Friday, September 9, 2016

NLD ဦးတင်ဦးနဲ့ပတ်သက်ပြီး တွေးမိတာလေး ...

အာဏာရှင်စနစ်ဆိုတဲ့မက္ကနစ်ဇင်ကြီးထဲမှာ စစ်တပ်ရဲ့အကြီးဆုံးရာထူးကို ရယူပြီး တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ NLD နာယက ဦးတင်ဦးအနေနဲ့ ၂၁ ရာစုပင်လုံညီလာခံ နှုတ်ခွန်းဆက်စကားပြောကြားရာမှာ သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ချိန်တုန်းက တပ်မတော်အနေနဲ့ ပြည်သူလူထုအပေါ် ဖိနှိပ် ရက်စက် သတ်ဖြတ်တဲ့ မတရားမှုတွေ (ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ) ကျူးလွန်မိခဲ့သည်ရှိသော် ခွင့်လွှတ်ဖို့ ပြည်သူလူထုကို ၀န်ချတောင်းပန်ပါကြောင်း ... ဆိုတဲ့ အချက်ကလေး ထည့်ပြောသွားရင် တော်တော်လှမယ်လို့ တွေးမိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ထမ်းဆောင်ဖူးတဲ့ သက်ရှိထင်ရှားပုဂ္ဂိုလ်တွေထဲမှာ ဦးတင်ဦးက အသက်အကြီးဆုံးပုဂ္ဂိုလ်မဟုတ်လား။

အာဏာရှင်စနစ်ဆိုတဲ့မက္ကနစ်ဇင်ကြီးထဲမှာ ပါဝင်ပတ်သက်ခဲ့ဖူးတဲ့ သူ့အနေနဲ့ အဲသလိုမျိုး စံနမူနာပြ ၀န်ချတောင်းပန်ပြလိုက်ရင် သူ့နောက်က ပုဂ္ဂိုလ်တွေပါ ပြည်သူလူထုကို ၀န်ချတောင်းပန်ချင်စိတ်တွေ ဖြစ်ပေါ်လာအောင် လမ်းခင်းပေးသလို ဖြစ်သွားမယ်လို့ မြင်မိလို့ပါ။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ လုပ်ငန်းစဉ်မှာ အမှားလုပ်ခဲ့သူတွေက အမှားအတွက် ၀န်ချတောင်းပန်ပြီး တိုင်းရင်းသားပြည်သူလူထုတွေဘက်ကလည်း ပြန်လည်ခွင့်လွှတ်ပေးဖို့ လိုအပ်တယ်မဟုတ်ပါလား ...။

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
နံနက် ၁၀း၅၂ နာရီ
၉ စက်တင်ဘာ ၂၀၁၆

No comments: