Tuesday, March 17, 2015

လက်ပံတန်းကိစ္စနှင့် ပတ်သက်၍ ...

မင်းလွင် (ဆေး-၂)

မတရားမှုဘက်ကနေ ၀ါဒဖြန့်နေသူတွေက လူငယ်တွေကို မေးခွန်းတွေ မေးပြီး နှိပ်စက်လေ့ရှိပါတယ်။ အွန်လိုင်းမှာ လူငယ်တစ်ယောက်က ဒါကို တင်ပြီး ဖြေနိုင်ရင် ဖြေပေးဖို့ တောင်းခံထားပါတယ်။ ကျနော် ဖြေသွားပါ့မယ်။ wrong thought တွေကို တိုက်ဖို့ပါ။ မေးခွန်းတွေ လာမေးသူကတော့ သူတို့ရဲ့ ၀ါဒဖြန့်ချိရေးယန္တရားက အညံ့စားလူတစ်ယောက်ဆိုတာ သိသာပါတယ်။ မေးခွန်းတွေကလည်း ခပ်ညံ့ညံ့တွေပါပဲ။

မေးခွန်းတွေကို အစဉ်လိုက်အတိုင်း မဟုတ်ဘဲ ကြုံသလို ဖြေသွားပါ့မယ်။ ဒ်ါပေမဲ့ မေးခွန်းတွေက ဖြေနိုင်တာထက် အဆမတန် များလွန်းတော့ မှားကြည့်ဖို့ လိုအပ်သလို ဖြစ်မနေဘူးလား ဆိုတဲ့ ကိုအောင်ချိမ့်ရဲ့ ကဗျာတစ်စကိုတောင် သတိရတယ်။

နိဒါန်းက စဖြေရမယ် ထင်ပါတယ်။ နိဒါန်းက မေးခွန်း မဟုတ်ပေမယ့် တကယ်တော့ အရေးအကြီးဆုံး မေးခွန်းပါ၊ မင်းတို့ ဘက်ကပဲ မှန်တယ်လို့ ဘာလို့ ထင်နေရသလဲ ဟုတ်လား။

ဒီကိစ္စက ဓမ္မနဲ့ အဓမ္မကိစ္စပါ။

ဥပမာဆိုပါတော့ ခင်ဗျားက ကျောင်းသားတွေဘက်က သူက ရဲတွေဘက်က ဆိုရင် ဒါက ဘက်ပြဿနာ။ ကျနော်က ဆရာဝန်ဆိုတော့ ဆရာဝန်တွေကို သိမ်းကျုံးပြီး မကောင်းပြောလာရင် ကာကွယ်ရမှာပဲ။ ဒါပေမဲ့ ဆရာဝန်တစ်ယောက် မဟုတ်တာ မတရားတာလုပ်တာကိုတော့ ဆန့်ကျင်ရမှာပဲ။ ရဲက ရဲအလုပ်၊ စစ်သားက စစ်သားအလုပ်ကို လုပ်ရင် ဘက်ပြဿနာ မရှိဘူး။ ထောက်ခံရမှာပဲ။

နောက်တစ်ခုက နိုင်ငံရေးခံယူချက်ပြဿနာ။ ခင်ဗျားက သပိတ်မှောက်တာ မှန်တယ် ထင်တယ်။ သူက မှန်တယ် မထင်ဘူး။ တောင်းဆိုချက်တွေမှာလည်း မှန်တယ်ထင်တဲ့ အချက်နဲ့ မမှန်ဘူးဆိုတဲ့အချက် လွဲမယ်။ ဒီနေရာမှာ ကိုယ်ကျိုးစီးပွားနဲ့ ဆုံးဖြတ်တာ မဟုတ်ဘူးဆိုရင် ဒါဟာ နိုင်ငံရေးခံယူချက် ပြဿနာပဲ။

ဒါပေမဲ့ ဥပမာပဲဆိုပါတော့ ကျောင်းသားတစ်ယောက် အဲ လူတစ်ယောက်ပဲ ထားလိုက်ပါတော့၊ တော်ကြာ ကျောင်းသားမဟုတ်ဘူး ငြင်းနေမှာစိုးလို့။ လူတစ်ယောက်ကို ဖမ်းလာတယ်။ ဘာလက်နက်မှ မပါဘူး။ လုံချည် ကျွတ်နေတာ ကိုင်ထားရလို့ လက်တောင် မအားဘူး ။ ရဲ ၁၀ ယောက်လောက် ၀ိုင်းရိုက်တယ်။ ၁၀ ယောက်တောင် မကဘူးထင်တယ်။ ရှေ့ကနေ ခုန်ဝင်လာပြီး ရဲတစ်ယောက်က အားရပါးရ ထပ်ပြီး ဆော်ထည့်လိုက်သေးတယ်။ ဒါကို ဥပဒေနဲ့အညီလို့ ပြောတိုင်း ကျနော်က ထောက်ခံရမှာလား။

ဒါဟာ ဘက်ပြဿနာ မဟုတ်သလို နိုင်ငံရေးခံယူချက်နဲ့လည်း ဘာမှ မဆိုင်ဘူး။ မတရားမှုဆိုတာ ဘယ်ဘက်က ကြည့်ကြည့် မတရားမှုပဲ။ ဘယ်လို နိုင်ငံရေးခံယူချက်နဲ့ မဆို မတရားလုပ်တာပဲ။ ဘယ်သူပဲဖြစ်ဖြစ် ကျူးလွန်သူတွေ တာဝန်ရှိသူတွေကို ဆန့်ကျင်ရမှာပဲ။ သူ့ဟာသူ ဆရာဝန် ဖြစ်ဖြစ်၊ ဘာ ဖြစ်ဖြစ်။ ကျနော်က ခင်ဗျားတို့ထက်တောင် နိုင်ငံရေး ကင်းရှင်းသေးတယ်။ ဘယ်ပါတီဝင်မှ မဟုတ်သလို ဘယ်နိုင်ငံရေးသမားကိုမှလည်း အယုံအကြည် မရှိဘူး။ ဘာနိုင်ငံရေးအယူဝါဒအကြောင်းမှလည်း မပြောဘူး ။ ဒါပေမဲ့ ကျနော်က လူတစ်ယောက်ဆိုတော့ လူတွေရဲ့ အခွင့်အရေးကိုတော့ ကာကွယ်ရမှာပဲ။ မတရားမှုကို ဆန့်ကျင်ရမှာပဲ။ မတရားမှုကို ကာကွယ်နေကြသူများ ကိုယ့်လိပ်ပြာ ကိုယ်ရှက်ကြပါ။

ဇာတ်ကို မနာနာအောင် လုပ်တာ ဘယ်သူလဲဆိုတဲ့ မေးခွန်းကတော့ လူမဆန်လွန်းတဲ့ မေးခွန်းမို့ ဖြေစရာတောင် မလိုဘူး ထင်ပါတယ်။ မေးသူကို ဖြစ်စဉ်တစ်ရပ်လုံးကို သေသေချာချာ သုံးသပ်ကြည့်ဖို့ ပြောပြီး ဒီလိုပဲ ပြန်မေးလိုက်ပါ၊ ခင်ဗျားသာဆို သေလုမြောပါး အရိုက်ခံ အဖမ်းခံ အမျိုးမျိုး နှိပ်စက်ခံပြီး ဇာတ်နာအောင် လုပ်မလားလို့။

အကြမ်းဖက်အောင် ဘယ်သူက လုပ်သလဲဆိုတာ သိဖို့ ဖြစ်စဉ်တွေကို ပြန်လေ့လာကြည့်ပါလို့ ပြောရမှာပဲ။ ဘယ်လိုမှ ယုံကြည်လို့ ရတဲ့ပုံစံ မပြဘဲ ဘယ်လိုအာမခံချက်မှ မပေးဘဲ လက်ခံသလိုလိုနဲ့ ကြားထဲမှာ မလိမ့်တပတ် လုပ်တာ၊ လက်ရှိအစိုးရရဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးကို ဖြုတ်ချဖို့ ကွန်မြူနစ်တွေရဲ့ ကြိုးပမ်းမှုဆိုပြီး ကျောင်းသားသပိတ်ကို အပုပ်ချတဲ့ လျှို့ဝှက်အစီရင်ခံစာတွေကို ပညာရေးဝန်ကြီးဋ္ဌာနက တက္ကသိုလ် အကြီးတန်းအုပ်ချုပ်ရေးဝန်ထမ်းတွေကို ဖြန့်ဝေခဲ့တာ၊ အတင်းအဓမ္မ. အလိုမတူဘဲ ကျောင်းသားတွေကို ညာခေါ်ပြီး တန်ပြန်သပိတ်လုပ်ခိုင်းတာ စတဲ့ မသမာမှုတွေထားလိုက်ပါဦး၊ နောက်ဆုံး ရန်ကုန် မြို့တော်ခန်းမရှေ့က ဆန္ဒပြပွဲက ဘာတောင်းဆိုမှုမှ မပါဘူး။ လူအများကြီးလည်း မပါဘူး။ လက်ပံတန်းမှာ အကြမ်းဖက်ခံရမှာ ကြောက်လို့ ကာပြီးပြပေးရုံလောက်ပဲ။ ပထမနေ့ကလည်း ဒီအတိုင်းပဲ ငြိမ်းငြိမ်းချမ်းချမ်း လူစုခွဲခဲ့တာပဲ။ ဒုတိယနေ့မှာလည်း လူများများစားစား တိုးမလာသလို ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။ ဘာမှ ဆူဆူပူပူ ဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့ အကြမ်းမဖက်ဖို့ ဆန္ဒပြတဲ့သူတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တာ ဘယ်သူလဲ။ ဖြိုခွဲပုံကလည်း လူမိုက်တွေကို ခေါ်ပြီး မြို့တော်ခန်းမထဲမှာ ရိုက်ဖို့ ဖမ်းဖို့ သင်ပေးတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ကို ဆန္ဒပြပွဲကို သက်သေအဖြစ် ၀န်းရံကြီးကြပ်ပေးဖို့ ညာခေါ်ခဲ့တယ်။ လူမိုက်တွေကို ၀င်ရိုက်ခိုင်း ဖမ်းခိုင်းတယ်။ မိန်းကလေးတွေကို sexual harassment လုပ်တာတွေလည်း ရှိခဲ့တယ်။

လက်ပံတန်းက သပိတ်ကို ဖြိုခွင်းရာမှာ နောက်နေ့ ၁၀ တန်း စာမေးပွဲနဲ့ အချိန်ကိုက်ပြီး တမင်လုပ်ဆောင်ခဲ့တယ်။ စာမေးပွဲ ဖြေမယ့် မိဘတွေနဲ့ သွေးခွဲဖို့ပါ။ အဲ့ဒီမှာ ဘုမသိဘမသိ မိဘတွေက ငါသမီးလေး ငါ့သားလေး စာမေးပွဲဖြေမှာကို နှောင့်ယှက်တယ် ဘာညာ သွေးထိုးပေးတဲ့အတိုင်း ထအော်ကြရော။

အများစုကတော့ သူတို့ရဲ့ ၀ါဒဖြန့်ချိရေး ယန္တရားမှာ ပါဝင်သူတွေပါ။ ကျောင်းသားတွေရဲ့ အစီအစဉ်က ၁၀တန်း စာမေးပွဲကို ဘယ်လိုမှ အနှောင့်အယှက် ဖြစ်နိုင်စရာ မရှိဘူးဆိုတာ အသေအချာ လေ့လာခိုင်းလိုက်ပါ။

အဲ့ဒီနေ့က ပဲခူးတိုင်းနယ်လုံဝန်ကြီးက တာဆုံကို လမ်းလျှောက်ပြီးတဲ့နောက် ရန်ကုန်ကို ကားနဲ့ သွားဖို့ အစီအစဉ်ကို သဘောတူလိုက်လို့ အားလုံးဝမ်းသာနေတယ်။ ကျောင်းသားတွေ ထွက်မယ်ကျန်တော့မှ တစ်ခါ ခေါင်းဆောင်တွေကို ပြန်ခေါ်ပြီး ကျောင်းသားတွေ ဘယ်လိုမှ လက်မခံနိုင်တဲ့ ကန့်သတ်ချက်တွေ လုပ်တယ်။ ကျောင်းသားတွေက တိုးထွက်ဖို့လုပ်တော့ အခြေအနေ တင်းမာနေတယ်။ အဲ့ဒီမှာ ဒလံတစ်ယောက်က ရဲတွေ ဘက်ကို ရေသန့်ဘူးနဲ့ ပေါက်ပြီး ပျောက်သွားတယ်။ ဓာတ်ပုံမှတ်တမ်းတွေ ရှိပါတယ်။ နောက်တော့ အညှိုးတကြီး ရိုက်နှက်ဖမ်းဆီးတာတွေ၊ ဘယ်နိုင်ငံက ရဲတွေမှ မလုပ်တဲ့ ကားကိုတောင်ဝိုင်းရိုက်တာတွေ ဖြစ်လာတော့တာပဲ။ ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတွေကို ကြည့်ရင် ဒီ့ထက် ရှင်းရှင်းလင်းလင်း သိပါလိမ့်မယ်။ရေသန့်ဘူးနဲ့ ပေါက်လို့ ၀င်ရိုက်တာဆိုရင် အိုမန်နဲ့ ဘောလုံးပွဲတုန်းက ပွဲပျက်တဲ့အထိ သောင်းကျန်းခဲ့တဲ့သူတွေကို ရဲတပ်ဖွဲ့က ဘယ်လို ဆက်ဆံခဲ့သလဲ။

အကြမ်းဖက်အောင် လုပ်တာဆိုတာ သိပ်ရယ်ရပါတယ်။ မေးတဲ့သူကို ပြန်မေးကြည့်လေ၊ မင်းရော အကြမ်းဖက်တာခံချင်လားလို့။ အဲ့ဒီလို တမင် လုပ်ကြည့်မလားလို့။

စာမေးပွဲပြီးအောင် ဘာလို့ မစောင့်သလဲတဲ့။ ကျောင်းသားတွေရဲ့ လက်ပံတန်းမှာ နေနေရတဲ့ အနေအထားကို ပြန်ကြည့်လိုက်ပါ၊ နောက်ပြ်ီး သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ အချိန်ဆွဲ ဗျူဟာနဲ့ လက်သီးပုန်းထိုး အောက်လမ်းနည်းနဲ့ လုပ်နေတာတွေကို ပြန်လေ့လာခိုင်းလိုက်ပါ။ ဘယ်လိုမျိုး ယုံကြည်ရအောင် လုပ်ပြခဲ့ပါသလဲ။ ပြန်မေးလိုက်ပါ၊ လက်ပံတန်းမှာ ကျောင်းသားတွေ နေနေရတဲ့ အနေအထားမျိုးနဲ့ ခင်ဗျား ဘယ်နှရက်နေနိုင်မလဲ မေးလိုက်ပါ။ ကျောင်းသားတွေမှာက စိတ်ဓာတ်တစ်ခုပဲ ရှိတယ်။ ဒီလောက်ခရီးကိုလဲ လျှောက်ခဲ့ရပြီးပြီ။ ခင်ဗျားတို့လို စနစ်တကျ လေ့ကျင့်ထားတဲ့ ပရော်ဖက်ရှင်နယ်တွေလည်း မဟုတ်ဘူးဆိုတာ ပြောပြလိုက်ပါ။

လေ့ကျင့်ထားတဲ့သူတွေ ဒီအလုပ်အတွက် လေ့ကျင့်ထားတဲ့သူတွေတောင် သူတို့ကို သခင်က ထမင်းသုံးရက် မကျွေးဘူးဆိုပြီး ထောင်ထဲရောက်တာတောင် ကျောင်းသားတွေကို မည်းရိုက်သေးတယ်။ ရဲတွေကို အငတ်ခံခိုင်းထား ဒုက္ခခံခိုင်းထားတာက တဖြည်းဖြည်းနဲ့ ကျောင်းသားတွေအပေါ် ဒေါသထွက်လာအောင် လုပ်ထားတာပါ။

ဆွေးနွေးတာတွေကိုတော့ သတင်းမှတ်တမ်းတွေ ပြန်ဖတ်ခိုင်းလိုက်ပါ။ ဘာမှမဖတ်ဘဲ အရမ်းလျှောက် မဟောင်နဲ့လို့ပဲ ပြောလိုက်ပါ။ ပညာရေးဝန်ကြီး ဒေါ်ခင်စန်းရီက ဆွေးနွေးတာမျိုးမဟုတ်ဘဲ သူ ပြောချင်တာ ပြောပြီး မထေမဲ့မြင်နဲ့ ထပြန်သွားတာတွေ၊ သတင်းထောက်တွေ လိုက်မေးတာတောင် ဘာမှမဖြေဘဲ ရုပ်ပျက်ဆင်းပျက် ထွက်ပြေးတာတွေ၊ ဦးအောင်မင်း coffee break ခဏခဏ ယူပြီး အထက်ကို သတင်းပို့ရတာတွေကိုပါ ပြောပြလိုက်ပါ။ နောက်ဆုံးမှာ ကျောင်းသားတွေ ဆွေးနွေးပွဲကနေ နုတ်ထွက်လိုက်ရတာက လက်ပံတန်းမှာ ပင်မသပိတ်အဖွဲ့ ပိတ်ဆို့ ခံထားရတာကို တုံ့ပြန်တဲ့အနေနဲ့ပါ။

ဒီထက်ပိုပြီးတော့ ရှင်းပြစရာမလိုတော့ပါဘူး။ ဒီမေးခွန်းတွေ မေးတာက သူတို့ရဲ့ ၀ါဒဖြန့်ချိရေး ယန္တရားမှာ ပါဝင်သူတစ်ယောက်ဆိုတာ ထင်ရှားပါတယ်။ လက်ညောင်းခံပြီး ရှင်းပြရတာကတော့ ဘာမှမပြောနိုင်ဘူး မဟုတ်လားဆိုပြီး မတရားတဲ့ ဘက်ကပဲ မှန်နေသယောင် အနိုင်ယူပြီး မသိနားမလည်သူတွေကို လှည့်စားမှာ စိုးလို့ပါ။ ဒါပါပဲ။

မင်းလွင် (ဆေး-၂)
(Min Lwin's Facebook Status မှ ကူးယူဖော်ပြပါသည်။)

No comments: