Thursday, March 3, 2016

ဒေါ်အောင်ဆန်းစုကြည် အလုပ်သင့်ဆုံး

ဒေါ်အောင်ဆန်းစုကြည် အလုပ်သင့်ဆုံး

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သက်ရှိထင်ရှားရှိတုန်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အမှန်တကယ် ပြောင်းလဲချင်စိတ် ရှိတယ် (၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အမှန်တကယ် ပြောင်းလဲနိုင်မှလည်း မြန်မာပြည်ရဲ့ပြဿနာအရပ်ရပ်ကို ကိုင်တွယ်ဖြေရှင်းလို့ရမယ်) လို့ ခံယူထားရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်ပြီး သြဇာအရှိန်အ၀ါကြီးမားတဲ့ NLD ပါတီဥက္ကဌအဖြစ်ပဲ ပြန်နေဖို့ အလေးအနက် အကြံပြုလိုပါတယ်။

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဥက္ကဌအနေနဲ့ စစ်တပိုင်းအစိုးရထဲက NLD သမ္မတ၊ NLD ဒု-သမ္မတ၊ NLD ၀န်ကြီးတွေ၊ စစ်တပိုင်းလွှတ်တော်ထဲက NLD လွှတ်တော်ကိုယ်စားလှယ်တွေကို ကောင်းကောင်းထိန်းချုပ်လို့ရမှာပါ။

ဘာဖြစ်လို့ အဲသလို အကြံပြုရလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လွှတ်တော်တွင်းအား တခုတည်းနဲ့ အခုရော နောင်မှာပါ ပြောင်းလဲလို့ရမှာမဟုတ်တာ လုံးဝသေချာလို့ပါ။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြောင်းလဲဖို့အတွက်ဆိုရင် ...

- NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ NLD ပါတီဝင်တွေ၊ ပြည်သူလူထုတွေ ပါဝင်တဲ့ လွှတ်တော်ပြင်ပအားရယ် ...

- NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ စစ်တပိုင်းအစိုးရအဖွဲ့ထဲက NLD သမ္မတ၊ NLD ဒု-သမ္မတ၊ NLD ၀န်ကြီးတွေ၊ စစ်တပိုင်းလွှတ်တော်တွင်းက NLD လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ စစ်တပိုင်းအစိုးရတွင်း+စစ်တပိုင်းလွှတ်တော်တွင်းအားရယ် ...

အဲဒီအားနှစ်ခု ဟန်ချက်ညီညီ ပေါင်းစပ်လုပ်ဆောင်နိုင်မှ ဖြစ်မှာပါ။

သမ္မတ မလုပ်ရလို့ ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးပဲဖြစ်ဖြစ်၊ အခြားရာထူးတခုခုပဲဖြစ်ဖြစ် ယူပြီး ဇွတ်တိုးလုပ်ဆောင်မယ်ဆိုရင် ဖွတ်မရ ဓားမဆုံးတဲ့ကိန်းဆိုက်ပြီး ရယ်စရာ ကမောက်ကမ ဖြစ်ရပ်တွေနဲ့ပဲ ကြုံရဖို့များမယ်လို့ ထင်မြင်မိကြောင်း စေတနာရှေ့ထား အကြံပြုတင်ပြအပ်ပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် …

ဒေါက်တာလွဏ်းဆွေ
ညနေ ၅း၃၀ နာရီ
၃ မတ် ၂၀၁၆

No comments: