Wednesday, January 1, 2020

"အစိုးရ ၀င်မရှုပ်သင့်တဲ့အလုပ်၊ အစိုးရ လုပ်ပေးရမယ့်အလုပ်၊ အစိုးရရဲ့တာဝန်"

လူတယောက်ဟာ အဘယ်လူမျိုးစုဝင် အဘယ်မျိုးနွယ်စုဝင် အဘယ်လူနည်းစုဝင် ဖြစ်တယ်၊ ဘယ်လိုဘယ်ပုံ သွေးနှောတယ် ဆိုတာကို အသိအမှတ်ပြုပေးရမှာ အစိုးရအလုပ်မဟုတ်ဘူး။ သက်ဆိုင်ရာ အသိုက်အ၀န်းတွေက သူတို့ဖာသာသူတို့ အသိအမှတ်ပြုပေးရမယ့် အလုပ်သာဖြစ်တယ် (ဥပမာ - ကချင်ဖြစ်ကြောင်း ကချင်အသိုက်အ၀န်းက၊ ဗမာဖြစ်ကြောင်း ဗမာအသိုက်အ၀န်းက၊ ရိုဟင်ဂျာဖြစ်ကြောင်း ရိုဟင်ဂျာအသိုက်အ၀န်းက၊ တရုတ်ဖြစ်ကြောင်း တရုတ်အသိုက်အ၀န်းက၊ မွတ်စလင်ဖြစ်ကြောင်း မွတ်စလင်အသိုက်အ၀န်းက၊ ဟိန္ဒူဖြစ်ကြောင်း ဟိန္ဒူအသိုက်အ၀န်းက ... ... စသဖြင့် အသိအမှတ်ပြုပေးဖို့ပဲ)။ သွေးတွေ နှောလွန်းမက နှောအားကြီးလို့ ဘယ်အသိုက်အ၀န်းကမှ အသိအမှတ်မပြုရင်လည်း လူဟာ လူဖြစ်နေဖို့နဲ့ လူပီသဖို့ပဲ အရေးကြီးတယ်။ အားငယ်စရာမဟုတ် ...။ အားငယ်စရာအကြောင်းမရှိ ...။

အစိုးရရဲ့အလုပ်က နိုင်ငံပိုင်နက်ထဲမှာ မှီတင်းနေထိုင်သူ(လူ)တွေဟာ နိုင်ငံသားဟုတ်မဟုတ်ကို မျှတတဲ့ နိုင်ငံသားဥပဒေပြဌာန်းပြီး စိစစ်သတ်မှတ်ပေးဖို့ပဲဖြစ်တယ်။

နိုင်ငံသားဖြစ်ပြီဆိုတာနဲ့ တောင်ပေါ်မှာနေနေ၊ မြေပြန့်မှာနေနေ၊ ရေထဲမှာနေနေ၊ ဂူထဲမှာနေနေ နိုင်ငံသားတိုင်းကို တန်းတူအခွင့်အရေးရအောင် လုပ်ဆောင်ပေးဖို့က အစိုးရရဲ့တာဝန် ...။

နိုင်ငံသားတိုင်း တန်းတူအခွင့်အရေး ရပြီဆိုရင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ တရုတ်၊ မွတ်စလင်၊ ဟိန္ဒူ၊ ရိုဟင်ဂျာ၊ ...၊ ...၊ သွေးနှောချင်သလောက်နှော၊ အမျိုးအမည် ဘယ်လောက်များများ ဘာပြဿနာမှ မရှိဘူး။ အသိုက်အ၀န်းတခုစီရဲ့ အထိမ်းအမှတ် အခမ်းအနားနဲ့ ပွဲတော်တွေကို ကိုယ့်အသိုက်အ၀န်းနဲ့ကိုယ် ကျင်းပကြ၊ ပျော်ရွှင်ကြ။ သုံးလေးမျိုး သွေးနှောနေရင်လည်း သက်ဆိုင်ရာ အသိုက်အ၀န်း သုံးလေးခုရဲ့ အခမ်းအနားနဲ့ ပွဲတော်တွေမှာ နွှဲပျော်ချင်ပျော်၊ မပျော်ချင်နေ၊ ကာယကံရှင်သဘော ...။

အဓိကက နိုင်ငံပိုင်နက်ထဲမှာ မှီတင်းနေထိုင်တဲ့ လူသားတိုင်း နိုင်ငံသားဟုတ်မဟုတ်နဲ့ နိုင်ငံသားဟုတ်ရင် တန်းတူအခွင့်အရေး ရဖို့က အဓိကပဲ။

အစိုးရက နိုင်ငံပိုင်နက်ထဲမှာ နေထိုင်ကြတဲ့ အသိုက်အ၀န်းတွေရဲ့ အရေးကိစ္စတွေကို ၀င်ရှုပ်ပြီး နိုင်ငံရေးမကစားဖို့၊ နိုင်ငံရေးအမြတ်မထုတ်ဖို့ပဲ။ အဲဒါဆိုရင် အစိုးရ ၀င်ရှုပ်လို့ ဖြစ်နေတဲ့ ပြဿနာတွေ၊ ဖြစ်တတ်တဲ့ ပြဿနာတွေ၊ ဖြစ်လာမယ့် ပြဿနာတွေ တော်တော်လျော့သွားမယ်။

အဲဒီတော့ အစိုးရအနေနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်၊ နေရာတကာ ၀င်မရှုပ်နဲ့လို့ပဲ စေတနာရှေ့ထား ပြောကြားချင်တယ်။

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
နံနက် ၁၁း၁၅ နာရီ
၂၁ ဒီဇင်ဘာ ၂၀၁၉

No comments: