Monday, December 29, 2014

လှည့်ကွက်တွေကို သတိထား

ဆိုရေးရှိကဆိုရပါတော့မည်။ ရေးရေးရှိကရေးရပါတော့မည်။ လူအများကြိုက်နှစ်သက်ချင်မှကြိုက်မည်၊ သို့သော် အမှန်တရားတခုကို ထောက်ပြပါရစေခင်ဗျား။ အကြောင်းကတော့ ဆင့်ပွားတွေးခေါ်မှုမှ စသည်။ ဘာကိုဆင့်ပွားတွေးခေါ်မိသနည်းဟူမူ စာရေးဆရာထင်လင်းဦးကို တရားစွဲခြင်းမှ စသည်။ အများသိကြသည့်အတိုင်း ဖြစ်စဉ်မှာ ၂၀၁၄ အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်ပြုလုပ်ခဲ့သော ဦးဝိစာရနေ့အထိမ်းအမှတ် စာပေဟော ပြောပွဲတွင် စာရေးဆရာထင်လင်းဦးဟောပြောခဲ့သည့် ဟောပြောချက် အချို့မှာ ဘာသာသာသနာညှိုးနွမ်းမှုကို ဖြစ်ပေါ်သည်ဟုဆိုကာ ချောင်းဦး မြို့နယ်လ၀ကဦးစီးမှူးက တရားလိုပြုလုပ်၍ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-က၊ ၂၉၈ တို့ဖြင့် ချောင်းဦးမြို့နယ်တရားရုံး၌ တရားစွဲခဲ့သောအမှု ဖြစ်သည်။ ထိုအမှုကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် စတင်တရားစွဲခဲ့ပြီး စာရေးဆရာ ဆရာထင်လင်းဦးအား ထုချေရှင်းလင်းရန် လာရောက်စေလို သည်ဟုခေါ်ပြီး တရားခွင်သို့ရောက်သောအခါ အာမခံလျှောက်လွှာတွင် အချက်အလက်များဖြည့်ခိုင်းကြောင်း ထို့နောက် အာမခံလျှောက်ထားသော အကြောင်းအရာသည် ခိုင်မာမှုမရှိဟု တရားသူကြီးက ဆုံးဖြတ်ကာ ထင်လင်းဦးအား ချက်ချင်းလက်ထိပ်ခတ်ဖမ်းချုပ်၍ မုံရွာအကျဉ်းထောင်သို့ ပို့ခဲ့သောဖြစ်စဉ် ဖြစ်သည်။ ဤနေရာ၌ ကျွန်တော်သည် ထင်လင်းဦး ဘက်က ဘက်လိုက်ကာကွယ်ရေးသားနေခြင်းမဟုတ်ပေ။ ဥပဒေအတိုင်း မျှတစွာဆောင်ရွက်မည်ဆိုပါက ထင်လင်းဦးကို တသက်တကျွန်းထောင် ဒဏ်ချလည်း ဘာမှဝင်ပြောနေစရာမရှိပေ။ သို့သော် လုပ်နေကိုင်နေကြ သည်မှာ ရိုးမှရိုးရဲ့လား။ ထိုအမှုနောက်ကွယ်တွင် မြှုပ်ကွက်တွေ၊ လက်ဝါးချင်းရိုက်ထားတွေ ရှိနိုင်သလိုဖြစ်နေမှုကိုသာ အဓိကထားပြောလိုရင်း ဖြစ်သည်။ စာရေးဆရာထင်လင်းဦးကိုစွဲဆိုထားသော ပုဒ်မ ၂၉၅-က သည် ဥပဒေတွင် ဤသို့ပါရှိ၏။

၂၉၅-က။ ။ ပြည်ထောင်စုနိုင်ငံတော်တွင်နေထိုင်သော လူတစား၏ ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင်မသမာသော အကြံဖြင့်မည်သူမဆို စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ ထိုလူတစားကိုးကွယ်သည့်ဘာသာ သာသနာကို သော်၎င်းင်း၊ ဘာသာသာသနာရေးယုံကြည်မှုကိုသော်၎င်းင်း၊ စော်ကားလျှင်၊ သို့တည်းမဟုတ် စော်ကားရန်အားထုတ်လျှင်၊ ထိုသူကို နှစ်နှစ်အထိ ထောင် ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟု ဖော်ပြထားသည်။ ထိုဥပဒေကိုပင် အင်္ဂလိပ်ဘာသာဖြင့် ဤသို့ရေး ထား၏။

295 A . Whoever,with deliberate and malicious intention of outraging the religious feeling of any class of (persons resident in the Union ) by words, either spoken or written ,or by visible representations, insults or attempts to insult the religion or the religious beliefs of that class, shall be punished with imprisonment of either description for a term which may extend to two years ,or with fine ,or with both.

ထို့ကြောင့် ဤအမှုဖြင့်စွဲဆိုခံရသောအခါ တရားခံသည်အပြစ်ရှိ မရှိကို အဓိကဆုံးဖြတ်ရမည်မှာ တမင်မသမာသောအကြံဖြင့်ဟူသော ကြိယာဝိသေသန ဖြစ်သည်။ အပြစ်ရှိခြင်းမရှိခြင်းကို တမင်မသမာသော အကြံဖြင့်ပြုလုပ်ခြင်း ဟုတ်မဟုတ်။ အင်္ဂလိပ်လို with deliberate (တမင်ကြိုတင်ကြံစည်မှုဖြင့်) and malicious intention (ထိခိုက်နစ်နာစေလိုသောရည်ရွယ်ချက်ဖြင့်)ရှိမရှိဟူသော စကားလုံး၏ အဖြေက ရှင်းချက်ထုတ်မည်။ ထင်လင်းဦးတွင် တမင်မသမာသော ရည်ရွယ်ချက် ရှိ မရှိဆိုသော အကြောင်းခြင်းရာ ပြဿနာကိုအဓိကထား စစ်ဆေး ဆုံးဖြတ်ရမည်ဖြစ်သည်။ ထင်လင်းဦးသည် ဗုဒ္ဓသာသနာတော်ကြီးညှိုးနွမ်း ပျက်စီးစေရန်၊ ဗုဒ္ဓဘာသာဝင်များ၏ ဘာသာရေးစိတ်ကိုနာကြည်းစေရန် တမင်မသမာသောစိတ်အကြံဖြင့် လုပ်ဆောင်ကြောင်း သက်သေထင်ရှား တွေ့လျှင် ထောင်ဒဏ်နှစ်နှစ်ထက်မပိုသောဒဏ်ကို ချမှတ်ရမည်ဖြစ်သည်။ ထိုအကြံဆိုးမရှိဘဲ သဘောရိုးဖြင့်ပြောခဲ့သည်ဆိုခြင်းအား တွေ့ရှိလျှင် ဒဏ်ငွေလောက်နှင့်ပဲ ပြီးရမည့်အမှုဖြစ်သည်။ ထိုသို့မဟုတ်ပါဘဲ တရားသူကြီးအပေါ် ကျရောက်နေသော မမြင်နိုင်သည့် ဖိအားများရှိသည်ဆိုပါက အမြင့်ဆုံးထောင်ဒဏ်နှစ်နှစ်အပြင် ငွေဒဏ်ပါချမှတ်ပါလိမ့်မည်။ ဤ ဆောင်းပါးရေးသားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စာရေးဆရာ ထင်လင်းဦးကို ကာကွယ်လိုရင်းမဟုတ်၊ တရားသူကြီးထံတွင် ကျရောက် ကောင်းကျရောက်နေမည်ဖြစ်သော မမြင်ရသည့်ဖိအားများကို ဆန်းစစ်ဝေဖန်ကြည့်လိုခြင်းဖြစ်သည်။

သာမန်အားဖြင့် ရာဇ၀တ်မှုဖြစ်စေ၊ တရားမမှုဖြစ်စေ အမှုတခု ဖြစ်သောအခါ တရားလိုအဖြစ် စတင်တိုင်ကြားအမှုစွဲဆိုသူသည် အမှုနှင့် တိုက်ရိုက်ပတ်သက်သူသာ များပေသည်။ မောင်လှက၊ မောင်မြကိုသတ်မှုတွင် အသတ်ခံရသူ မောင်မြ၏ ဇနီး၊ ဆွေမျိုး၊ မိသားစုက တရားလို လုပ်အမှုဖွင့်ရပေမည်။ မောင်မြအသတ်ခံရမှုတွင် တိုက်ရိုက်မသက်ဆိုင်သော မောင်ဖြူက လာရောက်တိုင်ကြားအမှုဖွင့်ခြင်းမှာ အမှုစတင်တည် ဆောက်ပုံကပင် လွဲနေပါသည်။ ထင်လင်းဦးအမှုတွင် ထင်လင်းဦးသည် ဗုဒ္ဓဘာသာဝင်များ စိတ်ထိခိုက်အောင်ပြောဆိုခဲ့သည်ဟု ယုံကြည်ပါက ဗုဒ္ဓဘာသာတွင် သံဃာတော်များရှိပါသည်။ သံဃာတော်များ၏ အဆင့် အမြင့်ဆုံး သံဃနာယကအဖွဲ့ရှိပါသည်။ သံဃာနာယကဆရာတော်များ သည် သက်တော်ကြီးရင့်သဖြင့် လောကီအမှုအခင်းများတွင် မပါဝင်လိုပါက မြို့နယ်သံဃနာယဆရာတော်များရှိပါသည်။ ချောင်းဦးမြို့နယ် သံဃနာ ယကဆရာတော်တပါးပါးက တရားလိုလုပ်၍တရားစွဲသင့်ပေသည်။ သံဃာတော်များသည် တရားတပေါင်ကိစ္စများတွင် မပါဝင်လိုပါက သာသနာရေးကို နိုင်ငံတော်မှ လစာနှင့်ချီးမြှင့်ငွေများ လက်ခံရယူကာဆောင်ရွက်နေ သော သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူအရပ်သားအရာရှိတဦးဦးက တရားလိုလုပ် တရားစွဲဆိုရပေမည်။ ချောင်းဦးမြို့နယ်တွင်မြို့နယ် သာသနာရေးဦးစီးဌာနဟူ၍ မဖွင့်လှစ်သေးပါက စစ်ကိုင်းတိုင်းသာသနာရေးဦးစီးဌာနမှ တာဝန်ခံပုဂ်္ဂိုလ်တဦးက တရားလိုလုပ်တရားစွဲသင့်ပေသည်။ ထိုသို့ရှည်ရှည်ဝေးဝေးမသွားလိုလျှင် ချောင်းဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးမှ တာဝန်ယူတရားစွဲရပေမည်။ ယခုတော့ ထိုသို့မဟုတ်။ တရားစွဲသော တရားလိုမှာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လ၀က) ဦးစီးမှူး ဖြစ်နေသည်။ လ၀ကနှင့် ဘာသာရေးကိစ္စသည် မည်သို့သက်ဆိုင်နေသလဲ စဉ်းစား၍ မရပေ။ စွပ်စွဲခံရသူသည် မှတ်ပုံတင်အတုကိုင်ထား၍ လ၀ကဦးစီးမှူးပါဝင်လာသလော၊ တရားဝင် ဗီဇာမပါဘဲ ထင်လင်းဦးသည် ချောင်းဦးမြို့နယ်သို့ရောက်လာသဖြင့် လ၀ကမှ အမှုဖွင့်သလော။ လ၀ကအနေဖြင့် အဓိကလုပ်ရမည်မှာ ၁၈ နှစ်ပြည့်ပြီးသောနိုင်ငံသားများ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများ မြန်မြန် ဆန်ဆန်လွယ်လွယ်ကူကူရရှိရေးဖြစ်သည်။ မှတ်ပဲတင်မပါဘဲ ခိုးဝင်လာသော ဘင်္ဂါလီများ၊ တရုတ်နိုင်ငံသားများကို ပိုက်စိတ်တိုက်လိုက်လံရှာဖွေ ဖမ်းဆီးရန်ဖြစ်သည်။ လ၀ကဦးစီးမှူးများ သာသနာရေးပါ တွဲကိုင်ထားရခြင်းဖြစ်လျှင်သော်မှ မိမိဆုံးဖြတ်ချက်ဖြင့် တရားစွဲသည်လား၊ အထက်မှညွှန်ကြား၍ စွဲသလားဆိုတာ သိလိုပေသည်။ ကိုယ့်ဌာနနှင့် တိုက်ရိုက် မသက်ဆိုင်သောအမှုတခုအတွက် လ၀ကဦးစီးမှူး၏ မူလတာဝန်များ ပျက်ကွက်လစ်ဟင်းမှု မဖြစ်သင့်ပါပေ။ မြန်မာနိုင်ငံတွင် အထက်မှညွှန်ကြားချက်တစုံတရာမရှိဘဲ မြို့နယ်အဆင့် နိုင်ငံ့ဝန်ထမ်းတယောက်အနေဖြင့် ဤကဲ့သို့ ကြီးမားသောကိစ္စတခုတွင် ၀င်မပါရဲပါ။ ၀န်ထမ်းများသည် အထက်မှညွှန်ကြားချက်မရပါက သူတို့ရုံးကို ဓာတ်ပုံရိုက်တာပင် ခွင့်ပြုချင်သော လူများမဟုတ်ပါ။ ယခုလို မီဒီယာရှေ့တွင် ပေါ်ပေါ်ထင်ထင်ထွက်၍ ရပ်ပြရဲသော လ၀ကမြို့နယ်ဦးစီးမှူး ဦးဦးထွန်းခိုင်အနေဖြင့် နေပြည်တော်မှ မီးစိမ်းပြပြီးဖြစ်မည်ဟု ယုံကြည်ပါသည်။ နေပြည်တော်၏ညွှန်ကြားချက်ကို မြို့နယ်လ၀ကအရာရှိက ကိုယ်စားဆောင်ရွက်ပေးနေသော သဘောဟုသာ ယူဆရပါ၏။

ထင်လင်းဦးပြောကြားခဲ့သောစကားအချို့မှာ အလွန်အကျူး ပြောကြားချက်များ၊ ၀ိဝါဒကွဲစရာများ၊ မခံချင်စရာ အစွန်းရောက်စကားများ ပါဝင်ကောင်းပါဝင်နိုင်ပါသည်။ ထိုသို့ပြောကြားမှုများသည် ကိုယ့်မိတ်ဆွေအချင်းချင်း လက်ဘက်ရည်ဆိုင်တွင်ပြောကြားသော စကားဖြစ်ပါက ကိစ္စမရှိပါ။ လေထဲလာ၍ လေထဲမှာပျောက်သွားပေမည်။ သို့သော် စင်ပေါ် တက်ဟောပြောသော စာရေးဆရာတယောက်။ အထူးသဖြင့် အစိုးရက တိုက်ခိုက်ပြစ်တင်ရန် အမြဲအကွက်ချောင်းခံနေရသည့် အတိုက်အခံပါတီကြီးတခု၏ ဗဟိုပြန်ကြားရေးတာဝန်ခံတဦးအနေဖြင့် ထိုသို့ မပြောသင့်ပေ။ သို့သော် ကျွန်တော်စဉ်းစားမိသည်မှာ ထင်လင်းဦးသည် ရဟန်းသံဃာတော်များကို စော်ကားခဲ့သည်ဆိုပါက သူ၏စော်ကားမှုမှာ ၀စီကံဖြင့် ပြောကြားရုံပဲရှိခဲ့ပါသည်။ စော်ကားရာ ရောက်မရောက်ကိုတော့ တရားရုံး ဆုံးဖြတ်ချက်ထွက်လာမှသိပေမည်။ အကယ်၍ စော်ကားသည်ဟု ဆုံးဖြတ်ခဲ့လျှင်တောင် ပါးစပ်ပြောစကားဖြင့် ပြောခဲ့တာပဲရှိသည်။ ထင်လင်းဦး ထက် ပြောင်ပြောင်တင်းတင်း ကာယကံ၊ ၀စီကံ၊ မနောကံများဖြင့် သံဃာကို ကိုယ်ထိလက်ရောက်စော်ကားသူများကို ယခင်က အရေးယူခဲ့သော မှတ်တမ်းများကိုအနည်းငယ် ငဲ့စောင်းကြည့်မိပါသည်။ အနီးစပ်ဆုံးသည် ရန်ကုန်မြို့တွင်ဖြစ်ပွားခဲ့သော မဟာသန်္တိသုခကျောင်းတော်ကြီး ပိုင်ဆိုင်မှုအငြင်းပွားရာတွင် လက်နက်မဲ့သံဃာတော်များ သီတင်းသုံးရာကျောင်းတိုက်သို့ ညကြီးအချိန်မတော် လက်နက်ကိုင်လုံခြုံရေး တပ်သားများ၊ ဝေါ်ကီတော်ကီကိုင်ထားသော ရဟန်းများဖြင့် ၀င်ရောက်စီးနင်း တိုက်ခိုက်ခြင်း၊ လန်ဒန်ဆရာတော်နှင့်တပည့်ရဟန်းများကို အဓမ္မကား ပေါ်တင်ဖမ်းဆီးသွားပြီး ကာယကံရှင်၏ဆန္ဒမပါဘဲ အတင်းအဓမ္မ အင်အားသုံးလူဝတ်လဲစေတာ၊ အင်းစိန်ထောင်သို့ပို့လိုက်တာရော ဘာသာသာသနာညှိုးနွမ်းစေမှု မဟုတ်ဘူးလား။ ထိုအမှုတွင် အဓိကလုပ်ဆောင် ခဲ့ကြသူများကိုရော တာမွေမြို့နယ် လ၀ကဦးစီးမှူးက တရားမစွဲဘူးလား။ သံဃနာယကမှ တာဝန်မပေးဘူးလား။ ထိုမဟာသန်္တိသုခကျောင်းသို့ ညအချိန်သူပုန်စီးသလိုဝင်ရောက် ဖမ်းဆီးခြင်းသည် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၉၅-က တွင်ပါဝင်သော။ ပြည်ထောင်စုနိုင်ငံတော်တွင် နေထိုင်သော လူတစား၏ ဘာသာရေးစိတ်ကိုနာကြည်းစေရန် ဆောင်ရွက်သော အပြုအမူ မဟုတ်ဘူးလား။ ပီနန်ဆရာတော်၊ လန်ဒန်ဆရာတော်၊ သံဃမဟာနာယကဘက်ကရော ဘယ်ဘက်မှမပါသည့်တိုင် ဗုဒ္ဓဘာသာဝင် တယောက်အနေဖြင့် ကျွန်တော်အပါအ၀င်လူတော်တော်များများ၏ ဘာသာရေးစိတ်(ဗုဒ္ဓဘာသာရဟန်းတော်များကိုစော်ကားသဖြင့် စိတ်ဆင်းရဲ နာကြည်းရသောစိတ်) သည် လူအတော်များများ၏စိတ်တွင် ဖြစ်ပေါ်ခဲ့ပါသည်။ ထိုသို့လုပ်ရန်အမိန့်ပေးခဲ့သူ၊ လက်တွေ့လုပ်ဆောင်ခဲ့သူများသည် ပုဒ်မ ၂၉၅ ဖြင့် မငြိစွန်းတော့ပြီလော။ သာသနာရေးဦးစီးဌာနမှ ညွှန်ချုပ်ဦးအံ့မောင်၏ တာဝန်မဲ့ပြောကြားချက်များသည် ပုဒ်မ၂၉၅ နှင့် မငြိတော့ပြီလော။ နေပြည်တော်မှ မီးစိမ်းမပြသောအခါ တရားစွဲမည့်အဖွဲ့ လည်းမရှိ၊ တရားလို လ၀ကဦးစီးလည်းမထွက်ပေါ်၊ လန်ဒန်ဆရာတော်မှ ပြန်လည်တရားစွဲသည်ကိုပင် တရားစွဲမခံဘဲ ပယ်ချခဲ့သည်မဟုတ်ပါလား။

နောက်ထပ် သမိုင်းတင်မည့်ညစ်ကွက်မှာ မြန်မာသာမက ကမ္ဘာသို့ပါ နာမည်ဆိုးဖြင့်ကျော်ကြားသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်စဲဖို့ ငြိမ်းချမ်းစွာဆန္ဒပြနေသော လက်နက်မဲ့ ဗုဒ္ဓဘာသာ ရဟန်းသံဃာများကို လုံထိန်းများက နံနက်ဝေလီဝေလင်း အမင်္ဂလာအချိန်တွင် အကြမ်းဖက်နှိမ်နင်းခဲ့မှုဖြစ်သည်။ ထိုဖြစ်စဉ်တွင် မီးလောင်ဗုံးဟု ယူဆ ရသောဗုံးတမျိုးဖြင့် ရက်ရက်စက်စက်ဖြိုခွင်းသောကြောင့် သံဃာတော်များ ဆိုးဆိုးရွားရွားမီးလောင်ဒဏ်ရာရကာ မုံရွာဆေးရုံတွင်သာမက ထိုင်းနိုင်ငံ သို့ပါသွားရောက်ဆေးကုသခဲ့ရသည်။ သေရာပါ ဒဏ်ရာများရခဲ့သည်။ ဤကာယကံမြောက် ဗုဒ္ဓသားတော်သံဃာများကို စော်ကားမှုအတွက် နိုင်ငံတော်သည် မည်သူ့ကိုမျှ ဘာသာသာသနာ ညှိုးနွမ်းစေမှုဖြင့် တရားမစွဲခဲ့ပါ။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည်လည်းကောင်း၊ မြန်မာဝမ်ပေါင် ပေါက်ဖော်ကြီးကုမ္ပဏီသည်လည်းကောင်း၊ ရဲဝန်ထမ်း များသည်လည်းကောင်း ပုဒ်မ ၂၉၅ မှ ကင်းလွတ်ခွင့်ရခဲ့ကြပါသည်။ ပြည်သူလူထုကတော့ကျူးလွန်သူများကို အော့နှလုံးနာခဲ့ကြပါသည်။ ဘာသာရေးစိတ်ကိုနာကြည်းစေခြင်းဆိုသော အင်္ဂါရပ်မှာ လိုသည်ထက်ပင် ပိုနေပါသည်။ နာကြည်းရုံမက၊ အော့နှလုံးပင်နာပါသည်။ ထိုစဉ်က သံဃနာယကသည်လည်း တရားစွဲသည် မကြားရပါ။ ဦးအံ့မောင်လည်း ငြိမ်နေပါသည်။ လ၀ကဦးစီးမှူးလည်း ငြိမ်နေပါသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာရင့်မာကြီးတွေသာမက လူမမယ်အရွယ် ကိုရင်လေးတွေ၊ သီလရှင်လေးတွေလည်းပါပါသည်။ ထိုသူများကို စစ်ဖိနပ်ဖြင့်ကန်၊ သေနတ်ဒင်ဖြင့်ထု၊ အင်းစိန် GTI ကျောင်း ထဲမှာဖမ်းချုပ်ထား၊ စစ်ကြောရေးတွင်နှိပ်စက်၊ အချို့ကိုထောင်ချ၊ အချို့ကိုအတင်းအဓမ္မလူဝတ်လဲခဲ့ကြပါသည်။ မည်သူသည် ပုဒ်မ ၂၉၅/ ၂၉၆/ ၂၉၇/ ၂၉၈ တို့ဖြင့်အရေးယူခံရပါသလဲ။ မည်သူတစုံတဦးကို ရုံးတင်စစ်ဆေးခဲ့ပါသလဲ။ မည်သူ့ကိုအာမခံမပေးဘဲ လက်ထိပ်ခတ်ကာ အကျဉ်းထောင်သို့ပို့ဆောင်ခဲ့ပါသလဲ။ စဉ်းစားစရာကောင်းလှ၏။ ကာယကံ မြောက်စော်ကားလျှင် ပြစ်မှုမမြောက်၊ ၀စီကံမြောက်စော်ကားလျှင် ပြစ်မှုမြောက်သလိုဖြစ်နေပေ၏။

ဦးစံလင်းဆိုသော ပုဂ်္ဂိုလ်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့် မကြာသေးမီက ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူမည်ဟု လုပ်ငန်းများလုပ်ပြခဲ့သည်။ သူတရားဝင်ပြောသည့်အထဲတွင် ဗုဒ္ဓသာသနာဆိုတာရော၊ ထွက်ရပ်ပေါက်ပုဂ်္ဂိုလ်ကြီးတွေဆိုတာရော၊ နတ် နဂါးတွေဆိုတာရော၊ လူဝင်စားဆိုတာတွေရော၊ ဘိုးတော် မယ်တော်တွေရော၊ ဂမ်္ဘီရတွေရောပါဝင်၏။ ငွေကြေးအရှုပ်အရှင်းတွေလည်းပါဝင်၏။ ဗုဒ္ဓဘာသာဆိုတာ ဒီလို မရှုပ်မရှင်းတွေလားဟု ဘာသာခြားများ မေးငေါ့ စရာအလုပ်ကို ဦးစံလင်းနှင့်အဖွဲ့သည် အာဏာပိုင်များခွင့်ပြုချက်ဖြင့် ဗြောင်လိမ်ခဲ့သည်။ ထိုဦးစံလင်းကို လိမ်လည်မှုပုဒ်မ (၄၂၀)ဖြင့်အရေးယူပါ သလား။ ဘာသာသာသနာညှိုးနွမ်းစေမှုပုဒ်မ (၂၉၅)ဖြင့် တရားစွဲသလား။ ဝေးပါသေးသည်။ ဦးစံလင်းဘယ်ရောက်နေမှန်းတောင် မသိတော့။ အလှူ ငွေများ ဘယ်လိုစာရင်းချုပ်သလဲ ဘယ်သူမှမသိတော့။ ဘာသာရေး အဓိကရုဏ်းများတွင် ဗလီများကိုဖျက်ဆီးသောဒေါသဖြစ်နေသည့် လူ အုပ်ကြီးမှာလည်း ဘယ်ကရောက်လာမှန်းမသိ၊ ဘယ်ကိုပျောက်သွားမှန်း မသိအောင် လက်စလက်န ပီပြင်လှသည်။

လေကြောင်းလိုင်းတခု၏ဖွင့်ပွဲတွင် မြန်မာသံအမတ်ကြီးသည် နိုင်ငံခြားသားများနှင့်အတူ ရွှေတိဂုံစေတီပုံစံလုပ်ထားသော ကိတ်မုန့်ကို ဓားဖြင့်လှီးဖြတ်နေသည့်ပုံ အင်တာနက်တွင် ပလူပျံအောင်တက်လာခဲ့ဖူး သည်။ ကြားရမြင်ရသူအပေါင်းက စိတ်မချမ်းမသာဖြစ်ကြသည်။ ဗုဒ္ဓဘာသာမြန်မာတို့၏ အထွတ်အမြတ် ရွှေတိဂုံစေတီကြီးကို ကိတ်မုန့်လုပ်၍ ဓားဖြင့်လှီးဖြတ်ကာ စားကြသတဲ့။ ကြားရတာနဲ့တင် ကြက်သီးထစရာ ကောင်းလှသည်။ သို့သော် တရားစွဲခံရသည်ဟု မကြားမိပေ။ ပဲခူးရွှေမော် ဓောဘုရား ရင်ပြင်တော်ပေါ်အထိ ကားစီး၍တက်သော ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ်သည်လည်း ဘာသာသာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲခံ ရသည်မရှိပေ။ သာမန်လူများမီးလောင်မှုဖြစ်လျှင် အိမ်ရှင်ကို ဖမ်းဆီး အရေးယူသော်လည်း ဟိုတလောက မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အိမ်တွင် မီးလောင်သောအခါ ဟိုလိုလိုသည်လိုလိုဖြင့် ပြီးသွားပေ သည်။ မြန်မာနိုင်ငံဝယ် ဥပဒေသည် သရေကွင်းကဲ့သို့ ဆွဲ၍လည်းချဲ့ နိုင်ပေ၏။ ကျုံ့ချင်လျှင်လည်းကျုံ့နိုင်ပေ၏။

မှန်သည့်အတိုင်းရေးရလျှင် ထင်လင်းဦးအဖမ်းခံရခြင်းသည် ဘာသာသာသနာကို စော်ကားသောကြောင့်မဟုတ်။ NLD ပါတီ ဗဟို ပြန်ကြားရေးအဖွဲ့ဝင်တဦးဖြစ်နေသောကြောင့် ဖြစ်သည်။ ဟိုပါတီကြီး၏ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာထဲမှ နည်းဗျူဟာတခု မျှသာဖြစ်သည်။ ထင်လင်းဦးသည် ဦးအံ့မောင်ဖြစ်ခဲ့လျှင်။ ထင်လင်းဦး သာ ဦးစံလင်းဖြစ်ခဲ့လျှင်၊ ထင်လင်းဦးသာ ပခုက္ကူတွင် သံဃာကို ဓာတ်တိုင် ကြိုးတုပ်ထားသော မြို့နယ်အာဏာပိုင်ဖြစ်ခဲ့လျှင်၊ ထင်လင်းဦးသာ ရွှေဝါရောင်တော်လှန်ရေးတွင် လက်သံပြောင်ခဲ့သော လုံထိန်းတယောက် ဖြစ်ခဲ့လျှင်၊ ထင်လင်းဦးသာ လက်ပံတောင်းတောင်တွင် တာဝန်ကျသော ရဲတယောက်ဖြစ်ခဲ့လျှင်၊ ထင်လင်းဦးသာ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ရှယ်ယာ ရှင်ဖြစ်ခဲ့လျှင်၊ ထင်လင်းဦးသာ ဦးပိုင်လီမိတက်နှင့် အမျိုးတော်ခဲ့လျှင်၊ ထင်လင်းဦးသာ သံအမတ်ကြီးဖြစ်ခဲလျှင်။ ထင်လင်းဦးသာ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖြစ်ခဲ့လျှင် ဘာအမှုညာအမှု၊ မည်သည့်အမှုမှဖြစ်လာမည် မဟုတ်ပါ။ နိုင်ငံတော်ဘွဲ့ထူးဂုဏ်ထူးပင် ချီးမြင့်ခံရကိန်းရှိပါသည်။ ကျွန်တော်ပြောလိုသည်မှာ အမှုတခုကိုကျူးလွန်ရာတွင် ကိုယ့်ပါတီမှလူ၊ ကိုယ့်အဖွဲ့အစည်းမှလူဆိုလျှင် မသိချင်ယောင်ဆောင်မည်။ အပြစ်ကင်း ချင်ယောင်ဆောင်မည်။ ကိုယ်မလိုလားသောအဖွဲ့မှ လူကျူးလွန်တာ ဆိုလျှင် မရမကကြီးမားလာအောင်လုပ်မည်ဆိုသည့်မူဝါဒါကို ဆန့်ကျင် နေခြင်းဖြစ်ပါသည်။ အရေးယူလျှင်အားလုံးကို တပြေးညီအရေးယူစေ ချင်ပါသည်။ ကိုယ်နှင့်မတည့်လျှင်ဖမ်းမည် ကိုယ့်လူလုပ်တာဆိုလျှင် ကာကွယ်ပေးမည်ဆိုသောအကျင့်များသည် ကိုယ်ကျင့်တရားကောင်းသော နိုင်ငံသားများလုပ်ရမည့် အမူအကျင့်မဟုတ်ချေ။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ခွက်ခွက်လန်ရှုံးနိမ့်မှုကို မျက်ဝါးထင်ထင်တွေ့ရ၍ ၂၀၁၅ ရွေးကောက်ပွဲအတွက် အကြောက်ကြီး တွေးကြောက်လာသော ပါတီကြီးတခုသည် အစိုးရအားကိုးနှင့် (ယခုအခါ မြန်မာနိုင်ငံဝယ်၊ ပါတီသည် အစိုးရ၊ အစိုးရသည်ပါတီ ဖြစ်နေ၏) ၂၀၁၅ တွင် အောင်ပွဲခံရန် ကြိုတင်ကြံစည်နှပ်ကြောင်းပေးလာသည်ကို တွေ့ နေရသည်။ မြန်မာနိုင်ငံသည် ဘာသာရေးအရ အထိအခိုက်မခံနိုင်သည့် နိုင်ငံဖြစ်သည်။ ပြည်သူလူထုအများစုသည် ရိုးသားပြီး ဘာသာရေးကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ ထိုလူများ၏ထောက်ခံမှုကို ဖြတ်လမ်းနည်းဖြင့် ကြံနိုင်လျှင် ၂၀၁၅ ရွေးကောက်ပွဲတွင် အောင်နိုင် မည်ဖြစ်သည်။ ထို့ကြောင့် အတိုက်အခံ NLD ပါတီအာဏာရသွားလျှင် တိုင်းပြည်သည် မူဆလင်နိုင်ငံဖြစ်သွားမည်ဖြစ်ကြောင်း၊ NLD ပါတီ ၀င်များသည် ဗုဒ္ဓဘာသာကိုစော်ကားနေသူများဖြစ်ကြောင်း သတင်း အဆက်မပြတ်လွှင့်၍ စည်းရုံးသည် (သူတို့အဖွဲ့ သံဃာများကို ကာယကံ မြောက် ကျူးလွန်ခဲ့တာတွေကိုတော့ လေသံမျှမဟဘဲ ဖုံးဖိထားသည်)။ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းနည်းသူများသည် ထိုဝါဒဖြန့်ချိမှု နောက်သို့လိုက်ပါကြကုန်၏။ NLD ပါတီဝင်တွေ ဘာလုပ်သလဲ၊ ဘာမှားသလဲ စေ့စေ့စပ်စပ်လိုက်ကြည့်သည်။ အမှားတကွက်တွေ့လျှင် သေးရာမှ ကြီးအောင်၊ ကြီးရာမှ ထိန်းမရအောင် ဖော်ထုတ် မီးမောင်းထိုးပြသည်။ ဒေါ်အောင်ဆန်းစုကြည်တို့ပါတီဝင်များသည် ဗုဒ္ဓဘာသာကိုဆန့်ကျင်နေသယောင် ပုံမှားရိုက်ကြသည်။ ကျဆုံးနေသောပါတီစည်းရုံးရေးအတွက်၊ ဘာသာရေးကို နိုင်ငံရေးထဲသို့ ဆွဲသွင်းခြင်းဖြစ်သည် (၀ါ) ချက်အောက်ကို လက်သီးပုန်းထိုးခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာတွင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို စော်ကားသူသည် သူ့အကုသိုလ်နှင့်သူခံရပါလိမ့်မည်။ ကိုယ်ဘာလုပ်ခဲ့သလဲဆိုတာ ကိုယ်အသိဆုံးဖြစ်သည်။ သို့သော် မိမိပါတီ အောင်နိုင်ရေးအတွက် သူများအပြစ်တွေကို မကြီးကြီးအောင်လိုက်လံ ဖော်ထုတ်စည်းရုံးနေသော နိုင်ငံရေးလှည့်ကွက်တွေထဲ မျောပါမသွား အောင်တော့ နိုင်ငံသားအားလုံးသည် သတိထားဖို့လိုမည် ဖြစ်ပါသည်။၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့် နိုင်ငံရေးလှည့်ကွက်များမှာ တခုပြီး တခု မရိုးနိုင်အောင် ဆက်တိုက်ပေါ်ပေါက်လာတော့မည်ဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)
(စောင့်ကြည့်ဂျာနယ်၊ အတွဲ ၉ အမှတ် ၃၂)

No comments: