Sunday, March 22, 2015

နတ်နေကိုင်းကို တိုင်တည်ခြင်း

ငြိမ်းချမ်းအေး
(Friday Times / မိုးမခ) မတ်လ ၂၂၊ ၂၀၁၅

ဒီဆောင်းပါးကို တကယ်တော့ မတ်လ (၉) ရက်နေ့ကတည်းက စရေးခဲ့တာပါ။ ကျောင်းသားတွေ အကြမ်းဖက် မခံရဖို့ အရေး သြဇာရှိသူတွေ အကာအကွယ်ပေးဖို့ရာ အရင်လည်း မိုးမခမှာ အများအပြား တောင်းဆိုဖူးခဲ့ပါတယ်။ ကိုယ့်အသံက ဘာအရာမှမရောက်ဘူးဆိုတာ နားလည်ပေမဲ့ ကျင့်ဝတ်အသိအရ မနေနိုင်လို့ ထပ်မံမေတ္တာရပ်ခံဖို့ ရေးနေစဉ်၊ စာနယ်ဇင်း တခုခုမှာ ထုတ်ဖို့ ပြင်ဆင်နေဆဲမှာပါပဲ။ မတ်လ (၁၀) ရက် လက်ပံတန်း အကြမ်းဖက်မှုကြီး ဖြစ်ခဲ့တယ်။ အခုထိ ကျောင်းသား လူငယ်တွေ ထောင်ထဲမှာပဲ ရှိနေသေးတယ်။ အသံစူးသူတွေရဲ့အသံကတော့ ဝမ်းနည်းဖွယ် တိတ်နေဆဲပါပဲ။

ဒီအတွက် တခုခုထောက်ပြ ဝေဖန်လိုက်တိုင်း မကျေမနပ်နဲ့ ပြန်လည်ချေပလိုသူတွေက ဟာသမြောက်ဖွယ်စကားတွေကို ဆိုတတ်ကြတယ်။ စစ်အုပ်စုက ဒီမိုကရေစီအင်အားစု သွေးကွဲအောင် လယ်သမား၊ အလုပ်သမား၊ ကျောင်းသား အရေးတွေ ကို ဖိနှိပ် အကြမ်းဖက် ဖြိုခွင်းတာပါ။ လှည့်ကွက်ထဲ မဝင်ကြပါနဲ့။ သွေးမခွဲချင်ပါနဲ့တဲ့။ ဗမာ့နိုင်ငံရေးကို အတော့်ကို ပိုင်နိုင် ကျွမ်းကျင်နေကြတာပါပဲ။

စစ်အာဏာရှင်များ အာဏာထိုင်ခုံကို ကာကွယ်ဖို့၊ အကျိုးစီးပွားကို ခိုင်မာတည်ဆောက်ဖို့ အတွက် လူထုကို ဖိနှိပ် လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်း၊ ဘုရားဖြို၊ ကျောင်းဖျက်၊ အလုပ်သမားကို ကျည်ဆန်ကျွေး၊ ကျောင်းသားကို သေအောင်သတ်၊ မသေတဲ့ သူကို ထောင်ထဲထည့်ခဲ့တာ အခုမှမဟုတ်ပါ။ နှစ်ငါးဆယ်ကျော်ခဲ့ပါပြီ။

စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် စစ်တပ်နည်း စစ်တပ်ဟန် ဒီမိုကရေစီကို ထောက်ခံ ဝန်းရံ အားကိုးနေသူများ၊ စောင့်စား မျှော်ကိုးနေသူများကို ထောင်ထဲ ခဏ ပို့ထားချင်တယ်။ သေနတ်ဒဏ်ရာ ခံကြည့်စေချင်တယ်။ နံပါတ်တုတ်ဆိုတာ ဘာလဲ မြည်းကြည့်စေချင်တယ်၊ မြေမဲ့၊ ယာမဲ့၊ အိမ်မဲ့ဘဝမှာ တရက်တာလောက်သွား နေကြည့်စေချတယ်။ တောထဲမှာ တည လောက် စစ်ပုန်းရှောင်ရင်း အိပ်ကြည့်စေချင်တယ်။ ဒီလိုဆိုရင် စာနာစိတ်နဲ့ အမြင်သဘောတွေများ ပြောင်းလာလေ မလား ပဲ။ သိပ်တော့လည်း မထင်ပါ။ ဗမာပြည်ဆိုတဲ့ ထောင်အကြီးစားကြီးထဲမှာ အဖိခံနေရတဲ့ တုံးအောက်က ဖားချင်းအတူတူ နည်းနည်း ဖောင်းနေနိုင်တာနဲ့ပဲ အလိုတော်ရိနေချင်ကြတာ စိတ်ပျက်စရာပါ။

စစ်အုပ်စုနဲ့ အောက်ဆွဲတသိုက်အတွက်တော့ ဘာသတင်းစကားမှ မပေးလိုပါ။ ဒါပေမဲ့ ခါတော်မီ ဒီမိုကရေစီ ချစ်သူများကို တော့ ဆင်ခြင် အသိကပ်စေချင်ပါတယ်။ ပြောသင့် ပြောထိုက်လို့ ပြောခြင်းကို နားလည်နိုင်ကြပါ။ ဒီမိုကရေစီအရေးဟာ ယိမ်းကနေတာ မဟုတ်တဲ့ အတွက် ဒီလိုကိစ္စမျိုးမှာ ညီညွတ်စရာ မလိုပါ။ ညီညွတ်ရေးကို ပြိုကွဲအောင် လူထုရန်သူတွေကို ကျောသပ်ပေးရင်း ပြောသင့်တာတွေ၊ မပြောသင့်တာတွေပြော လူထုဒီမိုကရေစီအရေးကို မျက်ကွယ်ပြုနေတာ ဘယ်သူတွေ လဲဆိုတာ မြင်အောင် ကြည့်ကြပါ။

လျှောက်နေတဲ့ လမ်းတူရင်တော့ အသံတူမှာပါပဲ။ အသံမတူရင် ခရီးမတူ၊ ရပ်တည်ချက်မတူလို့သာ မှတ်ယူကြပါ။ ခေတ်အ ဆက်ဆက်ဖြစ်တည်မှုကို သမိုင်းက အဖြေပေးခဲ့ပါတယ်။ အခုမျက်မှောက်နိုင်ငံရေးအတွက်လည်း သမိုင်းကပဲ စကားပြောပါ လိမ့်မယ်။

ကျနော်ဒီလို သဘောတွေရေးခဲ့တာ (၂၀၁၁) ကတည်းကပါပဲ။ “ငါတို့မပြောလားကွ..” စိတ်မျိုး ဘယ်တုန်းကမှ မရှိခဲ့ပါ။ ကျနော်ပြောခဲ့တာတွေ မှားဖို့ အမြဲ ဆုတောင်းနေတတ်သူပါ။ ကျနော်ရှုံးပါစေ၊ အမှန်တရားနဲ့ တရားမျှတမှု အောင်ပွဲခံနိုင်ရင် ဝမ်းမြောက်သာဓုခေါ်ချင်သူပါ။

နတ်နေကိုင်းမို့ မချိုးဖဲ့ပါဘူး။ ဒါပေမဲ့ တိုင်တည်စကားတော့ ဆိုလိုက်ပါတယ်။ အောက်မှာရှုပါ ခင်ဗျား။ ပြန်လည်ဝေဖန် ထောက်ပြလိုသူများကိုလည်း ကြိုဆိုပါတယ်။

××××××××××××××××

‘ဘာဘာ ဘာမှ မသိဘူး’ မဖြစ်သင့်ပါ
တိုင်းပြည်မှာ ‘ဘူး’ ခံ ငြင်းတဲ့ဓလေ့ တွင်ကျယ်နေတာ ခေတ်အဆက်ဆက်ရှိ ကြာခဲ့ပါပြီ။ ဒါပေမဲ့ အခုလို ခေတ်ပြောင်း စနစ် ပြောင်းတဲ့အချိန်မို့ ဒီဓလေ့ကို ပြင်ကြမလားအောက်မေ့နေတာ ပိုတောင်ဆိုးလာတယ် ဆိုရတော့မလိုပါပဲ။ လူထုခေါင်းဆောင် အဖြစ် ပြည်တွင်း ပြည်ပ အသိအမှတ်ပြုခြင်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကတောင် ‘မသိဘူး’ သဘောတွေ ဆိုချင်လာခဲ့ပါပြီ။

ဥပမာ – ပြီးခဲ့တဲ့ မတ်လ (၅) ရက် ရန်ကုန်အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်ပါ လက်ပတ်နီ အရပ်သားတွေအတွက် ဒေါ်အောင်ဆန်း စုကြည်ကို မေးရာမှာ ‘ဒါတွေ မသိဘူး၊ ဒီအရပ်သားတွေရဲ့ဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ဖို့ဆိုတာ စာနယ်ဇင်းရဲ့တာဝန်’ လို့ ပြန် ဆိုကြောင်း မတ်လ (၆) ရက်နေ့ မဇ္ဈိမသတင်းမှာ ဖတ်ခဲ့ရပါတယ်။

သတင်းသမားကိုယ်တိုင် ပစ်မှတ်ထား အဖမ်းခံ၊ အသတ်ခံဖြစ်နေရလို့ သတင်းမယူခင် ကျည်ဆန်ပြီးဆေး၊ နံပါတ်တုတ်ပြီး ဆေးတွေထိုး၊ သရဏဂုံတင်ရမလောက်ဖြစ်နေတဲ့ ခွေးတူ ဝက်တူ ဒီမိုကရေစီခေတ်ကြီးကိုများ မသိလေရော့သလား။ ဒေါ် အောင်ဆန်းစုကြည်စကား တကယ်နားထောင်ပြီး ဇာစ်မြစ်လိုက်ခဲ့တဲ့ သတင်းသမားတဦး တကယ်ပဲ လူမိုက်တွေရဲ့ အရိုက်ခံ ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တယောက် ကြပ်ပြေးနေပြည်တော် ဆင်စွယ်နန်းတော်က အအေးခန်း စင်မြင့်နိုင်ငံရေး ထက်မှာ တိုင်းပြည်ရဲ့အပူသရုပ် အို၊ နာ၊ သေ လက္ခဏာရေးသုံးပါးကို မမြင်ယောင်၊ မကြားယောင်ပြုနေချင်ပြီလား။ အနား က အခစားတွေက သတင်းတွေများ မတင်ပြကြဘူးလား။ အစီရင်ခံစာတွေများ မဖတ်ရဘူးလားခင်ဗျား။

ခေါင်းဆောင်က ခေါင်းဆောင် ရပါမယ်၊ ခေါင်းဆောင်စကား ဆိုရပါမယ်
ဒီမိုကရေစီအရေးအတွက် ပုဂ္ဂလိကဘဝမငဲ့ဘဲ အနစ်နာခံကာ နှစ်ပေါင်း (၂၀) ကျော် ဆောင်ရွက်ခဲ့မှုကြောင့် ဒေါ်အောင်ဆန်း စုကြည်ကို လူထုကခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒါဟာ အစိုးရ အသိအမှတ်ပြု တရားဝင် ရာထူး၊ ရာခံတွေ ထက် တန်ဖိုးရှိပါတယ်။ ပြည်သူ့နှလုံးသားထဲက ချစ်ခြင်းမေတ္တာနဲ့ လေးစားကြည်ညိုအားထားမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ နေရာ ပါ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တန်ဖိုးထားသင့်ပါတယ်။

လူထုခေါင်းဆောင်အနေနဲ့ ကျင့်ဝတ်တာဝန်အရ ဒီလို ဘယ်သူကိုမှ အနှောင့်အယှက်မပြုတဲ့ ငြိမ်းချမ်းစွာ အကြမ်းမဖက် ဆန္ဒထုတ်ဖော်မှုတွေကို ထောက်ခံ၊ အကာအကွယ်ပေးခဲ့သင့်ပါတယ်။ လက်ရှိ လွှတ်တော် နိုင်ငံရေးနဲ့ လာမယ့် ရွေး ကောက်ပွဲ အနေအထား မလှုပ်သာ မလှည့်သာ နိုင်ငံရေးအကြပ်အတည်းကြောင့် နိုင်ငံရေးအရ ထောက်ခံမှု မပြုနိုင်ရင်တောင် အကြမ်းဖက်ဖြေရှင်းမှုက အဖြေမှန် မဟုတ်ကြောင်း လောက်တော့ ခိုင်ခိုင်မာမာရပ်တည် အခုထက်ပို အသံထွက်ပြောဖို့ လိုနေပါတယ်။

ရင်ကြားစေ့ရေးဆိုတာ နှစ်ဖက် လုပ်ရာမှာပါ
ပြည်မြို့ ဗိုလ်ချုပ်ရာပြည့်ပွဲ တင်ဆက်ပုံကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ပါတယ်။ အမျိုးသားရင်ကြားစေ့ရေး ကာလ မို့ အတိတ်က အနာတွေမဆွဖို့ သဘော ပြောခဲ့ပါတယ်။ လက်ခံပါတယ်။ ဒါပေမဲ့ ပြောရင် နှစ်ဖက်စလုံးကို ပြောမှ အလုပ်ဖြစ် သလို မျှတရာလည်း ရောက်ပါမယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကာလမို့ ရဟန်း သံဃာ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ လူထုနဲ့ အုပ်စိုးသူ အစိုးရ လက်ဆွဲတော် အသုံးချခံ စစ်တပ်၊ ရဲများအကြား အမုန်း၊ အာဃာတ၊ ရန်ငြိုး၊ သံသယတွေ ပျက်ပြယ် လျော့နည်း၊ ယုံကြည်ချစ်ကြည်မှုတွေ တည်ဆောက်ဖို့ မရှိမဖြစ် လိုနေပါတယ်။ ဒါကြောင့် ဒီမိုကရေစီ စနစ်ရဲ့ လူ့အခြေခံ အခွင့်အရေးအတိုင်း ငြိမ်းချမ်းစွာ ကိုယ်လိုရာ ဆန္ဒထုတ်ဖော်နေကြတဲ့ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားတွေကို အကြမ်းဖက် မဖြေရှင်းသင့်ကြောင်း၊ လူမိုက်တွေငှားပြီးတော့ ပိုလို့မရှင်းသင့်ကြောင်း ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ အစိုးရကို တိုက်တွန်းပြောကြားပြီး လွှတ်တော်မှာ မေးခွန်းထုတ်ဖို့စီစဉ်ရင် ခေါင်းဆောင်တာဝန် မကျေပေ ဖူးလား။ ရင်ကြားစေ့ရေးအတွက်ဆိုပြီး စစ်နံပါတ်တုတ်ဒဏ် အသာခေါင်းငုံခံနေရတော့မှာလား ခင်ဗျား။

နိုင်ငံရေးခေါင်းဆောင်ဟာလည်း စံ ရှိရပါတယ်
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်တဦးအနေနဲ့ လူတွေရဲ့ အတွင်းအဇ္ဈတ္တသန္တာန်ကို လွှမ်းမိုး သြဇာညောင်း နိုင်စွမ်းတဲ့ တည်ရှိပြီး ‘Moral Authority’ ကို တတ်နိုင်သမျှတော့ စောင့်ထိန်းသင့်ပါတယ်။ (၂၀၁၂) ဧပြီ ကြားဖြတ် ရွေးကောက်ပွဲဝင် လွှတ်တော်နိုင်ငံရေး စလျှောက်ကတည်းက စံနှုန်း၊ မူတွေ အလေးပေးရတဲ့ ‘Normative Approach’ ချဉ်းကပ်ပုံကနေ မူဝါဒ၊ အတွေးအခေါ်၊ စံသတ်မှတ်ချက်တွေထက် လက်တွေ့အလုပ်ဖြစ်ရေးကို ဦးစားပေး စဉ်းစားလုပ် ဆောင်ရပါတယ်ဆိုတဲ့ ‘Pragmatic Approach’ ကို ပြောင်းခဲ့ရပါတယ်။ အတိုင်းအတာတခုအထိ လက်ခံပါတယ်။ ‘လူထု ခေါင်းဆောင်’ အဖြစ်ကနေ ‘နိုင်ငံရေးခေါင်းဆောင်’ အဖြစ် ရောက်သွားပြီး ‘Moral Authority’ လည်း တပါတည်း လျော့ရ တယ်ဆိုတာလည်း နားလည်ပါတယ်။

ဒါပေမဲ့ အခြေခံ စံ မူဝါဒ တခုတော့ ခိုင်ခိုင်မာမာထားပြီး စည်းခြား ‘Draw the line’ လုပ်ဖို့ဆိုတာ နိုင်ငံရေးခေါင်းဆောင်မှာလည်း မရှိမဖြစ် လိုတာပဲ မဟုတ်လားခင်ဗျား။ အကြမ်းမဖက် လွတ်မြောက်ရေး တိုက်ပွဲတွေရဲ့ စံပြခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ (၁၈၆၉-၁၉၄၈) ရဲ့ လူမှုအပြစ် (၇) ပါး (နုပျိုသော အိန္ဒိယ၊ အောက်တိုဘာ ၂၂၊ ၁၉၂၅ တွင် အကျယ်ရှု) မှာ မူဝါဒ မတည်၊ မခိုင်မြဲ၊ မရှိတဲ့ နိုင်ငံရေးကို ထည့်သွင်းဆိုခဲ့တာ ဒေါ်အောင်ဆန်းစုကြည်လို အသိပညာ ဗဟုသုတ ပြည့်စုံသူအနေနဲ့ သိပြီး ဖြစ်တယ် ယုံကြည်ပါတယ်။ လွှတ်တော်နိုင်ငံရေး စလျှောက်ကတည်းက အသံထွက်ဖို့ ပျက်ကွက်ခဲ့တာတွေ၊ ထွက်သင့်သ လောက် မထွက်တာခဲ့တွေကို မူသဘော ပြန်လည်သုံးသပ်ချိန် တန်နေပါပြီ။

သြဇာရှိသူ ခေါင်းဆောင်ရဲ့ ကျင့်ဝတ် တာဝန်
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရှည်ကို ကြည့်တယ်၊ လာမယ့် ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံ ပြင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို ပစ်မှတ်ထားတယ်ဆိုတာ နားလည်လက်ခံပါတယ်။ ဒါပေမဲ့ ဒါတွေလုပ်နေလို့ မတရားမှုတွေ အ တွက် ဆိတ်ဆိတ်နေရမယ်ဆိုတဲ့သဘော မရှိအပ်ပါဘူး။ ဒါ့အပြင် အခြေခံကျတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကလည်း တိုင်း ပြည်မှာ ရေရှည်အကျိုးရှိမယ့်ကိစ္စပါပဲ။ အခု ကျောင်းသားလှုပ်ရှားမှု ဖြစ်စဉ်တလျှောက် နောက်ဆုံး အကြမ်းဖက်ခံပြီး အချိန် ထိ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်မှုကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန့်ကျင်တော်လှန်ခဲ့လို့ ကမ္ဘာ့ ငြိမ်းချမ်းရေးဆုရှင်အဖြစ် ကမ္ဘာကတောင် ကြည်ညိုလေးစားရသူတယောက် ပြောသင့်ပြောထိုက်တဲ့စကားမျိုးတွေ လုံးဝမပြောခဲ့ပါဘူး။

‘အရေးကြီးတာက နှစ်ဘက်စလုံး နိုင်ငံမနာဖို့ ကြည့်ရမယ်။ အဲဒါ အရေးအကြီးဆုံးပဲ’ ဆိုတဲ့ စကားမျိုးထက်၊ ‘တရားဥပဒေ စိုးမိုးရေးနဲ့ ကိုက်ညီသလားဆိုတာ မေးရမှာပေါ့။ ကိုက်ညီနေရတယ်ဆိုရင်တော့ ဘာမှပြောစရာမရှိဘူးပေါ့’ (မတ်-၆)’ ဆိုတဲ့ ထောက်ပြမှုမျိုးထက်၊ ‘အဖွဲ့ချုပ်အနေနဲ့ ကြေညာချက်ထုတ်မှာပါ။ အကြမ်းဖက်မှုကို အဖွဲ့ချုပ်က ဘယ်တုန်းကမှ ထောက်ခံခဲ့ တာမဟုတ်ဘူး။ ထူးထူးထွေထွေ ပြောစရာမရှိပါဘူး၊ တရားဥပဒေစိုးမိုးရေးဟာအားလုံးနဲ့ ဆိုင်ပါတယ် (မတ်-၁၁ လွှတ်တော် မတက်မီ စာနယ်ဇင်းသို့ ပြောစကား)’ မျိုးတွေထက် ပိုမိုတဲ့ သုံးသပ်မှု၊ ဦးဆောင်တိုက်တွန်းမှုမျိုးတွေပြုလုပ်ဖို့ လိုတယ် မယူ ဆဘူးလား။ တရားဥပဒေ စိုးမိုးရေးကို အလေးပေးပြောသလို တည်ဆဲဥပဒေတွေရဲ့ တရားမျှတမှုကိုကော ဆန်းစစ်ဝေဖန်ဖို့ မလိုပေဘူးလား ခင်ဗျား။ ဒါက ကျင့်ဝတ်တာဝန်၊ မူဝါဒရေးရာသဘောဘက်က ထောက်ချင့်ဖို့ပါ။

ပြည်သူ့ကိုယ်စားလှယ် အလုပ်တာဝန်
ရိုးရိုး အလုပ်သဘော တာဝန်ဘက်က ကြည့်ရင်လည် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူက ကိုယ်စားပြုဖို့၊ တာဝန်ခံဖို့ ဥပဒေပြု လွှတ်တော်ကို လွှတ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်ပါ။ တိုင်းပြည်မှာ တည်ရှိနေတဲ့ တရားမျှတမှု မဖော်ဆောင် အားနည်းတဲ့ ဥပဒေတွေအကြောင်း ဝေဖန်ထောက်ပြ ဆွေးနွေးရမှာဟာ လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ ပင်မ အလုပ်တာ ဝန်ပါ။ အခု ကျောင်းသားလှုပ်ရှားမှု ဖြစ်စဉ်အစ အမျိုးသား ပညာရေးဥပဒေ ဆိုတာက လွှတ်တော်က အတည်ပြုပေးခဲ့တာပါ။ လွှတ်တော်ဆိုတာမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါပါတယ်။ ဒီလို ကိုယ်တိုင် အလိုတူ ပြုလုပ်ပေးခဲ့တဲ့ကိစ္စ အခု ပြဿ နာတက်ခဲ့တာမို့ ပြန်လည် ဖြေရှင်းဖို့ ‘ကျင့်ဝတ်တာဝန်’ အပြင် ‘အလုပ်တာဝန်’ လည်း ရှိနေပါတယ်။

ဒါ့အပြင် အင်္ဂလိပ်ခေတ်ကတည်းက လူထုကို ကျွန်ပြု ဖိနှိပ်လို့ ကောင်းအောင်၊ ‘Divide and Rule’ မူဝါဒ အရ မြန်မာအချင်းချင်း လူထုအချင်းချင်း သွေးခွဲ၊ အိုးမည်သုတ် ရန်တိုက်ပေး အုပ်ချုပ်လို့ လွယ်အောင် စနစ်တကျ ကြံဆောင် ပြဋ္ဌာန်းထားတဲ့ ဆန္ဒပြပွဲတွေမှာ မြို့ပြလူထုကို အကူအညီတောင်း နိုင်တယ်ဆိုတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ (၁၂၇၊ ၁၂၈) ကိုလည်း ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ် တာဝန်အနေနဲ့ မေးခွန်းထုတ် မဆွေးနွေးသင့်ပေဖူးလား ခင်ဗျား။ အခု လွတ်လပ်တဲ့ အာရှအသံမှာ ပြောခဲ့တဲ့ မတ် (၁၀) လက်ပံတန်း အကြမ်းဖက်မှုဖြစ်စဉ်အတွက် ရဲတပ်ဖွဲ့က အင်အား အလွန်အကျွံသုံးတာ လုံးဝမဖြစ်သင့်ကြောင်း၊ စုံစမ်းစစ်ဆေးသင့်ကြောင်းနဲ့ မတ် (၅) ရန်ကုန် မြို့တော်ခန်းမရှေ့ အရပ်သား လူမိုက်များသုံး အကြမ်းဖက်မှုဖြစ်စဉ်အတွက် ဆိုခဲ့တဲ့ “ကိုလိုနီခေတ်အကြွင်းအကျန် ဥပဒေတွေကို ကြိုက်သလိုသုံးစွဲနေတာ မကောင်း ကြောင်း၊ လွှတ်တော်မှာ လုပ်ပိုင်ခွင့်မှ မရှိဘဲ” စကားတွေနဲ့က မလုံလောက်ပါဘူး။ လူတစုကိုယ်စားလှယ်မဟုတ်၊ ပြည်သူ့ ကိုယ်စားလှယ်အမှန်ဆိုရင် လွှတ်တော်မှာ တရားဝင်မေးခွန်းတွေထုတ်ဖို့၊ လုပ်ပိုင်ခွင့်အတွက် လွှတ်တော်ပြင်ပကနေ ချဲ့ယူ ဖို့ ကြိုးစားရပါမယ်။

တရားဥပဒေစိုးမိုးရေး ဥက္ကဌရဲ့ တာဝန်
နောက်တချက်က (၅) ရက်နေ့ ရန်ကုန်သပိတ် ဖြိုခွဲမှုဖြစ်စဉ်မှာ လက်ရဲဇက်ရဲ ရိုက်ရဲ နှက်ရဲတဲ့ အရပ်ဝတ်တွေကို အသုံးချ ခဲ့ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မှာတာဝန်ယူထားတဲ့ တရားဥပဒေစိုးမိုးရေကော်မတီရဲ့ အလုပ်တာဝန်နဲ့ လုံးဝသက်ဆိုင်နေပါတယ်။ လူထုကို ဖိနှိပ်ဖို့သက်သက် တည်တံ့နေတဲ့ ရှေးပဝေသဏီကဥပဒေကိုဖယ်ထားပြီး ဒီကိစ္စကို တရားမျှတမှုဘက်က စဉ်းစားကြည့်ရင် ဒီလိုအစိုးရကိုယ်တိုင်က လူမိုက်တွေကို အသုံးချ အကြမ်းဖက်မှုကျူးလွန်ခြင်းဟာ တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးမှုကို အကြီးအကျယ် ထိခိုက်ပျက်စီးစေပါတယ်။ တိုင်းပြည်မှာ မတရားမှုတွေ ပိုမို ပေါ်လာဖို့ အားပေးရာရောက်နေပါတယ်။ အရင်ဒီလို အရပ်သားလူမိုက်တွေရဲ့ အကြမ်းဖက်ခံရခြင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ကိုယ်တိုင် စစ်အစိုးရခေတ်မှာ ကြုံတွေ့ခဲ့ရဖူး၊ နောက်လိုက်အများအပြား သေကြေ ဒဏ်ရာရခဲ့ဖူးတဲ့ သမိုင်းလည်း ရှိပါတယ်။

ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းတည်ရပါသလဲ
အခုလိုတင်ပြတော့ စစ်ဗိုလ်ချုပ်ဟောင်းတွေ တရားလက်လွတ်လုပ်သမျှ ဒေါ်အောင်ဆန်းစုကြည်ခေါင်းကို ဘာလို့ပုံချချင် တာလည်း လူတချို့ ပြန်မေးချင်ပါမယ်။ ဒေါ်အောင်ဆန်းစုကြည်က လူထု လေးစား အားထား ခေါင်းဆောင်အရာ တင် မြှောက်ထားတဲ့ လက်ရှိ တိုင်းပြည်ရဲ့ တဦးတည်းသော လူထုခေါင်းဆောင်မို့ အခုလိုတင်ပြရခြင်း ဖြစ်ပါတယ်။ တခြား တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားတချို့၊ စာပေ ဂီတ အနုပညာရှင်သမားများ၊ လူမှုရေးသမားများ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကွန်ရက်က ပညာရှင်များ အခုနောက်ဆုံးဖြစ်ခဲ့တဲ့ ကျောင်းသားသပိတ်ကို တနိုင် ဝိုင်းဝန်းခဲ့ကြပါတယ်။ ဒါပေမဲ့ အကြမ်းဖက်ခံရမှုကို မတားဆီးနိုင်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသံက ဒီဝိုင်းဝန်းနေမှုအားလုံးထက် ပိုထိ ရောက် စူးရှ ကမ္ဘာအနှံ့ကိုသက်ရောက်စေလို့ အခုလို တိုင်တည်ဆိုနေရခြင်း ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်မှာ ဆန္ဒပြတာဟာ ပြည်သူရဲ့ အခြေခံအခွင့်အရေး၊ တာဝန်ပါ
စစ်အုပ်စုလိုလားသူများစွပ်စွဲတဲ့ ဒီကျောင်းသားအရေးက ဒီ/ချုပ်က တဖက်လှည့်နဲ့ မြှောက်ပေးနေလို့၊ တိုင်းပြည်မတည်ငြိမ် အောင်လုပ်ချင်လို့ဆိုတာကိုလည်း တကယ်တော့ အလေးထား ထည့်စဉ်းစာစရာကို မလိုပါ။ အကြောင်းက ဒီမိုကရေစီစနစ်မှာ လမ်းပေါ်ထွက်ဆန္ဒပြတာဟာ တိုင်းပြည် ဆူပူအောင်လုပ်နေခြင်း မဟုတ်ပါ။ ဒီမိုကရေစီစနစ်ရဲ့ အခြေခံနိုင်ငံသားအခွင့် အရေး၊ လူ့အခွင့်အရေးကို လေ့ကျင့်အသုံးချခြင်းနေခြင်းသာ ဖြစ်ပါတယ်။ ကျောင်းသားသပိတ်လမ်းတလျှောက် ဘာ အ ကြမ်းဖက်မှု၊ မင်းမဲ့စရိုက်ဆန်မှု၊ စည်းကမ်းချိုးဖောက်မှုမျိုးမှမပြုခဲ့တာ ခေတ်မီဆက်သွယ်ရေး အွန်လိုင်းနည်းပညာ ထွန်းကား တဲ့ ခေတ်ကြီးမှာ အချိန်နဲ့တပြေးညီ မျက်မြင်တွေ့ခဲ့ပြီး ဖြစ်ပါတယ်။ အကြမ်းဖက်မှုကို နောက်ဆုံးမှာ ဘယ်သူက ကျူးလွန်ခဲ့ တယ်ဆိုတာလည်း ရုပ်သေ၊ ရုပ်ရှင် အထောက်အထားများစွာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

အစိုးရရှေ့နေ မဖြစ်စေလိုပါ
အကြမ်းမဖက်ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်မှုပေးလို့ စစ်ဗိုလ်ချုပ်များနဲ့ တည်ဆောက်နေတဲ့ အမျိုးသားရင်ကြားစေ့ရေး ပျက်ပြယ်စရာ အကြောင်းလည်း မရှိပါ။ ကျောင်းသားတွေ လက်နက်ကိုင်လမ်းစဉ်ရွေး အစိုးရကို ပုန်ကန်နေလို့ ငြိမ်းချမ်းရေးလိုလားသူအနေနဲ့ အားမပေးလိုဘူးဆိုရင် လက်ခံရမှာပါ။ ဒါပေမဲ့ အခုလို လိုချင်တဲ့အရာကို ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုတာ၊ အစိုးရဘက်က ညှနှိုင်းသဘောတူညီမှုတွေအတွက် နှောင့်နှေးနေလို့ လမ်းပေါ်က ဆက်လက်ဖိအားပေးခဲ့တာ၊ ဒါကိုမှ အစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့တာတွေကိုတော့ ဒီမိုကရေစီ စနစ်ကို ယုံကြည်သူတိုင်း အပြည့်အဝ ကျောင်းသားဘက်ကရပ်တည် အစိုးရရဲ့ မတရားမှုကို ကန့်ကွက်ရမှာပါ။ ခေါင်းဆောင်အနေနဲ့ ‘လွှတ်တော်ကို ဖိအားမပေးပါနဲ့’ ဆိုတဲ့ စကားမျိုးထက်တော့ ပိုပြောဖို့ လိုအပ်နေပါတယ်။ ဒီစကားကို (၁၀) ရက် လက်ပံတန်းအကြမ်းဖက်မှု မတိုင်ခင် စစ်တပိုင်းအစိုးရရဲ့ပါးစပ် ပြန်ကြားရေးဝန် ကိုယ်တိုင်က အသုံးချ ကိုးကားသွားတာကို 7Day သတင်းစာရဲ့ မေးမြန်းခန်း (မတ်-၇) မှာ ဖတ်ခဲ့ရပါတယ်။ ချစ်ခင်လေးစားရတဲ့ လူထုခေါင်းဆောင်ကို အစိုးရရဲ့ ရှေ့နေ မဖြစ်စေချင်ပါ ခင်ဗျား။

ပူးတွဲတရားခံလည်း မဖြစ်စေလိုပါ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဘဝအစအဦးမှာ ဝိုင်းဝန်းပေးခဲ့ဖူးသူ ဆုံးသွားရှာပြီဖြစ်တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဦး ထွေးမြင့်က လွှတ်တော်နိုင်ငံရေးစလျှောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်တာဝန်ခံပြီး ဆုံးဖြတ်ခဲ့ချိန်မှာ ထောက်ပြခဲ့သလို စစ် တပိုင်းအစိုးရပြုလုပ်တဲ့ ပြည်သူအပေါ် မတရား၊ ဖိနှိပ်မှုအမျိုးမျိုးအတွက် ကြံရာပါဖြစ်နေရတဲ့အနေအထားကို ပြီးခဲ့တဲ့ လက် ပံတောင်းကိစ္စ သံဃာ လူထု မီးဗုံးဒဏ်ထိခဲ့၊ ယာသူမကြီး ကျည်ဆံစာမိခဲ့တဲ့ ဖြစ်စဉ်ကအစ အခု ကျောင်းသားကိစ္စအဆုံး သင်ခန်းစာယူ ပြန်လည်သုံးသပ် အနာဂတ်အတွက် ပြင်ဆင်သင့်ပါပြီ။

လူငယ်တွေကို အတုယူရပါမယ်
လွှတ်တော်နိုင်ငံရေး လျှောက်ပါ။ လွှတ်တော်အတွင်းက ရသလောက်တိုက်ပွဲဝင်ပါ။ လွှတ်တော်ကိုကျောခိုင်း၊ ရွေးကောက် ပွဲလမ်းစဉ် စွန့်ပါလို့ တရားလွတ်မဆိုပါ။ လာမယ့်ရွေးကောက်ပွဲအတွက်လည်း ပြင်ဆင်ပါ။ တိုင်းပြည်ရဲ့ ဒီမိုကရေစီခရီးဟာ ဒီ/ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအာဏာတည်ဆောက်နိုင်မှ အဆင့်တခုပြီးမယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ အခု ကျောင်းသားတွေ ရှေ့ဆောင် အနာခံဖောက်ပြသွားတဲ့ လမ်းပေါ်က လူထုရဲ့ရင်ငွေ့ကို ခိုလှုံရင်း လှုပ်ရှားမှုတွေ ဖော် ဆောင်အစိုးရကို တောင်းဆို တွေ့ဆုံးဆွေးနွေးခြင်းက နမူနာယူထိုက်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူထုအား ကိုတည် ချပြပြီး လွတ်လပ်ရေးယူခဲ့တဲ့ နည်းလည်း ဖြစ်ပါတယ်။ လွှတ်တော် အတွင်းမှာ၊ နှစ်ကိုယ်ကြား၊ သုံးကိုယ်ကြား၊ လေးကိုယ် ကြား လက်ဖက်ရည်သောက်လိုလို၊ ထမင်းစားဖိတ်လိုလို ဆွေးနွေးပွဲတွေမှာ အမှန်တကယ်ရလဒ်ထွက်လိုတယ်ဆိုရင် လွှတ် တော်ပြင်ပလှုပ်ရှားမှုတွေလည်း လိုပါတယ်။ ဘာမှနောက်ဆက်တွဲ အရေးယူမှု၊ ဖိအားပေးမှု မရှိခဲ့တဲ့ ဒီ/ချုပ်ရဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး လက်မှတ် (၅) သန်း ပလုံလို့တောင် အသံမမြည်နိုင်ဖြစ်ခဲ့ရတာ သက်သေပါပဲ ခင်ဗျား။

နိဂုံး
ပြန်ချုပ်ရရင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထု၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတွေရဲ့လှုပ်ရှားမှုတွေ၊ အစိုးရရဲ့ နည်း မမှန်တဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ လွှတ် တော်ကိုယ်စားလှယ်၊ တရားဥပဒေစိုးမိုးရေး ဥက္ကဋ္ဌ စတဲ့ နေရာ၊ ရာထူးများအလိုက် ကျရောက်လာတဲ့ ကျင့်ဝတ်အသိ တာဝန်၊ အလုပ်တာဝန်တွေကို အခုထက်ပို တော်တည့်မှန်ကန်တဲ့ ရပ်တည်မှု၊ အသံထွက်မှုမျိုး ပြုလုပ်ဖို့ လိုအပ်နေပါတယ်။ တရားဥပဒေစိုးမိုးဖို့ချည်း ဇောင်းမပေးဘဲ ဥပဒေတွေ တကယ်တရားမျှတပါရဲ့လားဆိုတဲ့ဘက်ကို အလေးပေးဖို့လည်း တောင်းဆိုပါတယ်။ အခြေခံလူထုရဲ့ ဘဝအနာ ဒုက္ခတွေအတွက်လည်း ပိုမိုခိုင်မာမှန်ကန်တဲ့ ရပ်တည်မှုတွေ ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေး ပြဿနာ အဆုံးတိုင် ဖြေရှင်းဖို့ရာမှာလည်း လွှတ်တော်ကိုချည်း အားမကိုးစေ လိုပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကလေးစား၊ အားထား၊ မချိုးဖဲ့လိုတဲ့ နတ်နေကိုင်းမို့ အလေးထားတင်ပြလိုက်ရ ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
မတ် ၁၇၊ ၂၀၁၅ (စာပြီး ရက်စွဲ)

(မန္တလေး Friday Times News Journal အတွဲ (၁)၊ အမှတ် (၆)၊ (၂၀၁၅) ခုနှစ် မတ်လ (၂၀) ရက် သောကြာနေ့ထုတ်တွင် ပုံနှိပ်ခဲ့သည်။ ယခု မိုးမခတွင် အွန်လိုင်း ထပ်မံဖြန့်ချိသည်။ ဆောင်းပါးပါအာဘော်ကိုဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင် ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

ရည်ညွှန်းသတင်းများ

ဧရာဝတီ – ၀၂၊ မတ်၊ ၂၀၁၅၊ “ပြည်မြို့ ဗိုလ်ချုပ် ရာပြည့်ပွဲ တေးသရုပ်ဖော်အတွက် ဒေါ်အောင်ဆန်းစုကြည် တောင်းပန်”၊
URL: http://burma.irrawaddy.org/news/2015/03/02/71973.html

မဇ္ဈိမ – ၀၆၊ မတ်လ၊ ၂၀၁၅၊ “ဆူးလေဆန္ဒပြမှုတွင် လက်ပတ်နီဝတ် နှိမ်နှင်းသူတို့၏ ဇစ်မြစ်ဖော်ထုတ်ရန် ဒေါ်စု တိုက်တွန်း”၊
URL: http://mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/40333-2015-03-06-07-07-11

မဇ္ဈိမ – ၀၆၊ မတ်၊ ၂၀၁၅၊ “အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေးကိစ္စ နိုင်ငံမနာစေရန် ကြည့်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း”၊
URL: http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/40324-2015-03-06-04-28-32

၇ ရက် နေ့စဉ် သတင်းစာ – ၀၇၊ မတ်၊ ၂၀၁၅ “သမ္မတပြောရေးဆိုခွင့်ရပုဂ္ဂိုလ်နှင့် မေးခွန်း ငါးခု”၊
URL: http://7daydaily.com/story/33201

လွတ်လပ်တဲ့အာရှအသံ (မြန်မာပိုင်း) – ၁၂၊ မတ်၊ ၂၀၁၅၊ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်”၊
URL: http://www.rfa.org/burmese/features/assk-democracy-program-01042012142315.html/b0311kms/

၇ ရက် နေ့စဉ် သတင်းစာ – ၁၃၊ မတ်၊ ၂၀၁၅၊ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် သပိတ်မှောက်ကျောင်းသား နှစ် ဖက်စလုံးကို မေးခွန်းထုတ်စရာရှိဟု ပြော၊
URL: http://7daydaily.com/story/33643#.VQKFMI6nxqM

No comments: