Saturday, October 4, 2014

NLD ဗဟိုကော်မတီ ဖတ်ဖို့စာ

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

ဦးဝင်းထိန်ခင်ဗျား …

ဦးကျော်ဇံသာနဲ့ ဦးဝင်းထိန်ရဲ့ ၂၆ နှစ်အကြာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုတာကို VOA မှာ ဖတ်ရလို့  ပြောဖို့ရှိတာ စစ်သားဟောင်းချင်း စစ်သားလိုပဲ ပြောပါရစေ။ ဦးဝင်းထိန်က မြန်မာစစ်တပ်က စစ်သားဟောင်း ကျနော်က သူပုန်တပ်က စစ်သားဟောင်း ဆိုတော့ စစ်သားလို ပြောတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ဦးဝင်းထိန်တို့ ပါတီအနေနဲ့ ၁၉၈၈ နောက်ပိုင်း NLD ပေါ်ပေါက်လာပြီး၊ တောက်လျှောက် ၂၀၁၀ အထိ ပြည်သူလူထုနဲ့ ထဲထဲဝင်ဝင် ထိထိရောက်ရောက် အခြေအနေတခုကို ပြောင်းလဲဖန်တီးယူနိုင်တဲ့အထိ ထိတွေ့ဦးဆောင်ခဲ့တာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သူ့မူ သူ့ပေါ်လစီ သူ့ Preaching တွေကနေ ဖြောင့်ဖြောင့်ကြီး သွေဖီပြီး စစ်ဗိုလ်ချုပ်တွေ အလိုကျ အလုပ်အကျွေးပြုနေခဲ့တာဟာ ၂၀၀၈ အခြေခံဥပဒေအောက်ကနေ လွှတ်တော်ထဲ ၀င်တဲ့အထိ ဖြစ်လာပါတယ်။ ဒါဟာ NLD အနေနဲ့ စွမ်းစွမ်းတမံ၊ သိမ်သိမ်မွေ့မွေ့ ဖန်တီးယူခဲ့လို့ ဖြစ်လာတာမဟုတ်ပါဘူး။ အဲဒီအနေအထားကို Credit ယူပြီး ကိုယ့်ရဲ့ ခုထိ ခပ်ဖျင်းဖျင်း ရှင်သန်နေသေးတဲ့ အင်အားစုအပေါ် ဂုဏ်တင်ပြီး ကိုယ်ရည်သွေးတာကလည်း အံ့သြစရာ မဟုတ်ပါဘူး။ ဒါက NLD ရဲ့ သိသာထင်ရှားတဲ့ genetic code ပါ။

ဒေါ်အောင်ဆန်းစုကြည်အလွန် ဆိုတဲ့ ကျော်တွေး ကြိုမြင်ပြီး proactive ဖြစ်လောက်အောင်လည်း NLD ရဲ့ ခေါင်းဆောင်ခေါင်းရွက်ပြုနေကြသူတွေနဲ့ NLD ရဲ့ strata အားလုံးမှာ အဲဒီအရည်အချင်းလည်း မရှိဘူး၊ အဲဒီလောက်လဲ မတွေးရဲဘူး ဆိုတာ ပညာတတ်တဲ့ နိုင်ငံရေး စစ်ရေးနဲ့ မစိမ်းတဲ့၊ ကိုယ့်ဦးနှောက်ဆိုတာ ဓမ္မဓိဌာန်ကျကျ တွေးဖို့ခေါ်ဖို့အတွက် အသုံးပြုလို့ရတဲ့အရာလို့ နားလည်တဲ့သူအားလုံးက သိပါတယ်။

''ပြည်သူလူထုနဲ့ NLD က ဘာနဲ့ တူသလဲဆိုရင် ရပ်ကွက်ထဲက ရုပ်ချောချော အရပ်အမောင်းကောင်းကောင်း ဗလတောင့်တောင့် ၀ိတ်ပေါကြီးကို အားကိုးလေးစားနေတဲ့ ရပ်ကွက်သူရပ်ကွက်သားတွေနဲ့ တူတယ်။ ခက်တာက အဲဒီဝိတ်ပေါကြီးကလည်း ရပ်ကွက်ထဲ ဘယ်သူလာပြီး စော်ကားသွားသွား သူ့မှာ မလှုပ်ဘူး၊ လှုပ်ရကောင်းမှန်းလည်း မသိဘူး။ ဟန့်တာ၊ တားတာတောင် လုပ်လို့ဖြစ်တယ်ဆိုတာ တွေးနိုင်ပုံမရတဲ့ ၀ိတ်ပေါကြီးပေါ့။''

ခုတော့ ဦးဝင်းထိန် ကက်ကက်လန် အကဲဆတ်ပုံက ဆယ်နှစ်သားကလေးက "လာမပြောနဲ့  သားသားမာမီ ဘယ်တော့မှ အသေဘူး ၊ သွား .. သွား .." ဆိုပြီး ခြေဆောင့်ငိုသလိုနဲ့ တူတဲ့အလုပ်တွေလုပ်ပြီး သတင်းထောက်တွေကို ဟောက်ထုတ်တာပဲ။ ဦးဝင်းထိန်တို့လို စစ်သားလူထွက်တွေ စစ်အရာရှိအကျင့်နဲ့ ဟောက်စားလုပ်နေတာတွေ၊ လုပ်ပိုင်ခွင့်နဲ့ အာဏာကို သုံးလိုက်ရမှ နေသာထိုင်သာရှိတဲ့သူတွေကြောင့် ကျနော်တို့ တိုင်းပြည်ဟာ ဒီအနေအထားကို ရောက်ရတာပါ။ National reconciliation ဘယ်တော့မှ ဖြစ်မလာပါဘူး။ ပြည်တွင်းစစ်လည်း ရပ်မသွားပါဘူး။ ငြိမ်းချမ်းရေးလည်း မရပါဘူး။ စစ်ဗိုလ်ချုပ်တွေရဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အနက်အဓိပ္ပာယ်က သီရိလင်္ကာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အလားတူပါပဲ။

NLD လည်း ဒီလိုပဲ အိပက်အိပက်နဲ့ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်သာ ဆုံးပါးသွားပြီး သူ့ရဲ့ fans တွေ တပတ်လောက် ငိုကြမယ်။ Facebook စာမျက်နှာပေါ်တွေမှာ သူ့ထက်ငါ လွမ်းပြမယ်။ အမြို့မြို့အနယ်နယ်က စာရူးပေရူးတွေ လွမ်းစာခွေတွေ ဖွဲ့မယ်။ ရုပ်တုတွေ ထုမယ်။ အဲဒါအားလုံးပြီးတော့ အာဇာနည်နေ့လို၊ လွတ်လပ်ရေးကြိုးပမ်းလာသူတွေ သေဆုံးတဲ့ နှစ်ပတ်လည်တွေ လုပ်သလို လုပ်မယ်။ အဲဒီ လွမ်းခြင်းအားဖြင့်၊ ပူဆွေးခြင်းအားဖြင့် ဆိုတဲ့ ကာလတိုလေးတခုကို ဖြတ်ကျော်ပြီးရင် အားလုံးက နေမြဲ စားမြဲပဲ ဆက်ရှင်သန်ကြမှာပါ။ ပြီးတော့ NLD ဟာ transitioning မလုပ်နိုင်ဘဲ ကြံ့ခိုင်ရေးပါတီလိုဘ၀နဲ့ ခေတ်ရဲ့ချဉ်ဖတ်အင်အားစုအဖြစ်ပဲ စစ်အာဏာရှင်တွေ အလိုကျ ပါတီရပ်တည်နိုင်ပြီး အဲဒီလွှတ်တော်ထဲမှာ နှာစေးမြဲ နှာစေးနေမှာပါ။ ဦးဝင်းထိန်တို့အင်အားစုရဲ့ တွေးခေါ်ပုံတွေးခေါ်နည်းက "ဒေါ်အောင်ဆန်းစုကြည်အား ဗဟိုပြု၍ မိမိတို့၏ စကြ၀ဠာ ဖြစ်တည် တည်ရှိ၏။" ဆိုတဲ့ ပုံမျိုးဖြစ်ပါတယ်။

နောက်တခုက တချက်လောက် NLD အနေနဲ့ တိုင်းပြည်ရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုအားလုံးကို event တခုချင်း တခုချင်းအပေါ်မှာ NLD ရဲ့ ဦးဆောင်ဦးရွက်အောင်မြင်စွာပြုမှုနဲ့ ဖြစ်လာတဲ့ကိစ္စတွေ ရှိခဲ့ရင် ၂၆ နှစ်တာကာလကို ကိုယ့်ကိုကိုယ် မညာတမ်း Graph တခု ဆွဲပြီး၊ Event map တခု ဆွဲပြီး Visualize ပြန်လုပ်ကြည့်နိုင်ပါသလား ။ Based on factual data တွေနဲ့တော့ ဖြစ်ဖို့လိုပါတယ်။ ၂၀၀၇မှာ သံဃာတွေကို သတ်ဖြတ်နှိမ်နင်းတာဟာ NLD ရဲ့အသည်းနှလုံးကို ထိတဲ့ကိစ္စမဟုတ်လို့ NLD နှာစေးနေလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကားတန်းကို အသေရိုက်နှက် လုပ်ကြံသတ်ဖြတ်တဲ့ ကိစ္စလိုမျိုးမှာတောင် နှာစေးနေပြီး ကာဆီးကာဆီးနဲ့ စစ်အာဏာရှင်ကို မျက်နှာချိုသွေးပြီး "မောင်ရယ် ချစ်လို့ ရိုက်တာပဲ၊ ခင့်နဖူးလေး ကွဲသွားတာ ဆံပင်နဲ့ အုပ်ထားလိုက်ရင် အဆင်ပြေသွားမှာပါ၊ စိတ်မကောင်းမဖြစ်နဲ့နော်" ဆိုတဲ့ အချိုးနဲ့ …။

တကယ်တော့ စစ်ဗိုလ်ချုပ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ Crimes against humanity နဲ့ မရေတွက်နိုင်တဲ့ War crimes တွေကို ကိုယ်တိုင် ဖျောက်ဖျက်ချင်တာ ပြည်ဖုံးကားချချင်တာဟာ ဥပဒေနဲ့၊ လူသားထုတရပ်လုံးကို စော်ကားတာပါ။ မြန်မာပြည်သူလူထုကိုတင် မဟုတ်ဘူး လူသားမျိုးနွယ်စုကြီးကို သစ္စာဖောက်တာပါ။ ဘာမှမလုပ်လို့ ကျူးလွန်တဲ့အပြစ်ထက်ဆိုးတဲ့၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရက်စက်ယုတ်မာမှုတွေကို ကူညီဖုံးဖိ ဖျောက်ဖျက်တဲ့အပြစ်နဲ့ NLD ရဲ့ခေါင်းဆောင်တွေဟာ သူတို့အပေါ် ယုံကြည်အားကိုးမြဲ၊ လေးစားအထင်ကြီးမြဲ ကိုယ့်ပြည်သူလူထုကြီးကို ဗြောင်ဖောက်ပြန်တာပါ။

မဦးဆောင်နိုင်ခဲ့ဘဲ၊ ဆက်နွယ်တာဝန်ယူမှုမရှိခဲ့ဘဲ၊ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုထဲက ကျောင်းသား၊ သံဃာ၊ လယ်သမား၊ အလုပ်သမားတွေရဲ့ သူတို့အင်အား သူတို့အနေအထားနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်တွေ၊ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ၊ နိုင်ငံတကာက ပထ၀ီနိုင်ငံရေးအရ မြန်မာနိုင်ငံရဲ့ ဒေသဆိုင်ရာ စစ်ရေး အရေးပါပုံအရ စစ်ဗိုလ်ချုပ်တွေကို တုတ်နဲ့မုန့် ပြပြီး culture လုပ်ယူတာတွေ၊ ညောင်နှစ်ပင်က စခဲ့တဲ့ အခြေခံဥပဒေကို သူတို့ စိတ်ကြိုက် တပ်မတော်က နိုင်ငံတော်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍ ဆိုတဲ့ စစ်အာဏာရှင်ရဲ့ အခိုင်မာဆုံး တိုက်စစ်နဲ့ အလုံခြုံဆုံး ခံတပ်ကြီးကို တည်ဆောက်ပြီးမှ easing လုပ်ပြီး လူလူသူသူ နိုင်ငံတကာမှာ အရင်လို သူခိုး ဂျပိုးလို အဆက်ဆံမခံရတော့ဘဲ လူရာသွင်းခံလာရအောင် လုပ်ပြီး တဘက်ထဲမှာ ဦးခင်ဇော်ဝင်းတို့လို ဗဟုကနေ ခု MPC တဖြစ်လဲ ဦးအောင်မင်းရဲ့ မယားပါသားတွေနဲ့ ကမ္ဘာပြား ဆရာဖားကျော်ဝင်းတို့လိုနဲ့ နိုင်ငံရပ်ခြားက Publicists တွေ၊ Lobbyists သုံးပြီး Fraudulent reputation နဲ့ ကြောင်သူတော်လုပ်လာနိုင်တာတွေကြောင့် ဦးဝင်းထိန် ခပ်ကြွားကြွားပြောတာတွေ ဖြစ်လာတာပါ။

စစ်ဗိုလ်ချုပ်တွေဟာ သူတို့အာဏာခိုင်မြဲရေးအတွက် ဘက်ပေါင်းစုံပြင်ဆင်ပြီး နောက်ဆုံးအနေနဲ့ legitimacy ဖြစ်ဖို့အတွက် NLD ကို သူတို့အခင်းအကျင်းထဲ မရအရ ဆွဲခေါ်ခဲ့တာပါ။ ပြည်သူလူထုနဲ့ NLD က ဘာနဲ့ တူသလဲဆိုရင် ရပ်ကွက်ထဲက ရုပ်ချောချော အရပ်အမောင်းကောင်းကောင်း ဗလတောင့်တောင့် ၀ိတ်ပေါကြီးကို အားကိုးလေးစားနေတဲ့ ရပ်ကွက်သူရပ်ကွက်သားတွေနဲ့ တူတယ်။ ခက်တာက အဲဒီဝိတ်ပေါကြီးကလည်း ရပ်ကွက်ထဲ ဘယ်သူလာပြီး စော်ကားသွားသွား သူ့မှာ မလှုပ်ဘူး၊ လှုပ်ရကောင်းမှန်းလည်း မသိဘူး။ ဟန့်တာ တားတာတောင် လုပ်လို့ဖြစ်တယ်ဆိုတာ တွေးနိုင်ပုံမရတဲ့ ၀ိတ်ပေါကြီးပေါ့။

ဒီစာဖတ်ပြီး ကျနော့်ကို ဒေါသထွက်လို့ ရပါတယ်၊ ဆဲဆိုငေါက်ငန်းလို့ ရပါတယ်။ တပြိုင်နက်တည်းပဲ ဒီစာထဲက အကြောင်းအရာတွေကို ဟုတ်သလား မဟုတ်ဘူးလားဆိုပြီး ဆန်းစစ်နိုင်တဲ့ အသိရှိရင် ဆန်းစစ်ကြည့်နိုင်ခွင့်လည်း ရှိပါတယ်။ NLD ကို ကျနော်တို့ အဆုံးရှုံးမခံနိုင်ပါဘူး။ ကျနော်တို့ တိုင်းပြည်မှာ လက်နက်မကိုင်တဲ့ အင်အားစုအားလုံးထဲမှာ အခရာအကျဆုံးဟာ NLD ပါ။ အားလုံးထဲမှာ အားကိုးနိုင်စရာခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ပါ။

ကျနော်တို့ ခေါင်းဆောင်မမဲ့ပါရစေနဲ့၊ ကျနော်တို့ အားကိုးအားထားပြုတဲ့ ကျနော်တို့ရွှေတောင်ကြီးဟာ ကျနော်တို့ကို လက်တွေ့ကျကျ ဦးဆောင်ပြီး တိုင်းပြည်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီ၊ အာမခံချက်ပြည့်တဲ့ ငြိမ်းချမ်းရေးကို ရအောင်ယူပေးပါ။ အဲဒီလို ဦးဆောင်မှုနောက်မှာ ကျနော်တို့တွေ NLD ပါတီဝင်မဟုတ်တဲ့ နောက်လိုက်ကောင်းတွေအဖြစ်နဲ့ မမှိတ်မသုန် ပါဝင်ပါရစေ။

အဲဒီလို ဦးဆောင်မှုပေးနိုင်ဖို့ နားတွေကို ပိတ်မထားပါနဲ့၊ ဦးနှောက်ကို ဦးခေါင်းခွံထဲက ပျော့အိအိ အစိုင်အခဲကြီးအဖြစ်ပဲ မထားပါနဲ့။ ဒီတော့ ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏ ဆိုတဲ့ ဖြစ်စဉ်တွေအရ ဇရာအိုကို ကညာပျိုလို့ ကိုယ့်စိတ်ကိုယ် ညာပြီး နေမယ့်အစား နောက်မျိုးဆက် အဆင့်မီ အရည်အသွေးမီ ရိုးသားမှုနဲ့ တပြိုင်နက်ထဲမှာ ထက်မြက်တွေးခေါ် ဆောင်ရွက်တတ်တဲ့ လူငယ်ခေါင်းဆောင်တွေကို ကေဒါသင်တန်းပဲခေါ်ခေါ် နိုင်ငံရေးဦးဆောင်မှုသင်တန်းပဲခေါ်ခေါ် အဲဒီလိုသင်တန်းမျိုးတွေနဲ့ လေ့ကျင့်ပျိုးထောင်နိုင်တဲ့၊ နေတဲ့ အင်အားစုတရပ် Internally ဖြစ်သင့်နေပါပြီ။ အဲသလို ဆောင်ရွက်ရာမှာလည်း နီးစပ်ရာ လက်သင့်ရာ မျက်နှာကြောတည့်ရာကိုပဲ ရွေးပြီး အခွင့်အရေးပေးတာမျိုးတွေ ရှိနေမယ်ဆိုရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။

နိဂုံးချုပ်ပြောချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ခင်ဗျားတို့ထက် မလျော့တဲ့ ချစ်ခြင်းနဲ့ ချစ်ပါတယ်။ ဒါပေမယ့် ချစ်ခြင်းနဲ့ နှုတ်ပိတ်ရေငုံနေမှာတော့ မဟုတ်ပါဘူး။ စိတ်ကူးယဉ်မှုနဲ့ အခြေနေမှန်တွေကို ဥပေက္ခာပြုတော့ မနေနိုင်ပါဘူး။ ဒီတော့ ဦးဝင်းထိန်နဲ့တကွ အားလုံးသော NLD လူကြီးများ စိတ်ကူးယဉ်အိပ်ရာကြီးပေါ်မှ ဖိတ်စာကြီးအား မြင်ယောင်မျှော်လင့်နေခြင်းမှ လက်တွေ့ မျက်တွေ့ အရာအားလုံးအား ဓမ္မဓိဌာန်ကျကျ ၊ အရှိကိုအရှိအတိုင်း ချဉ်းကပ်ပြီး တိုင်းပြည်အကျိုး သေတပန်သက်တဆုံး ထိထိရောက်ရောက် ဂုဏ်သိက္ခာရှိရှိ သယ်ပိုးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

1 comment:

Anonymous said...

သောက်၇ူး