Friday, February 27, 2015

ရန်ကုန်တိုက်ပွဲ

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

ဗိုလ်သန်းရွှေ စစ်အာဏာရှင် အစိုးရက မွေးထုတ်ပေးလိုက်တဲ့ အရပ်ဝတ်ဦးသိန်းစိန်စစ်အစိုးရနဲ့ အရပ်ဝတ် ဦးရွှေမန်း စစ်လွှတ်တော်ဆိုတဲ့ စစ်အမြွှာအာဏာရှင်တို့ဟာ အမျိုးသားပညာရေး ဥပဒေပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ရိုးသားမှု စိုးစဉ်းမျှ မရှိဘူး ဆိုတာ ထင်ရှားခဲ့ပြီ။

ဘာတွေကြောင့် ထင်ရှားသလဲဆိုတော့ အချက်အလက်အများအပြားထဲက တချို့ကို ကောက်နုတ်ဖော်ပြပါမယ်။

(က) ပညာရေးဝန်ကြီးဌာနကိုယ်တိုင်က အမျိုးသားပညာရေး ဥပဒေပြင်ဆင်ချက်ဥပဒေကြမ်းကို တိုက်ခိုက်တဲ့ စာအုပ်ရေးသားပြီးကျောင်းတွေကို လျှို့ဝှက် ဖြန့်ခဲ့ကြောင်း ဘူးပေါ်သလိုပေါ်ခဲ့တယ်။ ကျောင်းတွေမှာ ကန့်ကွက်ပွဲတွေလုပ်ဖို့ ညွှန်ကြားခဲ့တယ်။ ဒါဟာ အဆိုးဝါးဆုံး ကောက်ကျစ်မှုဖြစ်တယ်။ မရိုးသားဆုံးလုပ်ရပ်ဖြစ်တယ်။ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကတိကဝတ်အားလုံးကို ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်တယ်။

(ခ) လေးပွင့်ဆိုင်သဘောတူထားတဲ့ ပညာရေး ဥပဒေပြင်ဆင်ချက် မူကြမ်းကို လေးပွင့်ဆိုင်မူကြမ်းအဖြစ်မဖော်ပြပဲ လူသုံးဦးနာမည်တပ်ဖော်ပြခဲ့တာကို ကျောင်းသားတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားခဲ့ပြီးပြီ။

(ဂ) အစိုးရပညာရေးဝန်ကြီးဌာနက တင်သွင်းတဲ့ ဥပဒေမူကြမ်းကို မဆွေးနွေးတော့ပါဘူးလို့ သဘောတူရုပ်သိမ်းပြီး ဖြစ်ပါရက်နဲ့ သတင်းစာမှာ ထုတ်ပြန်ဖော်ပြခဲ့တယ်။ ဒါကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပြီး ဖြစ်တယ်။

(ဃ) ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်မှာ လူတွေကို မလာမနေရ ဆင့်ခေါ်ပြီး လူထုဆန္ဒပြပွဲ လုပ်ခဲ့ကြတဲ့ ကြံ့ဖွတ်နည်းကို တထပ်တည်း ပြန်လည် အသုံးပြုပြီး ကျောင်းတွေမှာ သပိတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေလုပ်ခဲ့တယ်။

(င) အရပ်ထဲမှာလည်း ဒန်ပေါက် ဆန္ဒပြပွဲတွေလုပ်ခဲ့တယ်။

(စ) အစိုးရက ဖိအားပေးလို့ရနိုင်တဲ့ အဖွဲ့အစည်းမှန်သမျှကို အသုံးချပြီး အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ချက် မူကြမ်းကို ကန့်ကွက်ဆန့်ကျင်တဲ့ ကြေညာချက်တွေ ထုတ်စေခဲ့တယ်။ ဒါတွေဟာ အစိုးရလက်ရာဆိုတာ ထင်ရှားပြီးဖြစ်လို့ အကျယ်မပြောတော့ဘူး။

(ဆ) ကျောင်းသားတွေကို နည်းမျိုးစုံနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်။ အထူးသဖြင့် ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ ကိုအောင်မှိုင်းဆန်း၊ ကိုဇေယျာလွင် တို့ကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ့ရတယ်။ မဖြိုးဖြိုးအောင်ကို တယ်လီဖုန်းမှာ ညစ်ညမ်းမက်ဆေ့ခ်ျတွေပို့ပြီး တိုက်ခိုက်တဲ့အထိ အလွန်အောက်တန်းကျကျ ပြုမူခဲ့တယ်။

(ဇ) အောက်တန်းကျတဲ့ တိုက်ခိုက်မှုတွေကို ဖြန့်ဝေတဲ့ အထဲမှာ ကြံ့ဖွတ်လွှတ်တော်အမတ်ဦးလှဆွေကိုယ်တိုင် ပါဝင်တယ်။ ထောက်လှမ်းရေး ရဲမိုးပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နဲ့ သမ္မတရုံးညွှန်ကြားရေးမှူး မှူးဇော်တို့လည်း ဥပဒေပြင်ဆင်ချက် မူကြမ်းကို နည်းမျိုးစုံနဲ့ တိုက်ခိုက်ခဲ့ကြတယ်။

(ဈ) ၈၈ အရေးအခင်းကြီးပြီးတဲ့နောက်ပိုင်းမှာ ဆရာတွေကို ဖိအားပေးပြီး အချက် ၃၀ ကျော်လက်မှတ်ရေးထိုးခိုင်းသလို အခုလည်း ပုံစံတူ တထပ်တည်းလုပ်တယ်။

(ည) သပိတ်စစ်ကြောင်းတွေ စည်းလုံးညီညွတ်မှုအားကောင်းချိန်မှာ သူတို့ဟာ ဆွေးနွေးညှိနှိုင်းမှုကို တိုးလုပ်ပြီး သပိတ်စစ်ကြောင်းတွေက အလျှော့ပေးတဲ့ လက္ခဏာပြတာကို မြင်တဲ့အချိန်တိုင်းမှာ အဖျက်လုပ်ငန်းတွေကို တိုးမြှင့်လုပ်တယ်ဆိုတာကိုလည်း အကြိမ်ကြိမ်မြင်တွေ့ခဲ့ရတယ်။

(ဋ) သပိတ်တိုက်ပွဲ မရှိတဲ့အချိန်မှာ ဘယ်လောက်အထိ အတင့်ရဲသလဲဆိုရင် ကိုအောင်သောင်းနဲ့ ကျောင်းသားတွေကို စွမ်းအားရှင်တွေက ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ဖူးတယ်။

(ဌ) သပိတ်စစ်ကြောင်းထဲမှာ ထောက်လှမ်းရေးသူလျှိုတွေထည့်ခဲ့တယ်။

(ဍ) လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးဖို့ ဆယ်ရက် အချိန်ပေးပြီး သပိတ်စစ်ကြောင်းကို ရပ်နားထားခဲ့ပေမယ့် ကျောင်းသားတွေပေးထားတဲ့ရက် ကျော်လွန်မှ ဆွေးနွေးပွဲတွေစမယ်လို့ အချိန်ဇယားထုတ်ပြန်ခဲ့တယ်။

ဒါကိုကြည့်ရင်လည်း အစိုးရနဲ့ လွှတ်တော် လက်ဝါးချင်းရိုက်ပြီး အကောက်ကြံနေတယ်ဆိုတာ သိသာတယ်။ သူတို့ တကယ်အမြန်ထုတ်ချင်တဲ့ ဥပဒေဆိုရင် နှစ်ရက်နဲ့ အပြီးထုတ်ခဲ့ဖူးတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ငွေမည်းခဝါချဥပဒေကို အဲသလိုနည်းနဲ့ အမြန်ထုတ်ခဲ့တယ်။ ဒါကို ကြည့်ရင် အခုလုပ်နေတာတွေဟာ တမင်အချိန်ဆွဲနေတာဆိုတာ သိပ်သိသာထင်ရှားတယ်။

(ဎ) ဒီအတောအတွင်းမှာ အလုပ်သမားစုပေါင်းသပိတ်နဲ့ မိကျောင်းကန် သပိတ်တို့ကို နှိမ်နင်းပြခဲ့တယ်။ ဒါဟာလည်း ကျောင်းသားလှုပ်ရှားမှုကို ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေပဲ။

ဒါပေမဲ့ ဒီနှိမ်နင်းမှုတွေမှာ ကျောင်းသားတွေ သတိပြုစရာ သင်ခန်းစာယူစရာ အချက်တချို့ရှိတယ်။

မိကျောင်းကန် သပိတ်ဟာ အငိုက်မိခဲ့တယ်။ ညအချိန်မတော်မှာ အလစ်အငိုက်မိသွားတဲ့အတွက် သပိတ်ပြိုကွဲခဲ့တယ်။ (ဒါမျိုးကို သတိထားဖို့လိုပါတယ်။)

အလုပ်သမားသပိတ်ကို သူတို့စိတ်ကြိုက်နှိမ်နင်းလို့ မရခဲ့ဘူး။

အမျိုးသမီးအလုပ်သမားတွေကို ဘတ်စ်ကားကြီး နှစ်စီးပေါ်မှာ ရာနဲ့ချီဖမ်းထားခဲ့တယ်။ အမျိုးသားအလုပ်သမားတွေကိုလည်း ဘတ်စ်ကားကြီး တစီးနဲ့ ဖမ်းထားခဲ့တယ်။ လမ်းကိုလည်း ဟိုဘက်ထိပ်၊ သည်ဘက်ထိပ်ကို သံဆူးကြိုးတွေနဲ့ ပိတ်ထားခဲ့တယ်။ ဒါပေမဲ့ တခြားစက်ရုံနှစ်ရုံက အလုပ်သမားတွေ အချိန်မီ ချီတက်ရောက်ရှိလာကြပြီး သံဆူးကြိုးတွေကို လက်နဲ့တွန်းဖယ်ခဲ့တယ်။ ဘတ်စ်ကားတွေရှေ့မှာ အလုပ်သမားတွေ ပစ်လှဲပြီးကားထွက်မရအောင် တားခဲ့တယ်။ ဘတ်စ်ကားတွေကို အလုံပိတ်ထားတဲ့ အတွက် ကားမှန်တွေကိုခွဲပြီးအလုပ်သမားတွေကို ကယ်ထုတ်ခဲ့တယ်။

အလုပ်သမားတွေကိုရဲက ရိုက်နှက်ခဲ့တယ်။ နံပါတ်တုတ်နဲ့ရိုက်နှက်ခဲ့တယ်။ နံပါတ်တုတ်မပါဘူးဆိုတာ သူတို့လိမ်ပြောတာဖြစ်တယ်။ ရဲတိုင်းမှာ နံပါတ်တုတ်မပါပေမယ့် နံပါတ်တုတ်ပါတဲ့ရဲတွေရှိခဲ့တယ်။ နံပါတ်တုတ်နဲ့ ခိုးရိုက်လို့ ဒဏ်ရာရတဲ့ အလုပ်သမား အမျိုးသမီးတွေရှိခဲ့တယ်။

အမျိုးသမီးအလုပ်သမားတွေကို ရဲက အဲသလို အကြမ်းဖက်ရိုက်နှက်တော့ ရပ်ကွက်ပြည်သူလူထုက ဝိုင်းဝန်းကူညီခဲ့တယ်။ ပြည်သူလူထုက ရဲတွေကိုခဲနဲ့ပေါက်ခဲ့တယ်။ လက်ပံတောင်းမှာ လူတွေက ခဲနဲ့ပေါက်လို့ ရဲကသေနတ်နဲ့ ပစ်တာပါလို့ ဆင်ခြေပေးပြီး ဒေါ်ခင်ဝင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့ဖူးတာကို အားလုံးသတိရပါလိမ့်မယ်။ ရန်ကုန်မှာ အဲသလို မလုပ်ရဲလို့ အလျှော့ပေးဆုတ်ခွာသွားခဲ့ရတယ်။ အမျိုးသား အလုပ်သမား ၈ ယောက်ကိုပဲ ဖမ်းသွားနိုင်ခဲ့တယ်။ ဒါကိုလည်း နောက်ပိုင်းမှာ အလုပ်သမားတွေက အရေးဆိုလို့ ပြန်လွှတ်ပေးခဲ့ရတယ်။ နောက်ထပ် တိတ်တိတ်ဖမ်းသွားတဲ့ အလုပ်သမားခေါင်းဆောင်နှစ် ယောက်ကိုတော့ ပြန်လွှတ်မပေးဘူး။

ဒါကို ကြည့်ရင် ရဲအင်အားက လူအင်အားထက်များတဲ့အချိန်မှာ လူတွေကားပေါ်ဆွဲတင်အဖမ်းခံခဲ့ရတယ်ဆိုတာ ပထမသင်ခန်းစာအနေနဲ့ မြင်ရတယ်။ တကယ်တန်းလူအင်အားများလာပြီး ပြတ်ပြတ်သားသား သံဆူးကြိုးကို ဖယ်ရှားပြီးကယ်ထုတ်တဲ့အခါ သာမန်အရပ်သားပြည်သူတွေကပါ ဝိုင်းဝန်းကယ်တင်တဲ့အခါမှာ သူတို့ ဘာမှ မတတ်နိုင်ဘဲ နောက်ပြန်ဆုတ်သွားရတယ်ဆိုတာကို ဒုတိယသင်ခန်းစာအနေနဲ့ မြင်ရတယ်။

တတိယသင်ခန်းစာကတော့ သူတို့အနေနဲ့ အကြမ်းဖက်ရတာ အကန့်အသတ်ရှိတယ်ဆိုတဲ့ အချက်ပဲ။ သူတို့အနေနဲ့ ကျောင်းသားတွေကို အကြမ်းဖက်ရင် ၂၀၁၅ ရွေးကောက်ပွဲ ပျက်သွားနိုင်တယ်။ ရွေးကောက်ပွဲ မပျက်ရင်တောင် ကြံ့ဖွတ်ပါတီကို ဘယ်သူမှ မဲပေးတော့မှာ မဟုတ်ဘူး။ သူတို့အနေနဲ့ ရွေးကောက်ပွဲနဲ့ ပညာရေး ဥပဒေကို လဲမလားမလဲဘူးလားရွေးချယ်ကြရတော့မယ့် အခြေအနေကို ရောက်နေတယ်။ အလုပ်သမားကို စော်ကားသလို၊ လယ်သမားကို စော်ကားသလို ကျောင်းသားကို စော်ကားရင် ပြည်သူက သည်းမခံဘူးဆိုတာ သူတို့သိတယ်။ ဒီတော့ ကျောင်းသားတွေ ရန်ကုန်ကိုချီတက်ရင် ဖြိုခွဲနှိမ်နင်းခံရမလား၊ အောင်ပွဲရမလားဆိုတာရဲ့ အဖြေဟာ ပြည်သူလူထုရဲ့ ထောက်ခံဝန်းရံမှု ဘယ်လောက်ရမလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။

နယ်ကပြည်သူတွေက ကျောင်းသားတွေကို အင်အားတောင့်တောင့်တင်းတင်းနဲ့ ဝန်းရံခဲ့ကြပြီးပြီ။ ရန်ကုန်ပြည်သူတွေ တာဝန်ကျေကြမလား။ ဒါဟာ အနိုင်အရှုံးအတွက် အဖြေဖြစ်နိုင်ပါတယ်။

အဆိုးဆုံးအခြေအနေတခုကိုလည်း ဖြစ်တန်ခြေထဲမှာ မလွှဲမရှောင်သာ ထည့်တွက်ရပါလိမ့်မယ်။ အဲဒါကတော့ စစ်အာဏာရှင်တွေက ကျောင်းသားတွေကို သေအောင် ရိုက်နှက်ခဲ့ရင် သေနတ်နဲ့ ပစ်ခတ်ခဲ့ရင် ဒါမှမဟုတ် ပြည်သူလူထုနာမည်ခံစွမ်းအားရှင်တွေနဲ့ ရိုက်နှက်ခဲ့ရင်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အဲသလိုလုပ်ခဲ့ရင် တတိုင်းတပြည်လုံး လူထုအရေးတော်ပုံကြီး ဖြစ်လာနိုင်ပါတယ်။ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသား ပြည်သူ လူထုကြီးတရပ်လုံးရဲ့ ဒီနေ့အချိန်မှာ ရှိနေတဲ့ မကျေနပ်မှုတွေဟာ ၈ လေးလုံးအရေးတော်ပုံကြီး မတိုင်ခင်က မကျေနပ်မှုထက်အများကြီးပိုတယ်။ အစိုးရဘက်ကသာ မဆင်မခြင်လုပ်ခဲ့ရင် လူထုအရေးတော်ပုံကြီး ပေါ်လာဖို့သေချာသလောက်ပဲ။ အခုနယ်တွေမှာ ကျောင်းသားတွေကို ပြည်သူတွေက ထောက်ခံတာဟာ အမျိုးသားပညာရေး ဥပဒေကို နားလည်လို့ ထောက်ခံနေကြတာမဟုတ်ဘူး။ အစိုးရရဲ့ လုပ်ရပ်တွေကို မကျေနပ်လို့ အစိုးရကို အံတုအာခံဝံ့တဲ့ ကျောင်းသားတွေကို ထောက်ခံနေကြတာဖြစ်တယ်။ ကျန်တဲ့ အတိုက်အခံတွေက အစိုးရကို အံတုအာခံဝံ့တဲ့ သတ္တိမရှိဘူးလို့ ပြည်သူက ယူဆလို့ အံတုဝံ့တဲ့ ကျောင်းသားကို ပုံအော ထောက်ခံနေတာဖြစ်ပါတယ်။ အဆိုးဆုံးအခြေအနေကို အစိုးရက ရွေးချယ်ခဲ့ရင် အကြီးဆုံးပေါက်ကွဲမှုကြီးဖြစ်လာနိုင်တယ်။ အဲဒီအကြီးဆုံးပေါက်ကွဲမှုကြီးကို ပြည်သူလူထုက အကောင်းဆုံးအခြေအနေကို ရောက်တဲ့အထိ ထိန်းကျောင်းချီတက်သွားနိုင်ခဲ့ရင် တနိုင်ငံလုံးလွတ်မြောက်တဲ့ လွတ်မြောက်ရေး တိုက်ပွဲကြီးအထိဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဒီလိုဖြစ်တန်ခြေဟာ နည်းတယ်လို့ ထင်ပါတယ်။ ဒီနေ့ခေတ်မှာ အစိုးရအနေနဲ့ အနောက်ကမ္ဘာနဲ့ ပလဲနံပသင့်ပြီး မကြုံစဖူးထူးထူးကဲကဲ အခွင့်အရေးကြီးတွေ ရနေတဲ့ အခြေအနေကို မိုက်မိုက်မဲမဲ စွန့်လွှတ်တဲ့လမ်းကို ရွေးဖို့ အကြောင်းနည်းပါတယ်။

ကျနော့်ဆောင်းပါးကို အနှစ်ချုပ်ပြန်ပြောချင်ပါတယ်။

၁။ အစိုးရနဲ့ လွှတ်တော်ဟာ စစ်အာဏာရှင်ဖြစ်တယ်။ မရိုးသားဘူး။ ကျောင်းသားတွေအားလုံး ရန်ကုန်ကို မချီတက်ပဲနဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ထွက်လာမှာ မဟုတ်ဘူး။ ကျောင်းသားတွေ အားလုံး စည်းစည်းလုံးလုံးညီညီညာညာချီတက်လာခဲ့ရင် အလျှော့ပေးစေ့စပ်ပြီး ပျော့တဲ့အပိုင်းကိုဖဲ့ထုတ်တဲ့ နည်းကို ပြန်သုံးလိမ့်မယ်။ အခုချိန်မှာ အစိုးရရဲ့ အတွင်းသဘောဟာ ပေါ်လွင်ပြီးဖြစ်တဲ့အတွက် ထပ်ပြီး အညာ မခံကြရဖို့ အရေးကြီးတယ်။ ပျော့ညံ့တွေဝေတဲ့သူတွေက ဖဲ့ထွက်သွားတာမျိုးမဖြစ်အောင် ကြိုတင် စည်းရုံးပြင်ဆင်ထားကြရမယ်။

၂။ ကျောင်းသားနဲ့ ပြည်သူအားနည်းရင် အဖြိုခွဲခံရမယ်။ ရှုံးမယ်။ ကျောင်းသားအင်အားကောင်းရင် ၊ ပြည်သူ ဝန်းရံမှုအားကောင်းရင် မုချအနိုင်ရမယ်။ အောင်ပွဲခံမယ်။

၃။ နောက်ဆုံးတိုက်ပွဲရှုံးရင် ဘာတခုမှ ရမှာ မဟုတ်ဘူး။ အစိုးရဟာ ပေးပြီးသားကတိအားလုံးကို ဖျက်လိမ့်မယ်။ အနိုင်ရရင် ခေတ်အဆက်ဆက်ကျောင်းသားတွေ နှစ်ပေါင်း ၅၀ ကျော် တရားမျှတစွာ တောင်းဆိုတိုက်ပွဲဝင်လာခဲ့တဲ့ ကျောင်းသားသမဂ္ဂကြီးဟာ ဂုဏ်သိက္ခာရှိရှိပေါ်ထွက်လာနိုင်လိမ့်မယ်။ နောင်လာ နောက်သား သားငယ်၊ သမီးငယ်တွေ အတွက် ကောင်းမွန်တဲ့ ပညာရေးကို အုတ်မြစ်ချနိုင်လိမ့်မယ်။

ရန်ကုန်တိုက်ပွဲအတွက် အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်းနဲ့ ပြည်သူလူထုတရပ်လုံး ဝန်းရံပေးကြပါ။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

2 comments:

Unknown said...

ချီးစားတဲ့လူ​တွေပဲမင်းတို့​ပြောတာယုံကြပါလိမ့်​မယ်

Unknown said...

ဟုတ်​ပ ၈ပူး​ကောင်​ရာ၊ မင်းတို့​တွေ​ပြောလိုက်​ရင်​ ​လေတစ်​လုံး မိုးတစ်​လုံး၊ အလံကိုင်​ပြီး ဓာတ်​ပုံအရိုက်​ခံရင်​ ​ရှေ့ဆုံးက၊ ပြဿနာဖြစ်​ရင်​ ​ကြောက်​​သေးပန်းပြီး​နောက်​မှာ​နေ၊ စာမတတ်​တဲ့ က​လေး​တွေကိုအ​သေခံခိုင်းပြီး နိုင်​ငံ​ရေးအမြတ်​ထုတ်​၊ နိုင်​ငံခြား​ထောက်​ပံ့​ငွေနဲ့​ကောင်းစား​နေတဲ့ ရှစ်​ပူး​ကောင်​ရာ