Monday, November 17, 2014

ကိုပါကြီး သတ်ဖြတ်ခံရမှု ဇာတ်လမ်းအစ မြ၀တီမြို့ ၀င်ရောက်စီးနင်းမှုက ...

ဒေါက်တာလွဏ်းဆွေ
(စောင့်ကြည့်ဂျာနယ်၊ အတွဲ ၉ - အမှတ် ၂၆)

ဒေါ်အောင်ဆန်းစုကြည် ၆၉ နှစ်မြောက် မွေးနေ့ပွဲမှာ ကိုပါကြီးနဲ့ ဗိုလ်မှူးစောဆန်းအောင်တို့ကို တွေ့ရပုံ (Photo - Par Gyi Facebook)
မှတ်မိကြဦးမလား မသိဘူး။ နအဖစစ်အုပ်စုက နာဂစ်ကာလမှာ သူတို့ အတင်းအဓမ္မ အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်စွဲပြီး ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပခဲ့တယ်။ အဲဒီနေ့မနက်ပိုင်းမှာပဲ နယ်ခြားစောင့်တပ် (BGF) ဖွဲ့စည်းခြင်းကို လက်မခံတဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) (ထိုစဉ်က ကလိုထူးဘော ကရင်အစည်းအရုံး - KKO နာမည်နဲ့ မဟုတ်သေးပါဘူး) က နအဖက ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှု မရှိဘူး၊ ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်ဘူး ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကရင်ပြည်နယ် မြ၀တီမြို့က ဆက်သွယ်ရေးရုံး၊ မရက၊ ရဲစခန်း အပါအ၀င် အချက်အချာကျတဲ့ နေရာအတော်များများကို ၀င်ရောက်စီးနင်းခဲ့ပါတယ်။

မြ၀တီမြို့ကို ၀င်ရောက်စီးနင်းမှုနဲ့ ပတ်သက်ပြီး ထိုစဉ်က DKBA တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလားပွယ်က “နအဖရဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူး။ ပြည်သူလူထုတရပ်လုံးအတွက်လည်း တရားမျှတမှု မရှိဘူး။ နောက်ပြီး ဒီရွေးကောက်ပွဲဟာ ကရင်တပ်ဖွဲ့တွေကိုလည်း ဖျက်လိုဖျက်ဆီးဖြစ်အောင် နည်းလမ်းရှာလုပ်နေတာပဲ။ ပြီးတော့ ကရင်လူမျိုးတွေကို မတိုးတက်စေချင်ဘူးလေ။ ဒါကြောင့် တိုင်းပြည်နဲ့လူမျိုးအတွက် ကျနော်တို့ အဆင်သင့် စပါယ်ရှယ်ရှိနေပါတယ်” လို့ ကရင်သတင်းဌာန (KIC) ကို ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ DKBA တို့ တရက်နီးပါး အပြန်အလှန် ပစ်ခတ်ကြပြီးမှ DKBA က မြ၀တီမြို့ကို စီးနင်းထားတဲ့ နေရာတွေကနေ ပြန်ပြီး ဆုတ်ခွာပေးခဲ့တာပါ။ မြ၀တီမြို့ ပစ်ခတ်မှုအတွင်းမှာ မြန်မာဒုက္ခသည် ၅၀,၀၀၀ နီးပါး ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။ မြ၀တီကနေ DKBA တပ်တွေ ဆုတ်ခွာပြီးနောက်ပိုင်းမှာလည်း ဘုရားသုံးဆူနဲ့ ဖလူးဒေသတွေဘက်မှာ DKBA နဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေ အချိန်အတော်ကြာ ဆက်ဖြစ်နေခဲ့ပါတယ်။ တပ်အင်အားခြင်း မမျှလို့ DKBA က ပြောက်ကျားစစ်နဲ့ ခုခံခဲ့တာကို မှတ်မိနေပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာစစ်တပ်ဘက်က DKBA ရဲ့ ပြောက်ကျားစစ်ကို နိုင်အောင် မတိုက်နိုင်လို့ပဲလား၊ အခြားကရင်လက်နက်ကိုင်အဖွဲ့တွေပါ ပါဝင်လာပြီး အကျယ်အကျယ် မငြိမ်းဖွယ်တွေ ဖြစ်လာမှာစိုးလို့ပဲလားမသိ၊ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်သောင်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်တဲ့ DKBA အဖွဲ့တို့ ဘားအံမြို့မှာ ယာယီအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ ကျင်းပခဲ့ပါတယ်။

အဲဒီမြ၀တီမြို့စီးနင်းမှုနောက်ပိုင်း ယာယီအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲအပြီးမှာ သတင်းမီဒီယာတွေရဲ့ကောင်းမှုကြောင့် မြန်မာပြည်သူတွေအကြား လူသိများထင်ရှားတဲ့ DKBA တပ်မှူးတဦး ပေါ်ထွက်လာခဲ့ပါတယ်။ သူ့နာမည်က ဗိုလ်မှူးစောဆန်းအောင် ဖြစ်ပါတယ်။ DKBA တပ်မှူး ဗိုလ်မှူးစောဆန်းအောင်ဟာ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလတွေအတွင်းမှာ စစ်မြေပြင်ကနေ မီဒီယာတွေဆီကို အရုပ်ရော အသံနဲ့ပါ အချိန်နဲ့တပြေးညီ စစ်မြေပြင်သတင်းတွေ၊ အင်တာဗျူးဖြေကြားမှုတွေ ပေးနိုင်ခဲ့လို့ လူသိများထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။ ကျနော်နဲ့ ခင်မင်ရင်းနှီးတဲ့ သတင်းထောက်တွေရဲ့ ပြောပြချက်အရ DKBA တပ်မှူး ဗိုလ်မှူးစောဆန်းအောင်ဟာ သေနတ်တဘက်၊ ကင်မရာတဘက် ကိုင်ရင်း တိုက်ပွဲကို ဦးဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအချိန်က သူ့ရဲ့ရုပ်သံအင်တာဗျူး ဖြေကြားချက်တွေကို နားဆင်ရတဲ့အခါမှာ ဗိုလ်မှူးစောဆန်းအောင်ဟာ ရိုးသားပြီး ဘွင်းဘွင်းရှင်းရှင်း ပြောဆိုတတ်တဲ့ ကရင်တပ်မှူးတယောက်ဖြစ်တယ် ဆိုတာကို သတိထားမိတယ်။ ကရင်အမျိုးသားဖြစ်ပေမယ့် မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို မြန်မာပြည်သူလူထု နားလည်အောင် စိတ်ရှည်လက်ရှည် ပြောဆိုဖြေကြားနိုင်တယ်။ မီဒီယာတွေနဲ့ နွေးနွေးထွေးထွေး ဆက်ဆံတတ်တယ်။ သူဟာ ကရင်အမျိုးသားလွတ်မြောက်ရေး တခုတည်းအတွက် တိုက်ပွဲဝင်နေတာမဟုတ်ဘဲ မြန်မာတနိုင်ငံလုံး ဒီမိုကရေစီရရှိရေးအတွက် ဦးတည်တိုက်ပွဲဝင်တာဖြစ်တယ် ဆိုတဲ့ ကျယ်ပြန်တဲ့ နိုင်ငံရေးအမြင်ရှိသူဖြစ်တာ တွေ့ရတယ်။ အဲဒီလို သတ္တိဗျတ္တိတွေကြောင့်ပဲ ဗိုလ်မှူးစောဆန်းအောင်ဟာ တမဟုတ်ချင်းဆိုသလို တိုင်းသိပြည်သိ တိုင်းရင်းသားလက်နက်ကိုင် တပ်မှူးတယောက်ဖြစ်လာခဲ့တယ် ဆိုပါတော့ …။

အားလုံးသိကြတဲ့အတိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် သမိုင်းကြောင်းနဲ့ချီပြီး အစဉ်အဆက် အငြှိးအတေး အင်မတန်ကြီးမားခဲ့တဲ့ စစ်အုပ်စုအဖို့မှာတော့ အဲသလို နိုင်ငံရေးအသိအမြင်ကျယ်တဲ့၊ ပြည်သူက ချစ်ခင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တဦး ပေါ်ထွက်လာတာကို မတတ်သာလို့သာ (ယာယီအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားလို့သာ) လက်ပိုက်ကြည့်နေရတယ်၊ စစ်အုပ်စုရဲ့ စိတ်ရင်းအမှန်ကတော့ အကွက်ဝင်တာနဲ့ ဗိုလ်မှူးစောဆန်းအောင်ကို အမှုန့်ကြိတ်ချင်နေခဲ့မှာ အမှန်ပါပဲ။

ဒါပေမယ့် ဗိုလ်မှူးစောဆန်းအောင်ကလည်း အကြောက်အလန့်မရှိ သတ္တိကောင်းသူလို့ ပြောရမယ်။ ယာယီအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်း မန္တလေးထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှကို မရ ရအောင် ထောင်ဝင်စာသွားတွေ့တယ်။ မြ၀တီမြို့ပေါ်မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှုမှ ဒဏ်ရာရသံဃာတော်တွေကို တောင်းပန်ဖို့နဲ့ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပေးဖို့ ဆန္ဒပြပွဲတခု ဦးဆောင်ဆင်နွှဲတယ်။ လက်ပံတောင်းကြေးနီစီမံကိန်းရဲ့ ဆိုးကျိုးဒဏ်တွေကို ခံစားနေရတဲ့ ဒေသခံပြည်သူတွေကိုလည်း စိတ်ဓာတ်မကျဖို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးတယ်။ ဦးသိန်းစိန်အစိုးရ တာဝန်မယူချင်၊ တာဝန်မယူနိုင်လို့ မောင်းထုတ်ခဲ့တဲ့ သမီးကလေးကျေးရွာက ရွာသူရွာသား ၃၀၀ နီးပါးကိုလည်း အခက်အခဲအမျိုးမျိုးကြားက KKO ကလိုထူးဘောတပ်မဟာ အခြေစိုက်ရာ ဆုံဆည်းမြိုင်နယ်မြေကို ဦးဆောင်ခေါ်သွားပြီး ရွာတည်ပေးတယ်၊ အလုပ်အကိုင်တွေ ဖန်တီးပေးတယ်။ အဲသလို ပြည်သူလူထု ကြိုက်နှစ်သက်တဲ့ လုပ်ရပ်တွေကို မရပ်မနား လုပ်ဆောင်နေတဲ့ ဗိုလ်မှူးစောဆန်းအောင်ကို အငြှိုးအတေး အင်မတန်ကြီးလှတဲ့ စစ်အုပ်စုက အမှုန့်ကြိတ်ပြီးရင်း ကြိတ်ချင်နေမှာ အသေအချာပါ။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှုမှ ဒဏ်ရာရသံဃာတော်တွေကို တောင်းပန်ဖို့နဲ့ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပေးဖို့ မြ၀တီမြို့ပေါ်မှာ ဗိုလ်မှူးစောဆန်းအောင် ဦးဆောင်ဆန္ဒပြစဉ် (ဓာတ်ပုံ - ကိုးဒီသွေးဘလော့)
ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကောမတီ (UPWC) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးကြတဲ့ပွဲမှာ ဗိုလ်မှူးစောဆန်းအောင် တက်ရောက်နေတာကို DVB တီဗီသတင်းမှာ ဖြတ်ကနဲ တွေ့လိုက်ရတယ်။ ကျိုက်မရောဘက်မှာ KKO ကလိုထူးဘောဗျူဟာတပ်နဲ့ မြန်မာစစ်တပ် အချင်းများလို့ ဆွေးနွေးပွဲတက်နေတဲ့ ဗိုလ်မှူးစောဆန်းအောင် အမြန်ပြန်သွားခဲ့တယ်ဆိုတာကို ကိုပါကြီး အသတ်ခံရတဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာတဲ့ ဂျာနယ်၊ ၀က်ဘ်ဆိုက်သတင်းအချို့မှာ ဖတ်ရတယ်။ ကျိုက်မရောတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကိုပါကြီး ပျောက်ဆုံးနေတဲ့သတင်း ဟိုးလေးတကျော်ဖြစ်ပြီးနောက်ပိုင်းမှာ မြန်မာစစ်တပ်ဘက်က တဖက်သတ် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကလည်း ယုံကြည်လက်ခံနိုင်လောက်တဲ့ သတင်းအရင်းအမြစ် မဟုတ်လို့ ဘယ်ဘက်က စတင်ပစ်ခတ်တယ်၊ ဘယ်ဘက်က မှားပြီး ဘယ်ဘက်က မှန်တယ် ဆိုတာ သေချာမသိနိုင်ခဲ့ပါဘူး။

ဒါပေမယ့် သေချာတာတခုကတော့ မြ၀တီမြို့စီးနင်းမှုအပြီး ယာယီအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုပြီးကတည်းက ဗိုလ်မှူးစောဆန်းအောင်နဲ့ ပုဂိုလ်ရေးအရ ရင်းနှီးခင်မင်နေခဲ့တဲ့ ဓာတ်ပုံခရေဇီ ကိုပါကြီးဟာ ကျိုက်မရောဖြစ်စဉ်မှာ ဗိုလ်မှူးစောဆန်းအောင်ရဲ့အနားမှာ အတူရှိနေခဲ့ပြီး တိုက်ပွဲကို ဓာတ်ပုံမှတ်တမ်းတင်နေခဲ့တယ်လို့ ရွှေဝါချောင်ဆရာတော်ရဲ့ DVB ရုပ်သံအင်တာဗျူး ဖြေကြားချက်အရ သိရတယ်။ တိုက်ပွဲတွေဖြစ်ပြီး ဗိုလ်မှူးစောဆန်းအောင်တို့ တောထဲကိုပြန်လည်ဆုတ်ခွာသွားတော့ ကိုပါကြီးက ကျိုက်မရောမြို့ပေါ်ကို ပြန်တက်လာပုံပေါ်တယ်။ နယ်ထိန်းရဲက ကျိုက်မရောမြို့ပေါ်မှာ ဖမ်းမိတဲ့ ကိုပါကြီးကို စစ်တပ်လက်ထဲ အပ်လိုက်တယ်။ ဒီအကြောင်း ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီး ပြောဆိုတာကို မိုးမခ၀က်ဘ်ဆိုက်မှာ အခုလို ဖော်ပြခဲ့ပါတယ်။

အမှုမှန်ပေါ်ပေါက်ရေး၊ အမှန်တရားပေါ်ပေါက်ရေးနှင့် နိုင်ငံသားတဦးကို အခွင့်အရေးအရ ကာကွယ်ပေးနိုင်ရေးအတွက် ဝိုင်းရံပေးလိုသည့်ဆန္ဒဖြင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီးက အလောင်းဖော်ဆောင်ရေးတွင် လိုက်ပါခဲ့သည်ဟု ပြောကြားသည်။

မမီးမီးက ပြောကြားရာတွင် …

ကိုပါကြီးကို ဒု-တပ်ကြပ်ရဲအရာရှိမှ စတင်ဖမ်းဆီးပြီး စစ်တပ်သို့ လွှဲပြောင်းပေးအပ်ခြင်းသည် ပုံစံမကျကြောင်း၊ နိုင်ငံသားတဦးကို မြို့လယ်ခေါင်တွင် ဖမ်းဆီးပြီး မမြင်ကွယ်ရာမှာ လက်လွတ်စပယ် မလုပ်သင့်ကြောင်း၊ အလောင်းကို တွင်းနက်နက်တွင် မဟုတ်ဘဲ တထွာကျော်ကျော်တွင် တွေ့ရပြီး ဝတ်ပေးထားသော အဝတ်အစားများမှာ သပ်ရပ်ခြင်းမရှိ အလွယ်မြုပ်ထားရှိကြောင်း၊ တပ်မတော်မှ ကောင်းမွန်ပြီးစီးစွာ သဂြိုဟ်ပြီးကြောင်း ပြောပြသည်မှာ မဟုတ်ကြောင်း ပြောသည်။

ဆက်လက်၍ “ဖျာလိပ်နဲ့လည်း ပတ်ထားခြင်းမရှိဘူး၊ ပလပ်စတစ်အိတ်နဲ့လည်း ထည့်ထားခြင်းမရှိဘူး၊ အခေါင်းထဲ ထည့်ထားခြင်းမရှိဘူး မြေကြီးပေါ်မှာ ဒီအတိုင်း ပစ်ထားပြီးတော့ အပေါ်ကနေ မြေကြီးလေး တထွာကျော်ကျော်လေး ဖုံးရုံလေးဖုံးထားတဲ့ နိုင်ငံသားတယောက်ကို ကောင်းမွန်စွာ ပြီးစီးကြောင်းဆိုတာ မဟုတ်” ဟု ထောက်ပြလိုက်သည်။

ဗိုလ်မှူးစောဆန်းအောင်တို့ တောထဲကို ပြန်လည်ဆုတ်ခွာသွားပြီး ၂ ရက် ၃ ရက်အကြာမှာတော့ အဖမ်းခံထားရတဲ့ ကိုပါကြီးနဲ့ မြန်မာစစ်တပ်အရာရှိတွေ ရွှေဝါချောင်ဆရာတော်ရဲ့ ကျောင်းဝင်းထဲကို ပြန်ရောက်လာတယ်။ မြန်မာစစ်တပ်အရာရှိတွေက ကိုပါကြီးကို ဗိုလ်မှူးစောဆန်းအောင်တို့ ဆုတ်ခွာသွားတဲ့ လမ်းကြောင်းကို လိုက်ပြခိုင်းတယ်။ အဲဒီနောက် သတင်းတွေမှာ ပါလာမှ ကိုပါကြီး အသတ်ခံရတယ် ဆိုတာကို သိရတယ်၊ ကိုပါကြီးဟာ တိုက်ပွဲဖြစ်ပွားစဉ်ကာလမှာ လက်နက်ကိုင်ဆောင်းထားတာ မတွေ့ခဲ့ရဘူးလို့ ရွှေဝါချောင်ဆရာတော် ပြောကြားတာကို DVB အင်တာဗျူးမှာ ကြားရပါတယ်။

တကယ်တော့ ကျိုက်မရောဖြစ်စဉ်မှာ အကွက်ဝင်တုန်း စစ်အုပ်စု အမှုန့်ကြိတ်ချင်ခဲ့သူက ဗိုလ်မှူးစောဆန်းအောင်ပါ။ ဒါပေမယ့် စစ်အုပ်စု အမှုန့်ကြိတ်ချင်နေတဲ့ ဗိုလ်မှူးစောဆန်းအောင်ကို ရှာမတွေ့တဲ့နောက်ပိုင်း ဗိုလ်မှူးစောဆန်းအောင်နဲ့ တပူးတွဲတွဲ ရှိနေခဲ့တဲ့ ကိုပါကြီးကိုပဲ ဖမ်းထားတဲ့ မြန်မာစစ်တပ်ရဲ့တပ်မှူးတပ်သားတွေက (သူတို့သဘောနဲ့သူတို့ပဲလား၊ အထက်အမိန့်အဆင့်ဆင့်အရ တမင်သက်သက်ပဲလားမသိ) တကိုယ်လုံး ကျိုးကြေမွပြီး ဦးခေါင်းခွံပါ ချိုင့်ဝင်တဲ့အထိ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ကာ စစ်ရာဇ၀တ်မှုကြီးတခုကို ကျူးလွန်လိုက်ကြတယ်လို့ ထင်မြင်ယူဆမိပါတယ်။

အရင်းစစ်ရင်တာ့ ကိုပါကြီး လူမဆန်စွာ သတ်ဖြတ်ခံရတဲ့ ဇာတ်လမ်းဟာ စစ်အုပ်စုက ဗိုလ်မှူးစောဆန်းအောင်ကို အမှုန့်ကြိတ်ချင်နေခဲ့တဲ့ မြ၀တီမြို့စီးနင်းမှုမှာ မြစ်ဖျားခံခဲ့တယ်လို့ ပြောမယ်ဆိုရင် မှားမယ်မထင်ပါ။

ဒေါက်တာလွဏ်းဆွေ

ဖြည့်စွက်ချက် ။ ။ ကျိုက်မရောဖြစ်စဉ်တွင် ဗိုလ်မှူးစောဆန်းအောင်၏ ရာထူးမှာ ‘‘ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) ကလိုထူးဘောအခြေစိုက် စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဖြစ်ပါသည်။’’

No comments: