Saturday, November 12, 2016

ငရုတ်သီးမှုန့်နဲ့ အရောင်တင်မှုန့်တွေကို ပြန်လည်သိမ်းဆည်းရမည်

RFA 2016-11-12

ဈေးကွက်အတွင်း ရောင်းချနေတဲ့ ငရုတ်သီးမှုန့်နဲ့ အရောင်တင်မှုန့်တွေမှာ အသဲကင်ဆာရောဂါကို ဖြစ်ပွားစေတဲ့ Aflatoxin နဲ့ ဆိုးဆေးတွေ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိထားတဲ့အတွက် ဈေးကွက်ထဲက ကုန်ပစ္စည်းတွေကို တပတ်အတွင်း သိမ်းဆည်းဖို့နဲ့ ထပ်မံတွေ့ရှိရင် အရေးယူသွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောပါတယ်။

ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်တွေ ဖြန့်ဖြူးရောင်းချနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒီကနေ့ ရန်ကုန်မြို့ ဒဂုံမြို့နယ်က အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောတာဖြစ်ပါတယ်။

"ကျနော် ဈေးကွက်ထဲမှာ တွေ့ရင် ဥပဒေအရ အရေးယူမယ်၊ တာဝန်ရှိသူအဆင့်ဆင့်ကို ကျနော် အကြောင်းကြားပြီးတော့ ဥပဒေအတိုင်း အရေးယူမယ်"

စက်ရုံမှာရှိတဲ့ ထုတ်လုပ်ပြီး ငရုတ်သီးမှုန့်တွေနဲ့ သိုလှောင်ထားတဲ့ ပစ္စည်းတွေကိုလည်း စစ်ဆေးသွားမယ်လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောပါတယ်။

အစည်းအဝေးကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးက ငရုတ်သီးမှုန့် အရောင်တင်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပြီး ရန်ကုန်မြို့အတွင်းက လုပ်ငန်းရှင် ၉ ဦးသာ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ် (Photo: Aung Thain Kha/RFA)

No comments: