Friday, July 3, 2015

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ဥက္ကဋ္ဌ ကိုကျော်ကိုကိုနှင့် တွေ့ဆုံမေးမြန်းခြင်း


=========================================================
''သမဂ္ဂကျောင်းသား ဆိုတာက ကျောင်းသားတွေ အားလုံးဟာ သမဂ္ဂကို ၀င်ခွင့်ရှိတယ်။ ဘယ်ကျောင်းသားကိုမှ သမဂ္ဂထဲ မ၀င်ရဘူးလို့ ကန့်သတ်ထားတာ မဟုတ်ဘူး။ သမဂ္ဂအမှုဆောင် ကော်မတီမှာ ၀င်ရောက် ယှဉ်ပြိုင်ချင်လည်း လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိတယ်။ လူတိုင်းမှာ မဲပေးပိုင်ခွင့်ရှိသလို ရွေးချယ်ခံပိုင်ခွင့်လည်း ရှိတယ် . . . အဲဒါဒီမိုကရေစီပဲ။ ဒီ,ဒီမိုကရေစီ အလေ့အထကို တက္ကသိုလ်တွေ၊ ကျောင်းတွေထဲမှာ လွတ်လွတ် လပ်လပ် ကျင့်သုံးဖို့အတွက် သမဂ္ဂဆိုတာ ပေါ်ပေါက်လာတာ …''
=========================================================

အမျိုးသားပညာရေး ဥပဒေကို ပြန်လည် ပြင်ဆင်သည့် ဥပဒေတွင် လေးပွင့်ဆိုင် ကတိက၀တ်များ ကို ဖောက်ဖျက်ကာ အတည်ပြုမည်ဆိုပါက ရပ်နားထားသည့် သပိတ်စစ်ကြောင်းများကို ပြန်လည် စတင်မည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင်က ဇွန်လ ၂၀ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ဒုတိယအကြိမ် ညီလာခံ နောက်ဆုံးနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ဇွန်လ ၁၈ ရက်က ပြည်ထောင်စု လွှတ်တော်၌ ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်ချက် ၅၁ ချက်ဖြင့် အတည်ပြုလိုက်ရာ ယင်းဥပဒေထဲတွင် တက္ကသိုလ် ကောင်စီ၌ ကျောင်းသားသမဂ္ဂကိုယ်စားလှယ် ဆိုသည့်စကားရပ်အား ကျောင်းသား ကိုယ်စားလှယ်ဆိုသည့် စကားရပ်ဖြင့် အတည်ပြုကာ ကျောင်းသားသမဂ္ဂ ၏ အခန်းကဏ္ဍအား ချန်လှပ်ထားခဲ့သည်။ လတ်တလော အစိုးရဘက်က ၄ ပွင့်ဆိုင် အကြို သဘောတူညီ ချက်တွင် ပါရှိသော ကတိက၀တ်များကို ချိုးဖောက်၍ ကျောင်းသားနှင့် ၀န်းရံပြည်သူ ၁၀၀ ကျော်ကို အကြမ်းဖက် ဖြိုခွင်းကာ တရားစွဲဆိုထားပြီး အချို့သော ကျောင်းသား ခေါင်းဆောင်များမှာ ဖမ်းဝရမ်း ထုတ်ခံထားရသည့်အတွက် တိမ်းရှောင်နေရသည်။

ယင်းသို့ တိမ်းရှောင်နေရသူများထဲမှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် – (ဗကသ)ဥက္ကဋ္ဌ ကိုကျော်ကိုကိုအား လက်ရှိဖြစ်ပျက်နေသည့် အမျိုးသားပညာရေး ဥပဒေနှင့် သပိတ်တိုက်ပွဲ ပြန်စလာနိုင်သည့် အခြေအနေ၊ အစိုးရက ကျောင်းသားများအား သပ်လျှိုသွေးခွဲနေမှု၊ လက်ပံတန်း အကြမ်းဖက် ဖြိုခွဲခံရမှုတွင် ကျောင်းသားများ ရလိုက်သည့် အတွေ့အကြုံနှင့် ဗကသဥက္ကဋ္ဌ၏ သဘောထားများကို ဇွန်လ ၂၃ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကာ ဖော်ပြလိုက်ပါသည်။

မေး – အချက်အလက်တွေပြင်ဖို့ ပြောဆိုခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို အခုအမျိုးသား လွှတ်တော်မှာလည်း ဒါကိုပြန်ပြီးတော့ ပြင်ပြီးတော့ အတည်ပြုပြီးသွားပြီပေါ့။ ဒီ အပေါ်မှာ နဂိုပြောဆို ခဲ့တာတွေနဲ့ ဘယ်လောက် အတိုင်းအတာအထိ ပြောင်းလဲထားတယ်လို့ ထင်သလဲ။

ဖြေ – ကျွန်တော်တို့ ပြောင်းလဲဖို့၊ ပြင်ဆင်ဖို့ပြောခဲ့တဲ့ ပညာရေးဥပဒေနဲ့ သူတို့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ပညာရေးဥပဒေနဲ့က ကွာခြားတယ်ဗျ။ ကျွန်တော်တို့ ပြောင်းလဲပြင်ဆင်ဖို့ ဆိုတဲ့နေရာမှာ ဒီမိုကရေစီပညာရေး ကို ဦးတည်သွားဖို့အတွက် အချက်အလက်တွေနဲ့ ပြောခဲ့တာရှိတယ်။ ပြီးတော့ပညာရေး ပုံစံတွေ အကုန်လုံး၊ တစ်ခုလုံးကို ပြောင်းလဲပစ်ဖို့အတွက် ကျောင်းသားသမဂ္ဂရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေ လိုအပ်တယ် ဆိုတာကို ပြောခဲ့တယ်။ ဒါပေမဲ့လက်တွေ့ပိုင်းမှာ အဲဒီအတိုင်း ဖြစ်မလာတာကို တွေ့ရတယ်။ နောက် ကျွန်တော်တို့ ပြောတဲ့ဆိုတဲ့ ပညာရေးဥပဒေဟာ အခုရေးဆွဲပြီး အတည်ပြုလိုက်တဲ့ ဥပဒေနဲ့ကြားထဲမှာ အင်မတန်မှ ကွာဟချက်တွေ ရှိနေတယ်။ အနှစ်သာရချင်း ခြားနားနေတယ် ဆိုတာကို တွေ့ရပါတယ်။

မေး – အရင်တုန်းက အမျိုးသားပညာရေး ဥပဒေကို စဆွေးနွေးတဲ့အခါမှာ ၄ ပွင့်ဆိုင်နဲ့ သွားမှသာလျှင် အဆင်ပြေမယ်ပေါ့။ လွှတ်တော်ကတစ်ဆင့် ဒါမျိုးသွားမယ်ဆိုလို့ရှိရင် ကျောင်းသားတွေ လိုချင်တဲ့ပုံစံအတိုင်း ဖြစ်မလာနိုင်ဘူးလို့ သုံးသပ်တာတွေ ရှိတယ်ပေါ့။ အခုလည်း အဲဒီလိုပုံစံမျိုး ဖြစ်လာတယ်ပေါ့။ အဲဒီ အယူအဆကိုကော ဘယ်လိုမြင်သလဲ ခင်ဗျ။

ဖြေ – ၄ ပွင့်ဆိုင်ဆိုတာက ကျွန်တော်တို့ လိုအပ်လို့ ပြောခဲ့တာ၊ တောင်းဆိုခဲ့တာ။ ၄ ပွင့်ဆိုင်ဆိုတာက လွှတ်တော်ပြင်ပမှာ ညှိနှိုင်းပြီးတော့ အကောင်းဆုံး ဖြစ်ဖို့အတွက် နည်းမျိုးစုံနဲ့ တောင်းဆိုပြီးတော့မှ ဖြစ်မြောက်အောင်လို့ ဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ ကျောင်းသားတွေ ရေးဆွဲထားတဲ့ ၄ ပွင့်ဆိုင် တောင်းဆို ချက်တွေ၊ ၄ ပွင့်ဆိုင် သဘောတူညီချက်တွေကို လက်ပံတန်းမှာ ရိုက်နှက်ဖြိုခွဲပြီး နောက်ပိုင်းမှာ တွေ့ရတာက လက်နဲ့ရေးခဲ့သမျှကို ခြေနဲ့ဖျက်ခဲ့တယ်လို့ ကျွန်တော်တို့က သဘောထားတယ်။ နောက် အခုအနေအထားက လေးပွင့်ဆိုင် ဆိုတဲ့အနေအထားနဲ့ ဆွေးနွေးထားတာတွေကို လျစ်လျှူရှုပြီးတော့ လွှတ်တော်ထဲမှာ သူတို့ အလိုကျ ပုံစံမျိုး ပြန်ပြီးရေးဆွဲတယ် ဆိုတာတစ်နည်းအားဖြင့် ပြောရရင် လွှတ်တော်ရယ်၊ အစိုးရရယ်၊ တရားရေးဆိုတဲ့ မဏ္ဍိုင် ၃ ခုပေါ့။ မဏ္ဍိုင် ၃ ရပ်ကို လက်ရှိ အုပ်ချုပ်နေတဲ့ စစ်တစ်ပိုင်း အစိုးရ လက်ထဲမှာပဲ ဆုပ်ကိုင်ထားဖို့သူတို့ အဓိက ထားတယ်။ အပြင်မှာ ကျွန်တော်တို့ တောင်းဆိုတဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ပွဲကို အသိအမှတ်မပြုရာ ရောက်နေတယ်လို့ တွေ့ရှိရတယ်။

မေး – ဒီဥပဒေနဲ့ ပတ်သက်ပြီး ကျောင်းသားသပိတ်စစ်ကြောင်းတွေက သပိတ်ပြန်စဖို့ ကြေညာချက်တွေ ထွက်လာပါတယ်။ ဒီတော့ သပိတ်တိုက်ပွဲ ပြန်စလာမယ်ဆိုရင် ဘယ်လိုပုံစံမျိုး တိုက်ပွဲဝင်တာက ပိုသင့် တော်မယ်လို့ ထင်ပါသလဲ။ ဒီလိုမျိုး သပိတ်တိုက်ပွဲ ပြန်စဖို့ဆိုတဲ့အပေါ်မှာကော ဗသက ဥက္ကဋ္ဌအနေနဲ့ ဘာများ ပြောချင်သလဲ။

ဖြေ – တိုက်ပွဲဝင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ရှေ့မှာ သင်ခန်းစာတွေကော၊ အတွေ့အကြုံတွေကော အများကြီးရထားတယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့က ဒါ ကမူးရှူးထိုး လုပ်လို့တော့ မရဘူးလေ၊ ဒါတစ်ခုက တိုက်ပွဲလုပ်မယ်ဆိုရင် စနစ်တကျ ပြင်ဆင်ထားဖို့တော့ လိုတယ်။ အရင်တစ်ခါက ကျွန်တော်တို့ ရန်ကုန်မြို့ ၄ ရက် သပိတ်ဆန္ဒပြပွဲတွေ၊ နောက်ပြီးတော့ မန္တလေးက ရန်ကုန်ချီတက်ခဲ့တဲ့ လမ်းလျှောက် ချီတက်ပွဲတွေမှာ ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေပါတယ်။ တစ်နည်းအားဖြင့် ပြောရင် အားပေးထောက်ခံ ၀န်းရံသူတွေပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေတော့ ရှိနေတယ်။ ဆိုတော့ ဒီတစ်ခေါက်မှာ လိုအပ်ချက်တွေ မရှိအောင် လိုလေသေးမရှိ အရာရာ ပြည့်စုံအောင် လုပ်ဖို့တော့ လိုတယ်။ ဆိုတော့တိုက်ပွဲကို အလောတကြီး တိုက်လို့မရပါဘူး။ တိုက်ပွဲတိုက်တယ်ဆိုတာ ပုံသဏ္ဌာန် ကြွယ်ဝဖို့လည်း လိုတယ်၊ နည်းနာကြွယ်ဝဖို့လည်း လိုတယ်။ နည်းပရိယာယ်တွေ ကြွယ်ဝဖို့လည်း လိုတယ်လို့ မြင်တယ်။ တိုက်ပွဲတိုက်ဖို့ ကိစ္စကို အလောသုံးဆယ်တော့ ကျွန်တော့်အနေနဲ့ အားမပေးနိုင်ဘူး။ စနစ်တကျ ပြင်ဆင် ပြီးတော့ လုပ်ဖို့လိုတယ်။ ဒီကိစ္စဟာ ထောက်ခံတဲ့၊ ၀န်းရံတဲ့ ပြည်သူနဲ့တင်မပြီးဘဲနဲ့ အဖွဲ့အ စည်းပေါင်းစုံ ကနေပြီးတော့ တစ်သမတ်တည်း ဒီအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်တဲ့ အနေအထားအထိ ဆွဲတင်ဖို့လိုတယ် ဆိုတာကို ပြောချင်ပါတယ်။

မေး – လက်ရှိ နိုင်ငံရေး အနေအထားမှာ ဒီိမိုကရေစီ အသိုင်းအ၀ိုင်းဘက်က လူတွေကပါ ရွေးကောက်ပွဲ နီးလာတဲ့ အတွက်ကြောင့်မို့လို့ ကြားကာလ နိုင်ငံရေး တည်ငြိမ်မှုဆိုတာကို အဓိကထား ပြောလာကြတာ တွေ့ရတယ်။ ဒီအပေါ်မှာ အစိုးရအနေနဲ့ ပညာရေး ဥပဒေအတွက် တိုက်ပွဲဝင်တဲ့အခါမှာ နိုင်ငံရေး အမြတ်ထုတ်ပြီးတော့ ကျောင်းသားတွေဘက်ကို အပြစ်ပုံချလာနိုင်မလား။

ဖြေ – အစိုးရကတော့ အခုဟာက ကျောင်းသားကော၊ လယ်သမား၊ အလုပ်သမားကော ဘယ်လှုပ်ရှားမှုပဲ လုပ်လုပ် အားလုံးအပေါ် အပြစ်ပုံချဖို့ ဒါအမြဲတမ်း အဆင်သင့် ပြင်ဆင်ထားတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သွားချင်တဲ့ လမ်းကြောင်းကို ထိခိုက်မယ်၊ အနှောင့်အယှက် ပေးမယ်လို့ သူတို့ယူဆလို့ပဲ။ သူတို့ သွားချင်တဲ့လမ်းကြောင်း က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ဘယ်ရွေးကောက်ပွဲပဲ လုပ်လုပ် လက်ရှိ အစိုးရက အမြဲတမ်းနိုင်အောင်လို့ သူတို့ ဖန်တီးထားတယ်။ လက်ရှိအစိုးရ မနိုင်၊ နိုင်အောင်လို့ လုပ်မယ့် နည်းလမ်းတွေလည်း သူတို့မှာ အပြည့်အစုံရှိတယ်။ အဲဒီတော့ အဲဒီလို အခြေအနေမျိုးကို တိမ်းစောင်းသွား စေနိုင်တဲ့ ဘယ်သူ့လုပ်ရပ်မျိုးမဆို သူတို့ လက်သင့်ခံမှာ မဟုတ်ဘူး၊ ဖြိုခွဲမှာပဲ။ အဲဒီတော့ ကျွန်တော်တို့ ကျောင်းသားတွေကော၊ လယ်သမား အလုပ်သမားတွေကော ဒီအချိန်မှာ တိုက်ပွဲဝင်တယ်ဆို ဖြိုခွဲဖို့ ကြိုးစားမယ်။ ဖြိုခွဲပြီးသွားရင် ဒါဘယ်သူတွေ၊ ဘယ်ဝှါတွေ နောက်ကွယ်က သွေးထိုးပါတယ်၊ လှုံ့ဆော် ပါတယ် ဆိုတာမျိုး အပြစ်ပုံချမယ်။ ကျောင်းသားတွေရဲ့ ကြီးကျယ်တဲ့၊ ကြီးမြတ်တဲ့ လှုပ်ရှားမှု မှန်သမျှကိုလည်း သေးသိမ် သွားအောင် ဖန်တီးမယ်။ နာမည်ဖျက်ဖို့ အမျိုးမျိုး ပြင်ဆင်ထားကြတာကို တွေ့ရတယ်။ အဲဒီတော့ ကြားကာလ တည်ငြိမ်ရေးဆိုတာသည် ကျွန်တော်သိပ်တော့ စိတ်မ၀င်စားဘူး။ တည်ငြိမ်ရေး၊ မတည်ငြိမ်ရေး ဆိုတာက တကယ်တမ်း ပြောမယ်ဆိုလို့ ရှိရင်နိုင်ငံရေး လမ်းစဉ်ကြီး တစ်ခုလုံးကောင်းမွန်မှ တည်ငြိမ်မှာ။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ဘယ်တော့မှ တည်ငြိမ်မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတွေ ဒုက္ခရောက်နေတယ်၊ ငတ်နေတယ်ဆိုရင် တည်ငြိမ်မှာ မဟုတ်ဘူး။ အဲဒီတော့ တည်ငြိမ်ရေးလို့ ဆိုတာ ထက်ကို အဓိက ဘာကိုစဉ်းစားရမလဲဆိုရင် ကျွန်တော်တို့ လုပ်တဲ့ လုပ်ရပ်မှန်သမျှ အောင်မြင်ဖို့ စဉ်းစားရမယ်။ အကျအရှုံး နည်းနည်းနဲ့ ထိထိရောက်ရောက်နဲ့ လိုချင်တဲ့ရလဒ်တွေ၊ ရည်မှန်းချက်တွေ ရောက်ဖို့ ကျွန်တော်တို့ စဉ်းစားရမယ်။ အဲဒါကိုပဲ ကျွန်တော်တို့ အဓိကထား စဉ်းစားသင့်တယ်လို့ ထင်တယ်။ အစိုးရက ပုံဖျက်တာတော့ ပုံမှန်လုပ်မှာပဲ။ ကျွန်တော်တို့အနေနဲ့က အဲဒီလို ပုံဖျက်တဲ့ဟာကို မခံရအောင် ဘယ်နည်းဘယ်ပုံနဲ့ အကောင်းဆုံး ဖန်တီးမလဲဆိုတာပဲ စဉ်းစားသင့်တယ်လို့ ထင်တယ်။

မေး – နောက်တစ်ခုက အစိုးရက ဗကသကို ဆိုလို့ရှိရင်ခါးခါးသီးသီးကို ဖြစ်နေတယ်ပေါ့။ ခါးခါးသီးသီး ဖြစ်တဲ့အပြင်ကို မှိုင်းတိုက်တာတွေပါ လုပ်လာတယ်ပေါ့။ အဲဒီမှာ တချို့လူတွေပါဆိုရင် အဲဒီမှိုင်းတိုက်တာကို မိသွားတာမျိုးတွေရှိတယ်။ ဒီအပေါ်မှာ အစိုးရက အခုလိုလုပ်တာဟာ ဘာကြောင့်လို့ ပြောနိုင်မလဲ။

ဖြေ – အစိုးရက ခါးခါးသီးသီး ဖြစ်နေတာနဲ့ တချို့လူတွေ မှိုင်းတိုက်ခံနေတာ နှစ်ခုက ခွဲပြောမှရမယ်။ အစိုးရက ခါးခါးသီးသီး ဖြစ်နေတာကတော့ ဒါနှစ်ပရိစ္ဆေဒပေါင်း များစွာကြာမြင့်ပြီး ဗကသနဲ့ စစ်အာဏာရှင် အစိုးရ ကြားထဲမှာ ရှိတဲ့ ပြဿနာတွေဗျ။ တစ်နည်းအားဖြင့်ပြောရင် အစိုးရက ကျွန်တော်တို့အပေါ် အငြိုးအတေး ထားပြီး တိုက်ခိုက်တဲ့သဘောပဲ။ ဘာကြောင့်လဲဆိုရင် အာဏာရှင်စနစ် သမိုင်းက အမြစ်တွယ်လာပြီ ဆိုကတည်းက ကျောင်းသားသမဂ္ဂက စတင်ကန့်ကွက်ခဲ့တယ်။ ဒီလိုမျိုး အာဏာကို ပြည်သူ့လက်ထဲကနေ လုယူသိမ်းပိုက်ပြီး အုပ်ချုပ်တာကို မသင့်တော်ဘူးဆိုတာကို ၁၉၆၀ ခုနှစ် မတိုင်ခင် ကတည်းကကော၊ ၁၉၅၈ ခုနှစ် လောက်ကတည်းကကော ကန့်ကွက်ခဲ့တယ်။ အိမ်စောင့်အစိုးရ လက်ထက်ပေါ့။ ၆၂ မှာလည်း ကျောင်းသားတွေက ကန့်ကွက်တယ်။ အဲဒီလို ကန့်ကွက်တဲ့ အတွက် ကျောင်းသားသမဂ္ဂကို ဖြိုခွဲဖျက်ဆီး၊ ဒိုင်းနမိုက်နဲ့ ဖြိုခွဲပြီး ကျောင်းသားပေါင်း ၁၀၀ ကျော်ကို သတ်တယ် ဆိုကတည်းက အငြိုးအတေးကသူတို့မှာ တော်တော်ကြီးမားတယ် ဆိုတာကို ပြသနေတာ။ လာမယ့် ၇ လပိုင်းဆို ၅၃ နှစ် ပြည့်တော့မယ်။ ဒီလို အခြေအနေမျိုးမှာ ဆိုလို့ရှိရင်တော့ အခုအချိန်အထိ အငြိုးအတေး မပြေသေးဘူး။ အခုအချိန်အထိ ကလဲ့စား ချေချင်တဲ့ စိတ်တွေက ရှိနေတုန်းပဲလို့ ကျွန်တော်တို့က ဒီလိုပဲသွားတွေ့ရတယ်။ အဓိကက အာဏာ ပြဿနာပဲ။ ကျောင်းသားတွေဟာ အစိုးရအနေနဲ့၊ စစ်အာဏာရှင်တွေ အနေနဲ့ အာဏာကို ဖြတ်လမ်းက ယူထားတာကို လက်သင့်မခံဘူး။ အဲဒီအပေါ်မှာ ဝေဖန်လို့ အငြိုးအတေးထားတာ၊ ကျောင်းသားတွေကို ရန်သူသဖွယ် သဘောထားတာ။

မှိုင်းတိုက်တာကတော့ခုနက ပြောသလို ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို အင်အား ချည့်နှဲ့သွားအောင် ဖန်တီးတာ။ သူတို့ အာဏာဆက်လက် တည်မြဲရေး၊ သူတို့ဆက်လက် ဗိုလ်ကျစိုးမိုးဖို့အတွက်၊ ပြည်သူလူထု ကိုလုပ်ချင်တာ လုပ်ဖို့ ထင်တိုင်းကျဲဖို့အတွက် ထွက်လာမယ့် အညွန့်အတက်တွေကို ဖျက်ပစ်တာပဲ။ အဲဒီအပေါ်မှာ မှိုင်းတိုက်ခံရတဲ့ လူတချို့ဆိုတာဟာ သမိုင်းကို သေချာ နားမလည်တဲ့ သူတွေပဲဖြစ်မယ်။ ဆိုတော့ နိုင်ငံရေးပါတီ တချို့လည်းပါမယ်၊ နိုင်ငံရေး အင်အားစုတချို့လည်း ပါမယ်၊ သာမန်ပြည်သူ တချို့လည်းပါမယ်။ အဲဒီ တချို့တချို့သော သူတွေဟာ နိုင်ငံရေး နယ်ပယ်ထဲမှာ ရှိကောင်းရှိနေလိမ့်မယ်။ သမိုင်းကို စနစ်တကျ လေ့လာထားဖို့ လိုအပ်တယ်။ သမိုင်းကို စနစ်တကျ မလေ့လာဘဲနဲ့ အဆင်ပြေရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ ဘက်ကိုပဲ ဦးတည်ပြီးသွားမယ် ဆိုလို့ရှိရင် ကျောင်းသားသမဂ္ဂရဲ့ အခန်းကဏ္ဍကို ပစ်ပယ်ရာ ရောက်လိမ့်မယ်။ ပြီးတော့ ကျဆုံးသွားတဲ့ ကျောင်းသား ရဲဘော်တွေနဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ အနစ်နာခံမှု အပေါ်မှာလည်း လျစ်လျှူရှုရာ ရောက်လိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ မဖြစ်စေချင် ဘူး။ အသွင်ကူးပြောင်းမှု ကာလမှာ ကျွန်တော်တို့ တရားမျှတရေးကို အမြဲတမ်း ထည့်စဉ်းစားပါတယ်။ တရားမျှတရေးကို ထည့်မစဉ်းစားဘဲနဲ့ အသွင်ကူးပြောင်းရေးကို ဇွတ်လုပ်မယ် ဆိုလို့ရှိရင် ခုနကပြောသလို ရန်သူနဲ့ ပူးပေါင်းတာပဲ ဖြစ်လိမ့်မယ်။ အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲရမှာ မဟုတ်ဘူး။ အနှစ်သာရပြည့်ဝတဲ့ အသွင် ကူးပြောင်းမှုဆိုတာလည်း ဖြစ်လာမှာ မဟုတ်ဘူး။ အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး။ အဲဒီတော့ တစ်နည်းအားဖြင့် ပြောမယ်ဆိုလို့ ရှိရင် ကျောင်းသားသမဂ္ဂရဲ့ အခန်းကဏ္ဍကို လုံးဝ လျစ်လျှူရှုပြီးတော့ အစိုးရနဲ့အဆင်ပြေရေး တစ်ခုတည်း သွားတယ်ဆိုတာ တစ်နည်းအားဖြင့် ပြောမယ် ဆိုရင် လက်နက်ချတာ၊ ရန်သူနဲ့ပူးပေါင်းတာ၊ အညံ့ခံတာပဲ ဖြစ်တယ်လို့ ကျွန်တော်တို့က မြင်တယ်။

မေး -နောက်တစ်ခုက ဗကသနဲ့ တကသကို ဆိုလို့ရှိရင် အစိုးရက ထုံးစံအတိုင်း သပ်လျှိုသွေးခွဲရေး လုပ်လာတဲ့ အနေအထားမျိုးတွေ တွေ့ရတယ်ပေါ့။ နောက်တချို့သူတွေရဲ့ တွေးခေါ်မှုအပိုင်းမှာ ကွဲလာတာတွေလည်း တွေ့နေရတယ်။ အဲဒီတော့ အစိုးရရဲ့ သပ်လျှိုသွေးခွဲမှုလုပ်ရပ်ဟာ အောင်မြင်တယ်လို့ကော သုံးသပ်နိုင်မလား။

ဖြေ – ဗကသနဲ့ တကသကို သွေးခွဲတာဟာ အခုမှမဟုတ်ဘူးဗျ။ ဗကသ၊ တကသ ဆိုတဲ့ အခုခေတ်မတိုင်ခင် ၁၉၈၈ တုန်းကလည်း ဗကသနဲ့မကသဆိုပြီး သွေးခွဲခဲ့တယ်။ ဒီလိုပဲ ဟိုးအရှေ့တွေမှာလည်း တပ်ဦးနဲ့ DSO ကို သွေးခွဲခဲ့တယ်။ အစိုးရ အဆက်ဆက်ကတော့ ကျောင်းသားသမဂ္ဂရဲ့ အင်အား ကောင်းလာမှာကို စိတ်ပူတဲ့ အတွက်ကြောင့်မို့လို့ အတိုက်အခံ ဖြစ်လာနိုင်တဲ့ ကျောင်းသားတွေ အလားအလာ ကောင်းတွေကို ဖြိုခွဲဖို့ အတွက်ကို အမြဲတမ်း ကျောင်းသားလောကထဲမှာ သပ်လျှိုသွေးခွဲမှုတွေ လုပ်မှာပဲ။ လုပ်လေ့လုပ်ထလည်း ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့တွေဟာ ကျောင်းသားစိတ်နဲ့ ကျောင်းသားအသိနဲ့ ဒီသပ်လျှိုသွေးခွဲမှုကို ဖယ်ရှားပစ်ရမယ်။ ကျွန်တော်တို့ ရင်ဆိုင် တွန်းလှန်ပစ်ရမယ်။ ကျွန်တော်တို့ တညီတညွတ်တည်း ရပ်ရမယ်။ ကျွန်တော်တို့ တောက်လျှောက် ပြောခဲ့တယ်။ အလံတစ်လံတည်း အောက်မှာ အသံတစ်သံတည်း ထွက်ရမယ် ဆိုတဲ့ အနေအထားကို ပြောခဲ့တယ်။ သံပြိုင်ဆိုတဲ့ သီချင်းသံဟာ လောကတစ်ခွင်လုံး ဟိန်းထွက်လာတယ်လို့ ဆောင်းပါးတစ်ပုဒ်လည်း ရေးဖူးတယ်။ ကျွန်တော်တို့ ညီညွတ်ဖို့ လိုတယ်လို့ ပြောတာ အဓိကကတော့။ ဒါပေမဲ့ အခု မညီညွတ်ဘူး။ Ideology အခြေခံကွဲတယ်ဆိုတာ ဘာဖြစ်လာတာလဲ ဆိုတော့ အဓိက,ကတော့ ဖြတ်သန်း လာရတဲ့ဘ၀တွေ မတူတဲ့ အနေအထားနဲ့ ရရှိလာနိုင်တဲ့ အခွင့်အရေး အပေါ်မှာထားတဲ့ စိတ်နေ သဘောထားတွေ ကွာခြားတဲ့သဘောပဲ။ တချို့တွေက ဥပမာ အခွင့်အရေးအပေါ် သာယာတာမျိုး ရှိနိုင်တယ်။ ဥပမာဗျာ…လက်ရှိအစိုးရရဲ့ ပါလီမန် ဒီမိုကရေစီ လမ်းကြောင်းကို သွားပြီး လွှတ်တော် အမတ်ဖြစ်ချင်တဲ့ သူတွေလည်း ကျောင်းသားလောကမှာ ရှိကောင်းရှိနေမယ်။ အဲဒီလိုလူငယ်တွေကို သွေးဆောင်ဖြား ယောင်းတဲ့ အခါကျတော့ သူတို့ကနေပြီးတော့ ကျွန်တော်တို့ သွားနေတဲ့ တိုက်ပွဲလမ်းကြောင်း ဆိုတဲ့ဟာကို ရှောင်ဖယ် ရှောင်ဖယ် လုပ်လာလိမ့်မယ်။ သူတို့သွားမှာမဟုတ်ဘူး၊ အဲဒီလိုလမ်းကြောင်းအတိုင်း လျှောက်မှာ မဟုတ်ဘဲနဲ့ အဆင်ပြေရေး လမ်းကြောင်း ဒလိမ့်ကောက်ကွေး ပါသွားနိုင်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျောင်းသားထုထဲမှာ သွေးခွဲဖို့အတွက်က မက်လုံးပေးပြီး ဖြိုခွဲတာနဲ့ ခုနကပြောသလို ညီညွတ်ရေးကိုဖြိုခွဲဖို့ အတွက် ကြောက်ခမန်းလိလိဖြစ်အောင် ကျွန်တော်တို့ ဗကသကို ပုံဖျက်ပြီးတော့မှ သွေးခွဲတာ နှစ်မျိုးရှိတယ်ဗျ။ အဲဒီနှစ်ခုစလုံးက အစိုးရက ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်တဲ့ အတွက်ကြောင့်မို့လို့ ကျောင်းသား ညီညွတ်ရေးဟာ ကျွန်တော်တို့ ထင်သလို တည်ဆောက်လို့ မရဘူး ဆိုတာကို သွားတွေ့ရတယ်။ သူတို့ဘက်က အောင်မြင်သလား ဆိုရင်တော့ အတိုင်းအတာ တစ်ခုအထိတော့ အောင်မြင်တယ်။ အပြည့် အ၀တော့ အောင်မြင်တာ မဟုတ်ဘူး။


ဒီမိုကရေစီကျောင်းသားသပိတ်အား ၂၀၁၄ ခုနှစ် မတ်လ ၁၀ ရက်တွင် ဖြိုခွဲခံရပြီးနောက် မတ်လ၂၇ ရက်(တော်လှန်ရေးနေ့)တွင် ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကို ခေါင်းဆောင်သည့်အဖွဲ့ ရန်ကုန်မြို့၊ သိမ်ကြီးဈေးအနီးတွင် အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲရန် အတွက် ဆက်လက်သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့စဉ်

မေး – တချို့ကျောင်းသားတွေ ကြားထဲမှာ အတွေးအခေါ်တစ်ခုက အစိုးရနဲ့ ပေါင်းပြီး တစ်စတစ်စနဲ့ ပြုပြင်ရေး လမ်းစဉ်နဲ့ သွားချင်တာမျိုး ရှိတယ်။ အဲဒါကိုကော ဗကသ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ လက်ခံသလား။

ဖြေ – ကျွန်တော်တို့ဟာ အစိုးရနဲ့ပူးပေါင်းပြီး တစ်စတစ်စ ပြုပြင်ရေးဆိုတဲ့ လမ်းကြောင်းကို လေ့လာ ကြည့်တယ်။ လေ့လာကြည့်တဲ့အခါမှာ နိုင်ငံတကာ အခြေအနေကိုလည်း လေ့လာရမယ်၊ ပြည်တွင်း အခြေအနေကိုလည်း လေ့လာရမယ်။ ကျွန်တော်တို့ သိသလောက်ကတော့ ပြည်တွင်း အခြေအနေကို လေ့လာတဲ့အခါမှာ အစိုးရနဲ့ ပူးပေါင်းပြီး တစ်စတစ်စ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဟာ ဘယ်တော့မှ မအောင်မြင်ခဲ့ဘူး ပြည်တွင်းမှာ။ မအောင်မြင်ဘူးဆိုတာ နိုင်ငံရေးအရ မအောင်မြင်ခဲ့ဘူးလို့ပြောတာ။ ဒေါက်တာဘမော်ခေတ်က ညွန့်ပေါင်းအစိုးရတွေ ဖွဲ့တယ်၊ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့နဲ့ ပူးပေါင်းပြီးတော့၊ ၅၀၀၀ စားအမတ်တွေ ပူးပေါင်းပြီးတော့ ၀င်ပူးသတ်ရေးဆိုပြီး သွားတယ်။ အဲဒီလူတွေ အကုန်လုံး ရှုံးနိမ့်သွားတယ်။ တစ်နည်းအားဖြင့် ပြောရင် တော်လှန်တဲ့၊ တိုးတက်တဲ့ ကျောင်းသားတွေပဲ၊ သမဂ္ဂထဲက ကျောင်းသားတွေလိုမျိုး ဗိုလ်အောင်ဆန်းတို့လို၊ သခင်ဗဟိန်းတို့လို လူငယ်တွေပဲ အောင်မြင်လာခဲ့တယ်၊ နိုင်ငံရေးအရမှာ။ ပူးပေါင်း ဆောင်ရွက်တဲ့ လမ်းကြောင်းက ရှုံးနိမ့်တယ်။ ဒါက ပြည်တွင်း အခြေအနေ။ နိုင်ငံတကာက အခြေအနေကို ကြည့်မယ် ဆိုလို့ရှိရင်လည်း နိုင်ငံတကာမှာ အခုလိုမျိုးပေါ့။ ဖိနှိပ်တဲ့ အစိုးရကို တော်လှန်တဲ့ နိုင်ငံတွေလည်း ရှိတယ်။ အဲဒီနိုင်ငံတွေကို ကြည့်လိုက်လေ။ အနီးစပ်ဆုံးဆို တောင်အာဖရိကလို နိုင်ငံမျိုးမှာ အစိုးရနဲ့ စေ့စပ် ဆွေးနွေးတယ် ဆိုတဲ့နေရာမှာလည်း မင်ဒဲလားတို့ရဲ့ ANC အားကောင်းပြီးတော့ သူတို့လှုပ်ရှားမှုတွေ လုပ်နိုင် လို့သာလျှင် တောင်အာဖရိက လူဖြူအစိုးရကတွေ့ဆုံ ဆွေးနွေးတာဗျ။ တစ်ချိန်လုံး ကပ်ဖားရပ်ဖားလုပ် နေမယ်၊ ပူးပေါင်းဆောင်ရွက်ရေး လုပ်နေမယ်ဆိုရင် အခုအချိန်အထိ လူမဲတွေ လွတ်လပ်ခွင့်ရမှာ မဟုတ်ဘူး။ ဆိုလိုတာက နိုင်ငံတကာ အခြေအနေမှာလည်း တိုက်ရဲတယ်၊ တော်လှန်ရဲတယ် ဆိုတဲ့သူတွေသာ လွတ်မြောက်တာကို တွေ့ရတယ်။ ကျောင်းသား လှုပ်ရှားမှုတွေ မှန်သမျှ အင်ဒိုနီးရှားမှာလည်း ဖြစ်ခဲ့တာပဲ၊ ထိုင်းမှာလည်း ဖြစ်ခဲ့တာပဲ၊ ဖိလစ်ပိုင်မှာလည်း ဖြစ်ခဲ့တာပဲ။ နေရာတိုင်းမှာ ကျောင်းသား လှုပ်ရှားမှုတွေ၊ လူထုလှုပ်ရှားမှုတွေ ဖြစ်ခဲ့တယ်။ မားကို့စ်တို့ ဘာတို့ဖြုတ်ချတာလည်း လူထုလှုပ်ရှားမှုနဲ့ပဲ ဖြုတ်ချတာပဲ။

အစိုးရက ဘယ်လိုအစိုးရလဲ၊ ဒီနိုင်ငံကို အုပ်ချုပ်နေတာ။ ဖိနှိပ်တဲ့ အာဏာရှင် အစိုးရဆိုလို့ရှိရင် ကျွန်တော်တို့ အနေနဲ့လူထု လှုပ်ရှားမှုလိုကို လိုအပ်တယ်။ တိုက်ပွဲလိုကို လိုအပ်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ပူးပေါင်း ဆောင်ရွက်ရေး၊ တစ်စတစ်စပြုပြင် ပြောင်းလဲရေးဆိုတာဟာ စိတ်ကူးယဉ်မှု သက်သက်ပဲ ဖြစ်လိမ့်မယ်။ ဘယ်တော့မှ အဲဒီလမ်းကြောင်းက အောင်မြင်မှာ မဟုတ်ဘူး။ အဲဒီလမ်းကြောင်းအတိုင်း သွားမယ်ဆိုလို့ရှိရင် တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်အစိုးရရဲ့ ကြိုက်သလို ဆောင်ရွက်မှု၊ သူတို့ရဲ့ ထင်တိုင်းခြယ်လှယ်မှု အောက်မှာပဲ ပြားပြားဝပ် ကျရောက်သွားမှာပဲလို့ မြင်တယ်ဗျ။

မေး – အခုဆိုသမဂ္ဂနဲ့ ပတ်သက်လို့ တက္ကသိုလ် ကောင်စီမှာ ကျောင်းသားတိုင်းဟာ သမဂ္ဂအဖွဲ့ဝင် ဟုတ်ချင်မှ ဟုတ်မယ် ဆိုတဲ့ ပြောတာမျိုးနဲ့ ပတ်သက်ပြီး သဘောထား တော်တော်ကွဲလွဲကြတယ်။ ဒီအပေါ် နှစ်ဖက်ကွဲလွဲမှု တွေလည်း ရှိတယ်။ ဒီလိုမျိုး ကွဲလွဲရခြင်းရဲ့ အဓိက အကြောင်းအရင်းက ဘာလို့ ထင်ပါသလဲ။

ဖြေ – အဲဒါက သမိုင်းကြောင်းဆိုင်ရာ ပြဿနာပဲ။ သမဂ္ဂဆိုတာကို အစိုးရအဆက်ဆက်က လုံးဝနားထဲမှာကို မကြားချင်လောက်အောင် မုန်းတီးပြီး မြင်ပြင်းကပ်တယ်။ သမဂ္ဂဆိုတဲ့ အသုံးအနှုန်း ဝေါဟာရက ဥပဒေထဲ ရောက်လာမှာကို အကြောက်ဆုံးဖြစ်တယ်။ အဲဒီတော့တစ်ဖက်က အစိုးရက ကြောက်နေတဲ့ဟာကို ဖိတဲ့ အခါကျတော့ အစိုးရ လက်သင့်ခံနိုင်လောက်အောင် ပူးပေါင်းဆောင်ရွက်ချင်တဲ့သူတွေက သမဂ္ဂဆိုတဲ့ စကားလုံး ဝေါဟာရနဲ့ သမဂ္ဂရဲ့ အနှစ်သာရကို ဖြုတ်ချလိုက်မယ်။ ဒီဥပဒေမှာ ဖြုတ်ချလိုက်ရင် အောင်မြင် သွားလိမ့်မယ်လို့ တွေးပုံရတယ်။ တကယ်တမ်းကျတော့ အဲဒီကိစ္စက လွယ်လင့်တကူ လျှော့ပေးရမယ့်ကိစ္စ မဟုတ်ဘူး။ သမဂ္ဂကျောင်းသားဆိုတာက ကျောင်းသားတွေ အားလုံးဟာ သမဂ္ဂကို ၀င်ခွင့်ရှိတယ်။ ဘယ် ကျောင်းသားကိုမှ သမဂ္ဂထဲ မ၀င်ရဘူးလို့ ကန့်သတ်ထားတာ မဟုတ်ဘူး။ သမဂ္ဂ အမှုဆောင် ကော်မတီမှာ ၀င်ရောက် ယှဉ်ပြိုင်ချင်လည်း လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိတယ်။ လူတိုင်းမှာ မဲပေးပိုင်ခွင့်ရှိသလို ရွေးချယ် ခံပိုင်ခွင့်လည်းရှိတယ်။ အဲဒါဒီမိုကရေစီပဲ။ ဒီ ဒီမိုကရေစီ အလေ့အထကို တက္ကသိုလ်တွေ၊ ကျောင်းတွေထဲမှာ လွတ်လွတ်လပ်လပ် ကျင့်သုံးဖို့ အတွက် သမဂ္ဂဆိုတာ ပေါ်ပေါက်လာတာ။ ဒီမိုကရေစီကို လိုလားပါတယ် ဆိုတဲ့လူတွေက သမဂ္ဂနဲ့ သမဂ္ဂ မဟုတ်တဲ့ ကျောင်းသားနဲ့ ခွဲခြားတယ်ဆိုတာ ဒါ ဒီမိုကရေစီ မဟုတ်တော့ဘူး။ ကျောင်းသားအားလုံး ကျောင်းသားသမဂ္ဂမှာ လွတ်လွတ်လပ်လပ် ဆောင်ရွက်ပိုင်ခွင့် ရှိသည်ဆိုတဲ့ လမ်းကြောင်းပေါ်က ရပ်ပြီးတော့ ပြောရလိမ့်မယ်။ ကျောင်းသားအားလုံးကို သမဂ္ဂက ကိုယ်စားပြုသည်ဆိုတဲ့ ရှုထောင့်ကနေပြီးတော့ ချဉ်းကပ်ရလိမ့်မယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ကျောင်းသားကသပ်သပ်၊ သမဂ္ဂကသပ်သပ် ခွဲမယ်ဆိုလို့ရှိရင် ဒါဟာတစ်နည်းအားဖြင့် ဒီမိုကရေစီကိုပါ ငြင်းပယ်ရာ ရောက်သွားပြီ။ ဒီမိုကရေစီဆိုတာ မရှိတော့ဘူး အဲဒီကျလို့ရှိရင်။ အဲဒါဆိုလို့ရှိရင် သမဂ္ဂလုပ်တာလည်း အပိုပဲ ဖြစ်လိမ့်မယ်။ ကျောင်းတက် တာလည်း အဓိပ္ပာယ်မဲ့ ဖြစ်သွားမယ်။ အဲဒီလိုမဖြစ်ဘဲနဲ့ ကျောင်းသား သမဂ္ဂဆိုတာ ကျောင်းထဲမှာ တခမ်းတနား ရှိဖို့လိုအပ်တဲ့ ကျောင်းသား လွှတ်တော်ကြီး ဖြစ်တယ်ဆိုတာကို သေသေချာချာ ကျောင်းသားအားလုံး နားလည် သဘောပေါက်အောင် ပြောပြရမှာ။ အဲဒီလို ပြောရမယ့်အစား ကျောင်းသားတစ်ဖက်၊ ကျောင်းသားသမဂ္ဂ တစ်ဖက်ခွဲပြောနေသမျှ ကာလပတ်လုံး ဒါဟာကျောင်းတွင်း ဒီမိုကရေစီကို လုံးဝပစ်ပယ်တာ ဖြစ်တယ်လို့ မြင်တယ်။

မေး – လက်ပံတန်း ဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင် အစိုးရဘက်က ကြိုပြီးပြင်ဆင်ထားတာ သိသာတယ်ပေါ့။ ဦးခွန်ထွန်းဦးတို့ ကြားဝင်စေ့စပ်ပြီး လုပ်တာတောင်မှ ကြားညပ်လိမ့်မယ်ဆိုပြီး ဦးအောင်မင်း (၀န်ကြီး) တို့က ပြောခဲ့တဲ့ အထိပေါ့။ ကျောင်းသားဘက်ကို ပြန်ကြည့်မယ်ဆိုလို့ ရှိရင်လည်း မနက်ပိုင်း ဖြိုခွင်းခံရတာတောင်မှ ညနေပိုင်း ရန်ကုန်မှာဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းဆိုပြီး ချီတက်နိုင်ခဲ့တယ်ပေါ့။ ဒီတော့အခုလို လုပ်နိုင်ဖို့အတွက် နည်းဗျူဟာပိုင်းကို ဘယ်လောက်ထိ ပြင်ခဲ့လဲဗျ။

ဖြေ – နည်းဗျူဟာပိုင်းမှာ ကျွန်တော်တို့ ပြင်ခဲ့ပေမယ့် အကန့်အသတ်တွေ အများကြီးရှိတယ်။ လိုချင်တဲ့ အခြေအနေတစ်ခုကို မရောက်နိုင်ဘူး။ အဓိက အကန့်အသတ်တွေက ဘာလဲဆိုရင် အချိန်အခက်အခဲတို့၊ နေရာအခက်အခဲတို့၊ ကျဉ်းထဲကျပ်ထဲ ရောက်သွားတာ။ အခုကျွန်တော်တို့ ဖြိုခွင်းခံရတဲ့ နေရာဆိုလို့ရှိရင် ထောင်ချောက်ကြီး တစ်ခုလို့ပဲ ကျွန်တော်တို့ ခံစားရတယ်။ ဘာလို့ဆိုတော့ အနောက်ဘက်ကလည်း ပိတ်ထားတယ်၊ အရှေ့ဘက်ကလည်း ပိတ်ထားတယ်၊ အဘက်ဘက်က ပိတ်ပြီးတော့ ကျွန်တော်တို့ကို ထောင့်ကျဉ်းထဲကို တွန်းပို့ပြီးတော့ လာဖြိုခွဲတာဆိုတော့ ဒါဟာစနစ်တကျ နေရာချထားခဲ့တဲ့ နေရာဖြစ်နေ တယ်။ ဒါကတော့ သူတို့နည်းမျိုးပေါင်းစုံ သုံးတယ်ဗျာ။ ရှင်းရှင်းပြောရလို့ရှိရင် စစ်ရေး ဗျူဟာကိုလည်းသုံးတယ်။ ယတြာချေတဲ့ နည်းလမ်းတွေကိုတောင် သုံးတယ်လို့ ကျွန်တော်တို့ တွေ့ရတယ်။ ဒါတော့ထား။

ကျွန်တော်တို့ဘက်ကတော့ စည်းစနစ်တကျ ပြင်ဆင်ခဲ့တာ အားနည်းတယ်။ အားနည်းတဲ့အခါ ကျွန်တော်တို့ အနေနဲ့ ဖောက်ထွက်ပြီးတော့ ရန်ကုန်ကို ရောက်အောင် လာနိုင်ခဲ့ပေမယ့် ရန်ကုန်မှာ ကျွန်တော်တို့ ကြိုတင် ခင်းကျင်းထားတဲ့ အနေအထားအတိုင်း ကောင်းကောင်းမွန်မွန် မဆောင်ရွက်နိုင်ခဲ့ဘူး။ နောက်တော့ ကျွန်တော် တို့ သပိတ်စစ်ကြောင်းဟာ ရန်ကုန်ကိုတော့ ရောက်ခဲ့တယ်။ သူတို့လိုလားတဲ့ ပမာဏ အတိုင်းအတာ အင်နဲ့ အားနဲ့၊ ထုနဲ့ထည်နဲ့ တိုက်ပွဲတစ်ခု ၀င်ဖို့အတွက်မှာ ကျွန်တော်တို့ လစ်ဟာခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ အခက်အခဲတွေ အများကြီးကြားထဲက ဖြတ်ကျော်လာခဲ့တာ။ ကျောင်းသားတွေလည်း ဖြစ်တယ်၊ ကျွန်တော်တို့ နောက်မှာ ပြည်သူကလွဲလို့ ငွေရေးကြေးရေး အထောက်အပံ့တွေကလည်း များများစားစား ရှိတာမဟုတ်ဘူး။ ပြီးတော့အစစအရာရာ၊ ကျွန်တော်တို့ရဲ့ လက်တွေ၊ ခြေတွေလိုဖြစ်တဲ့ ကားတွေ၊ နောက်ပြီးတော့ အသုံး အဆောင် ပစ္စည်းတွေလည်း ရဲတွေက လက်ပံတန်းမှာ အကုန်လုံးကို ရိုက်နှက်ဖြိုခွဲ ဖျက်ဆီးသွားတဲ့ အတွက် ကျွန်တော်တို့ အထိနာခဲ့တယ်။ အဲဒါတော့ သေချာတယ်။ နောက်တစ်ခါ ဒီလိုမျိုးလုပ်မယ်ဆိုရင် အထိမနာ အောင်လို့ ဒီ့ထက်ပိုပြီး ပြင်ဆင်ဖို့လိုတယ် ဆိုတာတော့ ပြောနိုင်တယ်ဗျ။

မေး – ဒီမိုကရေစီပညာရေးအတွက် ပင်မသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ကျောင်းသားတွေလည်း ဖမ်းခံ ထားရတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ် တစ်ခုလုံးမှာကော ကျောင်းသားတွေဘက်က ဘာအနိုင်ရလိုက်တယ်လို့ထင်လဲ။

ဖြေ – ကျွန်တော်တို့ ကျောင်းသားတွေ ဘက်ကနေပြီးတော့ ဘာရခဲ့သလဲဆိုလို့ရှိရင် တိုက်ပွဲအတွေ့အကြုံ ရခဲ့တယ်ဗျ။ သေချာတာ တစ်ခုကတော့။ တိုက်ပွဲအတွေ့အကြုံ၊ လူထုနဲ့ နီးစပ်မှုရခဲ့တယ်။ လူထုထောက်ခံ အားပေးမှုကို ရခဲ့တယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ဘာရသလဲဆို ရင် သွေးစည်းညီညွတ်မှုကို တစ်စုံတစ်ရာသော အတိုင်းအတာအထိရခဲ့တယ်။ သွေးစည်းညီညွတ်မှုဆိုတဲ့ဟာမှာ ကျွန်တော် ဆိုလို ချင်တာကတော့ တကသ၊ ဗကသတွေကို ဆိုလိုချင်တာ မဟုတ်ဘူး။ ကျောင်းသားတွေရဲ့ အာရုံစိုက်မှုပေါ့။ ကျောင်းထဲမှာ ရှိနေတဲ့ ကျောင်းသားတွေ ကနေပြီးတော့ ဒီစစ်ကြောင်းကြီး ချီတက်လာတဲ့အခါမှာ ဟာ.. ငါတို့ကျောင်းသား အရေးကိုကော၊ ပညာရေးကိုကော ဆောင်ရွက်နေတဲ့ ကျောင်းသားတွေ ဖြစ်တယ်၊ ငါတို့ ထောက်ခံ အားပေးရမယ် ဆိုတဲ့အသိနဲ့ ကျွန်တော်တို့ထဲကို ထပ်ပြီးတော့ တိုးဝင်လာတဲ့ ရဲဘော်အသစ်တွေ အများကြီးရှိပါတယ်။ အဲဒီတော့ ဒါတစ်နည်းအားဖြင့် စည်းလုံးညီညွတ်မှုအနေနဲ့ အားကောင်းလာတယ်၊ ခိုင်မာလာတယ်လို့ တွေ့ရတယ်။ နောက်တစ်ချက် တိုက်ပွဲအတွေ့ အကြုံရခဲ့တယ်။ ပြီးတော့ အစိုးရရဲ့ ဟန်ဆောင် မျက်နှာဖုံးကို ခွာချပြနိုင်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံရေးအရလည်း အမြတ်ထွက်တယ်လို့ ပြောလို့ရပါတယ်။

မေး – အရင်က ဒီမိုကရေစီတောင်းတဲ့ အခါက အစိုးရက အကြမ်းဖက်ဖြိုခွင်းတယ်။ အခု ဒီမိုကရေစီလို့ ပြောနေတဲ့ အစိုးရက ပညာရေးအတွက် တောင်းတာကို အကြမ်းဖက် ဖြိုခွင်းတဲ့ အပေါ်ကော ဘာများပြောချင်သလဲ။

ဖြေ – ဒီမိုကရေစီကို ကူးပြောင်းနေပါပြီလို့ ပြောပေမယ့် ဒီမိုကရေစီဆိုတာ စကားလုံးလား၊ အနှစ်သာရလား ဆိုတာ ခွဲပြီးမြင်ဖို့လိုတယ်။ စကားလုံး ဒီမိုကရေစီကိုတော့ သူတို့ နေရာတကာမှာ ပြောနေတယ်။ ဒါပေမဲ့ အနှစ်သာရအရ ဒီမိုကရေစီ မရှိသေးတာ အားလုံးလည်း မြင်တယ်။ ပညာရေးမှ မဟုတ်ဘူး၊ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုနေတဲ့ လယ်သမားကို ဖမ်းပါတယ်။ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေရဲ့ အခွင့်အရေးကို တောင်းဆိုရင်လည်း ဖမ်းမှာပဲ။ နောက်ပြီးတော့ မိဘပြည်သူတွေက အမျိုးမျိုး အဖုံဖုံပေါ့ဗျာ။ အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြတယ်၊ ဖမ်းမှာပဲ။ ဆန္ဒပြတဲ့ ပြည်သူတွေကို ထုတ်ဖော်ခွင့်မပြုဘဲနဲ့ ဖမ်းဆီး ထောင်ချတယ်၊ ရိုက်နှက် အကြမ်းဖက်တယ်ဆိုတဲ့ နိုင်ငံတစ်နိုင်ငံဟာ အနှစ်သာရနဲ့ ပြည့်စုံတဲ့ ဒီမိုကရေစီ မရှိဘူးဆိုတာ မြင်သာထင်သာ ရှိတယ်။ အဲဒီတော့ စကားလုံး ဒီမိုကရေစီဆိုတာက နိုင်ငံတကာ ကို ပြယုဂ် ကောင်းအောင်လို့ ဟန်ဆောင်ပန်ဆောင် လုပ်ထားတဲ့ သံခင်းတမန်ခင်း နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။ လက်တွေ့မှာ ပြည်သူတွေရဲ့ဘ၀ဟာ ကျိန်းသေပေါက် လွတ်မြောက်မှု မရသေးဘူး ဆိုတာကို အားလုံး သိအောင် ပြသနိုင်ခဲ့တယ်။

ဒီအစိုးရကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ အတည်ပြုထားတဲ့ အတိုင်း၊ ဒီစနစ်အတိုင်း သွားမှာပဲ။ တောင်းဆိုတဲ့ သူတွေကို ဖမ်းမယ်၊ ထောင်ချမယ်၊ ပြဿနာရှာမယ်။ သူတို့ဆက်ပြီး အာဏာကို ချုပ်ကိုင်ထားမယ်။ အာဏာက သူတို့လက်ထဲမှာ ရှိတယ်။ ရှိတဲ့အပြင် ဒါဟာ MEC တို့လို၊ ဦးပိုင်တို့လို စီးပွားရေး လုပ်ငန်းကြီးတွေကိုလည်းပဲ ခရိုနီတွေနဲ့အတူ အာဏာပိုင်တွေက ဆက်ပြီး ချုပ်ကိုင်ထားမှာပဲ။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နှောင့်နှေးကြန့်ကြာမယ်၊ သာမန်ပြည်သူတွေရဲ့ဘ၀က မလွတ်မြောက်ဘဲနဲ့ ချမ်းသာပြီးရင်း ချမ်းသာတဲ့ လူတန်းစားတွေကသာလျှင် ရှေ့တန်းကို ရောက်လာမယ်။ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာနဲ့ ရင်ပေါင် တန်းဖို့၊ ကမ္ဘာမှာ ပြိုင်ဆိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ လုံးဝကို အောက်ကျ နောက်ကျပဲ ဖြစ်နေဦးမှာပဲ။

မေး – နောက်ဆုံးအနေနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ဘာများ စကားပါးချင်သေးလဲ။

ဖြေ – ကျွန်တော်တို့ ရဲဘော်တွေဟာ ဖမ်းဆီးခံထားရနေပေမယ့် အခုအချိန်အထိ စိတ်ဓာတ်ကျဆင်းသွားတာ မတွေ့ရဘူး။ သူတို့ ရေးသားထားတဲ့ ကဗျာတွေကိုလည်း ကျွန်တော်တို့ ဖတ်ရတယ်။ သူတို့ ရေးသားထာတဲ့ စာတွေကို ဖတ်ရတယ်။ ထောင်တွင်းမှာ နေပေမယ့် စိတ်ဓာတ်မကျဘဲနဲ့ ဘ၀ကို ယှဉ်ပြိုင်ပြီး ရုန်းကန်တိုက်ခိုက် နိုင်တယ်။ သူတို့ တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်လွတ်လာမယ်ဆိုရင် မိဘပြည်သူတွေက သူတို့ကို အားရ၀မ်းသာ ကြိုဆိုကြလိမ့်မယ်။ ဒီ့အပြင် သူတို့ ဟာ မိဘပြည်သူတွေရဲ့ကြားမှာ ပြည်သူလူထုရဲ့ အကျိုးကို ဆောင်ဖို့ အတွက်ကို ပြန်ပြီး ရောက်ရှိလာလိမ့်မယ်။ သူတို့ရောက်ရှိ လာတာနဲ့အတူ အင်သစ်အားသစ်နဲ့ နိုင်ငံရေးကို ဆက်ပြီး လုပ်နိုင်လိမ့်မယ်။ နိုင်ငံရေးကို သူတို့ဆက်ပြီး လုပ်လာတဲ့အခါမှာ ကျွန်တော်တို့နဲ့အတူ လက်တွဲပြီး တော့ ပြည်သူ လူထု အကျိုးစီးပွားအတွက်ကို ဒီ့ထက် စွမ်းစွမ်းတမံ လုပ်လာလိမ့်မယ်လို့လည်း ကျွန်တော် ယုံကြည်တယ်ဆို တဲ့အကြောင်း ပြောချင်ပါတယ်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

1 comment:

Win Naing said...

How many years did you study laws. Even, experience lawyers can't draft the law. Myself Ko Ko you are just student, please study how to draft the law and study to understand the law. Do you know what is poliistic and the correct meaning is State development and it is not radical. Please study heard if you love your State.