ပရဟိတဆိုတာ လုံးဝနိုင်ငံရေးမဟုတ်ဘူးလို့ပြောရင်ရတယ်ခင်ဗျ။နိုင်ငံရေးမဟုတ်ရုံသာမကဘူး နိုင်ငံရေးဘက်ကို မရောက်အောင်လူတွေကို စိတ်ထွက်ပေါက်ပေးပြီး အသာတကြည်လုပ်ခွင့်ပြုထားပေးတဲ့ နယ်ပယ်တစ်ခုလည်းဖြစ်တယ်။ပရဟိတနယ်ပယ်ကျယ်ပြန့်လာလေလေ နိုင်ငံရေးနယ်ကျဉ်းမြောင်းလာလေလေတောင်ဖြစ်တတ်တယ်။
ပရဟိတလုပ်နေတဲ့အင်အားစုကြီးတစ်ရပ်လုံးသာ နိုင်ငံရေးဘက်ကူးပြောင်းလာရင် နိုင်ငံကပိုဖွံ့ဖြိုးအားကောင်းလာမှာအမှန်ပဲ။လူတွေပညာသင်ဖို့အခက်အခဲရှိလို့ ဘကကျောင်းတွေပေါ်လာတယ်၊အမှန်တကယ်က အစိုးရက တာဝန်အပြည့်အဝမယူလို့၊အခမဲ့ပညာစနစ်ပီပီပြင်ပြင်မရှိလို့၊ဒါတွေဟာ အစိုးရကို တောင်းဆိုရမယ်၊မကောင်းတဲ့အစိုးရကိုဖြုတ်ချပြီး အစိုးရသစ်နဲ့အစားထိုးပေးရမယ်။ဒါဆို စနစ်ကြီးတစ်ခုလုံးပြောင်းသွားပြီး ပညာရေး၊လူမှုရေး၊ကျန်းမာရေးတွေ အကုန်မကောင်းလာဘူးလား။
ခုလို ပရဟိတဘောင်ကိုဖွင့်ထားတော့ ယာယီနည်းနဲ့ခုသာခံသာဖြစ်နေပေမယ့် ရေရှည်မှာ အားကုန်လာလိမ့်မယ်။လှူတဲ့လူတွေဘယ်လောက်ရှိရှိ နေရာအနှံ့အပြားက ဒုက္ခမီးတွေကို လိုက်မငြိမ်းနိုင်ဘူး။ဆေးရုံပေါ်ဆေးမရှိတာ၊ကျောင်းတွေမှာ ဆရာမလုံလောက်တာ၊လူတွေအဟာရချို့တဲ့နေတာ၊စစ်ပြေးဒုက္ခသည်တွေတိုးပွားလာတာ အစရှိတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ပရဟိတနည်းနဲ့ ကယ်ဆယ်တာ အဲ့ဒီပြဿနာတွေကို အမြစ်ပြတ်ဖြေရှင်းပေးနိုင်တာမဟုတ်ဘူး။ဆိုလိုတာက ပရဟိတဟာ ကျန်းမာရေးချို့တဲ့နေတဲ့ဝေဒနာသည်ကို အရှင်းပျောက်ကင်းသက်သာစေနိုင်တဲ့ကုထုံးနည်းနဲ့မကုဘဲ ယာယီဝေဒနာသက်သာစေတဲ့ဆေးမြီးတိုပေးသလိုပဲဖြစ်နေလို့ပါပဲဗျာ။
အဲ့တော့ ကျနော့်အယူအဆကိုပြောရရင် လက်ရှိနိုင်ငံရေးစနစ်ကိုမကြိုက်ရင် အားလုံးအားစုစည်းပြီး တော်လှန်တာပိုထိရောက်တယ်၊ပရဟိတမလုပ်ရဘူးလို့မဆိုလိုဘူး၊အစိုးရမကောင်းလို့ဖြစ်တာဆိုတာ မှန်ကန်စွာရှုမြင်သုံးသပ်ပြီး အစိုးရကိုတော်လှန်ဖို့တော့လိုမယ်။နောက်စနစ်အပြောင်းအလဲနဲ့အတူ ဒီဒုက္ခတွေအားလုံးကို ဖြေရှင်းသွားလို့ရတယ်။လူလတ်တန်းစားနဲ့တချို့စိတ်ကောင်းစေတနာရှိတဲ့ အီလစ်တွေရဲ့ အာသာပြေကိုယ်ကျိုးစွန့်မှုဆိုတာကနေ တိုးပွားလာနေတဲ့ ပရဟိတဘောင်ကို ပြန်ချုံ့ပြီး စစ်အာဏာရှင်စနစ်တော်လှန်ရေးအတွက် လမ်းညွှန်တာစူပေးရတော့မယ်။
ကျော်ကိုကို
၆.၉.၂၀၁၇
(Rahul Kyaw Ko Ko's FB Status မှ ကူးယူဖော်ပြပါသည်။)
Wednesday, September 6, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment