Sunday, September 4, 2016

လုပ်မောကြီးမဖြစ်ရလေအောင် ...

၂၁ ရာစုပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေး(ရင်ဖွင့်ပွဲကြီး)ရဲ့ အပိတ်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာတွေကို နားထောင်ပြီး ကြွေလွယ်တတ်သူတွေတော့ ကြွေကြမယ်ထင်ပါတယ်။

ဒါပေမယ့် လက်သန်းတွေ ဘယ်လောက်ကြွေကြွေ၊ တိုင်းရင်းသားတွေ ဘယ်လောက်ကြွေကြွေ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အာဏာကို ချုပ်ကိုင်ထားဆဲ စစ်အုပ်စု မကြွေရင် အလကားပဲဖြစ်မှာပါ။

ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ကတည်းက ရွေးချယ်လျှောက်လှမ်းခဲ့တဲ့ '၀င်/ပြင်' မူက ကျားသနားမှ နွားချမ်းသာ ဆိုသလို စစ်အုပ်စု ကြွေမှ၊ စစ်အုပ်စု သဘောထားပြောင်းမှ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွေကို အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ခွင့်ရမှာဖြစ်လို့ပါ။

ကျနော့်အမြင်အရ စစ်အုပ်စု ကြွေဆင်းလာဖို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညီလာခံအပိတ်မိန့်ခွန်းလောက်နဲ့ ရမယ်မထင်ပါဘူး။

နောက်လာမယ့် ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးတွေမှာ ...

- မြန်မာ့နိုင်ငံရေးကနေ အထွက်ခက်နေတဲ့ စစ်အုပ်စု အဓိက စိုးရိမ်နေတဲ့ အချက်တွေက ဘာတွေလဲ၊
- သူတို့ ဘာကြောင့် အာဏာလက်မလွှတ်ချင်သေးဘဲ ၂၀၀၈ ခြေ/ဥကို အကာအကွယ်ယူပြီး နေချင်နေကြတာလဲ၊
- အကျိုးစီးပွားတွေကြောင့်လား၊ နောက်ကြောင်းပြန် အရေးယူခံရမှာကို အစိုးအရိမ်ကြီးနေတဲ့ သူတို့ရဲ့လုံခြုံရေးအတွက်ကြောင့်လား ...

စသဖြင့် ဖြစ်နိုင်ခြေရှိတဲ့ အချက်အလက်တွေကို စဉ်းစားဖော်ထုတ်ဆွေးနွေးပြီး သူတို့ရဲ့စိုးရိမ်ချက်တွေ(အကြောက်တရားတွေ)နဲ့ပတ်သက်လို့ စစ်အုပ်စု ယုံကြည်မှုရှိစေမယ့် အဖြေရှာတင်ပြချက်တွေ၊ အာမခံချက်တွေကို အကြံပြုတင်ပြနိုင်ဖို့နဲ့ ညီလာခံက သဘောတူဆုံးဖြတ်တဲ့ အဖြေရှာတင်ပြချက်တွေ၊ အာမခံချက်တွေကို နောင်ရေးဆွဲမယ့် ဖက်ဒရယ်ဖွဲ့စည်းပုံအသစ်ထဲမှာပါ ထည့်သွင်းရေးဆွဲ အတည်ပြု ပြဌာန်းပေးနိုင်တဲ့အထိ အခြေအမြစ်ရှိရှိ တင်ပြနိုင်မှသာ စစ်အုပ်စုအနေနဲ့ စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ပြီး စစ်တန်းလျားပြန်ပို့ခွင့်ကို လိုက်လျောလာနိုင်ခြေရှိလာမယ်လို့ အကြံပြုချင်ပါတယ်။ အဲသလို စစ်တပ်က အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုကို နာခံဆောင်ရွက်လာမှသာ ပြည်တွင်းငြိမ်းချမ်းရေးကြိုပမ်းမှုကလည်း သိသိသာသာ တိုးတက်မှုရှိနိုင်မှာဖြစ်ပါတယ်။

မဟုတ်ရင်တော့ ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးတွေမှာ ဘာတွေပဲ ဆွေးနွေး ဆွေးနွေး၊ ဘယ်လိုပဲ ဆွေးနွေး ဆွေးနွေး၊ ဘယ်လောက်ပဲ ဆွေးနွေး ဆွေးနွေး စိုးရိမ်သံသယကြီးလွန်းတဲ့ စစ်အုပ်စုအနေနဲ့ နားဝင်မှာမဟုတ်ဘဲ (ကြွေဆင်းလာမှာမဟုတ်ဘဲ) ဆက်လက်ပြီးတော့ ကန့်လန့်ခံမြဲခံနေရင် ညီလာခံ လုပ်မောကြီးပဲ အဖတ်တင်မယ်လို့ ထင်မြင်မိကြောင်းပါခင်ဗျား ...။

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
နေ့လည် ၂း၄၂ နာရီ
၎ စက်တင်ဘာ ၂၀၁၆

မှတ်ချက် ။ ။ 'စစ်အုပ်စု' ဆိုသည်မှာ လက်ရှိ မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တချို့+နောက်ကွယ်ကနေ အာဏာချုပ်ကိုင်ထားဆဲ စစ်ခေါင်းဆောင်ဟောင်းတချို့ကို ဆိုလိုပါသည်။

No comments: