Friday, October 28, 2016

ဆင်တူယိုးမား အဖြစ်ဆိုးတွေများလား

လက်သန်းတွေရဲ့အဖြစ်က မဲဆောက်ကနေ ဘန်ကောက်ကို တရားမ၀င် သွားရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတစု လူကယ်ရီ မြန်မာအမျိုးသမီးနဲ့ ထိုင်းရဲတွေ ပေါင်းရိုက်တာကို ခံရသလို အဖြစ်ဆိုးနဲ့များ တူနေပြီလားမသိ ...။

ဒီအဖြစ်အပျက်ကို ပြောပြခဲ့သူကတော့ ဘန်ကောက်ကို ရောက်ဖို့ သုံးကြိမ်သုံးခါတိတိ ကြိုးစားခဲ့ပြီး မအောင်မမြင်ဖြစ်ခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး ဖြစ်ပါတယ်။ သူက မဲဆောက်မှာ အလုပ်လုပ်ကိုင်နေရင်း ဘန်ကောက်ကို ကားလမ်းကနေ နှစ်ခါ၊ တောလမ်းကနေ တစ်ခါ တက်ဖို့ အသည်းအသန် ကြိုးပမ်းခဲ့သူပါ။ အထက်မှာ ပြောခဲ့တဲ့ လူကယ်ရီ မြန်မာအမျိုးသမီးနဲ့ ထိုင်းရဲတွေ ပေါင်းရိုက်တာကို ခံခဲ့ရတာဟာ သူ့ရဲ့ ဒုတိအကြိမ် ကြိုးပမ်းမှုဖြစ်စဉ်မှာပါ။ လူကယ်ရီလုပ်တဲ့ အမျိုးသမီးနဲ့ ထိုင်းရဲတွေ လက်ဝါးရိုက်ပြီး လိမ်လည်လှည့်ဖြားတာကို ခံခဲ့ရတဲ့အတွက် ရှိသမျှငွေတွေ အကုန်ကုန်ပြီး အချုပ်ခန်းထဲ ရောက်ခဲ့ရပုံကို သူက အောက်ပါအတိုင်း အသေးစိတ် ပြောပြခဲ့တာပါ။

“နောက်တခေါက်ကျတော့ တယောက်ကို ဘတ် ၆၀၀၀ ပေးရမယ်တဲ့။ ဟုတ်ကဲ့ ကျွန်တော်တို့မှာ ၆၀၀၀ တော့ မရှိဘူး။ လောလောဆယ် ကျွန်တော်တို့လက်ထဲမှာ ၂၀၀၀ ပဲ ရှိတယ်။ သူက ရတယ် ၂၀၀၀ ပေးထား။ နင်တို့ အပေါ်မှာ (အပေါ် ဆိုတာ ဘန်ကောက်ကို ဆိုလို) သူဌေးအဆက်အသွယ် ရှိတယ်ဆိုရင် သူဌေးကို အကြောင်းကြား ဟိုအပေါ်ရောက်ရင် ပေးနိုင်မလားဆိုတော့ ကျွန်တော်တို့က အပေါ်မှာရှိတဲ့ သူငယ်ချင်းတွေလုပ်တဲ့ စက်ရုံက သူဌေးကို မေးကြည့်တဲ့အခါကျတော့ အဲဒီသူဌေးက မဲဆောက်ကို ဆင်းလာပြီး တွေ့တယ်။ တွေ့ပြီး မင်းတို့ကို ခေါ်မယ်။ အဲဒီကယ်ရီနဲ့ ချိတ်ပေးပါဆိုလို့ အဲဒါနဲ့ လူကုန်ကူးတဲ့ ကယ်ရီအမျိုးသမီးနဲ့ သူဌေးကို ချိတ်ပေးလိုက်တယ်။ သူတို့ချင်း တွေ့ပြီး စကားပြောကြတယ်။ ဘတ် ၄၀၀၀ နဲ့ အဆင်ပြေသွားတယ်။ သူဌေးက အပေါ်ရောက်ရင် ၂၀၀၀ စိုက်ပေးမယ်ပေါ့။ သူဌေးနဲ့ ကယ်ရီ စကားပြောလို့ အဆင်ပြေတဲ့အခါကျတော့ ကယ်ရီက ဟုတ်ပြီ လောလောဆယ် ၂၀၀၀ ပေးဆိုလို့ ကျွန်တော်တို့ ဒီကတက်မယ့် လူတွေက ၂၀၀၀ စီ ပေးရတယ်။ တချို့ ၄၀၀၀ အကြေပေးနိုင်တဲ့ လူတွေလည်း ရှိတယ်။ အဲဒီလိုမျိုး အဆင်ပြေပြီး ပို့မယ့်နေ့ကျတော့မှ ကယ်ရီက ကျွန်တော်တို့ကို ပို့မယ်ပို့မယ် ဆိုပြီးတော့ မပို့ဘဲနဲ့ ပုလိပ်နဲ့ပေါင်းပြီး ကျွန်တော်တို့ကို မယ်တောင်ဘက်သွားတဲ့ ချန်ပီယံကုန်တိုက် တည့်တည့်လမ်းက အုတ်တံတိုင်းတွေ ကာထားတဲ့ အဆောက်အဦထဲ ခေါ်သွားတယ်။ ဒီမှာ ခဏစောင့် ဒီမှာ လူစုမယ်ဆိုပြီးတော့ အဲဒီကယ်ရီမက ကျွန်တော်တို့ကို အစောင့်နှစ်ယောက်နဲ့ ထားတယ်ပေါ့။ သူတို့က လာခေါ်တဲ့လူတွေဆိုပြီးတော့ ကျွန်တော်တို့ကို လိမ်ပြောတယ်။ တကယ်တော့ အဲဒီနှစ်ယောက်က အစောင့်မဟုတ်ဘူး၊ အရပ်ဝတ် ၀တ်ထားတဲ့ ပုလိပ်နှစ်ယောက်မှန်း နောက်မှ သိရတာ။ အဆောက်အဦထဲမှာ လူ ၅၂ ယောက် စုံတာနဲ့ ကယ်ရီမက ပိုက်ဆံမပေးရသေးတဲ့သူတွေဆီက ၂၀၀၀ စီ တောင်းတယ်။ ၂၀၀၀ တောင်းရုံတင်မကသေးဘူး၊ နင်တို့မှာ ရွှေတွေ ဖုန်းတွေ ရှိရင် ငါ့ကို ပေးထား။ ရဟိုင်းရောက်တဲ့အထိ ငါက လိုက်မှာ။ ရဟိုင်းရောက်လို့ရှိရင် နင်တို့ပစ္စည်းတွေ ပြန်ပေးမှာ။ ဟိုဘက်ရောက်ရင် ပြဿနာမရှိတော့ဘူး ဆိုပြီးတော့ ပြောတယ်။ တချို့လည်း ယုံကြည်ပြီးတော့ ကယ်ရီမကို အကုန်လုံး အပ်လိုက်ကြတယ်။ အားလုံးလည်း အပ်ပြီးရော မကြာဘူး အချုပ်ကားကြီး ရောက်ချလာပြီးတော့ ကျွန်တော်တို့ကို တက် တက်ဆိုပြီးတော့ တက်ခိုင်းတယ်။ ကျွန်တော်တို့လည်း ကြောက်ကြောက်နဲ့ အချုပ်ကားပေါ် အားလုံးတက်ရတော့တာပေါ့။ တက်လည်းပြီးရော မဲဆောက် ရဲစခန်းခန်းကို တန်းမောင်းပြီး နှစ်ထပ်အချုပ်ထဲ တန်းစီထည့်တော့တာပဲ။ အဲဒီလို အချုပ်ခန်းထဲထည့်နေချိန်မှာ ရဲနဲ့ လက်ဝါးရိုက်ထားတဲ့ ကယ်ရီမက ကျွန်တော်တို့ အပ်ထားတဲ့ ပစ္စည်းတွေ၊ ပိုက်ဆံတွေနဲ့ အသာလေး လှိမ့်ထွက်သွားရော ရှောင်ထွက်သွားရော”

အချုပ်ခန်းထဲ ရောက်တဲ့အခါမှာတော့ တတ်နိုင်သူတွေက ဘတ် ၈၀၀ စီပေးပြီး လွတ်မြောက်သွားကြပေမယ့် သူတို့လင်မယားနှစ်ယောက်ခမျာ ရှိသမျှ ငွေတွေ ကုန်ပြီး ပိုက်ဆံပေးစရာ မရှိတော့တဲ့အတွက် ၃ ရက်လောက် ဆက်နေခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်မှ အသိမိတ်ဆွေတယောက်ကို ဆက်သွယ် အကူအညီတောင်းပြီး ဘတ် ၉၀၀ စီပေးကာ အချုပ်ကနေ လွတ်မြောက်အောင် လုပ်ခဲ့ရတယ်လို့ သူက အခုလို ပြောပြပါတယ်။

“ကျွန်တော်တို့လင်မယား အချုပ်ထဲမှာ ၃ ရက်လောက် ကြာတယ်။ တချို့ပိုက်ဆံရှိတဲ့သူတွေကတော့ ရှစ်ရာ ရှစ်ရာနဲ့ သူ့ညီအစ်ကိုမောင်နှမတွေ ဘာတွေက လာပြီးတော့ ရွေးထုတ်သွားကြရော။ နောက်ဆုံး အချုပ်ထဲမှာ ၁၀ ယောက်ပဲ ကျန်တော့တယ်။ ကျွန်တော်ရယ် ကျွန်တော့်အမျိုးသမီးရယ် ပါတယ်။ ကျွန်တော်တို့က မရွေးနိုင်ဘူး။ မရွေးနိုင် မရွေးနိုင်နဲ့ နောက်ဆုံးကျတော့ ကျွန်တော်တို့လင်မယား အသိတယောက်ကို ဖုန်းဆက်အကူအညီတောင်းပြီးတော့ ကိုးရာစီနဲ့ ရွေးထုတ်ခိုင်းပြီး ထွက်ခဲ့ရတယ်။ ကျန်တဲ့လူတွေကတော့ မြ၀တီဘက်ကို သွန်တဲ့အချိန်အထိ စောင့်ကြရတာပေါ့။”

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
ညနေ ၃း၃၂ နာရီ
၂၈ အောက်တိုဘာ ၂၀၁၆

No comments: