဟူ၍ ကြယ်သီးက မင်းသမီးအခေါ် စာချိုးလေးကို ဆိုလိုက်သည်နှင့် ရှေ့ထွက်မင်းသမီးလေး မြစံပယ်ငုံကလည်း သူ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သည်။

မင်းသမီးနှစ်လက်လုံးက တမျိုးတဘာသာစီ ကချိုးများဖြင့် စီစဉ်တင်ဆက်သွားသလို လူရွှင်တော်များကြောင့်လည်း ပရိသတ် တချက်ကလေးမှ ပါးစပ်မပိတ်ကြရ။ လက်ခုပ်သြဘာသံများဖြင့် ခန်းမတခုလုံး ဟိန်းဟိန်းညံနေသည်။

သတင်းဌာနများဖြင့် ပြည့်နေသော ဇင်းမယ်မြို့မှာ သူတို့က ပြက်လုံးအသစ်အဖြစ် သတင်းမျက်လုံး အစီအစဉ်ကို တင်ဆက်သွားသည်။ တင်ဆက်သူများကတော့ ပန်းသီးနှင့် ဆီးသီးတို့ ဖြစ်သည်။

“တရုတ်နိုင်ငံတွင် ရှစ်ထပ်တိုက်ပေါ်၌ ရေချိုးနေသော တရုတ်မကြီးအား ကားတိုက်သွားခြင်း။ ဖြစ်ပွားပုံမှာ ရေချိုးနေစဉ် ဆပ်ပြာကျ၍ ဆင်းကောက်ရာမှ ကားတိုက်သွားခြင်း ဖြစ်ပါသည်။ ကားမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပါသဖြင့် ဆေးရုံသို့ တင်ပို့လိုက်ရပြီး တရုတ်မကြီးမှာ လေးကျိုးသွားပါသဖြင့် ဝပ်ရှော့မှ ဂဟေဆော်ပေးလိုက်ကြောင်း ကြားသိရပါသည်” ဒါက နိုင်ငံတကာသတင်း ဖြစ်သည်။

မြန်မာနိုင်ငံသတင်းကတော့ “မှော်ဘီအဝေးပြေး ကားလမ်းမကြီးပေါ်တွင် လမ်းဖြတ်ကူးနေသော ပုရစ်တကောင်အား ကားတိုက်သွားခြင်း။ ပုရစ်မှာ ပေါင်ကျိုးသွားပါသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လိုက်ရာ ဆေးရုံတွင် ပေါင်ကျိုးသွားသော ပုရစ်အား စီးစရာ ပတ်တီးများ မလုံလောက်ပါသဖြင့် ဆရာဝန်ကြီးများ တိုင်ပင်၍ ၎င်းပုရစ်အား ကြော်စားလိုက်ကြောင်း သတင်းရရှိပါသည်” ဟူ၍ဖြစ်သည်။

သတင်းတပိုဒ် ဖတ်ပြီးတိုင်း ကိုဂေါ်ဇီလာက အနားတွင်ထိုင်၍ ပန်းသီးနှင့် ဆီးသီးအား လက်ညှိုးတလှည့်စီ ထိုးကာ “လိမ်နေသည်” “ညာနေသည်” “ သတိထား” ဟူ၍ အော်ပေးသည်။

“ရန်ကုန်မြို့ မဂ္ဂင်ကျောင်းတိုက်တွင် သနပ်များတွေ့ရှိခြင်း၊ ယင်းကိစ္စကြောင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးရာ သရက်သီးသနပ်များ ဖြစ်နေကြောင်း သတင်းရရှိပါတယ် ခင်ဗျာ” ဟူသော သတင်းကြေညာချက်ကိုတော့ ပရိသတ်များ သဘောအကျဆုံး ဖြစ်သည်။

“ကျနော်တို့က သုညဘဝက လာခဲ့ရသူတွေပါ၊ လေးယောက်ပေါင်းမှ လမ်းစရိတ် ကျပ်ငါးဆယ်ပဲ ရှိတဲ့နေ့တွေမှာ ပညာသင်ပေးမယ့် ဆရာ့အိမ် လမ်းလျှောက်ပြီး သွားခဲ့ရဖူးပါတယ်၊ ကျနော်တို့အားလုံး နိုင်ငံတကာကို လှည့်ဖြေဖျော်ပြီးရင် အမိနိုင်ငံကို ပြန်ပါမယ်” ဟု ဆီးသီးက ဧရာဝတီကို ပြောကြားသည်။

“ဇင်းမယ်က မြန်မာပြည်နဲ့လည်း နီးတယ်၊ မြန်မာပြည်ရဲ့ တချို့နေရာလေးတွေနဲ့လည်း တူတယ်ဆိုတော့ မြန်မာပြည်ကို ပြန်ရောက်ပြီး ဖျော်ဖြေနေရသလို ခံစားရတယ်” ဟု ပန်းသီးက ပြောသည်။

စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့တွင် ဖျော်ဖြေခဲ့ပြီးဖြစ်သဖြင့် မြန်မာပြည်ကို မပြန်ချင်တော့ဘူးဆိုသည့် စိတ်မဖြစ်မိဘူးလားဟု မေးကြည့်မိသည်။

“အဲဒီလိုတော့ မဖြစ်မိပါဘူး၊ ကျနော်တို့ ပြန်ရမယ်၊ အိမ်နီးချင်းနိုင်ငံတွေထက် အများကြီး နောက်ကျကျန်ခဲ့တဲ့ ကျနော်တို့နိုင်ငံရဲ့ အနေအထားကို စဉ်းစားမိတော့ ဝမ်းနည်းမိတယ်ဗျာ” ဟု ပန်းသီးက ဖြေသည်။ ဆက်လက် ပြီးသူက တိုင်းပြည်အနေနှင့် ဒီမိုကရေစီရပြီးသည့်တိုင်အောင် အများကြီး ကြိုးစားရဦးမည်ဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့ အနုပညာသမားတွေကလည်း အနုပညာ တာဝန်ကျေရမယ်၊ တခြားနယ်ပယ်က လူတွေအားလုံး ကိုယ့်တာဝန် ကိုယ်ကျေပြီး အလုပ်တွေ အများကြီး လုပ်ရဦးမယ်”ဟု သူက ဆက်ပြောသည်။

ပရိသတ်နှင့် ဆေးရောင်စုံတို့ အတိုင်အဖောက်ညီညီ တင်ဆက်သူက တင်ဆက် အားပေးသူက အားပေးဖြင့် အချိန်ကုန်လို့ ကုန်မှန်းမသိရ။ သူကတော့ အငြိမ့်ခွင်ပြီးသွားမှာကို တိတ်တိတ်ကြိတ် ပူပန်နေမိသည်။ သည်လိုပွဲမျိုး သူတို့ငတ်ခဲ့သည်မှာ ကြာလှပြီ။

ကိုဂေါ်ဇီလာ၏ ပြက်လုံးတခုကိုလည်း ပရိသတ်က တော်တော် သဘောကျကြသည်။ မေးကြည့်တော့ ဒီဇင်းမယ်ရောက်မှ ပြက်သည့် ပြက်လုံးအသစ်ဟု ဆိုသည်။

“ငါ့ကို နေပြည်တော်က လိုက်ခဲ့ပါ ခေါ်လို့ လိုက်သွားတယ်ကွာ၊ နိုင်ငံတော်အကြီးအကဲ အိမ်ကို သွားရမှာတဲ့၊ အဲဒီရောက်တော့ ငါမဝင်ရဲဘူးကွ အိမ်ရှေ့မှာ ကျောက်စိမ်းတွေ အချပ်လိုက် ခင်းထားတာလေ။ ဒါပေမယ့် သူက ဝင်ခဲ့ပါဆိုတော့ ငါဝင်သွားတယ်၊ အထဲရောက်တော့ ထိုင်ခုံမှာ မထိုင်ရဲပြန်ဘူး”

“ထိုင်ခုံက နဝရတ်ကိုးသွယ်နဲ့ စီချယ်ထားတာကွ၊ ဒါနဲ့ သူက ထိုင်ပါကွာဆိုလို့ ထိုင်လိုက်ရတယ်။ အဲကွန်းကလည်း အေးစိမ့် နေတာပဲကွာ။ လျှပ်စစ်မီးကို အပြည့်အဝ ပေးထားတာ။ အဲဒီမှာ သူကပြောတယ် ဒီမှာ ဂေါ်ဇီလာတဲ့ ငါ့တို့ကို မြန်မာနိုင်ငံအုပ်ချုပ်ခွင့် နောက်ထပ် (၁၀) နှစ်ပဲ ထပ်ပေး၊ တိုင်းသူပြည်သားတွေအားလုံး ခုလို ပိုင်ဆိုင်စေရမယ်တဲ့ကွ၊ ဒါနဲ့ ငါက ပြန်ပြောလိုက်ပါတယ်။ ခုကျနော်က ပြက်လုံးထုတ်ရမှာလား နိုင်ငံတော် အကြီးအကဲက ပြက်လုံးထုတ်မှာလား ခင်ဗျားလို့”
သီးလေးသီး ဆေးရောင်စုံအငြိမ့်ကို လာရောက်ကြည့်ရှုသည့် ပရိသတ်ကြီးကတော့ အတော်ကို အားရကျေနပ်ကြသည်။ မပြည့်စုံသည့်ကြားမှ ပြည့်ပြည့်စုံစုံ တင်ဆက်သွားသော သူတို့ကို ချီးကျူးကြသည်။

ပရိသတ်ထဲမှ ကိုထွတ်ဆိုသူက ၎င်းတို့အဖွဲ့၏ သတ္တိရှိပုံကို ချီးကျူးကြောင်းနှင့် အမိမြေသို့ပြန်လျှင် အန္တရာယ် ကျရောက်မည်ကို သိသော်လည်း နိုင်ငံရေး ပြက်လုံးများကို ရဲရဲဝံ့ဝံ့ ပြက်ရဲသည်ကို အံ့သြမိသည်ဟု ဆိုသည်။

“ဒီလိုအငြိမ့်မျိုးကို ၁၀ နှစ်အတွင်း တခါမှ မကြည့်ဖူးသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

ယခု ဇင်းမယ်ပွဲကတော့ ပြီးသွားပြီ သူတို့၏ ခရီးစဉ်က မပြီးသေး။ ဒါပြီးလျှင် ကိုရီးယား၊ အမေရိကား အပါအဝင် အခြားဖိတ်ကြားသော နိုင်ငံများကို သွားရောက် ဖျော်ဖြေကြဦးမည်။ အားလုံးပြီးသွားလျှင်တော့ သူတို့၏ ဘူမိနက်သန် မျှော်စင်ကျွန်းတွင် တကျော့ပြန် ဖျော်ဖြေမည်တဲ့။

သီးလေးသီးနဲ့ ဂေါ်ဇီလာဆိုသည်မှာ လူရွှင်တော်များပင် ဖြစ်သော်ငြားလည်း အမှန်များသာ ပြောသွားသည်ဟု ဇင်းမယ်နေ မြန်မာရွှေ့ပြောင်း လုပ်သားတဦးက သူတို့ကို မှတ်ချက်ချသည်။

သူတို့မျက်နှာများက ပင်ပန်းသော်လည်း လန်းဆန်းနေသည်။ ပြက်လုံးအသစ်များ တင်ဆက်ပုံ အသစ်များကို အစဉ်အမြဲ ကြိုးစား ရှာဖွေနေတာ တွေ့ရသည်။

သူတို့ပြောသော အမှန်တရားများကို ပြည်တွင်းက မြန်မာပြည်သူများ အားလုံးကလည်း ကြားချင်နေကြသည်။ ခုဆို စင်ကာပူတွင် ကခဲ့သောပွဲကို ကူးပြီး မြန်မာပြည်တွင် ဖြန့်နေပြီ။ ဗီစီဒီလေးချပ်ကို ကျပ်၂၅၀၀ ဖြင့် အားပေးနေကြသည်ဟု ကြားသိရ၏။

ဆေးရောင်စုံအဖွဲ့၏ ဖျော်ဖြေတင်ဆက်ပွဲ ပြီးသွားချိန်တွင် သီဆိုသွားသော တေးသွား တပိုင်းတစက သူ့စိတ်ထဲ ရောက်လာသည်။ ထိုတေးသွားက သူ့စိတ်ထဲတွင် စွဲထင်နေသည်။ ဖျောက်ဖျက်လို့မရတော့ ဖျောက်ဖျက်ဖို့လည်း မကြိုးစားတော့။

“ငါတို့ဗမာပြည် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်” ဆိုသည့် တေးသွားလေး ဖြစ်ပါသည်။ ။

အပြည့်အစုံသို့...