Friday, October 9, 2015

အာဏာရှင်လက်ကိုင်တုတ် သာသနာဖျက်မဘသနဲ့ တိုင်းပြည်နဲ့လူမျိုးကို ကျွန်ဇာတ်သွင်းတဲ့ မျိုးစောင့်ဥပဒေ

ရဲဘော်ကျော်သန်း


အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေတ်အဆက်ဆက်က မျိုးချစ်သူရဲကောင်းအပေါင်းတို့ရဲ့ကျေးဇူကြောင့် ဗမာပြည် ၁၉၄၈ ခုနှစ်မှာ အင်္ဂလိပ်ကိုလိုနီဘဝက လွတ်မြောက်ခဲ့တယ်။ ဒါပေမယ့် လူမျိုးစုံဗမာလူထုကြီးဘဝကတော့ မလွတ်မြောက်သေးတဲ့အပြင် ကိုလိုနီခေတ်ကထက် ပိုပြီးဆိုးဝါးနိမ့်ကျတဲ့ဘဝကို ကျရောက်နေရဆဲသာဖြစ်တယ်။ ခေတ်အဆက်ဆက် အုပ်စိုးသူတွေရဲ့ကျေးကျွန်သဖွယ် ဆက်ဆံခံနေရဆဲဖြစ်တယ်။ စည်းစိမ်ဥစ္စာပိုင်ဆိုင်ခွင့်နဲ့ လွတ်လပ်စွာ စီမံခွင့်ကင်းမဲ့ပြီး ပြည်သူပြည်သားတွေရဲ့ အသက်ရှင်ခွင့်ဆိုတာတောင် သေဆိုသေရှင်ဆိုရှင် အုပ်စိုးသူတို့ရဲ့လက်ထဲမှာပဲ ရှိနေဆဲဖြစ်တယ်။

တိုင်းပြည်တပြည် ဘယ်လောက်ပဲ လွတ်လပ်တယ်ဆိုဆို တိုင်းသူပြည်သားတွေရဲ့ စားမှု၊ နေမှု၊ သက်ရှင်ကျင်လည်မှုဘဝ မလွတ်လပ်သ၍ အဲဒီတိုင်းပြည်ကို အချုပ်အချာအာဏာပိုင် လွတ်လပ်တဲ့နိုင်ငံလို့ မဆိုနိုင်ပါဘူး။ တိုင်းနိုင်ငံဆိုတာ ပြည်သူပြည်သားလူထုကို အခြေခံထားတာကြောင့် အဲဒီတိုင်းနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အချာအာဏာဆိုတာ အဲဒီလူထုတွေရဲ့အကျိုးစီးပွားအတွက် အဲဒီလူထုတွေရဲ့သဘောဆန္ဒစစ်စစ်ကို အခြေခံပြီး လွတ်လွတ်လပ်လပ် စီရင်ဆုံးဖြတ်စီမံနိုင်မှ လွတ်လပ်တဲ့နိုင်ငံတခုလို့ ဆိုနိုင်ပါတယ်။ အဲလိုမဟုတ်ပဲ တိုင်းတပါးသားဖြစ်စေ၊ ကိုယ့်နိုင်ငံသားပင်ဖြစ်စေ လူတစုက အဓမ္မနည်းနဲ့ဖြစ်စေ မတော်မတရား မရိုးမသား အကောက်ဥာဏ်နဲ့ တိုင်းပြည်နဲ့ပြည်သူတို့ရဲ့ကံကြမ္မာကို သူတို့စိတ်ကြိုက် စီမံချယ်လှယ်နေရင် အဲဒီတိုင်းပြည်ဟာ ကျွန်နိုင်ငံဖြစ်ပါတယ်။ သူတို့ဆန္ဒမပါဘဲ လူတစုရဲ့အမိန်အာဏာအတိုင်း ကျင့်ကြံနေထိုင်ကြရသူပြည်သူတွေကလဲ ကျွန်ပြုခံထားရတဲ့သူတွေသာ ဖြစ်ပါတယ်။

အထင်အရှား သက်သေသာဓကတော့ အာဏာကို အဓမ္မလုယက်ထားပြီး ထင်တိုင်းကျဲ ရိုင်းစိုင်းယုတ်မာတဲ့ ဖက်ဆစ်စစ်ဗိုလ်ချုပ်တွေရဲ့ အုပ်ချုပ်ခံနေရတဲ့ ဗမာပြည်နဲ့ လူမျိုးစုံဗမာပြည်သူတွေပဲဖြစ်ပါတယ်။ ပညာ၊ သိက္ခာနဲ့ သတ္တိကင်းမဲ့ပြီး အရှက်အကြောက် ဟီရိသြတ္တပ္ပ မရှိတဲ့ စစ်အာဏာရှင်တွေရဲ့ ရာစုနှစ်တခုကျော် ကြီးစိုးချယ်လှယ်ခံနေရတဲ့ ဗမာပြည်ဟာ ကမ္ဘာ့အလယ်မှာ မျက်နှာမလှ ဗိုလ်ချုပ်အောင်ဆန်း သတိပေးခဲ့တဲ့ ဟိုလူ့မျက်နှာချိုသွေးရ ဒီလူ့မျက်နှာချိုသွေးရတဲ့ ဖာနိုင်ငံဘဝကို ကျဆင်းသွားခဲ့ပါပြီ။

''စစ်အာဏာရှင်တွေ အလိုကျ ဥပဒေလုပ်ကြတဲ့ မဘသဆိုတဲ့ ဘုန်းကြီးမိုက်တွေရဲ့ မျိုးစောင့်ပုံက ကိုယ့်ဆွမ်းကွမ်းနဲ့ သာသနာ့ဒါယကာပြည်သူတွေကို ကြက်တွေ၊ ဝက်တွေလို ခြံခတ်ပြီး စောင့်ရှောက်ချင်ကြတာပဲ။ ရှုံးတာက ကျွန်ခြေမန်းကွင်း ထပ်စွပ်ခံရတာက လူများစုဆင်းရဲသားလူထု။ အမြတ်ထွက်တာက စစ်အာဏာရှင်တွေဖြစ်ပါတယ်။ သိက္ခာပုဒ် (၂၂ရ) သွယ်နဲ့ ရဟန်းခံထားပြီး မယောင်ရာဆီလူး ဟိုဟာ မလုပ်ရ၊ ဒီဟာ မလုပ်ရနဲ့ ယောင်္ကျားမိန်းမ လင်ယူသားမွေးကိစ္စ ဝင်ရှုပ်နေတဲ့ မဘသဘုန်းကြီးမိုက်တွေကိုယ်တိုင်ကကော ကိုယ်အာမဘန္တေခံထားတဲ့ သိက္ခာပုဒ်တွေမဆိုထားနဲ့ ငါးပါးသီတောင်လုံကြရဲ့လားလို့ မေးခွန်းထုတ်ချင်ပါတယ်။''

လွတ်လပ်ရေးရဲ့ ပဋိညာဉ် ကိုယ့်ကြမ္မာကိုဖန်တီးရေး၊ နယ်မြေအချုပ်အချာတည်တံ့မှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနဲ့ ပြည်သူပြည်သားတွေရဲ့ လွတ်လပ်တရားမျှတတဲ့ အသက်မွေးခွင့်နဲ့ ကျင်လည်ရှင်သန်ခွင့်တို့ဟာ လက်ရှိဗမာပြည်မှာ မူးလို့ရှုစရာတောင် မရှိပါဘူး။ လူများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေတောင် အာဏာရှင်တွေ အလိုဆန္ဒနဲ့ ဆန့်ကျင်ပြီး သူတို့တရားဓမ္မကို မကျင့်နိုင် မဆောင်နိုင်တော့ပါဘူး။ ဒါဟာ ပြည်သူပြည်သားတွေကိုယ်တိုင်က လွတ်လပ်ခွင့်ဆုံးရှုံးနေတာကြောင့်ဖြစ်ပါတယ်။ ဖက်ဆစ်စစ်အာဏာရှင်တစုက လက်နက်အားကိုးနဲ့ ကိုယ့်လူထုကို ပြန်ကျွန်ပြုထားတာကြောင့် ဖြစ်ပါတယ်။

ဒီလိုကိုယ့်လူထုကို ပြန်ကျွန်ပြုဖို့အတွက် လက်နက်အပြင် မတရားတဲ့ ဥပဒေတွေနဲ့ပါ ချုပ်နှောင်ထားတယ်။ အဲဒီမတော်မတရားတဲ့ ဥပဒေတွေထဲမှာ အဆိုးရွားဆုံး လူထုကို ကျွန်ပြုထားတဲ့ ဥပဒေခြေမန်းကွင်းနှစ်ခုကတော့ ကျေးရွာအက်ဥပဒေနဲ့ အရေးပေါ်စီမံမှုဥပဒေ-၁၉၅၀ တို့ဖြစ်တယ်။

ကျေးရွာဥပဒေ (Village Act) ဆိုတဲ့ ကျေးလက်တောင်သူလယ်သမား တောသားဖိနှိပ်ရေးဥပဒေကို အင်္ဂလိပ်တွေက ပြဌာန်းခဲ့တာဖြစ်တယ်။ ကျူးကျော်သူအင်္ဂလိပ်ဝင်စက နယ်ချဲ့ဆန့်ကျင်ရေး အခြေခံစခန်းတွေလိုဖြစ်နေတဲ့ တောသားတွေရဲ့ကျေးရွာတွေကို ချေမှုန်းဖို့ အဲဒီအချိန်က သိမ်းပိုက်နယ်မြေ ကော်မရှင်နာ (Occupied Territory Commissioner) ဖြစ်တဲ့ ခရော့စ်ဝေ့ (MrCrosswave) က (၁၈၉၆) မှာ ထုတ်ခဲ့တယ်။ အဲဒီ့ဥပဒေအရ ကျေးရွာတွေကို စစ်စခန်းတခုလို သတ်မှတ်ပြီး တိုက်ခိုက်ချေမှုန်းဖျက်ဆီးနိုင်တယ်၊ တိုက်ခိုက်နိုင်တယ်၊ ပြောင်းရွှေ့နိုင်တယ်၊ ရွာသားတွေကို စစ်တိုက်ဖို့ကအစ အဓမ္မခိုင်းစေနိုင်တယ်။ လယ်ယာမြေတွေကို သိမ်းပိုက်နိုင်တယ်၊ လယ်ယာမြေတွေကနေ မောင်းထုတ်နိုင်တယ်။ ရွာသားတွေကို ဖမ်းပြီး သတ်မှတ်စခန်းတွေမှာသာ နေထိုင်ရမယ်လို့ အတင်းအကြပ် ခိုင်းစေအမိန့်ပေးနိုင်တယ်။ ကျေးရွာသားတွေရဲ့ ပိုင်ဆိုင်မှုဆိုတာ ဘာအာမခံချက်မှ မရှိပါဘူး။

အဲသည်လောက် ကျေးရွာသားတွေအပေါ်မှာ ဖိနှိပ်ရက်စက်တဲ့ဥပဒေ၊ နယ်ချဲ့တွေက အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးချစ်တွေကို ဖိနှိပ်ဖို့လုပ်ခဲ့တဲ့ ဥပဒေကို လွတ်လပ်ပြီး ဗမာပြည်ရဲ့ဝန်ကြီးချုပ်ဆိုတဲ့ ဦးနုကလည်း ပယ်ဖျက်မပေးခဲ့ဘူး။ ဦးနုအတွက်တော့ အခုမဘသတွေလို ဗမာကျေးတောသားတွေထက် နွားတွေရဲ့အသက်က ပိုအရေးကြီးနေတယ်။ နွားမသတ်ရ ဥပဒေတွေ လုပ်ပေးခဲ့တယ်။ ဒီဥပဒေကိုတော့ ထိတောင်မထိခဲ့ဘူး။ မိစ္ဆာဗိုလ်ချုပ်တွေ တောလက်ကျေးရွာက တောင်သူလယ်သမားတွေကို လယ်သိမ်း၊ ယာသိမ်း အဓမ္ဓမောင်းထုတ်၊ ထွက်တဲ့သီးနှံ လုဆိုတာတွေဟာ ဒီဥပဒေအညီလုပ်တာလို့ တုန့်ပြန်နေတာဖြစ်တယ်။ ဒါကြောင့် ဒီဥပဒေကို မဖျက်သိမ်းနိုင်သမျှ ကျေးတောသားတွေအတွက်တော့ ဘယ်လိုလွတ်လပ်ရေး ဘာညာဒီမိုကရေစီကမှ ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ တိုင်းပြည်လူဦးရေရဲ့ ရှစ်ဆယ်ရာနှုန်းကျော်ရှိတဲ့ ကျေးတောသားတွေရဲ့ဘဝမလွတ်မြောက်သရွေ့ ဘယ်သူတွေအုပ်ချုပ် အုပ်ချုပ်၊ ဘယ်အစိုးရတွေ တက်တက် ဗမာပြည်လွတ်လပ်ရေးဆိုတာ မေးခွန်းထုပ်စရာတွေ အများကြီးရှိနေမှာပဲ။

နောက် လူထုကို ကျွန်ပြုထားတဲ့ ခြေမန်းကွင်း အရေးပေါ်စီမံမှုဥပဒေ-၁၉၅၀ဆိုတာကတော့ လူသိများ အောနှလုံးနာနေကြတဲ့ ငါးည (၅/ည) ပါဝင်တဲ့ ဥပဒေဖြစ်ပါတယ်။ ဦးနု-ဦးကျော်ငြိမ်းတို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ထက် စစ်ဆင်ဖက်ပြိုင်ဖို့ (သို့) ပြည်တွင်းစစ်ခင်းဖို့ စစ်တပ်ကို ဆွဲသွင်းအသုံးချရအောင် အဲဒီအချိန်က စစ်ဦးစီးချုပ်ဗိုလ်နေဝင်းကို ဒု-ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးခန့်ပြီး သူတို့အစိုးရထဲ ဆွဲသွင်းလိုက်တယ်။ ပြိုင်ဘက်နိုင်ငံရေးအင်းစုတွေကို နှိပ်ကွပ်ဖိထောင်းဖို့ ဒီဥပဒေကို ပြဌာန်းခဲ့တယ်။ လွတ်လပ်ရေးရပြီးပြီးချင်း ပြဌာန်းထားတဲ့ အလားတူ အရေးပေါ်စီမံမှုဥပဒေ-၁၉၄၈ ကို သက်တမ်းနှစ်နှစ်မပြည့်ခင်မှာ ဖျက်သိမ်းပြီး ပိုတင်းကြပ်ပြီး လူထုရဲ့အခြေခံလူအခွင့်အရေးတွေကို ငြင်းပယ်ကန့်သတ်ချက်တွေနဲ့ ပြဌာန်းလိုက်တာဖြစ်တယ်။

ဒီဥပဒေအရ မသင်္ကာသူတွေကို ကြိုတင်စီမံမှုဆိုတဲ့အကြောင်းပြချက်နဲ့ (၆) လ နှစ်ခါ ဥပဒေမဲ့ စွဲချက်တင်စရာမလိုဘဲ ဖမ်းဆီးထိန်းသိမ်းထားနိုင်တဲ့အပြင် စစ်တပ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တရားဥပဒေစိုးမိုးရေးစီမံချက်ကို နှောင့်ယှက်တယ်ဆိုရင် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲဆိုပြီး သေဒဏ်အထိ ပြစ်ဒဏ်ချနိုင်အောင် စီမံထားတယ်။ အစိုးရအဆောက်အဦတွေကို ဖျက်ဆီးသူတွေ၊ စစ်တပ်ရဲ့သတင်းအချက်တွေကို ခိုးယူပေါက်ကြားစေသူတွေကို ထောင်ခုနှစ်နှစ်အထိ ချမှတ်စီရင်နိုင်တယ်။ ဥပဒေရဲ့အချုပ်ကတော့ နိုင်ငံသားတိုင်းကို စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ လုပ်ကြုံသတ်ဖြတ်ခွင့်ကို ဥပဒေနဲ့ တရားဝင် အပ်နှင်းထားတာဖြစ်တယ်။ နိုင်ငံသားတိုင်းဟာ စစ်တပ်နဲ့ အစိုးရက ကြိုက်သလို ဖွဲ့စည်းထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဆိုတာတွေရဲ့ လက်ခုပ်ထဲကရေလိုဖြစ်အောင် စီမံကျွန်ပြုထားတဲ့ ခြေမန်းကွင်းဥပဒေဖြစ်ပါတယ်။

ခုတခါ လူထုကို ကျွန်ပြုဖို့ အဲဒီမတရားဥပဒေခြေမန်းကွင်းတွေကို အင်အားဖြည်ဖို့ မျိုးစောင့်ဥပဒေခေါ် တလင်တမယားဥပဒေဆိုတာ ပေါ်လာပြန်ပါပြီ။ ဒီတခါတော့ ဖောက်ပြန်ရေးသူ စစ်အုပ်စု ကြောင်လက်နဲ့ ပြာပူယက်ဆိုသလို မဘသဆိုတဲ့ ဘုန်းကြီးမိုက်တွေကို အသုံးချပြီး ပြဌာန်းလိုက်တာဖြစ်တယ်။ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ မွတ်ဆလင်ဆန့်ကျင်ရေးရေစီးနဲ့ အနောက်ဖက်နယ်ခြား ရခိုင်ပြည်ဖက်က ခိုးဝင်မွတ်ဆလင်ဘာသာဝင်တွေကို အကြောင်းပြုပြီး ပြည်တွင်းက လူနည်းစု မွတ်ဆလင်ဘာသာတွေကို ရန်သူသတ်မှတ်ပစ်မှတ်ထား လူမျိုးရေးမှိုင်းတိုက်စည်းရုံးပြီး ပေါ်ပေါက်လာတာဖြစ်ပါတယ်။

မနှစ်က (၂၀၁၄) မေလက လွတ်တော်ဥက္ကဌ သူရဦးရွှေမန်းဟာ သမ္မတဦးသိန်းစိန်ဆီက လာတဲ့ မဘသအဖွဲ့ရဲ့ ဥပဒေ (၄) ခု ပြဌာန်းပေးဖို့ တောင်းဆိုချက်ကို ပြဌာန်းဖို့သင့်မသင့် လွှတ်တော်တွင်း ဆွေးနွေးတာတောင် လုံးဝမလုပ်တော့ဘဲ အဲဒီ ဥပဒေ (၄) ခု လုံး ဥပဒေကြမ်းရေးဆွဲဖို့ အစိုးရဘက် ပြန်လွှဲအပ်ပေးခဲ့တယ်။

တကယ်တော့ မျိုးစောင့်ဥပဒေဆိုတာ လူမျိုးဘာသာကို ခွဲခြားကန့်သတ်ပြီး နောက်ဆုံး လူမျိုးတုံးသတ်ဖြတ်မှုတွေကို တရားနည်းလမ်းကျနသယောင် ထောက်ခံအတည်ပြုပေးတဲ့ (သို့မဟုတ်) လမ်းခင်းပေးခဲ့တဲ့ ဟစ်တလာရဲ့ နုရင်ဘတ်ဥပဒေ (Nuremberg Laws 1935) ရဲ့ပုံတူပဲဖြစ်တယ်။

နုရင်ဘတ်ဥပဒေက ဂျူးတွေကို အဓိက ပစ်မှတ်ထားပြီး ဂျာမန်မဟုတ်တဲ့ ကျန်လူမျိုးတွေရဲ့အဆင့်အတန်းကို ခွဲခြားသတ်မှတ်ပြီး အခွင့်အရေး အခွင့်အလန်းတွေကို ဖိနှိပ်ထားတယ်။ ဂျာမန်အမျိုးသမီးတွေနဲ့ ဂျာမန်မဟုတ်တဲ့သူတွေရဲ့ လိင်သဘောဆက်ဆံပေါင်းသင်းမှုကို ပိတ်ပင်ကန့်သတ်ထားတယ်။ ဗမာဖက်ဆစ်စစ်အုပ်စုကလည်း သူတို့ပြုစုနေတဲ့ မျိုးစောင့်ဥပဒေကြမ်းအရ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတို့ရဲ့ လက်ထပ်ထိမ်းမြားခြင်းကို ကန့်သတ်ချက်အမျိုးမျိုး ထည့်သွင်းထားတယ်။

ဒီသားထိန်းမျိုးပွားဥပဒေအရ လူတွေရဲ့ ဖိုမသဘာဝ လင်ခန်းမယားခန်းပေါင်းသင်းဆက်ဆံမှုကို သူ့ဥပဒေက ပြဌာန်းပေးထားတဲ့အတိုင်းပဲ လုပ်ရမယ် (ပုဒ်မ-၁၀)။ အိမ်ထောင်တွေကို ပြိုကွဲအောင် တွန်းပို့ထားတယ်။ အိမ်ထောင်ရှိသူက နောက်တဦးကို ချစ်ကြိုက်ပေါင်းသင်းလိုရင် လက်ရှိပေါင်းသင်းနေသူဆီက ကွာရှင်းလက်မှတ်ရယူရမယ်၊ မကျေနပ်မသင်္ကာရင် အိမ်ထောင်ဖက်အပေါ် တိုင်ကြားနိုင်တယ်တဲ့ (ပုဒ်မ-၁၁၊ ပုဒ်မ-၁၈)။ သူတို့ဥပဒေအတိုင်းမဟုတ်ဘဲ ပေါင်းသင်းနေထိုင်ရင် ထောင်ခုနှစ်နှစ်နဲ့ထောင်ဆယ်နှစ် (ပုဒ်မ-၁၃၊ ပုဒ်မ-၁၇)။ ဥစ္စာပစ္စည်းလဲ ပိုင်ဆိုင်ခွင့်မရှိရ (ပုဒ်မ-၁၅)။ အခြေအနေမလှလို့ နောက်အိမ်ထောင်ဆက်ဖြစ်ရသူတွေရဲ့ အခွင့်အလန်းကို နှိပ်ကွပ်ပိတ်ပင်ထားတယ်။ သူ့ဥပဒေနဲ့ ဆန့်ကျင်ပြီးယူတဲ့ နောက်အိမ်ထောင်က အမွေခံခွင့်မရှိရတဲ့ (ပုဒ်မ-၁၆)။ လေ့လာမိသမျှ ဒီလောက် လူမှုပေါင်းသင်ဆက်ဆံရေးကို စွက်ဖက်တဲ့ ဖက်ဆစ်ဥပဒေမျိုး ကမ္ဘာ့ဘယ်နိုင်ငံမှာမှ မတွေ့မိပါဘူး။ လင်ခန်းမယားခန်း အလွန်တင်းကြပ်တဲ့ ရိုမန်ကတ်သလစ်ဘာသာဝင်အများစုနေထိုင်တဲ့ နိုင်ငံတွေမှာတောင် မရှိပါဘူး။ မျိုးရိုးအမွေဆက်ခံခွင့်လောက်ပဲ ကန့်သတ်ကြတာ တွေ့ရပါတယ်။ ပစ္စည်းဥစ္စာအမွေဆက်ခံခွင့်ကတော့ ကာယကံရှင်ရဲ့ သေတမ်းစာက တရားဝင်လက်ခံထားတော့ သူ့ဆန္ဒအတိုင်း စီမံနိုင်လို့ နောက်မျိုးဆက်နဲ့ ကျန်ရစ်သူတွေအတွက် တစုံတရာ အာမခံချက်ရှိပါတယ်။ ဒါတောင် သက်ဆိုင်ရာဘုရားကျောင်းတော်တွေရဲ့ တင်ပြချက်နဲ့ သူ့ဘာသာဝင်တွေအပေါ်မှာသာ အကျုံးဝင် သက်ရောက်တာဖြစ်ပါတယ်။ နိုင်ငံသားတိုင်းအပေါ် အကျုံးဝင် အာဏာသက်ရောက်တာ မဟုတ်ပါဘူး။

ဒီဥပဒေရဲ့ အကျိုးသက်ရောက်မှုကတော့ တိုင်းသူပြည်သားတွေအတွက် အလွန်ကြောက်စရာကောင်းလှပါတယ်။ သူတို့အကြောင်းပြချက် မယားလေးယောက်ယူခွင့်ရှိတယ်ဆိုတဲ့ မွတ်ဆလင်တွေ ဗုဒ္ဓဘာသာအမျိုးသမီးတွေကို မယူနိုင်အောင်နဲ့ သူတို့လူဦးရေထိန်းချုပ်ပြီး အမျိုးဘာသာကို ကာကွယ်ရှောက်ရေးဆိုပေမယ့် လက်တွေမှာတော့ ကိုယ်ပြည်သူပြည်သားတွေကို စစ်ကျွန်ဘဝက မလွတ်အောင် ထပ်ပြီး ဆင့်ကဲဖိနှိပ်လိုက်တဲ့ ခြေမန်းကွင်းတခုသာဖြစ်ပါတယ်။ တကယ်က မွတ်ဆလင်တိုင်း မယားလေးယောက် ယူနိုင်တာ မဟုတ်ပါဘူး၊ ယူနိုင်တာက စစ်အာဏာရှင်တွေနဲ့ ပေါင်းဖော်သင်းပင်းပြီး ငွေရှိသူတွေသာ ဖြစ်ပါတယ်။ လူတိုင်း မလွဲမရှောင်သာ ကြုံတွေ့ရတတ်တဲ့ သွေးသားဆန္ဒနဲ့ စိတ်အာရုံခံစားချက်တွေကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ပြည်သားပြည်သူယောင်္ကျားမိန်းမတို့ရဲ့ လူမှုရေးဆိုင်ရာ ကမောက်ကမအခြေအနေတွေကို ကိုင်ပြီး နှောင်ကြိုးတည်းထားတာဖြစ်ပါတယ်။ လူထုကို ကျွန်ဖြစ်သည်ထက်ဖြစ်အောင် ခြေမန်းကွင်းစွပ်တဲ့ ဥပဒေသာဖြစ်ပါတယ်။

ဖက်ဆစ်စစ်အုပ်စု လိုချင်တာ ဒါပဲဖြစ်ပါတယ်။ အများစု မလွဲမကင်းသာတဲ့ လူမှုဗီဇသဘာဝအရ ဖြစ်လေ့ဖြစ်ထရှိတဲ့အချက်တွေ ထိန်းချုပ်အကြပ်ကိုင်ခြိမ်းခြောက်နာခံစေပြီး ကျွန်ပြုခြင်းဖြစ်ပါတယ်။ ဒီဥပဒေပြုသူတွေနဲ့ ကိုယ်တွယ်အသုံးချ အကောင်အထည်ဖော်မဲ့သူတွေကိုယ်တိုင်လဲ လူမှုဗီဇသဘာဝအရ ဖြစ်လေ့ဖြစ်ထရှိတဲ့ (သူတို့ဥပဒေနဲ့ ငြိစွန်းတဲ့) အချက်တွေနဲ့ မလွတ်ကင်းနိုင်ပါဘူး။ ဒါပေမယ့် ကမ္ဘာမှာ တရားဥပဒေစိုးမိုးမှုအကင်းမဲ့ဆုံး တိုင်းပြည်ဖြစ်တဲ့ ဗမာပြည်မှာ ဘယ်ဥပဒေမှ သူ့ပြဌာန်းချက်ပါတွေအတိုင်း အသက်မဝင်နိုင်၊ သက်ဝင်လှုပ်ရှားနိုင်ခြင်း မရှိပါဘူး။ အာဏာရှင်များ အလိုကျသာ သက်ဝင်အာဏာစက်ပြန့်ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီဥပဒေကလဲ လူတိုင်းအပေါ် အာဏာသက်ရောက်မှာမဟုတ်ဘဲ ငွေရှိသူ၊ အာဏာရှိသူတွေကတော့ ငွေနဲ့ အာဏာရဲ့အကာအကွယ်နဲ့ ကင်းလွတ်မြဲ ကင်းလွတ်ခွင့်ရနေကြမှာဖြစ်ပါတယ်။ သာမာန်ပြည်သူပြည်သားတွေကတော့ အာဏာပိုင်တွေရဲ့ လိုရင်လိုသလို မလိုရင်မလိုသလို ပိုပြီး ဗိုလ်ကျအနိုင်ကျင့်ခံရတော့မှာ မလွဲဧကန်ဖြစ်ပါတယ်။ အာဏာပိုင်တွေကို ဆန့်ကျင်သူ၊ သူတို့အလိုမကျသူမှန်သမျှ အချိန်မရွေး အရေးယူအပြစ်ပေးနိုင်တော့မှာဖြစ်တယ်။

စစ်အာဏာရှင်တွေ အလိုကျ ဥပဒေလုပ်ကြတဲ့ မဘသဆိုတဲ့ ဘုန်းကြီးမိုက်တွေရဲ့ မျိုးစောင့်ပုံက ကိုယ့်ဆွမ်းကွမ်းနဲ့ သာသနာ့ဒါယကာပြည်သူတွေကို ကြက်တွေ၊ ဝက်တွေလို ခြံခတ်ပြီး စောင့်ရှောက်ချင်ကြတာပဲ။ ရှုံးတာက ကျွန်ခြေမန်းကွင်း ထပ်စွပ်ခံရတာက လူများစုဆင်းရဲသားလူထု။ အမြတ်ထွက်တာက စစ်အာဏာရှင်တွေဖြစ်ပါတယ်။ သိက္ခာပုဒ် (၂၂ရ) သွယ်နဲ့ ရဟန်းခံထားပြီး မယောင်ရာဆီလူး ဟိုဟာ မလုပ်ရ၊ ဒီဟာ မလုပ်ရနဲ့ ယောင်္ကျားမိန်းမ လင်ယူသားမွေးကိစ္စ ဝင်ရှုပ်နေတဲ့ မဘသဘုန်းကြီးမိုက်တွေကိုယ်တိုင်ကကော ကိုယ်အာမဘန္တေခံထားတဲ့ သိက္ခာပုဒ်တွေမဆိုထားနဲ့ ငါးပါးသီတောင်လုံကြရဲ့လားလို့ မေးခွန်းထုတ်ချင်ပါတယ်။

ထေရဝါဒဗုဒ္ဓဘာသာဆိုတာ တခြားမြောက်ပိုင်းမဟာယနဗုဒ္ဒဘာသာတွေနဲ့တောင် မတူပါဘူး။ ဆရာ ဒကာ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းထိန်းသိမ်းစောင့်ရှောက်ရတဲ့ ကျင့်စဉ်နဲ့ အယူဝါဒဖြစ်ပါတယ်။ သာသနာနဲ့ဒါယကာ ရနဲ့ကြာလို ဆက်စပ်နေတယ်။ ရေမြင့်မှကြာတင့် ဆိုသလို သုံးတန်သောသာသနာ့ဝန်တွေနဲ့ သာသနာကိုစောင့်ထိန်းနေကြတဲ့ ထေကြီးဝါကြီးများနဲ့ သံဃာတို့ရဲ့ ဆွမ်းကွမ်းနဲ့ သာသနာ့ဝေယျာဝစ္စတာဝန်တွေကို သဒ္ဓါအရင်းခံစိတ်နဲ့ ထမ်းရွက်ကြတဲ့ ဒါယကာပြည်သူတွေရဲ့ စားဝတ်နေရေးအခြေအနေကို မှီပြီး နိမ့်ပါးခြင်း၊ မြင့်မားပြန်ပွားခြင်း ဖြစ်ရပါတယ်။ ဒီနေ့ သာသနာနဲ့ လူထုတွေကြားမှာ ဗုဒ္ဓအယူဝါဒ ဓလေ့စရိုက် အကျင့်သီလတွေ ယုတ်လျော့နိမ့်ပါးလာခြင်းဟာ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေး ဆင်းရဲကြပ်တည်းခြင်းက အရင်းခံအကြောင်းဖြစ်ပါတယ်။

အူမတောင့်မှ သီလစောင့်တယ် ဆိုတဲ့စကားလည်း ရှိပါတယ်။ ဒီလို အူမမတောင့်လို့ သီလမစောင့်နိုင်လောက်အောင်၊ ဘာသာရေးသာသနာရေးကို အချိန်ပေးမစောင့်ရှောက်နိုင်လောက်အောင် ဆင်းရဲတွင်းကို သွတ်သွင်းနင်းချေခဲ့သူ ဆက်ပြီးလဲနင်းချေနေသူတွေဟာ လက်ရှိတိုင်းပြည်ကို ထင်တိုင်းကျဲ ခိုးဝှက်လုယက်နေတဲ့ စစ်အာဏာရှင်တွေသာဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရှိနေသ၍ တိုင်းပြည်နဲ့လူမျိုးတို့ရဲ့ ဆင်းရဲတွင်းဆက်တာရှည်နေအုံးမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာသာသနာလဲ ခုလိုဆက်လက်ညိုးမှိန်နေအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဥပဒေဟာ တိုင်းပြည်နဲ့လူမျိုးကို ကျွန်ဇာတ်သွင်းတဲ့အပြင် သာသနာကိုပါ ဖျက်ဆီးနေတဲ့ မိစ္ဆာတို့ရဲ့ဖက်ဆစ်ဥပဒေ ဖြစ်ပါတယ်။

ဒီလိုအခြေအနေထဲမှာမှ စစ်အာဏာရှင်တည်မြဲရေးနဲ့ ပြည်သူလူထုကို စစ်ကျွန်ဘဝက မလွတ်မြောက်နိုင်အောင်ပြုလုပ်ထားတဲ့ တလင်တမယားမျိုးစောင့်ဥပဒေကို ဖန်တီးခဲ့သူ မဘသနဲ့ သိန်းစိန်စစ်အစိုးရတို့ဟာ ကိုယ့်လူမျိုးကိုယ် ကျွန်ဇာတ်သွင်းတဲ့ အမျိုးသားသစ္စာဖောက်တွေဖြစ်တယ်၊ ဒီဥပဒေကို မိစ္ဆာဖက်ဆစ်တွေ အလိုကျ အတည်ပြုပြဌာန်းပေးလိုက်တဲ့ စစ်ကျွန်လွတ်တော်တို့ဟာလဲ အမျိုးသားသစ္စာဖောက်တို့ရဲ့ကြံရာပါတွေသာဖြစ်ပါတယ်။

ရဲဘော်ကျော်သန်း

3 comments:

richard said...

Bullshit MaBaTa & MaHaNa.

Ohn said...

Excellent analysis.

khun rarksa said...

U must be a Muslim,Not Buddha.Have u ever seen the law of Muslim?Think deeply,then tell.Study continuously a to z.