Friday, February 27, 2015

ကျောင်းသားတွေအပေါ် အစိုးရ ဘယ်လို သဘောထားနေသလဲ

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

အမျိုးသားပညာရေးဥပဒေကြမ်းကို ကျောင်းသားတွေ ကန့်ကွက်တယ်။အစောကြီး ဥပဒေကြမ်းမထွက်ခင်က တည်းက ဒါတွေကို မကြိုက်ဘူး၊ ဒါတွေကမကောင်းဘူးဆိုပြီး ကန့်ကွက်ခဲ့တယ်။ပါဝင်ရေးဆွဲချင်ကြောင်း အတန်တန် ကမ်းလှမ်းခဲ့တယ်။ ဒါပေမဲ့ အခုအစိုးရဟာ ပုဆိုးဝတ်ထားတဲ့ စစ်အာဏာရှင် ပီသစွာ စစ်အာဏာရှင်ဓလေ့စရိုက်အတိုင်းကိုယ်လုပ်ချင်ရာကို တဖက်သတ်လုပ်တယ်။ ၉၉ ကြိမ်တွေ့တယ်လို့ သူတို့ ပြောတယ်။ ဒါပေမဲ့ အဲဒီ၉၉ ကြိမ်ဟာ ကိုယ့်ထဲကိုယ့်ဟာကို လက်တို့ပြီးလက်သင့်ရာဆွဲထည့် အပြကောင်းရုံလုပ်တာသာဖြစ်ကြောင်းကိုဆရာတွေရော ကျောင်းသားတွေရော အကြိမ်ကြိမ်ထောက်ပြခဲ့ တယ်။ အာဏာရှင်မှာ နားမပါဘူး။

ဥပဒေကို ဆရာ၊ ကျောင်းသား၊ ပညာရှင်တွေ ဝိုင်းကန့်ကွက်ကြတဲ့ကြားကဇွတ်လုပ်တော့ ကျောင်းသားတွေက ၄ ရက်ဆန္ဒပြ သပိတ်မှောက်တယ်။ ဆွေးနွေးဖို့ပြောတယ်။ ရက်၆၀ အချိန်ပေးတယ်။ တုတ်တုတ်မလှုပ်ဘူး။

ရက် ၆၀ ပြည့်လို့ ကျောင်းသားနဲ့ လူထုက အင်အားပြကန့်ကွက်တော့မှမျက်ပြူးဆံပြာဖြစ်ပြီး ဆွေးနွေးပွဲထလုပ် တယ်။ လုပ်တော့လည်း မရိုးသားဘူး။ စလုပ်ကတည်းက“အကုန်ပေးပါမယ်ချက်ချင်းပြောပြီး သပိတ်မြန်မြန်လှန်ခိုင်းမယ်။ လွှတ်တော်ထဲကျတော့မှ အကုန်ပယ်ချမယ်”လို့ကြံစည်တယ်။ ဒီလို ကြံစည်ကြောင်းဟာ တဖြည်းဖြည်းနဲ့ သူတို့လုပ်ရပ် သူတို့အပြောတွေထဲမှာထင်ရှားလာတယ်။ တဖက်မှာ ဆွေးနွေးနေတဲ့ တပြိုင်တည်းမှာပဲ တဖက်က သပိတ်ကို လုံထိန်းအင်အားနဲ့တုတ်တွေ ဒိုင်းတွေအသုံးပြု ရိုက်ဖို့နှက်ဖို့လည်းကြံတယ်။ ဒါပေမဲ့ လူထုအင်အားက သိပ်များတော့ကြောက်ပြီး ဆုတ်လိုက်ရတယ်။ လူထုနဲ့ ထိပ်တိုက် မတိုးရဲဘူး။ လူထုနဲ့ ထိပ်တိုက်တိုးရင်၂၀၁၅ မှာ မဲတပြားမှ ရမှာ မဟုတ်တာ သေချာတယ်ဆိုတာ သူတို့သိတယ်။

ဆွေးနွေးပွဲစချိန်မှာ ကျောင်းသားတွေကြား သပိတ်ရပ်နားရေး၊မရပ်နားရေး အမြင်ကွဲလွဲမှုရှိလာတော့ ဆွေးနွေးပွဲကို ရပ်ပစ်တယ်။ သပိတ်အားနည်းလာတယ်ထင်လို့ဆိုင်းငံ့ပစ်တယ်။ ကြောက်စရာမြင်ရင် တမျိုး၊ ကြောက်စရာ မရှိရင် တမျိုး၊ ဒီလိုချိုးတဲ့အချိုးဟာရိုးသားမှုမရှိတာကို ဖော်ပြတယ်။

ဒါပေမဲ့ သပိတ်အင်အားက သူတို့ထင်သလိုကျမသွားဘဲ လူထုထောက်ခံမှုကအကြီးအကျယ် များပြားတိုးတက်လာတော့ မူလကတိပေးထားတဲ့ ပြည်ထောင်စုနေ့ အလွန်ထိ ရောက်အောင်တောင်သိက္ခာဆည်မစောင့်နိုင်ပြန်ဘူး။ ကမန်းကတန်းထပြီး နောက်တခါ ဆွေးနွေးပြန်တယ်။ အကုန်ပေးမယ်ပြောပြန်တယ်။သပိတ်မြန်မြန်ပြီးချင်လှပြီ။ သူတို့ အတွက် သပိတ်လှန်ရေးက အဓိကပဲ။

ဒီလိုနဲ့ ဆွေးနွေးပွဲမှာ ဥပဒေကြမ်းနှစ်ခုကို အစိုးရပညာရေးဝန်ကြီးဌာနဘက်ကတခု၊ ကျောင်းသား NNER က တခု နှစ်ခုတပြိုင်တည်း တင်လာကြတယ်။ ကျောင်းသားတွေဘက်က နှစ်ခုစလုံးကိုဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ မူနှစ်ခုကိုပေါင်းပြီး တခုတည်းသော မူထွက်ပေါ်လာရေး ကမ်းလှမ်းတယ်။သူတို့ အစိုးရနဲ့ လွှတ်တော်ဘက်က နှစ်ခုစလုံး ဆွေးနွေးရင် ကြာမှာစိုးလို့ သူတို့ ပညာရေးဝန်ကြီးဌာနရဲ့မူကို မတင်တော့ဘူး။ ကျောင်းသား NNER ရဲ့မူကိုပဲ ဆွေးနွေးပြီး တင်တော့မယ်လို့ ပြောတယ်။ကျောင်းသား ၊ NNER ရဲ့မူကို ဆွေးနွေးတယ်။ သူတို့ သဘောမတူတာတွေကို ပြင်ဖို့ အကြိတ်အနယ်ဆွေးနွေးရတယ်။အဲဒီနေ့မှာ မပြီးပြတ်ဘူး။ ဒါပေမဲ့ “အဲသလို မပြီးပြတ်လို့ ကျန်နေတာတွေကို နောက်နေ့မှာဆက်မဆွေးနွေးတော့ဘူး။ ဥပဒေအဖြစ် ရေးသာရေးလိုက်တော့” လို့ ပြောတယ်။ ရုတ်တရက်ကြည့်ရင်သိပ်သဘောကောင်းလှပါလား လို့တောင် ထင်စရာဖြစ်နေတယ်။ ဒါကိုတချို့က ကြွေသွားတဲ့သူတွေလည်းရှိတယ်။ အစိုးရကို ချစ်ခင်ပြီးမေတ္တာ တွေသက်ဝင်သွားသူတွေလည်း ရှိတယ်။

ဒါပေမဲ့ ဒါဟာ သဘောကောင်းချင်ယောင်ဆောင်တာ ယုတ်မာတာဆိုတာ နောင်တော့သိလာရမှာ ဖြစ်တယ်။

သူတို့က ပါးစပ်ကနေ အကုန်လိုက်လျောတယ်။ အဓိက ရည်ရွယ်ချက်ကသပိတ်လှန်အောင်လို့ပဲ။ သပိတ်မလှန်ဘူးဆို ပြီး ကြံ့ကြံ့ခံနေတဲ့ ပင်မစစ်ကြောင်းကို အပြစ်တင်နိုင်အောင်လို့ပဲ။ပင်မစစ်ကြောင်းကို ဝိုင်းရံနေတဲ့ အင်အားတွေ ပျော့ညံ့တွေဝေသွားပြီး နောက်ဆုတ်ကုန်အောင်လုပ်နေတာပဲဖြစ်တယ်။

သူတို့အကြံ အောင်သင့်သလောက်အောင်တယ်။ သူတို့ပါးစပ်ကနေ ဒီလောက်လိုက်လျောပြတော့ဧရာဝတီစစ်ကြောင်း၊ မြေလတ်စစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း တွေ ဆုတ်သွားတယ်။ ဘာမှ မရသေးပေမဲ့ကတိတွေရတော့ အောင်မြင်ပြီထင်သွားတယ်။ လူယုတ်မာအစိုးရကို ယုံသွားကြတယ်။ အဲဒီတော့ လူယုတ်မာအစိုးရက အားတက်သွားတယ်။ အတင့်ရဲလာတယ်။

ဒီမိုကရေစီခေါင်းဆောင်တွေကို ဖိအားပေးတယ်။ ခေါင်းဆောင်တချို့ကလည်းကျောင်းသားလူငယ်တွေထက် အစိုးရကို ပိုယုံတယ်။ အစိုးရဘက် ရပ်တယ်။ အစိုးရရဲ့ သမိုင်းတလျှောက်မှာပြည်သူတွေကို ရက်ရက်စက်စက် သတ်ခဲ့တာတွေ၊ ပြည်သူတွေကို အကြိမ်ကြိမ်လိမ်ညာခဲ့တာတွေကိုမေ့သွားကြတယ်။ သို့မဟုတ် မေ့ချင်ယောင်ဆောင်လိုက်ကြတယ်။ ဒါမှမဟုတ် အစိုးရမှာ အာဏာရှိတော့အာဏာရှိတဲ့ သူနဲ့ ပလူးပလဲလုပ်တာလည်း ဖြစ်နိုင်တယ်။ ကျောင်းသားတွေ အားပျက်အောင်လုပ်တယ်။

ဒါတွင်မကသေးဘူး။ အစိုးရက နာမည်ကျော်ပုဂ္ဂိုလ်တွေကို အသုံးပြုပြီးဖိအားပေးပြန်တယ်။ နာမည်ကျော်ပုဂ္ဂိုလ်တွေကလည်း အစိုးရကပါးစပ် ကလေးနဲ့ ကတိပေးတာကို ဟုတ်လှပြီထင်နေတယ်။ဒီအစိုးရ တသက်လုံးညစ်ပတ်လာတာကို မေ့ကုန်တယ်။ တချို့ကလည်း စစ်အာဏာရှင်နဲ့ ဒီမိုကရေစီသမားဘယ်သူတက်တက် စားသာအောင် နှစ်ဖက်ခွတဲ့သဘောနဲ့ အစိုးရအကြိုက်လိုက်ပြောတယ်။

အစိုးရဟာ ကျောင်းသားသပိတ်ကို အဲသလို နည်းမျိုးစုံနဲ့ထိုးနှက်တိုက်ခိုက်နေတာနဲ့တပြိုက်နက်တည်းမှာပဲ သပိတ်စစ်ကြောင်းရန်ကုန်ဝင်ရင် ဖြိုခွဲမယ်လို့ ခြိမ်းခြောက်ပြန်တယ်။

ဒီလိုအချိန်မှာ ပင်မသပိတ်စစ်ကြောင်းက လက်ပံတန်းအရောက်မှာချီတက်မှုကို ဆိုင်းငံ့ပေးလိုက်တယ်။ လွှတ်တော်က ဥပဒေပြဋ္ဌာန်းနိုင်အောင် အချိန်ပေးတယ်လို့ဆိုတယ်။ မိဘ၊ ပြည်သူ၊ ဆရာတွေနဲ့ ကျောင်းသားတွေကို အစိုးရက ရန်တိုက်ပေးလာလို့ မိဘ၊ ပြည်သူ၊ဆရာတွေ အမြင်ရှင်းရှင်းလင်းလင်း ကြည်ကြည်လင်လင် ဖြစ်သွားအောင် ထပ်ပြီး အချိန်ပေးလိုက်တဲ့သဘောလည်းပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါဟာ ကျောင်းသားတွေဘက်က သဘောထားကြီးမှုကို အစွမ်းကုန်လိုက်လျောပြသတာလို့ယူဆပါတယ်။

ဒါပေမဲ့ သပိတ်စစ်ကြောင်းအဲသလို ရပ်လိုက်တော့ အစိုးရက ဘာလုပ်သလဲ။ကျောင်းသားတွေဘက်က သဘောထား ပျော့ပြောင်းပြီး လိုက်လျောမှုတွေပြလာတဲ့အတွက် အစိုးရဘက်ကအပြုသဘောဆောင်တဲ့ အလုပ်တွေ လုပ်လာပါသလား။

မလုပ်ပါဘူး။ တကယ်လုပ်လာတာက အဲဒါတွေနဲ့ ဆန့်ကျင်ဘက်တွေပါ။

ကျောင်းတွေမှာ သပိတ်ဆန့်ကျင်ရေး၊ အမျိုးသားပညာရေး ဥပဒေမူကြမ်းအသစ်ကိုဆန့်ကျင်ရေးတွေ အတုအယောင်ဆန္ဒပြပွဲတွေ လုပ်တယ်။ ဒီပွဲတွေကိုကြည့်လိုက်ရင် ပြီးခဲ့တဲ့စစ်အစိုးရ သက်တမ်းတလျှောက်လုံးမှာ သေနတ်ကို တဘက်က ထောင်ပြထားပြီး ခြိမ်းခြောက်ပြုလုပ်ခဲ့တဲ့ကြံ့ဖွတ်အသင်းကြီးရဲ့ အတုအယောင်လူထုဆန္ဒပြပွဲတွေနဲ့ ဘာမှ မထူးတာကို မြင်ရတယ်။ ဘယ်လိုပဲပုဆိုးတွေဝတ်ပြီးခေါင်းပေါင်းတွေပေါင်းထားပေမယ့် စစ်အာဏာရှင်ဟာ စစ်အာဏာရှင်ပါပဲလားလို့အများပြည်သူအတွက် အမှတ်ရစရာဖြစ်ပါတယ်။

ဒဂုန်တက္ကသိုလ်မှာ ဆိုရင် ကျောင်းသားတွေကို မလိမ့်တပတ်လိမ်ညာပြီးခန်းမထဲစုခေါ်လာတယ်။ အခန်းထဲရောက်တော့မှ သပိတ်ဆန့်ကျင်ရေးကို အာဏာပိုင်တွေကခိုင်းလို့သူရဲဘောနည်းတဲ့ ဆရာ၊ဆရာမတချို့က ဦးဆောင်စီစဉ်တာဖြစ်နေမှန်း သိကြရတယ်။ သပိတ်ဘက်က ရပ်တည်တဲ့ကျောင်းသားတွေ တက်ဟောပြောလို့ သူတို့သပိတ်ဆန့်ကျင်တဲ့ပွဲ အရှက်ဗြန်းဗြန်းကွဲခဲ့ရတယ်။သိက္ခာမဲ့တဲ့ ဆရာတွေလည်း အာဏာပိုင်နဲ့ ရောပြီး အရှက်ကွဲခဲ့တယ်။ မော်လမြိုင်မှာလည်း ဒီလိုပဲလုပ်ဖို့ပြင်ဆင်တော့ ကျောင်းသားတယောက်က ဖွင့်ချပြန်တယ်။ ကျောင်းသားတွေကို ဟိုယောင်ယောင်သည်ယောင်ယောင်အကြောင်းပြပြီး မလိမ့်တပတ်နဲ့ ခန်းမထဲရောက်အောင် ခေါ်တယ်။ အထဲရောက်မှ သပိတ်ဆန့်ကျင်ရေးပွဲခေါင်းစဉ်တပ်ဖို့ ကြိုးစားတယ်။

ရေဆင်းမှာလည်း သစ္စာမဲ့တဲ့ ပါမောက္ခချုပ်က အာဏာပိုင်တွေနဲ့ပေါင်းပြီးဆရာတွေကို ခြိမ်းခြောက်လက်မှတ် ထိုးခိုင်းတယ်။ သပိတ်ဆန့်ကျင်ရေးစာထုတ်တယ်။

ဒါတွေဟာ ကျောင်းသားသပိတ်ဘက်က အလျှော့ပေးလာလို့ သူတို့ဘက်ကရောင့်တက်လာတဲ့ လုပ်ရပ်တွေပဲ။ ပြီးခဲ့တဲ့တလျှောက်လုံးကို ပြန်ကြည့်ပါ။ ကျောင်းသားတွေညီညွတ်ရင်အစိုးရ မျက်လုံးပြူးပြီး အတင်းဆွေးနွေးတယ်။ ပါးစပ်ကတိတွေ အတင်းပေးတယ်။ အဲသလိုကတိပေးလိုက်လို့ ကျောင်းသားတချို့ တွေဝေယိမ်းယိုင်သွားရင် နိုင်ငံရေးခေါင်းဆောင်တွေ တွေဝေယိမ်းယိုင်သွားရင်အစိုးရညစ်တယ်။ အဲသလို တောက်လျှောက်ကျင့်သုံးလာတာကို တွေ့ရမယ်။

သပိတ်အားလျော့လာတယ်ထင်တော့ ၁၆ ရက်နေ့မှာ လွှတ်တော်ကို ဥပဒေကြမ်းတင်ပေးပါမယ်ကတိပေး ထားပြီး တင်မပေးဘူး။ ၁၇ ရက်လည်း တင်မပေးဘူး။ အချိန်ဆွဲတယ်။ လွှတ်တော်ထဲက လူတွေကမဘသ ကမကြိုက်လို့ မလွယ်တော့သလိုလိုတွေ ပြောလာတယ်။ လွှတ်တော်ထဲရောက်လာရင် ချက်ချင်းအတည်ပြုပေးပါမယ်ပြောတဲ့ လှဆွေကိုယ်တိုင်က လွှတ်တော်က အတည်ပြုဖို့ မလွယ်တော့ဘူးလို့ ဗလောင်းဗလဲပြော တယ်။

ဥပဒေကို သတင်းစာထဲမှာ ဖော်ပြတော့လည်း ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်း၊ဦးအောင်မှိုင်းဆန်း တို့ ရေးဆွဲတဲ့ ဥပဒေလို့ တလွဲဖော်ပြတယ်။ လေးပွင့်ဆိုင်ညှိနှိုင်းပြင်ဆင်ပြီးမှသူတို့သဘောတူပါတယ်လို့ ပြောခဲ့ တဲ့မူကြမ်းကို လေးပွင့်ဆိုင် သဘောတူထားတဲ့ ဥပဒေလို့မပြောဘဲ ဗလောင်းဗလဲလုပ်တယ်။ ဒါဟာ ဆိုးယုတ်တဲ့ အကြံအစည်နဲ့ အများပြည်သူ အထင်မြင်လွဲချော်အောင်ဖော်ပြခြင်း (misleading) လုပ်ခြင်း ဖြစ်တယ်။

လေးပွင့်ဆိုင်ဆွေးနွေးစဉ်တုန်းက ကျောင်းသားတွေကို သွေးခွဲချင်တဲ့ဆန္ဒပြင်းပြနေတော့သူတို့ရေးလာတဲ့ ဥပဒေကြမ်းကို ကျောင်းသားတွေက ဆွေးနွေးရအောင်ပါ ပြောတာကိုတောင် အချိန်ကြာမှစိုးလို့မဆွေးနွေး တော့ပါဘူး။ သဘောတူရုပ်သိမ်းပါတယ်ပြောခဲ့ပြီးကာမှ အဲဒီသဘောတူရုပ်သိမ်းခဲ့တဲ့မူကိုသတင်းစာထဲမှာ ဖော်ပြ ပြန်တယ်။ ဒီလုပ်ရပ်ကို စဉ်းစားကြည့်ပါ။ အစိုးရမှာ ရိုးသားတဲ့ သဘောထားရှိမရှိသိနိုင်မှာ ဖြစ်ပါတယ်။ စောစောက သဘောကောင်းချင်ယောင်ဆောင်ထားတာဟာ ယုတ်မာဖို့ အကြံအစည်သာဖြစ်ကြောင်းပေါ်လွင်လာတယ်။

ဒီကြားထဲမှာပဲ လခလေး သုံးသောင်းတိုးတောင်းမိတဲ့ အလုပ်သမားတွေကိုရက်ရက်စက်စက် ရိုက်နှက် ဖြိုခွဲလိုက်ပြန်တယ်။ ဒါဟာလည်း တချက်ခုတ် နှစ်ချက်ပြတ်လုပ်ရပ်ပဲဆိုတာကိုအားလုံးနားလည်နိုင်တယ်။ အလုပ်သမားတွေကို ကျောင်းသားတွေနဲ့ မပေါင်းရဲအောင် ဖိနှိပ်နှိမ်နင်းတာလည်းဖြစ်တယ်။ ကျောင်းသားတွေ ကြောက်အောင် ခြောက်လှန့် ဖြိုခွဲပြတာလည်း ဖြစ်တယ်။

ဒါတွေအားလုံးကို ခြုံငုံကြည့်ရင် အစိုးရဘက်က နှုတ်ကပေးတဲ့ကတိတွေအားလုံးကိုတခုမှ မတည်ဘူးဆိုတာ တွေ့ရမယ်။ အစိုးရဘက်ကလုပ်နေတဲ့ လုပ်ရပ်တွေဟာ တခုမှ မရိုးသားဘူးဆိုတာတွေ့ရမယ်။ အစိုးရရဲ့ ဆွေးနွေးရေးဟာ ယုံကြည်စရာ မရှိဘူးဆိုတာတွေ့ရမယ်။

အစိုးရဟာ ကျောင်းသားအချင်းချင်း ၊ ကျောင်းသားနဲ့ ဆရာ၊ ကျောင်းသားနဲ့သံဃာကို ရန်တိုက်ပေးဖို့ ကြိုးစားနေတယ်။

အစိုးရဟာ ကျောင်းသား၊ ပြည်သူ၊ အလုပ်သမား အားလုံးကို ရန်သူလိုသဘောထားနေတယ်။ အစိုးရမှာ သေနတ်ရှိတယ်။ ကျနော်တို့မှာ စည်းလုံးညီညွတ်မှု အင်အားပဲရှိတယ်။အားလုံးညီညွတ်ကြပါ။ မညီညွတ်ရင် အားလုံးကို အစိုးရက အကောက်ကြံပါလိမ့်မယ်။ သူတို့နဲ့ပြေလည်တဲ့သူ သူတို့ဘက်က လိုက်ပြောပေးတဲ့သူမို့ ချမ်းသာပေးလိမ့်မယ်မထင်ပါနဲ့။ အစိုးရဘက်ကရန်ငါပြတ်ပါတယ်။

တချိန်တုန်းကလည်း အစိုးရဟာ ကျောင်းသားတွေကို ဗကသနဲ့ မကသ သွေးခွဲခဲ့ဖူးတယ်။ဗကသက ပြတ်သားတယ်။ အစိုးရကို မယုံကြည်ဘူး။ မကသက အစိုးရနဲ့ စေ့စပ်ပြီး ကျောင်းသားသမဂ္ဂကိုအစိုးရလက်အောက်မှာ အစိုးရပေးတဲ့ အထောက်အကူနဲ့ ဖွဲ့ဖို့ လုပ်ခဲ့ဖူးတယ်။ နောင်တချိန်အစိုးရက အင်အားသုံးပြီး အကြမ်းဖက်နှိမ်နင်းတော့ မကသ ကသူတို့နဲ့ အဆင်ပြေလိုက်လျောလို့ဆိုပြီးချမ်းသာမပေးခဲ့ပါဘူး။ မကသရော ဗကသရော အားလုံးကို ရက်ရက်စက်စက် နှိပ်စက်ညှင်းပန်းခဲ့တယ်။အခုလည်း အစိုးရက ရက်ရက်စက်စက်လုပ်တဲ့အခါ ပြတ်သားတဲ့ ဗကသပဲ ခံကြရမယ်၊ ပျော့ပြောင်းတဲ့ကျောင်းသားတွေကိုတော့အစိုးရက ချမ်းသာပေးမယ်လို့များထင်ရင် အမှားကြီးမှားပါလိမ့်မယ်။

အစိုးရဟာ ကျောင်းသားအားလုံးကို ရန်သူလို သဘောထားပြီး အပျော့အမာနည်းမျိုးစုံသုံးပြီးအစွမ်းကုန် ဖြိုခွဲနေတာသာဖြစ်တယ်။ ကျောင်းသားအချင်းချင်း၊ ရဲဘော်အချင်းချင်း ကျောချင်းကပ်ပြီးစည်းစည်းလုံးလုံးနဲ့ ရင်ဆိုင်နိုင်မှ အနိုင်ရပါလိမ့်မယ်။ မတွေဝေပါနဲ့။ အစိုးရဟာ ရန်သူဖြစ်တယ်။အစိုးရဟာ သူအကွက်ကောင်းရရင် ကျောင်းသားတွေကို သတ်ဖို့ ထောင်ချဖို့ ဝန်မလေးသူဖြစ်တယ်။ဒါကို သံသယဖြစ်ပြီး အစိုးရကတော့ သဘောကောင်းရှာသား၊ ငါ့သူငယ်ချင်းကျောင်းသားတွေက သဘောထားတင်းမာနေတာများလားလို့ ထင်လိုက်မိတာနဲ့ တပြိုင်နက်မှာ ကိုယ့်အသက်ကို တဝက်သူပိုင်သွားပြီလို့သာ မှတ်လိုက်ပါ။

အခုချိန်ထိ အစိုးရက လက်တွေ့ လိုက်လျောထားတာဆိုလို့ မြူတမှုန်မှလက်ဆုပ်လက်ကိုင်မရှိသေးပါဘူး။ အစိုးရရဲ့ တကယ့် အတွင်းသဘော အနှစ်သာရဟာ တောခွေးတကောင်လိုသားကောင်ကို လှည့်ပတ်ချောင်းမြောင်းနေတာသာ ဖြစ်တယ်။

နောက်တခုသတိထားကြရမှာက အခု ဒီလှုပ်ရှားမှုကြီးဟာ သေးငယ်တဲ့လှုပ်ရှားမှု မဟုတ်ဘူး။ နောင်တချိန်သမိုင်းမှာ ၁၃၀၀ ပြည့်အရေးတော်ပုံလောက်ကြီးမားတဲ့သမိုင်းအဖြစ်အပျက်ကြီးတခုအနေနဲ့ သမိုင်းဝင် မှတ်တမ်းတင်လာရမှာ ဖြစ်တယ်။ အခုဒီအရေးတော်ပုံကြီးပြီးဆုံးတာနဲ့တပြိုင်နက်မှာလည်း မှတ်တမ်းမှတ်ရာတွေ အသီးသီးပေါ်ထွက်လာလိမ့်မယ်။ ဒီအရေးတော်ပုံကာလအတွင်းမှာမရိုးသားတဲ့သူတွေ၊ သိက္ခာမဲ့တဲ့သူတွေ၊ ကြောက်ဒူးတုန်တဲ့သူတွေဟာ သမိုင်းမှာ မှတ်တမ်းတင်ခံရလိမ့်မယ်။ဂဠုန်ဦးစောကြောင့် သားသမီးမြေးမြစ်တွေအထိ အရှက်ရသလို အရှက်ရကြရလိမ့်မယ်။ သူရဲကောင်းတွေအတွက်လည်းသားသမီးမြေးမြစ်တွေအထိ ဂုဏ်ယူကြလိမ့်မယ်။ ဒါဟာ ကိုယ့်သမိုင်းကိုယ် ရေးထိုးနေကြတာဆိုတာကိုမမေ့ပါနဲ့။ အစိုးရဖိအားပေးလို့ ပါမောက္ခချုပ်ကို ကြောက်လို့ လက်မှတ်ရေးထိုးရတဲ့သူတွေလက်မှတ်မထိုးခင်မှာ သေသေချာချာ စဉ်းစားကြပါ။ နောင်သမိုင်းစာအုပ်ထဲအထိ ကိုယ့်လက်မှတ်ပါသွားမယ်ဆိုတာကိုမမေ့ပါနဲ့။ ကျောင်းသားတွေကို အော်ဟစ်ပြောဆိုကြတဲ့ ဆရာဆရာမတွေ၊ သမိုင်းရေစီးကို ဆန့်ကျင်ကြတဲ့ဆရာဆရာမတွေလည်း အခုထွက်လာတဲ့ ဗီဒီယိုမှတ်တမ်းတွေဟာ သမိုင်းဝင်မှတ်တမ်းတွေ အဖြစ်နဲ့စာကြည့်တိုက်ထဲမှာ မပျောက်မပျက်ကျန်ရစ်နေခဲ့မယ်ဆိုတာ သတိပြုကြစေချင်ပါတယ်။ နောင်တချိန်မှာကိုယ့်သားသမီးမြေးမြစ်တွေက ဒီမှတ်တမ်းတွေကို မြင်တိုင်း အရှက်ရနေမယ့် အဖြစ်မျိုးကိုဖြစ်စေချင်သလား ဆိုတာကို စဉ်းစားပြီးမှ ပြောကြဆိုကြစေချင်ပါတယ်။

အခုအစိုးရရဲ့ လုပ်ရပ်တွေကို သပိတ်အစကနေ အခုချိန်အထိ ပြည်လည်သုံးသပ်ရင်အစိုးရဟာ ဘာကိုမှ လိုက်လျောချင်တဲ့ ဆန္ဒမရှိဘဲ အားလုံးဟာ ပရိယာယ်သာဖြစ်ကြောင်း၊ ကျောင်းသားတွေကိုဖြိုခွဲနှိမ်နင်းဖို့သာ ကြံစည်နေကြောင်း သိပ်ထင်ရှားနေပါတယ်။

ဒါပေမဲ့ ကျောင်းသားတွေဘက်က ထောက်ခံတဲ့အင်အားနည်းမှသာ သူတို့ဒီလိုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသားတွေအားလုံး စည်းစည်းလုံးလုံးရှိကြပြီး၊ ပြည်သူ၊အလုပ်သမား၊ ဝန်ထမ်း၊ လယ်သမား အားလုံး ညီညီညာညာ ဝိုင်းရံထားရင် အစိုးရဘာမှလုပ်လို့ မရပါဘူး။ဇွတ်တိုးလုပ်ရင် ၂၀၁၅ ရွေးကောက်ပွဲပျက်မယ်။ ဒါမှမဟုတ် ၂၀၁၅ မှာ သူတို့ မဲတပြားမှ မရဘဲခွေးလုံးလုံးဖြစ်မယ်ဆိုတာ သူတို့သိပါတယ်။

ကျောင်းသားတွေရဲ့ ကံကြမ္မာ၊ တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာကိုကောင်းအောင်လုပ်နိုင်မယ့် တခုတည်းသော နည်းလမ်းဟာ ပြည်သူလူထုကြီးတရပ်လုံးစည်းစည်းလုံးလုံးနဲ့ကျောင်းသားတွေကို ဝန်းရံတဲ့ နည်းတနည်းသာ ရှိပါတယ်။ တနိုင်ငံလုံး ကျောင်းသားတွေကို ထောက်ခံကြပါ။ရန်ကုန်တမြို့လုံးမှာရှိတဲ့ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်းနဲ့ ပြည်သူတွေအားလုံး ကျောင်းသားတွေကိုဝိုင်းရံကြပါ။ ဒါဟာ ကိုယ့်ရင်သွေးကျောင်း သားတွေရဲ့ ကံကြမ္မာဖြစ်ရုံသာမက၊ နိုင်ငံသားအားလုံးရဲ့ကံကြမ္မာလည်း ဖြစ်ပါတယ်။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

No comments: