Saturday, May 30, 2015

ဒေါ်အောင်ဆန်းစုကြည်သို့ အိတ်ဖွင့်ပေးစာ (မရေးလိုသော်လည်း၊ မရေးမဖြစ် ရေးရသော ပေးစာ)

ဒေါက်တာရန်မျိုးသိမ်း

မေလ (၂၁) ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး၊ လွှတ်တော်လေ့လာရေး လာရောက်သည့် သန်လျင်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံစဉ်၊ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပညာရေးဥပဒေတွင် ကျောင်းသားများ၏ ပညာရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်မှုများ၌ ပါဝင်ဆောင်ရွက်ခွင့်အတွက် ကျောင်းသားသမဂ္ဂ၀င်ကျောင်းသားနှင့် သမဂ္ဂ၀င်မဟုတ်သူ ကျောင်းသားခွဲခြားနေမှုမှာ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီမှုမရှိသည့်အပြင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ကိုက်ညီမှုမရှိကြောင်း ပြောကြားခဲ့သည်။

သမဂ္ဂကိုယ်စားလှယ်၊ သမဂ္ဂကိုယ်စားလှယ်ဆိုပြီး၊ ရိုးရိုးပဲရှင်းပြမယ်။ ဒီလိုဆို သမဂ္ဂ၀င်မဟုတ်တဲ့ကျောင်းသူ၊ ကျောင်းသားတွေက အခွင့်အရေးတန်းတူ မရှိရဘူးလား။ ဒါကိုပဲပြောတာ၊ ကျောင်းသူ၊ ကျောင်းသားကိုယ်စားလှယ်ဆိုတာကို လက်ခံတယ်။ သမဂ္ဂကိုယ်စားလှယ်ဆိုတာ သမဂ္ဂ၀င်နဲ့ သမဂ္ဂမဟုတ်သူတွေကို ခွဲခြားဆက်ဆံတာဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်မံရှင်းလင်းပြောကြားခဲ့သည်။

အခွင့်အရေးဆိုတာ ကျောင်းသူကျောင်းသားအားလုံးမှာ တန်းတူညီတူရှိတယ်။ သမဂ္ဂ၀င်မှ ကိုယ်စားလှယ်ဖြစ်ရမယ်ဆိုရင် ဒါဟာအန်တီတို့အမြင်မှာတော့ မမျှတဘူး။ အားလုံးမှာအခွင့် အရေးရှိရမယ်။ ကျောင်းသားကိုယ်စားလှယ်ရွေးတယ်ဆိုရင် သမဂ္ဂ၀င်မဟုတ်တဲ့သူကလည်း အရွေးခံပိုင်ခွင့်ရှိရမယ်။ သမဂ္ဂ၀င်ကလည်း အရွေးခံပိုင်ခွင့်ရှိရမယ်။ အများကြိုက်တဲ့သူက ရမှာပဲပေါ့ဟု ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ်ရှင်းလင်းပြခဲ့သည်။

''လွတ်လပ်ပြီးခေတ် ကျောင်းသားသမဂ္ဂများတွင် ကျောင်းသားမှန်လျှင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ရမည်ဟု သတ်မှတ်ထားသည့်အလျောက်၊ ကျောင်းဝင်ကြေးပေးရာတွင် ကျောင်းသားသမဂ္ဂနှစ်စဉ်ကြေးပါ တပါတည်းကောက်ယူသည့်အလျောက်၊ ဒေါ်အောင်ဆန်းစုကြည်ပြော သကဲ့သို့ ကျောင်းသားထဲတွင် သမဂ္ဂကျောင်းသားနှင့် သမဂ္ဂမဟုတ်သောကျောင်းသားကွဲပြားမှုသည် ရှေးကတည်းက မရှိခဲ့ဟု သုံးသပ်နိုင်သည်။''

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသမိုင်းတလျှောက်မှသည် လွတ်လပ်ပြီးခေတ်၊ ၁၉၆၂ ခုနှစ် စစ်အာဏာမသိမ်းမီအချိန်အထိ၊ ကျောင်းသားသမဂ္ဂများ၏ သမိုင်းကြောင်းကို လုံးစေ့ပတ်စေ့ နားလည်ပုံမရဟု ကနဦးသုံးသပ်နိုင်သည်။ ပညာရှိသတိဖြစ်ခဲလည်းဖြစ်နိုင်သည်။ မြန်မာနိုင်ငံရှိ ကျောင်းသားသမဂ္ဂများသည် အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ ပြင်သစ်အပါအ၀င် အနောက်အုပ်စုဝင်နိုင်ငံများ၏ ကျောင်းသားသမဂ္ဂများနှင့် အလွန်ကွဲပြားခြားနားသော သမိုင်းကြောင်းပေါ်တွင် ဖြစ်တည်ခဲ့သည်။ ကျောင်းသားသမဂ္ဂများ၏ သမိုင်းသည် မြန်မာနိုင်ငံ၏နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးသမိုင်းနှင့် မြင့်မြင့်မားမား ဆက်စပ်နေသည်။

ကိုလိုနီခေတ်သမိုင်းနှင့် ယှဉ်သုံးသပ်မည်ဆိုလျှင်၊ ကျောင်းသားသမဂ္ဂများကို အင်္ဂလိပ်အစိုးရနှင့် အလိုတော်ရိများက မျက်မုန်းကျိုးပြီး၊ လွတ်လပ်ရေး၊ အမျိုးသားရေးနှင့် အမျိုးသားပညာရေးကို လိုလားသူများက ဦးစီးခေါင်းဆောင် လုပ်ခဲ့ကြသည်။ ထို့ကြောင့် တိုင်းပြည်နှင့်ပြည်သူလူထု အကျိုးနှင့်လွတ်လပ်ရေးကို လိုလားသူတိုင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ခဲ့ကြပြီး၊ အင်္ဂလိပ်နှင့် အလိုတော်ရိ ဂိုဏ်းဝင်သားသမီးများက ကျောင်းသားသမဂ္ဂကို ရှောင်ကြသည်။ မကောင်းပြော ကြသည်။ အပုတ်ချကြသည်။ ကျောင်းသားသမဂ္ဂခေါင်းဆောင်များကို ဆိုးသွမ်းကျောင်းသားများသဖွယ် ပုံရိပ်ဖော်ကြသည်။

လွတ်လပ်ပြီးခေတ်တွင် ကျောင်းသားသမဂ္ဂများ ပိုမိုအားကောင်းလာသောအခါ၊ အစိုးရနှင့်အစိုးရနီးစပ်သူများက ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသားခေါင်းဆောင်များကို ဖိနှိပ်ကန့်သတ်မှုများ၊ ဖိအားပေးမှုများ လုပ်လာကြပြန်သည်။ ကျောင်းသားသည် ခေတ်အဆက်ဆက် ဟုတ်တိုင်းမှန်ရာ ပြည်သူ့မျက်နှာသာကြည့် ပြောတတ်သူများဖြစ်ပြီး၊ ဆက်စပ်အကျိုးစီးပွား မရှိသူများဖြစ်သည့်အလျောက် အစိုးရကို သပိတ်မှောက်ရန်၊ ဆန့်ကျင်ရန် ၀န်မလေးသူများဖြစ်သည်။ ထို့ကြောင့် အစိုးရနှင့် အစိုးရအလိုတော်ရိများက ကျောင်းသားသမဂ္ဂများကို အလိုတော်ရိကျောင်းသားများနှင့် အစားထိုးနိုင်ရန် ပြင်ဆင်ခဲ့ကြသည်။ အင်္ဂလိပ်ခေတ်ကလည်း အလားတူဖြစ်ခဲ့ဘူးသည့် သာဓကများကိုတွေ့ရှိရသည်။ နည်းလမ်းပေါင်းစုံနှင့် ကျောင်းသားသမဂ္ဂများ၏ အားကောင်းမှုကိုချိုးနှိမ်ခဲ့ကြသည်။ ကျောင်းသားသမဂ္ဂခေါင်းဆောင်များကို အတိုက်အခံနိုင်ငံရေးပါတီများ၏ လက်ကိုင်တုတ်များအဖြစ်လည်းကောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်ကိုင်တုတ်များအဖြစ်လည်းကောင်း ၀ါဒဖြန့်ခဲ့ကြသည်။ အစိုးရသည် မဟုတ်မမှန်မလျော်ကန်တာ များများလုပ်လေ၊ ကျောင်းသားများကို ပိုမိုကြောက်ရလေဖြစ်သည်။ ကျောင်းသားသမဂ္ဂများသည် ဒီမိုကရေစီပညာရေးအသံ၊ ငြိမ်းချမ်းရေးအသံ၊ ဒီမိုကရေစီရေးအသံ အပါအ၀င် အောက်ခြေပြည်သူလူထုအသံများကို တစိုက်မတ်မတ် ကိုင်စွဲလာသောအခါ၊ အစိုးရမင်းများသည် ပိုမိုတုန်လှုပ်ခြောက်ခြားခဲ့ကြသည်။ ထို့ကြောင့် ကျောင်းသားသမဂ္ဂများ၏အားကောင်းမှုကို ဖြိုခွဲနိုင်မည့်နည်းလမ်းများအား အထပ်ထပ် စဉ်းစားဖော်ဆောင်ခဲ့ကြသည်။ ကျောင်းသားလွှတ်တော်များဟုပင် တင်စားခေါ်ဆိုရမည့် ကျောင်းသားသမဂ္ဂများသည် အနာဂတ်နိုင်ငံရေးခေါင်းဆောင်များကို မွေးထုတ်သည့် ကျောင်းကြီးများသဖွယ် တင့်တောင့်တင့်တယ် ဖြစ်လာခဲ့သည်။ ကျောင်းသားများသည် လာဘ်မစား၊ အခွင့်အရေးမယူ ပြည်သူကိုသာ တစ်စိုက်မတ်မတ်မျက်နှာမူခဲ့ကြသည်။ ထိုအခြေအနေတွင် ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂများ၏ သြဇာအရှိန်အ၀ါသည် မြန်မာပြည်သူလူထုအကြားတွင် အလွန်အမင်း အရေးပါအရာရောက်ခဲ့သည်ကို တွေ့ရှိရသည်။

လွတ်လပ်ပြီးခေတ် ကျောင်းသားသမဂ္ဂများတွင် ကျောင်းသားမှန်လျှင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ရမည်ဟု သတ်မှတ်ထားသည့်အလျောက်၊ ကျောင်းဝင်ကြေးပေးရာတွင် ကျောင်းသားသမဂ္ဂနှစ်စဉ်ကြေးပါ တပါတည်းကောက်ယူသည့်အလျောက်၊ ဒေါ်အောင်ဆန်းစုကြည်ပြော သကဲ့သို့ ကျောင်းသားထဲတွင် သမဂ္ဂကျောင်းသားနှင့် သမဂ္ဂမဟုတ်သောကျောင်းသား ကွဲပြားမှုသည် ရှေးကတည်းက မရှိခဲ့ဟု သုံးသပ်နိုင်သည်။ ကျောင်းသားသမဂ္ဂနှင့် သမဂ္ဂမဟုတ်သော ကျောင်းသားများအကြား သွေးခွဲသပ်သျှိုမှုသည် ယနေ့ခေတ်ကာလတွင် ပိုမိုခေတ်စားလာသည်ကို သတိပြုမိသည်။ အာဏာပိုင်အဆင့်ဆင့်ကလည်း ကျောင်းသားများအကြား သမဂ္ဂကျောင်းသားနှင့် ပရဟိတကျောင်းသား သွေးကွဲအောင် နည်းလမ်းပေါင်းစုံနှင့် အကွက်ချဆောင်ရွက်လျက်ရှိသည်။ ကျောင်းသားမှန်လျှင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ရမည်ဆိုသော စကားသည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကတည်းက ကျောင်းသားထုအကြား တွင်ကျယ်နေခဲ့သည့် သခင်ကျောင်းသားမှန်လျင်၊ လွတ်လပ်ရေးနှင့် အမျိုးသားရေးကို အဖိုးထားသောကျောင်းသားမှန်လျှင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ရမည်ဆိုသော စကားနှင့်ဆက်စပ်နေသည်။ ထိုခေတ် ထိုအခါက အလိုတော်ရိကျောင်းသားများနှင့် aကျာင်းသားအချို့သာ ကျောင်းသားသမဂ္ဂ၀င် မဟုတ်ခဲ့ကြပေ။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသားများသည် သမဂ္ဂတွင် တက်တက်ကြွကြွ ၀င်လုပ်မလုပ်သည် တစ်ဦးချင်းအပေါ်တွင် မူတည်သည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် ကျောင်းသားသမဂ္ဂများကို ရိုက်ချိုးဖျက်ဆီးခဲ့ပြီး၊ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကိုပါ ဖောက်ခွဲဖျက်စီးခဲ့သည့် ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများသည် အစိုးရဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုများအသွင် ပြောင်းလဲသွားခဲ့သည်။ တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်အဆက်ဆက်တွင် မြေအောက်ကျောင်းသားသမဂ္ဂများသည် ပြည်သူလူထုကိုမျက်နှာမူလျက်၊ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများကို တဗိုလ်ကျတဗိုလ်တက်စနစ်ဖြင့် လုပ်လာခဲ့ကြသည်မှာ ၁၉၈၈ ခုနှစ်အထိဖြစ်သည်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင်လည်း ကျောင်းသားသမဂ္ဂများသည် ပုံစံမျိုးစုံနှင့် ပူးပေါင်းပါဝင်ခဲ့ကြသည်။ ထို့ကြောင့် အစိုးရအဆက်ဆက်၊ အာဏာရှင်အဆက်ဆက်တို့သည် ကျောင်းသားသမဂ္ဂ၊ ကျောင်းသားလှုပ်ရှားမှုများကို နည်းလမ်းမျိုးစုံနှင့် ခြေထိုးခဲ့၊ ဖျက်ဆီးခဲ့ကြသည်။

မျက်မှောက်ခေတ်တွင်လည်း ကျောင်းသားများသည် ကျောင်းသားအခွင့်အရေးများသာမက၊ ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေးအထိ ဖြန့်ကျက်လှုပ်ရှားကိုယ်စားပြုလျက်ရှိသည့်အနေအထားကို အာဏာပိုင်အဆင့်ဆင့်က မျက်မုန်းကျိုးလျက်ရှိသည်။ ထို့ကြောင့် ကျောင်းသားထုကိုနည်းမျိုးစုံနှင့်သပ်သျှိုသွေးခွဲလျက်ရှိသည်။ ကျောင်းသားသမဂ္ဂများကို နည်းပေါင်းစုံနှင့် ရိုက်ချိုးဖိနှိပ်ထားနိုင်ရန် ပြင်ဆင်လျက်ရှိသည်။

အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီဖွဲ့စည်းမည့်ကောင်စီတွင် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၊ ဆရာသမဂ္ဂကိုယ်စားလှယ်များဟု ထည့်သွင်းဖော်ပြခြင်းသည် ကျောင်းသားသမဂ္ဂ၀င်မဟုတ်သော ကျောင်းသားများ၏ကိုယ်စားပြုမှုကို ထိခိုက်နိုင်သည်ဟူသော ကောက်ချက်သည် အခြေအမြစ် ကင်းမဲ့လွန်းသည်။ ကျောင်းသားမှန်လျှင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဖြစ်သည့်အလျောက် သမဂ္ဂရွေးကောက်ပွဲတွင် မဲတစ်မဲပေးပိုင်ခွင့်ရှိပြီး ဖြစ်သည်။ သမဂ္ဂ၀င်ဖြစ်ဖြစ်မဖြစ်ဖြစ်၊ သမဂ္ဂတွင်ဝင်လှုပ်ရှားပါဝင်ခြင်းရှိရှိ၊ မရှိရှိ မဲပေးပိုင်ခွင့်ကို ကျောင်းသားဖြစ်ကတည်းက ရရှိပြီးဖြစ်သည့်အတွက် ကိုယ်စားလှယ်ရွေးရာတွင် မဲပေးနိုင်ခွင့်ကို အကျိုးရှိရှိအသုံးပြုနိုင်မည်ဖြစ်သည်။

ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ဟု ဆိုလိုရင်းသည် ကျောင်းသားအားလုံး၏ တန်းတူရည်တူကိုယ်စားပြုခွင့်ကို လုံးလုံးမထိခိုက်နိုင်ပေ။ ကျောင်းသားတိုင်းသည် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ပြီးသည့်အလျောက်၊ အရွေးခံပိုင်ခွင့်သည် တန်းတူရည်တူရပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဆိုလိုသော သမဂ္ဂကျောင်းသားနှင့် သမဂ္ဂအဖွဲ့ဝင်မဟုတ်သောကျောင်းသားခွဲခြားမှုသည် အာဏာရှင်အစိုးရများအဆက်ဆက် ကျောင်းသားသမဂ္ဂများကို ရန်သူသဖွယ်ပြုမူတိုက်ခိုက်ခဲ့သည့် အာဏာရှင်ကြီးများ၏ လမ်းကြောင်းနှင့် တထပ်တည်းကျနေသည်ကို အံ့သြတုန်လှုပ်စွာသတိပြုမိသည်။

ကျောင်းသားသမဂ္ဂများသည် ကျောင်းသားထုအခွင့်အရေးကို တိုက်ပွဲဝင်နေကြသူများဖြစ်သည့်အားလျော်စွာ အဆိုပါအခွင့်အရေးများ ပြည့်ဝခံစားရသောအခါ ကျောင်းသားသမဂ္ဂခေါင်းဆောင်များ၊ သမဂ္ဂကျောင်းသားများသာ ရရှိခံစားနိုင်သည်မဟုတ် ကျောင်းသားထုတစ်ရပ်လုံး ရရှိခံစားနိုင်မည်ဖြစ်သည့်အလျောက်၊ ကျောင်းသားထုအများစုကြီးအပေါ် ကိုယ်စားပြုမှုသည် ကျောင်းသားထုအခွင့်အရေးတောင်းပွဲ၊ တိုက်ပွဲများနှင့်သာ ဆက်စပ်မည်ဖြစ်သည်။ အမျိုးသားပညာရေးသပိတ်စစ်ကြောင်းကိုလည်း မြို့ရွာအနှံ့ ပြည်သူလူထုက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်မှာ မျက်မြင်ကိုယ်တွေ့ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျောင်းသားသမဂ္ဂနှင့်ပတ်သက်သောမှတ်ချက်များကို ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိလျက် ကြားသိရမည်ဆိုလျှင် အလွန်အမင်းစိတ်ဆင်းရဲ၊ စိတ်မချမ်းမမြေ့ဖြစ်ရဖွယ်ရှိသည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် နှစ်အနည်းငယ်သာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ရသည့် အတွေ့အကြုံ နုနယ်မှုကလည်း မှားယွင်းသော၊ ကြောင်းကျိုးမဆီလျော်သော ကောက်ချက်များဆီ ဆွဲခေါ်သွားခဲ့ပုံရသည်။ အဘ သခင်အုန်းမြင့်သာ သက်ရှိထင်ရှားရှိဦးမည်ဆိုလျှင်လည်း၊ ရင်မောပင်ပန်းကာ တဖျစ်တောက်တောက် မြည်တွန်တောက်တီးဦးမည် ဖြစ်သည်။

ကျောင်းသားများကို ကိုယ်စားပြုသည့် ကျောင်းသားသမဂ္ဂများရှိရမည်။ အလုပ်သမားများကိုကိုယ် စားပြုသည့် အလုပ်သမားသမဂ္ဂများရှိရမည်။ တောင်သူလယ်သမားများကို ကိုယ်စားပြုသည့် တောင်သူလယ်သမားသမဂ္ဂများ ရှိရမည်။ အာဏာရှင်ခေတ်အဆက်ဆက် ပက်ပက်စက်စက် ရိုက်ချိုးခံထားရသော သမဂ္ဂများကို အားကောင်းမောင်းသန်အောင် လုပ်နိုင်မှ၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် အားကောင်းမောင်းသန်နိုင်မည် ဖြစ်သည်။

အမျိုးသားပညာရေးဥပဒေတွင် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များနှင့် ဆရာသမဂ္ဂကိုယ်စားလှယ်များနေရာတွင် ကျောင်းသားကိုယ်စားလှယ်များနှင့် ဆရာကိုယ်စားလှယ်များဟု ပြင်ဆင်ရန် အဆိုတင်သွင်း၊ ဆွေးနွေးအတည်ပြုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်သည် နိုင်ငံရေးအရ အမှားကြီးတစ်ခုကို ကျူးလွန်လိုက်ခြင်းပင် ဖြစ်သည်။ အမှားကိုအမှားမှန်းမသိနိုင်ပဲ၊ ဆက်စွဲကိုင်နေမည်ဆိုလျှင် ရှေ့ခရီးသည် သာယာဖြောင့်ဖြူးနိုင်ခြေ နည်းပါးဦးမည် ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များသည် လက်ပံတန်းမြို့၌ ကျောင်းသားပြည်သူများအား လူမဆန်စွာ အကြမ်းဖက်တိုက်ခိုက်ဖြိုခွဲခဲ့ခြင်းအပေါ် နှုတ်ဆိတ်နေခြင်း၊ ပါးစပ်ပိတ်နေခြင်းသည်လည်း နိုင်ငံရေးအရ အမှားကြီးတစ်ခုကို ကျုးလွန်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို အမြန်ဆုံးပြန်လည်လွှတ်ပေးရေး တောင်းဆိုရန် ပျက်ကွက်သည့်အချက်သည်လည်း နိုင်ငံရေးအရ အပြစ်ကျူးလွန်မှုပင်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ပံတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်သည် ကျောင်းသားများအားအကြမ်းဖက်နှိမ်နင်းမှု၊ မတရားဖမ်းဆီးမှု၊ မတရား ရုံးတင်စစ်ဆေးမှုများနှင့်ပတ်သက်ပြီး၊ တစ်လုံးတစ်ပါဒမျှ ထုတ်ဖော်ပြောကြားခြင်းမရှိသည်မှာလည်း ဒီချုပ်ပါတီ၏ နိုင်ငံရေးအပြစ်ကျူးလွန်မှုပင် ဖြစ်သည်။

စနစ်တကျ ဆန်းစစ်မည်ဆိုလျှင်၊ ၁၉၄၆ ခုနှစ် နှင့် ၁၉၄၇ ခုနှစ် မြန်မာ့နိုင်ငံရေးကို ခေါင်းဆောင်ခဲ့သည့် အသက် (၃၂) နှစ်အရွယ် ဗိုလ်ချုပ်အောင်ဆန်း ၏ ခြေဖျားကို ၂၀၁၅ ခုနှစ် မြန်မာ့နိုင်ငံရေးကို ဦးဆောင်နေသည့် အသက် (၇၀) အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် လုံးလုံးမမီပါ။ ထပ်ပြောရမည်ဆိုလျှင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒီချုပ်ကို ခေါင်းဆောင်နေကြသည့် ခေါင်းဆောင်ကြီးများအကြားတွင် သခင်မြလိုပုဂ္ဂိုလ်၊ ဒီးဒုတ်ဦးဘချိုနှင့်တူသောပုဂ္ဂိုလ်၊ ဦးဘ၀င်းလိုပုဂ္ဂိုလ်၊ မိုင်းပွန်စော်ဘွားလိုပုဂ္ဂိုလ်၊ ဦးရာဇာတ်လိုပုဂ္ဂိုလ်၊ မန်းဘခိုင်လိုပုဂ္ဂိုလ်များကို လုံးလုံးမတွေ့ရှိရခြင်းပင် ဖြစ်သည်။ နိုင်ငံရေးသည် တစ်ဦးကောင်းတစ်ယောက်ကောင်းမရ၊ တစ်ပွဲတိုး မရသည်မှာ ရှေးကတည်းကဖြစ်သည်။ နိုင်ငံရေးအရ အစုအဖွဲ့၊ အသင်းအပင်းကောင်းမှသာ တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးကို ရှေးရှုနိုင်မည်ဖြစ်သည်။

လေးစားလျက်
ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ

4 comments:

Oscar Lee said...

ဒါကိုပြောတာ ဗမာတွေမညီကြဘူးဆိုတာ
သိန်းစိန်အစီုးရကတော့ထိုင်ရီနေမှညသေချာတယ်
ဗိုလ်ချုပ်အောင်ဆန်းကို ခြေဖျားမှီရင်ခင်ဗျားရှေ့ထွက်သင့်တယ်
ဝေဘန်ရေးနဲ့လေကန်ရေးကလွယ်လွန်းတယ်
လက်တွေ့လိုချင်တယ် ရမသ

Win Naing said...

Could you interpret the student and student union and what is their legality?

zin soe said...

လေးစားပါတယ်ဆရာခင်ဗျား

zin soe said...

ရွှေပြည်ကြီးကိုတည့်မတ်နိုင်မယ့်ဆရာတိုလိုအင်အားစုတွေများများနဲ့မြန်မြန်ပေါ်ထွန်းလာပါစေ။