Saturday, December 26, 2015

ဖန်တီးခံရသူများ

ဖန်တီးခံရသူများ
ဒေါက်တာညိုထွန်း

ခုအခါမှာ အများပြည်သူနဲ့တကွ တိုင်းရင်းသားတွေကပါ ယုံကြည်မှုမရှိတဲ့၊ အဓိကသေချာတာက ဗမာစစ်အစိုးရရဲ့ lackey (ခြေစွယ်လက်စွယ်) ဖြစ်တဲ့ MPC အဖွဲ့ကို ဒေါ်စုကနေပြီး တွေ့ဆုံဆွေးနွေးတာ၊ တာဝန်ပေးသလိုမျိုး စကားတွေ ပြောဆိုတာဟာ နောင်တက်မယ့် အစိုးရရဲ့ ပြည်ထောင်စုစနစ်ထူထောင်ရေးဆိုင်ရာ စီမံဆောင်ရွက်မှုအနေအထားဟာ စိုးရိမ်စရာဖြစ်လာပါတယ်။

ကျနော် တွေ့ရှိစဉ်းစားမိသလောက် ၄င်း MPC အဖွဲ့ဆိုတာဟာ ခုလက်ရှိစစ်အစိုးရရဲ့ legitimacy ကို တရားဝင်ဖြစ်အောင် အဓိကပံ့ပိုးထားတဲ့ အဖွဲ့ဖြစ်ရုံတင်မကတော့ဘဲ ခုအခါမှာ နောင်တက်မယ့် ဒီချုပ်အစိုးရကို ပူးကပ်ချုပ်ကိုင်ထားဖို့ ရည်ရွယ်ချက်လည်း ရှိနေပါတယ်။ ကိုယ်ခံပညာ နည်းစနစ်တွေမှာ နှစ်မျိုးရှိတယ်ဗျ။ hard technique လို့ ခေါ်တဲ့ တဖက်လူရဲ့အားကို အားအားချင်း ထိပ်တိုက်ရင်ဆိုင်တဲ့နည်းရယ်၊ soft technique လို့ ခေါ်တဲ့ တဖက်လူရဲ့အားကို တိုက်ရိုက်မရင်ဆိုင်ဘဲ ပြိုင်ဖက်ရဲ့ရွှေ့လျားမှုအတိုင်း မျှောလိုက်၊ ပြိုင်ဖက်ရဲ့ ခွန်အားကို ပြန်လည်အသုံးချပြီး ပူးသတ်တဲ့နည်းရယ် ...။ အရင် ၂၀၁၀-၂၀၁၅ ခုနှစ်တွေအတွင်း နိုင်ငံ့ကြမ္မာကို ခြယ်လှယ်နေတဲ့ စစ်ခေါင်းဆောင်လူတစု အပါအဝင်၊ ကိုယ့်ကိုကိုယ် moderates (သဘောထားပျော့ပျောင်းသူ၊ အလယ်အလတ်သမား) တွေလို့ နာမည်တပ်တဲ့ MPC အဖွဲ့ဟာ ဒေါ်စုကို ငြိမ်းချမ်းရေးကိစ္စမှာ ပေးပါဝင်မှု မရှိ၊ ခပ်ပြတ်ပြတ်ပဲ အမျိုးသမီးကြီးကို ဖိနှိပ်ဖဲကြဉ်ထားခဲ့တယ်။ ခုအခါမှာ စစ်အစိုးရဟာ အရင်သုံးခဲ့တဲ့ တိုက်ရိုက်ဖိနှိပ်တဲ့ hard power ကိုလည်း သုံးမယ်၊ MPC အဖွဲ့နဲ့ အတွင်းကနေ ပူးသတ်တဲ့ soft power ကိုလည်း သုံးမယ်၊ ၄င်းဗျူဟာနှစ်မျိုးစလုံးကို သုံးမယ့် အထာမျိုး ရှိနေတယ်လို့ ကျနော်တို့ တွက်ဆကြည့်လို့ရပါတယ်။

ဒါကို ဘာကြောင့် ပြောနိုင်သလဲဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲနိုင်တာနဲ့ သည်လပိုင်းအတွင်းမှာပဲ MPC အဖွဲ့ဟာ ဒေါ်စုနဲ့ လုံးဖို့ အထာတွေကို လုပ်ဆောင်လာတယ်။ ဦးအောင်မင်းဟာ ဒေါ်စုနဲ့ ချက်ချင်းဆိုသလို သွားတွေ့တာ၊ မင်းဇော်ဦးဟာ နိုင်ငံခြားစာနယ်ဇင်းတခုမှာ အရင်အစိုးရရဲ့ ထားခဲ့တဲ့ ပြဿနာတွေဟာ ဒေါ်စုရဲ့ ကြီးမားတဲ့ အရင်းအမြစ် စွမ်းအင်တို့နဲ့ ကျော်လွှားနိုင်လိမ့်မယ်လို့ ရေးတာတွေဟာ ရိုးရိုတန်းတန်း မဟုတ်နိုင် (ဒေါ်စုက ၄င်းတို့ကို ပြည်တွင်းငြိမ်းချမ်းရေး ကိုယ်စားလှယ်များအဖြစ် ဆက်လက်ခန့်အပ်မည်ဟု မည်သည့်ကတိမှ ပေးထားခြင်းမရှိ)။ နောက်ပြီး Voice မှာလားမသိ – ဦးအောင်မင်းကို ဒေါ်စုက ကမ်းလှမ်းထားတယ်ဆိုပြီး ကောလာဟလတွေကို ခိုင်လုံသော အနီးကပ်လူများမှ ရရှိသည် ဆိုပြီး (ဒေါ်စုနဲ့ သူ့ CEC ပုဂ္ဂိုလ်တွေကြား ကုန်းချောလိုတဲ့ သဘောမျိုး ရှိတယ်) ဖြန့်ချိတာတွေဟာ တော်တော်ကို မသင်္ကာစရာ ကောင်းတယ်၊ အဓိကအားဖြင့် စစ်အစိုးရရဲ့ ခြေစွယ်လက်စွယ် MPC ဟာ ၄င်း၏ နိုင်ငံရေးဆိုင်ရာ တရားဝင်မှုကို ထူထောင်နေခြင်းလို့ အကဲခတ်မိတယ်။

ဒါဟာ သာမန်အားဖြင့် ရိုးရိုးတန်းတန်း ကိုယ့်အဖွဲ့ကိုယ် သြဇာတက်အောင် လုပ်နေတယ်လို့ ထင်စရာ ရှိပေမယ့် ဒေါ်စုအနေနဲ့ MPC နဲ့ သွားပြီး ပူးမိရင် ခု ကျနော် ဥပမာပေးသလို ရေရှည်မှာ တနုံ့နုံနဲ့ ပူးသတ်ခံရမယ့် ကိစ္စရယ်၊ နောက်အရေးကြီးတဲ့ တချက်က တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ယုံကြည်နိုင်မှုကို လက်လွတ်ဆုံးရူံးသွားနိုင်တဲ့ တချက်ရယ် (ဒါမျိုး ဆုံးရူံးမှုဆိုတာ တခါဆုံးရူံးသွားရင် ပြန်ရဖို့ မလွယ်ပါ)၊ နောက် ကျနော်တို့ ဗမာလူ့ဘောင်မှာ ကပ်ဆိုက်သလိုမျိုးဖြစ်မယ့် ဖူကူးယားမားရဲ့ အတွေးအခေါ် သမိုင်းကြောင်းတွေနဲ့သာ ရွှေ့လျားတည်ဆောက်ထားတဲ့ လောကကြီးဟာ သည်လိုမျိုးပဲ ‘အပျော့အမာ ပါဝါတွေဟာ နောက်ဆုံးမှာ သမိုင်းကြီးဟာ ဟန်ချက်ညီသွားမယ်’ ဆိုတာက လွှမ်းမိုးသွားရင် ဘယ်လိုမှ ဆယ်လို့ ရတော့မှာ မဟုတ်ဘူး။

သည်နောက်ဆုံးအချက်ဖြစ်တဲ့ အပျော့အမာပါဝါတွေ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ (thesis) ၊ ၄င်းတို့ကြောင့် ဘယ်လိုပဲ ပဋိပက္ခတွေ ပေါ်ပေါက်လာလာ (anti-thesis)၊ ရွှေ့လျားနေတဲ့ သမိုင်းကြီးဟာ သူ့ဟာနဲ့သူ ဟန်ချက်ညီသွားလိမ့်မယ် (synthesis) ဆိုတာကို သီလသမာအနေနဲ့ လက်ခံမယ်၊ တရားဝင် အပြုအမူအဖြစ် လက်ခံကျင့်သုံးမယ် ဆိုတာနဲ့ ဗမာလူ့ဘောင်ကို ဒေါ်စု မကလို့ မိုးသကြားမင်းကြီး ကိုယ်တိုင်ဆင်းလာပြီး ဦးဆောင်ဆောင် ဘာမှ မထူးတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဤကဲ့သို့သော အသိတရားက လွှမ်းမိုးသွားတဲ့ လူ့ဘောင်မှာ “လက်ရှိ ပဋိပက္ခ” ကို စိုးမိုးခြယ်လှယ်နေသူတွေဟာ လူ့ဘောင်ရဲ့ ထိပ်ဆုံးနေရာဌာနန္တရတွေမှာ အမြဲထာဝရ ရောက်ရှိ စံစားခွင့် ရရှိနေမှာဖြစ်တယ်။ ‘အပျော့အမာဟာ သဘာဝပဲ’ လို့ သတ်မှတ်ထားတဲ့ ၄င်းသမိုင်းကြောင်းကြီးမှာ ပဋိပက္ခရဲ့ “ရင်းမြစ်အကြောင်းတရား” တွေကို ဆန့်ကျင် စောဒကတက်သူတွေဟာ ခေတ်အထာကို နားလည်ရေးချား မရှိတဲ့ ၊ မအူမလည် လူတန်းစားတွေအဖြစ် ချောင်ထိုးထားခံရတာမျိုး အမြဲတစေ ဖြစ်နေပါလိမ့်မယ်။

MPC ကို ဗမာ့နိုင်ငံရေးလမ်းကြောင်းမှာ ဆက်လက်ပြီး အခွင့်အရေးပေးသင့်သလား။ ကျနော်တို့ ရူဒေါင့်နှစ်မျိုးကို ခွဲမြင်လိုက်မယ်ဆိုရင် အဖြေက ကွဲပြားရှင်းလင်းသွားပါမယ်။ ဒေါ်စုရဲ့ အောင်မြင်ရေးသော့ချက်ဟာ လက်ရှိပဋိပက္ခကို စိုးမိုးခြယ်လှယ်ခွင့် ရရှိခြင်းမဟုတ်၊ ပဋိပက္ခရဲ့ ရင်းမြစ်အကြောင်းတရားတွေကို ဖယ်ရှားလိုက်နိုင်ခြင်းပဲဖြစ်တယ်။ ကနေ့ထိ MPC က လုပ်နေတဲ့ ကိစ္စတွေဟာ ဗမာပြည်မှာ လူနည်းစု လူတစုဟာ ပဋိပက္ခကို စိတ်ကြိုက်စိုးမိုးခြယ်လှယ်ခွင့် ရရှိအောင်၊ ပဋိပက္ခကို စိုးမိုးခြယ်လှယ်နေသူတွေရဲ့ သီလသမာကို ဗမာပြည်တင်မက နိုင်ငံတကာကပါ တရားဝင်လက်ခံလာအောင် ဖန်တီးကြံစည်မှုဖြစ်တယ်။

ဒေါ်စု လျှောက်ရမယ့်လမ်းဟာ ဒါမျိုး ဖန်တီးခံနေရတဲ့ လမ်းမဟုတ်သလို ဖန်တီးမှုကို လက်ခံရမယ့်လမ်းလည်း မဟုတ်ပါဘူး။ ဒေါ်စု မမှိတ်မသုန် လျှောက်ရမယ့် တကြောင်းတည်းသော လမ်းဟာ ပဋိပက္ခတွေရဲ့ အခြေရင်းမြစ်ဖြစ်တဲ့ လူ့ဘောင်တခုလုံးရဲ့ ကံကြမ္မာကို ၄င်းလူတစုက –– hard power၊ soft power စသဖြင့် ဖန်တီးနေမှု ဆိုတာကြီးကို ဖယ်ရှားပစ်လိုက်ဖို့ ဖြစ်တယ်။ အဲသလို မဖယ်ရှားနိုင်ရင် တော်လှန်ရေးကြီးကို နှစ်သုံးဆယ်နီးပါး လုပ်ခဲ့သည့်တိုင်အောင် နောက်ဆုံးကျတော့ မိမိနှင့်တကွ မိမိအဖွဲ့ကိုယ်တိုင်ဟာ လူနည်းစုလူတစု၏ မဟာအကြံအစည် စီမံကိန်းကြီးထဲတွင် ဖန်တီးခံနေရသူတွေအဖြစ် ဖြစ်သွားပါလိမ့်မယ်။

ဒေါက်တာညိုထွန်း

No comments: