Friday, March 13, 2015

ဖမ်းဆီးခံရသော ကျောင်းသားများအား တာဝန်ကျ ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ဝင်များက အချုပ်ကားပေါ်၌ လူမဆန်အောင် ဥပဒေမဲ့ ရိုက်နှက်ခြင်း၊ စစ်ဆေးခြင်းများ ရှိနေ

အလဲဗင်းမီဒီယာ၊ ၁၃ မတ် ၂၀၁၅


ဖမ်းဆီးခံရသော ကျောင်းသားများအား ရဲတပ်ရင်း ၁၊ ၁ဝ နှင့် ၁၁ က အချုပ်ကားပေါ်၌ လူမဆန်အောင် ဥပဒေမဲ့ ရိုက်နှက်ခြင်း၊ စစ်ဆေးခြင်းများ ရှိခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသော ကျောင်းသားများထံမှ သိရသည်။

ထို့ပြင် ကျောင်းသားသပိတ်တွင် ဖမ်းဆီးခံရသည့် ကျောင်းသားများအား ရုံးထုတ်ရာတွင် လူထုရှေ့မှောက်တွင် မဟုတ်ဘဲ ညပိုင်းအထိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းအပေါ် ဝေဖန်မှုများ ရှိနေသည်။

မတ် ၁၁ ရက်က လက်ပံတန်းမြို့နယ် တရားရုံးတွင် မွန်းလွဲပိုင်းမှစ၍ ည ၉ နာရီအထိ အကြမ်းဖက် ဖမ်းဆီးခံရသော သပိတ်မှောက် ကျောင်းသားများအား ရုံးထုတ်စစ်ဆေးခဲ့သည်။ ရုံးထုတ်စစ်ဆေးရာတွင်လည်း အများပြည်သူများ ဝင်ရောက်ကြည့်ရှု၍ မရဘဲ ရဲအင်အားများစွာဖြင့် လုံခြုံရေးကန့်သတ်ခဲ့သည်။ သတင်းမီဒီယာ များမှာလည်း တရားရုံးအတွင်းသို့ ဝင်ရောက်၍ သတင်းယူခွင့်မရှိပေ။ ထိုသို့ ပွင့်လင်းမြင်သာမှု မရှိဘဲ စစ်ဆေးမေးမြန်းသည့်အပေါ် ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က “ကျွန်တော့်အနေနဲ့ကတော့ ဒီလက်ပံတန်းဖြစ်ရပ် တစ်ခုလုံးကို တရားဥပဒေ စိုးမိုးမှုဆိုတာ ပျောက်ကွယ်နေတယ်လို့ ခံစားရပါတယ်။ အဲဒီတော့ ဒီဖြစ်စဉ် တစ်ခုလုံးမှာ တရားဥပဒေ စိုးမိုးမှုဆိုတာ မရှိဘူး။ ဒါဟာပြောရမယ်ဆိုရင် အရင်စစ်အာဏာရှင်တွေ လက်ထက်က လုပ်ထုံးလုပ်နည်းတွေ ပုံစံအတိုင်းပဲ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအတွက်ကြောင့် ဒါတွေအကုန်လုံးက တရားဥပဒေပြင်ပက လုပ်နေသလို ခံစားရပါတယ်” ဟု ပြောကြားသည်။

ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသားများက ၎င်းတို့အကြမ်းဖက် ရိုက်နှက်ခံရခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ ကိုယ်တွေ့အဖြစ်အပျက်များကို ပြောကြားခဲ့ကြသည်။

“အဖမ်းခံရတာတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့ အဖမ်းခံခဲ့တယ်။ ဒါပေမဲ့ ဖြစ်စဉ်အတွင်းမှာ ရိုက်နှက်မှုတွေကို တော်တော်ကြီး ပြုလုပ်ခဲ့တယ်။ ဒီမိုကရေစီပညာရေး မရမချင်း ဆက်လက်တိုက်ပွဲ ဝင်သွားပါမယ်” ဟု ကျောင်းသားသပိတ် ဖြိုခွဲရာတွင် ဖမ်းဆီးခံရပြီးနောက် မတ် ၁၂ ရက်တွင် ပြန်လွတ်လာသူ စစ်နိုင်အောင် (ရတနာပုံ တက္ကသိုလ် ဒုတိယနှစ်) ဆိုသည်။

“ကျွန်တော်တို့ဖြစ်စဉ်က အငြိုးနဲ့ ဖြစ်သွားတာပေါ့။ ကျွန်တော်ကတော့ ရှောင်နိုင်လို့ ဂုတ်တစ်ချက်ထိသွားတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ သူတို့လွန်တယ်ဆိုတာ အသိသာကြီးပါ အသက်လုပြီး ထွက်ပြေးရတဲ့အချိန်မှာ ပစ္စည်းကို အာရုံမထားနိုင်ဘူး။ ဥပမာ မှတ်ပုံတင်၊ ကျောင်းသားကတ်၊ ဟန်းချိန်း၊ လက်စွပ်၊ ဆွဲကြိုးမရှိတော့ဘူး။ ရဲစခန်းကို သွားတော့စုံစမ်းမှာပါ။ လက်ပံတန်း ရဲစခန်းကို ပစ္စည်းပျောက်မှုနဲ့ သွားတိုင်ပါမယ်” ဟု ဆန်းလင်းထိုက် (ဟင်္သာတ နည်းပညာတက္ကသိုလ်) က ဆိုသည်။

ကျော်ဇင်သန့် (သန်လျင်နည်းပညာ တက္ကသိုလ်) က “ကျွန်တော်တို့ကိုဖမ်းပြီး အချုပ်ကားထဲ မထည့်ခင် ရဲတပ်ရင်း ၁၊ ၁ဝ၊ ၁၁ ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းသားတွေ သပိတ်မှောက်စဉ်က ဟစ်ကြွေးပြီး ကြွေးကြော်သံ ပုံစံအတိုင်း ခွပ်ဒေါင်းသွေးတွေ နီသေးလား။ နီသေးရင် ရိုက်တယ်ကွာ။ တပ်မ ၁၁ က ရဲ ဘော်တွေ ညီရဲ့လားဟေ့။ ညီတယ်ဟေ့။ ညီတယ်ဟေ့။ သပိတ်မှောက်ချင်တဲ့ကောင်တွေ မှောက်ဦးမလား။ မှောက်ရဲရင် မှောက်လေကွာ။ မင်းတို့ကို ရိုက်ချင်လို့ ရဲထဲဝင်တာကွ။ ဆဲဆိုကြိမ်းဆဲကာ ကျောင်းသားတစ်ယောက်ကို ရဲအယောက် ၂ဝ လောက်က ဝိုင်းရိုက်တယ်။ ဘုန်းကြီးကျောင်းထဲမှာတင် ကျွန်တော်တို့တစ်တွေ လူ့အခွင့်ရေး ချိုးဖောက်ခံရတာပါ” ဟုဆိုသည်။

အိမ (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် - Law) က “ရဲတပ်ဖွဲ့ဝင်တွေကို လမ်းဖွင့်ပေးဖို့ ကောင်းကောင်းမွန်မွန် တောင်းဆိုတယ်။ မရဘူး။ ပြီးတော့ ကျွန်မတို့ကျောင်းသားတွေ လေးယောက်တစ်တွဲစီ စနစ်တကျ တိုးတယ်။ အရှေ့မှာရှိတဲ့ ရဲတွေက ဘာမှမလုပ်ပေမယ့်။ အနောက်မှာရှိတဲ့ ရဲတွေက နံပါတ်တုတ်တွေနဲ့ထိုးတယ်။ နောက်ထပ်ရဲတွေက နံပါတ်တွေနဲ့ ဝင်ရိုက်တာပဲ။ ကျွန်မတို့လည်းမခံနိုင်လို့ ဘုန်းကြီးကျောင်းထဲကို ဝင်ပြေးတယ်။ ဘုန်းကြီးကျောင်းထဲကို ဝင်ဖမ်းတော့ ပထမက ဘာမှမလုပ်ဘူး ကတိပေးလို့ ကျွန်မတို့ အပြင်ထွက်တယ်။ ကျွန်မတို့ကို တစ်ယောက်ကို ရဲအယောက် ၂ဝ လောက်က နံပါတ်တုတ်တွေနဲ့ ကောင်မတွေ ထွက်လာမလား။ မလာဘူးလား။ ရိုင်းရိုင်းစိုင်းစိုင်း လူတစ်ယောက်ပါးစပ်နဲ့ မတန်အောင်ကို ပြောဆိုတယ်။ မိန်းကလေးတွေကို တန်းစီပြီးရိုက်တယ်။ ခေါင်းမော့ကြည့်ရင်လည်း ကောင်မတွေ ညည်းတို့က ဘာကောင်မတွေလဲ ပြောပြီး ရဲမေတွေက ရိုက်တယ်။ ရဲသားတွေက ယောက်ျားလေးတွေကိုလည်း အဆက်မပြတ် ရိုက်တယ်။ အကောင်တွေ၊ ကောင်မတွေ နင်တို့ကို ရိုက်သတ်ချင်နေတာ။ ပုံစံထိုင်ခိုင်း အချိန်နည်းနည်းလေး ဒူးထောက်မိတာနဲ့ ကောင်မတွေ ငြိမ်ငြိမ်မနေဘူးလားဆိုပြီး နံပါတ်တုတ်နဲ့ ရိုက်တယ်။ ဘုန်းကြီးကျောင်းထဲမှာတောင် လူနဲ့မတန်တဲ့ စကားတွေ ပိုဆို ပက်စက်ပြောတယ်။ နင်တို့က ပညာတတ်တွေ မဟုတ်ဘူး။ အောက်တန်းစားမတွေလို့ ပြောတယ်။ အဲဒီရဲတပ်ရင်း ၁၊ ၁ဝ၊ ၁၁ ကို ဘယ်တော့မှ မကျေဘူး” ဟု ဆိုသည်။

မတ် ၁၂ ရက်က ကျင်းပသည့် ကျောင်း သား၊ ကျောင်းသူများနှင့် ပြည်သူလူထုကို ရက်စက်စွာ အကြမ်းဖက်နှိမ်နင်းမှုအား ကန့်ကွက်ရှုတ်ချခြင်း အခမ်းအနား၌လည်း အကြမ်းဖက်နှိမ်နင်းမှုကို ဝေဖန်သည့် ပြောကြားချက်များ အခမ်းအနား တက်ရောက်လာသူ အချို့က ပြောကြားခဲ့ရာ ယင်းအခမ်းအနား သို့တက်ရောက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “သာယာဝတီထောင်မှာ ရောက်ရှိနေတဲ့ ကျွန်တော်တို့ရဲ့ ညီနောင်ရဲဖော်တွေဟာ ရုံဝင်ခပေးနေရတယ်လို့ ကြားသိနေရပါတယ်။ ရုံဝင်ခဆိုတာ အဝင်မှာ ရိုက်တာကို ပြောတာပါ။ အရေးကြီးတာက ICRCကို အကြောင်းကြားပြီး ICRC အမြန်ဝင်ဖို့ လိုနေတဲ့အတွက် အမြန်ဆုံး အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံပါတယ်။ သူတို့ပြောနေတာက ဥပဒေနဲ့အညီ လုပ်ပါတယ်လို့ပြောတယ်။ အဲဒါ လုံးဝမဟုတ်ပါဘူး။ တိုင်းပြည်ကို လိမ်နေတာ၊ ကမ္ဘာကို လိမ်နေတာပါ။ နောက်တရားရေးနဲ့ ပတ်သက်လို့ ကျွန်တော်တင်ပြချင်တာက တရားရေးက အုပ်ချုပ်ရေးရဲ့အောက်ကို လုံးလုံးရောက် သွားရုံမကဘဲ ညနက်လို့ အမှောင်ထုထဲကို ဝင်သွားပြီဖြစ်ပါတယ်။ အဲဒီတော့ တရားရေးကို အားကိုးဖို့ကတော့ ရနိုင်တော့မယ် အနေအထား မရှိတော့ပါဘူး။ EU က သင်ပေးတဲ့ ရဲပညာဟာ ကျောင်းသားပြည်သူတွေနဲ့ သံဃာတော်တွေကို ရိုက်နှက်ဖို့ မဟုတ်ပါဘူး။ ဒီလိုမျိုး ပြည်သူလူထုကို အကြမ်းဖက်မှုကို လုပ်တဲ့လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချပါတယ်။ ဖမ်းဆီးခံထားရသူ အားလုံးကို ဘာပုဒ်ထီး ပုဒ်မမှ မတပ်ဘဲ ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ် ” ဟု ပြောကြားသည်။

“အစိုးရ တစ်ရပ်အနေနဲ့ ဥပဒေနဲ့အညီ ဖြေရှင်းခဲ့တယ်လို့ ပြောပေမယ့် အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုပါပဲ။ ဘယ်ခေတ် ဘယ်ကာလကမှန်း မသိတဲ့ ဥပဒေစာအုပ်ကြီးကို ဖုန်ခါပြီးပြောလိုက်ရုံနဲ့ အကြမ်းဖက်မှုက ပျက်ပြယ်ခြင်း မရှိပါဘူး။ အခုဒီပွဲမှာ လာရောက်တဲ့ပါတီ၊ အဖွဲ့အစည်းတွေလဲရှိတယ်။ မလာရောက်တဲ့ ပါတီ၊ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ မရောက်လာတဲ့ တချို့ပါတီ၊ အဖွဲ့အစည်းတွေကို ကျွန်တော်နည်းနည်း ပြောချင်တယ် ပါတီရဲ့ မှုဝါဒတွေ၊ အသင်းရဲ့ မူဝါဒတွေ ကြည့်မနေပါနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တယ်ဆိုတာ လူသားဝါဒပါ။ ပါတီရဲ့ မူဝါဒနဲ့ မကိုက်ညီဘူး ဆိုရင်တောင် လူသားဝါဒ၊ လူသားမူကို အခြေခံပြီး ဒီနေရာကို လာလို့ရသလို နောက်နောင် အကြမ်းဖက်မှုတွေကိုလည်း ဆန့်ကျင်သွားဖို့ လိုပါတယ်” ဟု ဘလော့ကာ ကိုနေဘုန်းလတ်က ပညာရေးပြုပြင် ပြောင်းလဲမှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုနေသော ကျောင်းသား/သူများနှင့် ပြည်သူလူထုကို ရက်စက်စွာအကြမ်းဖက် နှိမ်နှင်းမှုအား ကန့်ကွက်ရှုတ်ချခြင်း အခမ်းအနား၌ ပြောကြားသည်။

ရှေ့နေများကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က “ထောင်ထဲကိုအဝင်မှာ ရိုက်မောင်း ပုတ်မောင်းတာတွေ ရှိတယ်လို့လည်း ကြားရတယ်။ အဲဒါလည်းပဲ ဒါဟာမဖြစ်သင့်ဘူး။ ဒါဟာစစ်အာဏာရှင်စနစ် လက်အောက်က လုပ်ရပ်မျိုးတွေပဲ။ ဘာမှ ပြောင်းလဲမှုမရှိဘူး။ သရုပ်ပေါ် သွားပြီပေါ့ဗျာ။ အင်အားအလွန်အကျွံသုံးပြီးတော့ ဖမ်းဆီးတာတွေ မလုပ်ရဘူး။ ဒါတွေဟာ ဥပဒေနဲ့ မညီတာတွေပေါ့ဗျာ” ဟု ဝေဖန်ပြောကြားသည်။

ထိုနည်းတူစွာ တရားလွှတ်တော်ရှေ့နေ ဦးစိုးတင့်ရည်ကလည်း “တရားရုံးလက်စွဲမှာတော့ တရားသူကြီးဟာ တရားရုံးမှာ ရှိနေရင် စစ်ဆေးမေးမြန်းလို့ ရတယ်လို့ ပြဋ္ဌာန်းထားတယ်။ ဒါပေမဲ့ ဒီမိုကရေစီအစိုးရ လက်ထက်မှာ ဒါမျိုး ညဘက်ရုံးထုတ် စစ်ဆေးတာတွေ မတွေ့ရဘူး။ တကယ် တရားဥပဒေစိုးမိုးရေးအတွက် အနှောင့်အယှက် ဖြစ်စေတဲ့ လူဆိုး၊ လူမိုက်တွေကိုတောင်မှ ဒီလိုမျိုး ညအချိန်မတော် ရုံးထုတ်တာတွေ မရှိဘူးဆိုတော့ ဒါဟာ လုံးဝဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူးပေါ့ဗျာ” ဟု ဝေဖန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက “ဥပဒေအရကတော့ လုပ်လို့ရတယ်။ ရုံးချိန်ကတော့ ၅ နာရီ ပေါ့နော်။ ဒါပေမဲ့ ရုံးချိန်းကျော်သွားရင်လည်း လုံခြုံရေးကိစ္စဆိုရင် ခြွင်းချက်အနေနဲ့ တရားသူကြီးရှေ့မှောက်မှာ ဒီလို စစ်ဆေးမေးမြန်းလို့ ရပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာဟာ ဘယ်လိုလုံခြုံရေးကိစ္စ၊ ဘယ်လိုခြွင်းချက်မျိုးနဲ့ ငြိစွန်းသွားလို့လဲ။ ဒီကိစ္စကို သက်ဆိုင်ရာ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်မှာပဲဖြစ်ဖြစ်၊ ပြည်ထောင်စု လွှတ်တော်မှာပဲဖြစ်ဖြစ် ဘယ်လိုတရားဥပဒေမျိုး၊ ဘယ်လိုခြွင်းချက်မျိုးနဲ့ ငြိစွန်းသွားသလဲ ဆိုတာကို မေးခွန်းထုတ်သင့်တဲ့ ကိစ္စပါပဲ” ဟု ပြောကြားသည်။

ဖမ်းဆီးခံကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံသူများအား တရားရုံးချိန် ကျော်လွန်သည်အထိ ရုံးထုတ်အမှုဆင် တရားစွဲနေခြင်းမှာ မမျှတသေ လုပ်ရပ်တစ်ခု ဖြစ်သည့်အပြင် ဥပဒေဘောင်အား ကျော်လွန်လုပ်သည့် လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်သုံးသပ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း သဘောထား ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံထားရသော ကျောင်းသူ/ ကျောင်းသားများအနေဖြင့် အချုပ်သား အဖြစ်သာရှိနေသေးပြီး ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်မှုများပြုလုပ်ခြင်းအပေါ် ဥပဒေပညာရှင်များ ထောက်ပြခဲ့ကြပြီး ပြည်သူလူထုအကြား ဝေဖန်မှုများ မြင့်တက်လျက် ရှိသည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အချုပ်သား၊ အကျဉ်းသားများအား ရိုက်နှက်ခြင်း၊ အခြား သူများအား ရိုက်နှက်ရန်ခိုင်းစေခြင်းနှင့် ဟန့်တားရန်ပျက်ကွက်ခြင်းတို့ကို တွေ့ရှိခဲ့ပါက ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူထိန်းသိမ်း၍ ထောင်ဒဏ်သုံးနှစ် အထိပြစ်ဒဏ်ချမှတ်နိုင်သော ဥပဒေဖြင့်အ ရေးယူနိုင်ကြောင်း၂ဝ၁၃ ခုနှစ်အတွင်းကျင်း ပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ဖြေကြားထားသည်။

မြန်မာနိုင်ငံရဲ စည်းကမ်းထိန်းရေး ဥပဒေတွင်ပြဋ္ဌာန်းထားသည့် ပုဒ်မ၁၇ (ဂ) အကျဉ်းသား၊ အချုပ်သားတစ်ဦးက အခြားတစ်ဦး အားရိုက်ပုတ်ရန် (သို့) အခြားနည်းအားဖြင့် ညှဉ်းပန်းနှိပ်စက်ရန် ခိုင်းစေလျှင်၊ ခွင့်ပြုလျှင် ထိုသို့ပြုလုပ်နေသည်ကိုသိလျက် ဟန့်တားရန် (သို့) အရေးယူရန် ပျက်ကွက်လျှင် သော်လည်းကောင်း၊ ပုဒ်မ ၁၇ (ဆ) အကျဉ်း သား၊ အချုပ်သား (သို့) ဖမ်းဆီးထားသူတစ် ဦးအား ရိုက်ပုတ်လျှင် (သို့) အခြားနည်းဖြင့် ည§ဉ်းပန်းနှိပ်စက်လျှင်သော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်သူအား ရဲတရားရုံးဖြင့် စစ်ဆေးပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ ဤဥပဒေတွင်ဖော် ပြထားသည့်လျော့သော ပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်ဟု ပြဌာန်းထားကြောင်းလည်း သိရသည်။

ထို့အပြင် ၂ဝ၁၁- ၂ဝ၁၅ ဇန်နဝါရီ ၃၁ ရက်အထိ ငါးနှစ်အတွင်း ရဲတပ်ဖွဲ့ဝင်များစည်း ကမ်းဖောက်ဖျက်မှု၊ တာဝန်ပျက်ကွက်မှု၊ ဥပဒေချိုးဖောက်မှုများကြောင့် ရဲအရာရှိ ၂ဝဝဝ ကျော်နှင့် အခြားအဆင့် ၅ဝဝ ကျော်အား ထောင်ဒဏ်နှင့် အခြားပြစ်ဒဏ်များ ချမှတ် အရေးယူထားကြောင်း ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ် မှူးချုပ်ကျော်ဇံမြင့်က ပြောကြားထားသည်။

ယင်းကဲ့သို့ အရေးယူထားသည့် ရဲတပ် ဖွဲ့ဝင်များကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ ဖြင့် ၅၇ဝ၇ မှု၊ နယ်ဘက်တရားရုံးများတွင် စစ်ဆေးမှု ၅၉မှု၊ စုစုပေါင်း ၅၇၆၆ မှုဖြင့် အရေးယူထားပြီးဖြစ်ကာ၊ အဆိုပါ အမှုများ တွင် အရာရှိ ၈၄ ဦး၊ အခြားအဆင့် ၂ဝ၂၇ ဦးတို့ကို ထောင်ကျပြစ်ဒဏ်၊ အရာရှိ ၁ဝ၇ ဦး၊ အခြားအဆင့် ၂၄၇ ဦးတို့ကိုရဲတပ်ဖွဲ့မှ ထုတ် ပယ်သည့်ပြစ်ဒဏ်၊ အရာရှိ ၃၂၄ ဦး၊ အခြား အဆင့် ၆၉၇ ဦးတို့ကို ရာထူးအဆင့်လျှော့ ချသည့် ပြစ်ဒဏ်၊ အရာရှိ ၁၅၆၇ဦးနှင့်အခြား အဆင့်၂၄၉၂ဦးတို့ကို အခြားပြစ်ဒဏ်၊ စုစု ပေါင်းအရာရှိ ၂ဝ၈၂ ဦးနှင့် အခြားအဆင့် ၅၄၆၃ ဦးတို့ကို အရေးယူခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရစဉ် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောဆန္ဒပြ ကျောင်းသား/ကျောင်းသူ များစာရင်း၊ ဒဏ်ရာအခြေအနေများနှင့် ၎င်းတို့အား မည်ကဲ့သို့ဆေးဝါး ကုသပေးနေမှုများ ရှိနေသည်ကို အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ပေးရန် လိုအပ်ပြီး တရားစွဲခံထားရသူများအား မိသားစုဝင်များတွေ့ ဆုံခွင့်ပြုပြီး ရှေ့နေငှားရမ်းခွင့်များကို ခွင့်ပြု ပေးသင့်ကြောင်း ဥပဒေပညာရှင် အသိုင်းအ၀န်းက ထောက်ပြပြောဆိုမှုများ ရှိနေသည်။

ရိုက်နှက်ဖမ်းဆီး ခံခဲ့ရသော ကျောင်းသားကျောင်းသူများ၏ ကိုယ်တွေ့ ပြောကြားချက်များနှင့် ယင်းလုပ်ရပ်အပေါ်အမြင်များ
=================================================

“ညီမက အမေအရမ်းစိတ်ပူနေလို့ ထွက်လာတာ ခံဝန်ကတိက ထိုးခဲ့ချင်တာမဟုတ်ဘူး။ ညီမတို့ကို မိုက်မိုက်ရိုင်းရိုင်း သားသမီးချင်း ကိုယ်ချင်းမစာမနာဘဲ ပြောတာတွေရှိခဲ့တယ်။ ပြည်သူရဲတပ်ဖွဲ့လိုသာပြောတာ ပြည်သူကို အကာအကွယ်ပေးတာ မဟုတ်ဘူး။ မကျေနပ်ဘူး။ ညီမတို့က အာဏာကိုတောင်းနေတာ မဟုတ်ဘူး။ ပညာရေးဥပဒေကို ပြင်ပေးဖိုပဲ တောင်းဆိုနေတာ ဖြစ်တဲ့အတွက် ပညာရေးဥပဒေကို ပြင်ပေးပါ။ နောက်တစ်ချက်က ရဲတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်မှုကို ဒီထက်ပိုမလုပ်ပါနဲ့တော့လို့ ပြောချင်တယ်။ အခုညီမတို့ကို တစ်စုတကွဲစီ ဖြစ်နေတယ်။ အဲဒါကြောင့် ရှေ့ဘာဆက်လုပ်မယ် ဆိုတာကိုတော့ အတိအကျ ပြောလို့မရသေးဘူး”

မရည်မွန်မွန်အောင် (ရန်ကုန်အရှေပိုင်းတက္ကသိုလ်)
ကျောင်းသားသပိတ်ဖြိုခွဲရာတွင် ဖမ်းဆီးခံရပြီးနောက် မတ် ၁၂ ရက်တွင် ပြန်လွတ်လာသူ
_______________________

“ဖြစ်ပျက်ခဲ့တာတွေက မျှတမှုမရှိဘူးလို့ ပြောရမှာပဲ။ ကျောင်းရဲ့အခြေအနေကို မူတည်ပြီးတော့ ဆက်လက်လုပ်ဆောင်ဖို့ ရှိပါတယ်”

စိုးလွင်ကျော် (သထုံစိုက်ပျိုးရေးသိပ္ပံ ဒုတိယနှစ်)
ကျောင်းသားသပိတ်ဖြိုခွဲရာတွင် ဖမ်းဆီးခံရပြီးနောက် မတ် ၁၂ ရက်တွင် ပြန်လွတ်လာသူ
_______________________

“ကျွန်တော်တို့ကို သတင်းရဲတပ်ဖွဲ့ စစ်ဆေးမှုတွေတော့ ပြုလုပ်ခဲ့တယ်။ သူတို့လိုချင်တဲ့ဘက်ကပဲ မေးတာပေါ့။ နိုင်ငံတော်ကို ကန့်ကွက်တာလား အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်တာလား။ ကျွန်တော်တို့ကလည်း နိုင်ငံတော် အာဏာကိုသိမ်းဖို့ မဟုတ်ဘူး။ အမျိုးသားပညာရေး ဥပဒေကိုပြင်ဖို့ ကောင်းဖို့အတွက် လုပ်တာပါ။ နောက်ပြီး ဘာကြောင့် ဒီထဲမှာ ဝင်ပါခဲ့တာလဲဆိုပြီး မေးမြန်းမှုတွေတော့ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပညာရေးကို မကြိုက်လို့ပါ။ ပြီးတော့ မိဘ၊ နေရပ်လိပ်စာ စသဖြင့် အကုန်တောင်းခံခဲ့ရပါတယ်။ နောက်တစ်ကြိမ် မလုပ်ဖို့အတွက် အခုခံဝန်ကိုလည်း ထိုးခဲ့ရတယ်”

ထက်လင်း (မှော်ဘီတက္ကသိုလ်)
ကျောင်းသားသပိတ်ဖြိုခွဲရာတွင် ဖမ်းဆီးခံရပြီးနောက် မတ် ၁၂ ရက်တွင် ပြန်လွတ်လာသူ
_______________________

“တရားရေး မဏ္ဍိုင်မှာအခုထိ ပွင့်လင်းမြင့်သာမှု မရှိသေးဘူး။ လူထုရှေ့မှာဘာကြောင့် တရားစီရင်ပိုင်ခွင့်ကို မပေးနိုင်တာလဲ ဆိုတာကို ပြန်မေးရမယ်။ သူတို့ဟာ တရားမျှတစွာ လုပ်ဆောင်တယ်ဆိုရင် ပွင့်လင်းမြင်သာမှုကို စိုးရိမ်ကြောင့်ကြစရာ မရှိပါဘူး။ အခုဟာက ညကြီးအချိန်မတော်မှ ရုံးထုတ်တယ်ဆိုတာ တစ်ခါမှမကြားဖူးဘူး။ မိသားစုတွေနဲ့လည်း တွေ့ခွင့်မရဘူး။ ထောက်ခံအားပေးတဲ့ သူတွေကိုလည်း ဝင်ခွင့်မပေးဘူးဆိုတာ အင်မတန်မှ ရုပ်ဆိုးအကျည်းတန်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ တရားရေးမဏ္ဍိုင်ဟာ ဘယ်လောက်အထိ ပျက်စီးနေသလဲဆိုတာ ကမ္ဘာသိအောင် ပုံရိပ်ပြလိုက်သလိုပါပဲ။ အစိုးရကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားနေပါတယ်ဆိုပြီး စကားလုံး သက်သက်သာရှိပါတယ်။ တကယ့်လက်တွေ့မှာတော့ ပုံဖော်မှုအားနည်းနေပြီး ကမ္ဘာကရော၊ မြန်မာပြည်သူလူထုကရော ယုံကြည်မှု လျော့နည်းနေပါပြီ”

ဒေါ်နီလာသိန်း (၈၈ မျိုးဆက် ငြိမ်း/ပွင့်)
_______________________

“ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄ဝ အရ ရှေ့နေရှေ့ရပ် ငှားရမ်းခွင့်ရှိတယ်။ တရားရုံး ရုံးထုတ်တဲ့ အချိန်မှာလည်း မိသားစုနဲ့ တွေ့ခွင့်ရှိတယ်။ အခုဖြစ်နေတာက နိုင်ငံတော်ပုန်ကန်မှုလည်း မဟုတ်ဘူး။ တကယ်လို့ နိုင်ငံတော်ပုန်ကန်မှု ဆိုရင်တောင်မှ သူ့မှာရပိုင်ခွင့် အခွင့်အရေးရှိတယ်။ တကယ်လို့ မိသားစုအနေနဲ့ သူတို့ကို ထောင်မှာ ချုပ်ထားတယ်ဆိုရင် တွေ့ခွင့်ရဖို့ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း တောင်းဆိုလို့ရတယ်။ တကယ်လို့ မပေးဘူးဆိုရင် သက်ဆိုင်ရာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် အဆင့်ထိ စာတင်ပြီး ပြောရမယ်။ ထောင်မှာဖြစ်ဖြစ်၊ ရဲစခန်းမှာဖြစ်ဖြစ် ချုပ်ထားရင် တွေ့ခွင့်ရှိတယ်။ တကယ်လို့ ရှေ့နေငှားရမ်းခွင့်၊ မိသားစုတွေ့ခွင့် မရဘူးဆိုရင်တော့ ဒါလူ့အခွင့်အရေး ချိုးဖောက်တာပဲ။ လက်ရှိ ပြင်ပမှာရှိနေတဲ့ မိသားစုဝင်တွေအနေနဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ကို သွားရောက် အကြောင်းကြား သင့်တယ်”

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်
_______________________

“ထောင်တွင်းက အဆင်ပြေပေမယ့် ရဲကားပေါ်မှာတော့ ပိုးစိုးပက်စက် နှမချင်း မစာမနာ ပြောဆိုတာတွေရှိပါတယ်။ ခံဝန်တော့ ထိုးခဲ့ရတယ်။ မိဘ ဖိအားနဲ့ထိုးခဲ့ရတယ်။ တရားရုံးကတော့ မခေါ်ထားဘူး။ ဒါပေမဲ့ လက်မှတ်ထိုးခဲ့ရတယ်။ အသက်လုပြီး ထွက်ပြေးရတဲ့အချိန်မှာ ပစ္စည်းကို အာရုံမထားနိုင်ဘူး။ ဥပမာ မှတ်ပုံတင်၊ ကျောင်းသားကတ် ဟန်းချိန်း လက်စွပ်၊ ဆွဲကြိုးမရှိတော့ဘူး။ ရဲစခန်းကို သွားတော့စုံစမ်းမှာပါ။ ဟိုပို့လိုက် ဒီပို့လိုက်နဲ့ဆိုတော့ လက်ပံတန်းရဲစခန်းကို ပစ္စည်းပျောက်မှုနဲ့ သွားတိုင်ပါမယ်။ ကျွန်မတို့ကို သိက္ခာချတဲ့ ရဲမေတွေကို လူအခွင့်အရေးချိုးဖောက်မှုနဲ့ တိုင်ပါမယ်။ ကျွန်မတို့ ရဲဘော်တွေကို ပိုးစိုးပက်စက် ရိုက်ခဲ့ပါတယ်။ ယောက်ျားလေးတွေကို အကုန်ရိုက်တယ်။ ထောင်ကားထဲမှာ လူသေတွေကို ဖြန့်ထားသလို ရေနဲ့ဖြန်းပါတယ်။ ကိုမင်းသွေးသစ်ကတော့ အခြေအနေ မကောင်းပါဘူး”

မအိဖြူဖြူမွန်က (ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်)
ကျောင်းသားသပိတ်ဖြိုခွဲရာတွင် ဖမ်းဆီးခံရပြီးနောက် မတ် ၁၂ ရက်တွင် ပြန်လွတ်လာသူ

No comments: