Thursday, March 19, 2015

တိုင်းပြည်သစ္စာဖောက်များသို့ အိတ်ဖွင့်ရှင်းတမ်း

မြတ်သူ

ဗကသကို စီကြောင်၊ နီကြောင်တွေဆိုပြီး စွပ်စွဲတယ်။ ရန်ကုန်ကို ဝင်ချင်တာဟာ သပိတ်စုံသူပုန်ထဖို့ ဆိုပြီး စွပ်စွဲတယ်။ ဗကသဟာ ဒီမိုကရေစီပညာရေးအလံကိုမကိုင်စွဲဘူးဆိုပြီး စွပ်စွဲတယ်။ ဗကသကို ကွန်မြူနစ် တွေကစီးထားတယ် ဗဟိုဦးစီးစနစ်နဲ့ မသိနားမလည်သူတွေကို အသုံးချတယ်ဆိုပြီး စွပ်စွဲတယ်။ ဗကသ ဟာ ကျောင်းသားအဖွဲ့အစည်းမဟုတ် ဗကပလက်ဝေခံတွေဆိုပြီး စွပ်စွဲတယ်။ လက်ဝဲတွေမို့လို့ ဒီအစိုးရက ခြေမှုန်း တာဆိုပြီး အပုပ်ချတယ်။ ဗကသဟာ ကျောင်းသားထုညီညွတ်ရေးကို အလိုမရှိဘူးဆိုပြီး စွပ်စွဲတယ်။ ဒါတွေကို အချိန်ကျလာပြီမို့ တစ်ချက်ချင်းရှင်းမယ်။

ဗကသကို စီကြောင်၊နီကြောင်လို့ စွပ်စွဲသူ ငကြောင်များသို့

ဗကသမှာ အယူစုံ၊ ဝါဒစုံ၊ ကိုးကွယ်ရာဘာသာစုံ၊ လူမျိုးစုံကျာင်းသားလူငယ်တွေ ရှိတယ်။ ဒါ ခေတ်အဆက်ဆက်ထဲက ဒီနေ့အထိပဲ။ ဗကသအလံအောက်မှာ ဘယ်ဘာသာဝင်ပဲရှိရမယ်၊ ဘယ် နိုင်ငံရေး အယူအဆပဲ လက်ခံရမယ်ဆိုပြီး ကန့်သတ်မထားဘူး။ ဗကသရဲ့ မူငါးချက်ကို လက်ခံရင် ဗကသအဖွဲ့ဝင် ဖြစ်မယ်။ ဒါဒီနေ့အထိ ဗကသရဲ့ ရပ်တည်ချက်ပဲ။ ဗကသ ခေါင်းဆောင်ပိုင်းထဲမှာကို ကွဲပြားတဲ့ နိုင်ငံရေး အယူအဆတွေရှိကြတယ်။ ဗကသမှာ ဘယ်အယူအဆကမှ အမှန်၊ ကျန်တာတွေက အမှားဆိုပြီး ခွဲခြား ကန့်သတ်ထားတာမျိုးမရှိဘူး။ ဒါကို မယုံကြည်ရင် ကြိုက်တဲ့ ဗကသ ကျောင်းသား/သူကို မေးကြည့်လို့ရတယ်။ ဗကသရဲ့ အမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ ဗဟိုလုပ်ငန်းကော်မတီဥက္ကဌ ကိုကျော်ကိုကိုက အစ မူငါးချက်ကို ကျော်ပြီး သူဖြစ်ချင်တာ၊ သူလုပ်ချင်တာကို လုပ်လို့မရဘူး။ ဗကသ ကျောင်းသားတွေရဲ့ တစ်ဦးချင်း ယုံကြည်ချက်ဟာ သူနဲ့သာဆိုင်ပြီးတော့ ဗကသအနေနဲ့ကတော့ ဘယ်အရေးကိစ္စမဆို၊ ဘယ်အကြောင်းအရာ ကို မဆို မူငါးချက်နဲ့ ချိန်ထိုးပြီးတော့သာ လုပ်ကိုင်ဆုံးဖြတ်တယ်။ ပြီးတော့ ကျောင်းသားဆိုတာ အရောင်စုံ၊ အသွေးစုံ အယူဝါဒစုံရှိတယ်ဆိုတာ ဒီနေ့ ကိုယ့်ဘာသာကိုယ် လစ်ဘရယ်လို့ကြွေးကျော်နေသူ ဗမာ့နည်းဗမာ့ဟန် လစ်ဘရယ်သမားများက လက်ခံချင်ကြပုံမရဘူး။ ဒါကိုက ဗမာပြည်ရဲ့နိုင်ငံရေးဟာ ဘယ်လောက်ပြဿနာကြီးနေပြီလဲဆိုတာကို ပြနေတာပါပဲ။ ကွန်မြူနစ်အလားဂျစ်တစ်ဖတ်ပိတ်၊ တစ်ယူသန် ဗမာ့နည်းဗမာ့ဟန်လစ်ဘရယ်နိုင်ငံရေးသမားဆိုသူတွေက တော်လှန်ရေး လမ်းဆုံလမ်းခွမှာ ကားယားကြီးခွထိုင်နေပြီး ဗကသနဲ့ပြည်သူကို လက်တွဲဖြုတ်အောင်လုပ်နေတာဟာ သမိုင်း စာမျက်နှာမှာ မြင်မကောင်းလောက်အောင် ပုပ်ပွပြီးပေါ်လာမှာက စိတ်မကောင်းစရာပါပဲ။

သပိတ်တွေစုံမှာ၊ သူပုန်တွေထမှာကြောက်နေတဲ့ တော်လှန်ရေးစားဖားများသို့

ဗကသအားကြီးလာမှာ၊ ဗကသဒီထက်ပိုပြီး ပြည်သူ့အကျိုးဆောင်နိုင်မှာကို မလိုလားတဲ့၊ စိုးရွံလှတဲ့ သဘောထားမမှန်သူ နိုင်ငံရေးစားဖားများက စစ်အစိုးရရဲ့ မွေးစားသားပီသစွာ ဗကသကို ရန်သူ့အကြိုက် လိုက်ပြီး ဒီအဖွဲ့ရန်ကုန်ကို ဝင်ချင်တာဟာ သပိတ်စုံ၊ သူပုန်ထချင်လို့ဆိုပြီး တိုးတိုးတစ်မျိုး ကျယ်ကျယ်တဖုံ ဝါဒဖြန့်နေတာကို ကျနော်တို့ အကြမ်းဖက်ဖြိုခွဲမခံရခင် မတ်လ၁၀ရက်နေ့အထိ ကြားနေရတယ်။ ရန်ကုန်ကို ဝင်ချင်တယ်ဆိုတာက ရှင်းရှင်းလေးပါ။ ကျနော်တို့ဟာ ရန်ကုန်ဝင်တယ်ဆိုတာ ဇွဲသတ္တိအပြည့် ခရီးရှည်ချီတက်ပြီး ဒီမိုကရေစီပညာရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို မျှဝေချင်လို့ ပြီးတော့ ခရီးလမ်းတလျှောက်လုံး ကျနော်တို့ကို အစစအရာရာ ထောက်ပံ့ပေးခဲ့တဲ့ ပြည်သူလူထုတရပ်လုံးကို မိမိတို့ရဲ့ အိမ်အပြန်လမ်းမှာ ကျေးဇူးတင်စကားပြောဖို့ ။ ကိုယ့်အိမ်ကိုယ် တရားဝင်ပြန်တာ၊ မိမိတို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို မျှဝေတာဟာ တရားမျှတတဲ့ အကြောင်းပြချက်လို့ ကျနော်တို့ ယူဆတယ်။ မန္တလေး ကနေ ရန်ကုန်အထိ လမ်းလျှောက်လာခဲ့တာဟာ အစိုးရစီစဉ်ပေးတဲ့ ကားနဲ့ လူမသိသူမသိ တိုးတိုးတိတ်တိတ် အိမ်ပြန်ရအောင် ကျနော်တို့က အစိုးရဖွဲ့ပေးထားတဲ့ အဖွဲ့မဟုတ်ဘူးဆိုတာ ပထမဦးစွာ ရှင်းရှင်းလင်းလင်း သိထားဖို့လိုပါတယ်။ ကျနော်တို့ အများစုက ရန်ကုန်ကလာတဲ့သူတွေ။ ပြီးတော့ အလုပ်လုပ်ဖို့ အဓိက အချက်အချာကျတဲ့နေရာဟာလည်း ရန်ကုန်ပဲဖြစ်တယ်။ အဲဒါကြောင့် ရန်ကုန်ကိုဝင်မယ်။ စောင့်ကြည့်သပိတ် အဖြစ် ပုံစံပြောင်းမယ်။ အေးအေးဆေးဆေးလူစုခွဲမယ်။ ဒါကို ကျနော်တို့ ရှင်းရှင်းလင်းလင်း ကြေညာပြီးသား။ အစိုးရက လာညှိနှိုင်းတဲ့အခါမှာလည်း ကျနော်တို့ ရန်ကုန်ဝင်မယ်ဆိုတာ တိုက်ပွဲဝင်စိတ်ဓာတ်ကို မျှဝေချင်လို့၊ လူထုကို ကျေးဇူးတင်စကားဆိုချင်လို့၊ ကိုယ့်အိမ်ကိုယ်ပြန်ကြဖို့ ဒါကိုမှ မယုံရင် ကျနော်တို့နဲ့အတူ လုံခြုံရေး ယာဉ်တန်းလိုက်ခဲ့ပါ။ ကျနော်တို့ဘက်က ရန်ကုန်ကိုဝင်တာနဲ့ သပိတ်စုံသူပုန်ထပုံစံများလုပ်လိုက်ရင် တစ်ခါထဲ ဖမ်းပါလို့ကို ပြတ်ပြတ်သားသားပြောပြီးသား။ ပြီးတော့ ရန်ကုန်ကိုဝင်ချင်တဲ့ အကြောင်းအချက်တွေကို ကျနော်တို့ လူသိရှင်ကြားပြောပြီးသား။ ဒါကိုမှ ကျနော်တို့ ရန်ကုန်ဝင်ချင်တာဟာ သက်သက်မဲ့ဆူပူချင်လို့ဆိုပြီး အစိုးရက ဝါဒဖြန့်တာကို ဒီအစိုးရဝမ်းမနာသားတွေက လက်ခုပ်တီးပြီး ဗကသ နောက်ကျောကို ဓါးနဲ့ထိုးတယ်။ အကယ်၍ ဗကသကများ လူသိရှင်ကြားကြေညာထားပြီးသားအချက်တွေကို ချိုးဖောက်မယ်ဆိုရင် ဗကသကို လူထုက ဒဏ်ခတ်လိမ့်မယ်။ ရန်ကုန်လူထုဟာ ရိုးအနေတဲ့သူတွေမဟုတ်ဘူး။ နိုင်ငံရေးရေချိန်ရှိပြီးသား ဒါကို စားဖားတွေက မသိမဟုတ် သိတယ်။ သက်သက်မဲ့ ဗကသကို အပုပ်ချတာ၊ ချောက်ထဲတွန်းတာ၊ အခွင့်သာတုန်း လုပ်လိုက်မဟဲ့ဆိုပြီး လက်သီးပုန်းထိုးတာ။ ဗကသဟာ ပြည်သူကို အမြဲယုံကြည်တယ်။ ပြည်သူရဲ့ ယုံကြည်မှုကိုလည်း ဘယ်တော့မှ သစ္စာဖေါက်မှာ မဟုတ်ဘူး။ ဒါကို ဗကသအဖွဲ့ဝင်တိုင်းက သဘောပေါက် နားလည်ထားတယ်။

ဗကသကို ဒီမိုကရေစီပညာရေးအလံက သွေဖယ်တယ်လို့ဆိုတဲ့ မျက်နှာရူးများသို့

ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီမှာ ဗကသအနေနဲ့သာ ရန်ကုန်-မန္တလေး ဒီမိုကရေစီပညာရေးအတွက် ခရီးရှည်ချီတက်ဖို့ အဆိုမတင်ခဲ့ဖူးဆိုရင်။ ဇန်နဝါရီလ ၂၅ရက်နေ့မှာ သိန်းချီတဲ့ မြင်းခြံပြည်သူတွေက ဗကသရဲ့ပင်မစစ်ကြောင်းကို မကြိုဆိုခဲ့ဖူးဆိုရင်။ ၂၇ရက်နေ့မှာသာ တောင်သာမှာ ပိတ်ဆို့ တားဆီးမခံရဖူးဆိုရင်။ ဒီနေ့ လူပြောသူပြောများနေတဲ့ လေးပွင့်ဆိုင်တို့၊ လွှတ်တော်ကြားနာပွဲတို့ ဖြစ်မလာခဲ့ဖူး ဆိုတာ မျက်နှာရူးတွေ သိထားဖို့လိုတယ်။ ဗကသဟာ ချွေးနဲ့တင်မက သွေးနဲ့ပါရင်းပြီး ဒီမိုကရေစီပညာရေး အတွက် စွန့်စားခဲ့တာ။ အကယ်၍သာ တောင်သာမှာပိတ်ဆို့ထားတဲ့အချိန် ဗကသစစ်ကြောင်းက မြင်းခြံကနေ လှည့်ပြန်ပါပြီတဲ့။ ဒီနေ့ ပြောနေကြတဲ့ လေးပွင့်ဆိုင်ကြီးတွေ၊ လွှတ်တော်ကြားနာပွဲကြီးတွေ ပေါ်လာပါ့မလားဆိုတာ စဉ်းစားစရာပဲ။ နိုဝင်ဘာလ လေးရက်သပိတ်၊ ပြီးတော့ ရက်ပေါင်းခြောက်ဆယ် ရာဇသံ။ အဲဒီကာလအတွင်းမှာ တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းကြီးက သူ့အလိုလို ဖြစ်လာခဲ့တာလား။ ဗကသနဲ့ ပြည်သူ လက်တွဲညီတဲ့အချိန် ပေါ်လာခဲ့တာလားဆိုတာ ပြန်လှန်ကြည့်ဖို့ ပြောချင်တယ်။ ဗကသအနေနဲ့ အစိုးရရဲ့ အချိန် ဆွဲတတ်တဲ့ အလေ့အထကို သိလို့ ပုပ္ပါးမှာရပ်ခိုင်းတုန်းက မရပ်ခဲ့ဘူး။ အန္တရာယ်တွေကြားက ဆက်ချီတက် ခဲ့တယ်။ တွေ့ဆုံဆွေးနွေးရေးတွေ အဆင်ပြေချောမွေ့ ပြီး ခိုင်မာတဲ့ရလာဒ်တစ်ခုရရှိဖို့အထိ ဗကသဟာ သွေးနဲ့ ရင်းခဲ့တာ လူထုသက်သေပဲ။ ဒီနေ့ခေတ်လို မီဒီယာပွင့်လင်းတဲ့ခေတ်မှာ ဗကသဟာ ဒီမိုကရေစီပညာရေး အတွက် မဟုတ်ပဲ လုပ်ချင်တာလုပ်နေတယ်လို့ ရူးရူးနှမ်းနှမ်းစွပ်စွဲရဲတာ တော်တော်မျက်နှာပြောင်တိုက်တဲ့ ကိစ္စပါ။ ဗကသအနေနဲ့ လက်ပံတန်းမှာ စတင်ပိတ်ဆို့ခံခဲ့ရတဲ့ အချိန်မှာတောင် ကျန်တဲ့သူတွေ လွှတ်တော် ဆွေးနွေးပွဲသွားတဲ့ ကိစ္စမျိုးကို မကန့်ကွက်ခဲ့ဘူး။ ဒီနေ့လို ဖြိုခွင်းခံရတဲ့အချိန်မှာတောင် ဗကသ ကိုယ်စားလှယ် တွေ မတရားဖမ်းဆီးထောင်ချခံနေရတဲ့ အချိန်မှာတောင် တခြားအဖွဲ့တွေက ဗကသဆီကခွင့်ပြုချက်မပါပဲ လွှတ်တော်တက်တာကို ဗကသအနေနဲ့ တားဆီးကန့်ကွက်တာမျိုး မလုပ်ဖူး။ ဒီနေ့ တွေ့ဆုံပွဲက ငါတို့ကြောင့်ပါဆိုပြီးလည်း အသားလွတ်မာန်တက်ပြမနေဘူး(ဒီကိစ္စတွေတောင် ဗကသကို အကောင့်တုတွေနဲ့တမျိုး ကွယ်ရာတဖုံ တိုက်ခိုက်လာလို့သာ ပြန်ရှင်းရတာဖြစ်တယ်)။ ဗကသ အနေနဲ့ ကန့်ကွက်မယ်ဆိုရင် တရားဝင်မီဒီယာတွေကနေကန့်ကွက်မယ်၊ ကြေညာချက်ထုတ်ပြီး ကန့်ကွက်မယ် ဒါရှင်းနေတဲ့ ကိစ္စပဲ။ ဗကသဟာ ပုဆိုးခြုံထဲကလက်သီးပြတတ်တဲ့ အဖွဲ့ မဟုတ်သလို နောက်ကြောကို ဓါးနဲ့ထိုးတတ်တဲ့ အဖွဲ့လည်း မဟုတ်ဘူး။ တခြားသူတွေ မရင်းရဲခင်က ရင်းခဲ့တယ်။ တခြားသူတွေ နောက်ဆုတ်တော့လည်း ဆက်ရင်းတယ်။ ဗကသကျောင်းသားတွေဟာ ဒီမိုကရေစီပညာရေးအတွက် ဘဝတစ်ခုလုံးကို ရင်းခဲ့တယ်။ ဒါကိုမှ ဆက်စော်ကား နေရင် မည်သည့်လူကိုမဆို၊ အဖွဲ့အစည်းကိုမဆို ကျနော်တို့ ဗကသအဖွဲ့ဝင်တွေ အနေနဲ့ ပြတ်ပြတ်သားသား ရင်ဆိုင်ရလိမ့်မယ်။

ဗကသကို ကွန်မြူနစ် တွေကစီးထားတယ် ဗဟိုဦးစီးစနစ်နဲ့ မသိနားမလည်သူတွေကို အသုံးချတယ် ဆိုသူများသို့

ဗကသကို ကွန်မြူနစ်တွေက စီးထားတယ်ဆိုတဲ့ ကိစ္စကိုတော့ ဗမူငါးချက်နဲ့ ရှင်းပြီးသား ကိစ္စပါ။ ဗမူ ငါးချက်မှာ ပြည်သူကို သွေဖယ်တာဘာပါသလဲ၊ ဒီမိုကရေစီကို သွေဖယ်တာ ဘာပါသလဲ၊ နိုင်ငံရေးအယူဝါဒ တစ်ရပ်ရပ် ကို ခေါင်းစဉ်တပ်တာ ဘာပါသလဲဆိုတာနဲ့တင် ရှင်းနေတဲ့ ကိစ္စပါပဲ။ ဗကသကို ကွန်မြူနစ်တွေက စီးထားတယ်ဆိုတာ တကယ်တော့ ဗကသအားကြီးမှာ၊ ပြည်သူ့အကျိုးထမ်းရွက်မှာကို မလိုသူတွေက ဗကသကို ပြည်သူက မထောက်ခံအောင် ကွန်မြူနစ်ဆေးခါးကြီးတိုက်လိုက်တာပါပဲ။ ဗကသဟာ တိုက်ပွဲတလျှောက်မှာ အထက်မှ အောက်၊ အောက်မှ အထက် အပြန်အလှန် စီးဆင်းနေတဲ့ အစည်းအဝေးပုံစံနဲ့သာ အလုပ်လုပ်ခဲ့တယ်။ လူတစ်ဦးတစ်ယောက်က အမိန့်ပေးစေခိုင်းတာထက် အစည်းအဝေးနဲ့သာ လုပ်ပိုင်ခွင့်ကို ပိုင်းဖြတ်ထားတယ်။ ကျနော်ဆိုရင် အများစုတာဝန်ပေးချက်အရ ရှေ့ပြေးတာဝန်ကို ယူရတယ်။ ဗကသရဲ့ တိုက်ပွဲ အတွင်း အစည်းအဝေးပုံစံတွေဟာဆိုရင် (၁) ခရိုင်တစ်ခုချင်းအစည်းအဝေး (၂) ခရိုင်ပေါင်းစုံအစည်းအဝေး (၃) ဗဟိုလုပ်ငန်းကော်မတီအစည်းအဝေး (၄) ခရိုင်ကိုယ်စားလှယ်တွေနဲ့ ဗဟိုလုပ်ငန်းကော်မတီအစည်းအဝေး စတဲ့ အစည်းအဝေးပုံသဏ္ဍန်လေးခုကို ဖြတ်သန်းပြီးမှသာ ဆုံးဖြတ်ခဲ့တာများတယ်။ ဗဟိုလုပ်ငန်းကော်မတီအနေနဲ့ အကြွင်းမဲ့ဆုံးဖြတ်ခွင့်ကိုတောင်းခံတာတောင် လက်ပံတန်းမှာသာ စစ်ကြောင်းအစည်းအဝေးလုပ်ပြီးမှ အောက်ခြေထုဆီက တောင်းဆိုခဲ့တာဖြစ်ပြီးတော့ ဗဟိုလုပ်ငန်းကော်မတီက ဆုံးဖြတ်သမျှကိုလည်း အောက်ခြေ ကျောင်းသားထုကို အမြဲတမ်း အသိပေးတင်ပြခဲ့တယ်။ ဒါကို စစ်ကြောင်းမှာ ပါလာတဲ့ ရဲဘော်တွေ တင်မကပဲ၊ လိုက်ပါဝန်းရံနေတဲ့ ပြည်သူတွေအသိပဲဖြစ်တယ်။ ဗကသအနေနဲ့ ဖြိုခွဲမခံရခင် နောက်ဆုံးအကြိမ် အစိုးရနဲ့ ညှိနှိုင်းမှုလုပ်ခဲ့တာကိုတောင် ကျောင်းသားထုကို မီဒီယာနဲ့ပြည်သူရှေ့မှာတင် ပြန်လည်တင်ပြပြီး သဘောတူမတူ မဲခွဲခဲ့တယ်။ ဒါကို မီဒီယာတွေနဲ့ ပြည်သူတွေ သက်သေရှိတယ်။

ဗကသ ဟာ ကျောင်းသားအဖွဲ့အစည်းမဟုတ် ဗကပလက်ဝေခံတွေဆိုသူများသို့

ဒီစွပ်စွဲသံက အစိုးရက စထွက်လာပြီး တချို့ ဆရာတွေ၊ ဆရာမတွေကပါ အဟုတ်တွေထင်ပြီး ဗကသကို ကွယ်ရာမှာ တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ အပုပ်ချနေတဲ့ အသံပါပဲ။ ကျနော်တို့အနေနဲ့ ဒါကို ဟာသလို့ မှတ်ပြီး မရှင်းခဲ့တာပါ။ အခုချိန်မှာတော့ ထောင်ထဲကရဲဘော်တွေနဲ့ပြည်သူတွေကို ကာကွယ်ဖို့ မရယ်ရတဲ့ဟာသတွေကို ရှင်းပါပြီ။ ပထမဆုံးအနေနဲ့ ယုတ္တိကျအောင် ဗကသဟာ ဗကပလက်ဝေခံပါလို့ စွပ်စွဲမယ့်အစား အခိုင်အမာ သက်သေပြဖို့ အစိုးရကိုကော တခြားအပုပ်ချသူတွေကိုပါ စိန်ခေါ်တယ်။ ပြီးတော့ ဗကသရဲ့ ဦးဆောင်သူတွေ ဖြစ်တဲ့ ဗဟိုလုပ်ငန်းကော်မတီဝင်တွေဟာ အစိုးရရဲ့ ကျောင်းတက်ခွင့် ပိတ်ပင်ခံရသူတွေနဲ့ ကျောင်းတက်ဆဲ ကာလမှာ ထောင်ချခံရပြီးတော့ ထောင်ကထွက်မှ ကျောင်းပြန်တက်ရသူတွေဖြစ်တယ်။ ဗကသအနေနဲ့ ညီလာခံ တစ်ခု ခေါ်ယူမရခင်အထိသာ သူတို့က ဝင်ရောက်လုပ်ကိုင်ပေးရသူတွေဖြစ်ပြီးတော့ သူတို့ဟာ ဗဟိုလုပ်ငန်းကော်မတီသာ ဖြစ်တယ် ဗဟိုအလုပ်အမှုဆောင်ကော်မတီမဟုတ်ဘူးဆိုတာကို ပြည်သူကို ရှင်းရှင်းလင်းလင်း တင်ပြလိုပါတယ်။ ပြည်သူနဲ့ ဗကသကြား နားလှည့်ပါးရိုက်နဲ့ အပုပ်ချနေသူတွေကိုလည်း ဗကသဟာ ဗကပ လက်ဝေခံဆိုရင် ခင်ဗျားတို့ရဲ့ သက်သေခံအထောက်အထားတွေကို တင်ပြပါလို့ ထပ်မံစိန်ခေါ်လိုပါတယ်။ အင်တာနေရှင်နယ်သီချင်းကိစ္စနဲ့ ဗကသကို ပုံဖျက်လွန်းလို့ ဗကသကျောင်းသားတွေအနေနဲ့ စစ်ကြောင်း တလျှောက်လုံး အင်တာနေရှင်နယ်သီချင်းကို မဆိုခဲ့ဘူး။ ပြီးတော့ အင်တာနေရှင်နယ်အကြောင်းကိုပါ ဒီနေရာမှာ တဆက်တည်းပြောလိုတယ်။ အင်တာနေရှင်နယ်သီချင်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပါတီသီချင်း မဟုတ်ဘူး။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပါတီသီချင်းဟာ သက်သက်ရှိတယ်။ အင်တာနေရှင်နယ်သီချင်းကို တီအန်မန်ရင်ပြင် ကျောင်းသားလှုပ်ရှားမှုမှာလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ သတ်ဖြတ်ချေမှုန်းတာကို ခံခဲ့ရတဲ့ တရုတ်ကျောင်းသားတွေဆိုခဲ့သလို ကမ္ဘာပေါ်က ကျောင်းသားလှုပ်ရှားမှုတော်တော်များများမှာလည်း အင်တာနေရှင်နယ်သီချင်းဆိုကြတယ်။အင်တာနေရှင်နယ်သီချင်းရဲ့ အဓိပ္ပါယ်ကတော့ ဖိနှိပ်ခံမှန်သမျှ ရုန်းထဖို့အတွက် သီချင်းပါပဲ။ ဒီနေ့ခေတ်မှာ အင်္ဂလိပ်စာနည်းနည်းပါးပါးတတ်ရုံ၊ အင်တာနက် သုံးတတ်ရုံလောက်နဲ့ သိရမယ့် ကိစ္စတွေမှာ အပျင်းကြီး၊ အဖျင်းလွန်ပြီးတော့ ဘာကိုမှမလေ့လာပဲနဲ့ ထုံထိုင်းနေတဲ့ ငနုံငအတွေက အင်တာနေရှင်နယ်သီချင်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သီချင်းပါဆိုပြီး အစိုးရထိုးပေးတဲ့ ဘိန်းမှိန်းမှိန်းပြီး ဗကသကို ပုံဖျက်နေတာဟာ တော်တော်ရယ်စရာကောင်းတဲ့ ကိစ္စပါ။

လက်ဝဲတွေမို့လို့ ဒီအစိုးရက ခြေမှုန်း တာဆိုပြီး အပုပ်ချတဲ့ ကိစ္စ

ဒီအသံကတော့ စိတ်ပျက်စရာအကောင်းဆုံး အသံပါပဲ။ အကြမ်းဖက်မှုကို ကာကွယ်တဲ့၊ ဓမ္မကို ကျောခိုင်းတဲ့၊ အသိဥာဏ်မဲ့တဲ့ ကိစ္စပါ။ ဆိုပါစို့ ကျောင်းသားတွေက လက်ဝဲမို့လို့ ဒီအစိုးရက ချေမှုန်းတယ်ဆိုရင် ကျောင်းသားတွေက လက်ယာဖြစ်နေရင်ကော မချေမှုန်းဖူးတဲ့လား။ ပြောတဲ့သူတွေအနေနဲ့ သာမာန် စဉ်းစားတတ်တဲ့ ဦးဏှောက်ရှိရင်တောင် ဒီလို ပေါက်လွှတ်ပဲစားစကားကို ပြောမှာမဟုတ်ဘူးလို့ ကျနော် ယုံချင်ပါတယ်။ အင်တာနေရှင်နယ်သီချင်းမဆိုပဲ မေတ္တာသုတ်ရွတ်တဲ့ သံဃာတော်တွေကို လက်ပံတောင်းမှာ မီးလောင်ဗုံးနဲ့ ပစ်ခဲ့တဲ့ အစိုးရကို ရှေ့နေလိုက်ဖို့အတွက် ကိုယ့်ထမင်းကိုယ်စား လူစကားမဆိုတဲ့သူတွေကို သမိုင်းမှာ မှတ်တမ်းတင်ပေးပါလို့ ကျနော် ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။

ဗကသဟာ ကျောင်းသားထုညီညွတ်ရေးကို အလိုမရှိဘူးဆိုတဲ့ အသံ

ဗကသအနေနဲ့သာ ကျောင်းသားထုညီညွတ်ရေးကို အလိုမရှိခဲ့ဘူးဆိုရင် ပထမလေးရက်သပိတ်မှာတင် ကျောင်းသားထုဟာ နှစ်ခြမ်းကွဲသွားလိမ့်မယ်။ ဗကသဦးဆောင်သူတွေအနေနဲ့ လေးရက်သပိတ်တုန်းက ကြွေးကြော်သံကိစ္စတွေ၊ ပိုစတာတွေကိစ္စတွေကအစ ဗကသရဲဘော်အငယ်တွေနဲ့ တခြားကျောင်းသား အဖွဲ့အစည်းတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့တာကို ကိုယ့်ရဲဘော်တွေဘက်တောင် သိပ်မလိုက်ပဲ တစ်ဘက်က ညီညွတ်ရေးပျက်မှာကို ထိန်းသိမ်းပေးခဲ့တာ ကျနော့် မျက်မြင်ပါပဲ။ မန္တလေးကနေ မြစ်သားအထိ ဗကသရဲဘော်တွေရဲ့ စိတ်ဆန္ဒကို ချိုးနှိမ်ခိုင်းပြီး သီချင်းတွေကအစ တစ်ဘက်က လူနည်းစုအလိုကျ ဖွင့်ခဲ့တာလည်း အဲဒီသူတွေ သက်သေရှိတယ်။ သူတို့ကိုယ်တိုင်သိတယ်။ နောက်ဆုံး ဗကသအနေနဲ့ မြေလတ်ရောက်ရင် မီးဒုတ်မီးဒုတ်ရှို့ ရှို့ ဆိုတဲ့ ကြွေးကြော်သံကို မဖြုတ်နိုင်ဘူး ပြီးတော့ ခရီးစဉ်တလျှောက် ကိုယ်နဲ့အတူ သေဖို့အထိပြင်ဆင်ထားတဲ့ သေဖေါ်ရှင်ဖက်ရဲဘော်တွေရဲ့  ထောင်မကြောက်သီချင်း A las barricade ကို မဆိုဖို့ မတားနိုင်တော့လို့သာ သူတို့နဲ့ လမ်းခွဲခဲ့တာ။ မန္တလေးက စထွက်လာထဲက ဗကသ ရဲဘော်အများစု တကသက ဆယ်ဂဏန်းသာပါတယ်။ ကိုယ့်လူအများစုဆိုပြီး ငါတို့လုပ်ချင်တာသာ လုပ်မယ်ဆိုရင် မန္တလေးကနေ မြစ်သားအထိကို တကသ ကျောင်းသားတွေ ပါလာမှာမဟုတ်ဘူး။ ညီညွတ်ရေးကို ဗကသခေါင်းဆောင်ပိုင်းက ထိန်းနိုင်သလောက်ထိန်းခဲ့တာ သိသာတယ်။ ကိုယ့်သေဖေါ်ရှင်ဖက်ရဲဘော်တွေရဲ့ ညိုညင်ခံရတဲ့ အထိ ထိန်းတယ်။ ဒါဟာ ဗကသသမိုင်းပဲလို့ ကျနော်နားလည်တယ်။ ဗကသအနေနဲ့ ကွဲပါတယ်ဆိုပြီးလည်း လူသိရှင်ကြားမကြေညာဖူးဘူး။ စစ်ကြောင်းကြီးသုံးကြောင်းပူးတွဲကြေညာချက်ဆိုတဲ့ ဟာမျိုးထုတ်ပြီး ငါတို့သာ ဒီမိုကရေစီပညာရေးအလံကို ကိုင်စွဲတယ်ဆိုပြီးလည်း မဏ္ဍပ်တိုင်မတက်ပြခဲ့ဘူး။ ငါတို့တော့ လွတ်ပါစေ သူတို့ကို ရိုက်ဆိုပြီး အဓိပ္ပါယ်ရတဲ့ စကားမျိုးအသံမျိုးကို ဗကသရဲဘော်တွေ မပြောခဲ့ဖူးဘူး။ ဒါကို သတင်းစာတွေသက်သေရှိတယ်။ Facebook စာမျက်နှာတွေ သက်သေရှိတယ်။ သန့်စင်တဲ့လိပ်ပြာနဲ့ ထောင်ထဲမှာ နစ်နာနေရတဲ့ဘဝတွေ သက်သေရှိတယ်။ အကျဉ်းချုပ်ပြောရရင် ဗကသခေါင်းဆောင်ပိုင်းအများစုဟာ ဒီနေ့မှာဆိုရင် မတရားဖမ်းဆီးခံထားရတယ်။ ကျန်တဲ့ ခေါင်းဆောင်ပိုင်းတွေကိုလည်း အတင်းအကျပ်လိုက်လံဖမ်းဆီးလို့ ပုန်းရှောင်ရင်း တိုက်ပွဲဝင်နေရတယ်။ ဖမ်းဆီးရာက လွှတ်ပေးလိုက်တဲ့သူတွေနောက်ကိုလည်း ထောက်လှမ်းရေးတွေ လိုက်နေတယ်။ ဒီလို အချိန်မျိုးမှာ ရန်ဖြစ်နေဖို့ထက် ကျနော်တို့ရဲဘော်တွေ လွတ်မြောက်ရေးအတွက်သာ ကျနော်တို့ တိုက်ပွဲဝင်လိုတယ်။ ဒါပေမယ့် ကျနော်တို့တွေ မတရားရိုက်နှက်ခံခဲ့ရတာ၊ ဖမ်းဆီးထောင်ချခံခဲ့ရတာတောင်မှ ကျနော်တို့မှားခဲ့လိုပါဆိုတဲ့ အချိုးမျိုးအော်ပြီး အစိုးရရဲ့မတရားမှုတွေကို အခမဲ့ကူလီထမ်းပေးနေတဲ့ ဗကသ နောက်ကြောဓါးနဲ့ထိုးသူတွေကြောင့်သာ ဗကသအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဒီစာကို ရေးလိုက်ရတာဖြစ်တယ်။ ဗကသဟာ ဒီနေ့အထိ ပြည်သူ့အကျိုးစီးပွားကနေ သွေဖယ်တဲ့လုပ်ဆောင်ချက်တစ်ခုကိုများ လုပ်မိပါသလား။ လုပ်မိတယ်ဆိုရင်ပြောပါ။ သေချာဝေဖန်ထောက်ပြပါ။ ကျနော်တို့ ဗကသအဖွဲ့ဝင်တွေအနေနဲ့ ပြင်ပါ့မယ်။ ဗကသက ပြည်သူ့အကျိုးကို ထမ်းရွက်နေတာကိုမှ ဗကသ ပြည်သူ့အကျိုးကို မထမ်းရွက်နိုင်အောင်၊ ပြည်သူ့အရေးမလုပ်နိုင်အောင် ဗကသကို ချောက်တွန်းမယ်၊ လက်သီးပုန်းထိုးနေတယ်ဆိုရင်တော့ ပြည်သူကိုပါ သစ္စာဖေါက်တာပါပဲဆိုတာ အားလုံးကိုသိစေချင်ပါတယ်။

မြတ်သူ
(Myat Thu's Facebook Status မှ ကူးယူဖော်ပြပါသည်။)

No comments: