Thursday, September 25, 2014

လူထုခေါင်းဆောင်၊ လူထုပါတီ ဆိုရင် ပြတ်သားမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ စီစဉ်မှုတွေနဲ့ ဦးဆောင်သင့်ပြီ

ငြိမ်းချမ်းအေး
Nyein Chan Aye's Facebook Status

"CEC ဆုံးဖြတ်ချက်လည်း မဟုတ်ဘူး။ သူတို့ ပြောလိမ့်မယ်လို့လည်း မထင်ဘူး။ သူတို့ကို မေးကြည့်လိုက်ပါ။ ကာယကံရှင်ကို မေးမှပေါ့’’ လောက်ပဲ ဆိုချင်လို့ မရဘူး။ သတင်းဌာနကို ကန့်ကွက်ထားတယ်ပဲ အကြောင်းပြလို့ မရဘူး။

ရိုက်တာက ပြောခွင့်ရဆိုသူတွေ မပြောဘဲ မရေးဘူး။

ပြောခြင်း၊ မပြောခြင်းကလည်း တကယ်တော့ အဓိက မဟုတ်ဘူး။

၅၉ (စ) မပြင်ရင် ဘာလုပ်မလဲ၊ ပြင်အောင်ကော ဘာတွေ လုပ်ပြီးပြီလဲ၊ လုပ်ခဲ့တာတွေ ဘယ်လောက် အတိုင်းအတာ ထိရောက်မှုရှိလဲ၊ ကောက်ထားတဲ့ လက်မှတ်တွေရဲ့ နောက်က နောက်ဆက်တွဲ တောင်းဆို အရေးယူမှု Follow-up actions ဘာတွေ ရှိသလဲ၊ ဘာလုပ်မယ် စီစဉ်ထားသလဲ၊ နှစ် (၂၀) ကျော် ထုတ်ပြန်ကြေညာချက်ချည်း ထုတ်လာခဲ့တာ လိုတာထက် ပိုနေပြီ မဟုတ်လား။ ၉၀ ရွေးကောက်ပွဲ မဲတွေအတွက် ပြည်သူတွေက "တောင်းပန်ပါတယ်" ဆိုတဲ့ စကားတခွန်းနဲ့ ကျေနပ်ခဲ့ရတယ်။ ပြီးတော့ ဆင်ဟဝှာ ခွေးမျှော် ဇာတ်လမ်းဆက်ခင်းခဲ့ရတယ်။

ဒီလို မေးခွန်းတွေအတွက် အဖြေတွေ ပြင်ဆင်တာ၊ စီစဉ်တာ ခေါင်းဆောင်က လုပ်ရမှာ မဟုတ်လား။ ပြည်သူ့ကို ကိုယ်စားပြုတယ် ဆိုတဲ့ ပါတီလို့ ခံယူထားရင် ပြည်သူ့ဆန္ဒ အကောင်အထည်ဖော်နိုင်အောင် ဘယ်လို အစီအစဉ်တွေ၊ နည်းလမ်းတွေ၊ တိုက်ကွက်တွေ ဖော်ဆောင်ပါ့မယ် ဆိုတာ ပြတ်ပြတ်သားသား ချပြနိုင်ရမှာပေါ့။ တနည်း မရရင် နောက်တနည်း ဦးဆောင်ချပြရမှာပေါ့။

အနည်းဆုံး စစ်လွှတ်တော်နိုင်ငံရေးကို တာဝန်ခံ၊ တာဝန်ယူပြီး ဝင်ခဲ့တယ် ဆိုခဲ့တော့ အခု "ဆုတ်လည်း စူး၊ စားလည်း ရူး ဖြစ်နေပါပြီ" ဆိုတာ ဝန်ခံရမယ်၊ လက်ခံပြီး ရှေ့ကို အဆိုးဆုံး အခြေအနေ မဖြစ်အောင် ဘာတွေ ပြင်ဆင် လမ်းစဉ်ချမယ် ဆိုတာတွေ ပြောရတော့မယ်။

ပြည်သူကို တလွဲမျှော်လင့်ချက် ပေးခဲ့တာတွေအတွက် တောင်းပန်ရမယ်။

ပြည်သူခမျာ "မင်းသိင်္ခ မှားရင် လျှာဖြတ်၊ ဂိုဘီ သဲကန္တာရထဲ ပစ်" လောက်ကိုပဲ အားကိုးနေရသလို ဖြစ်နေတယ်။

မောင်စံလင်းရဲ့ နဂါးကြီးနဲ့ ခေါင်းလောင်းမျှော် ဇာတ်လမ်း လူအများ ယုံတာ ဘာဆန်းသလဲ။

လူမှု၊ စီးပွားရေးမှာတင် ဗေဒင်၊ မန္တန်၊ ယတြာ၊ ဆေး၊ အင်းအိုင်၊ ဂါထာ၊ အဆောင်၊ လက်ဖွဲ့ ဘိုးတော် နောက်လိုက်နေရုံတင်မက နိုင်ငံရေးမှာပါ လေထဲ တိုက်အိမ်ဆောက် စိတ်ကူးနဲ့ သိန်းထီပေါက် ဒီမိုကရေစီအိပ်မက် မက်နေရကာ ရှေ့ဖြစ်ဟော သက်သက် လက်ကိုင်ထား ယုံနေရတဲ့ ဘဝမဟုတ်လား။

လူတွေ ဘာကို ယုံရမှန်းမသိ၊ ဘယ်နောက် လိုက်ရမှန်းမသိ ဖြစ်နေရတာ အဓိက သီလပျက်ခြင်းကြောင့်လို့ ဆိုနိုင်တယ်။ တိုင်းပြည်ရေးရာအတွက် လောကီရေးရာမှာ အပျက့်တကာအပျက်ဆုံးက နိုင်ငံရေးသီလပျက်ကျိုး မူဝါဒ ယိမ်းယိုင်ပျက်စီးခြင်းပဲ။

တော်ဝင်စင်မြင့်နိုင်ငံရေးထက်မှာ ပြည်သူက ယုံကြည်ကိုးစားလို့ ရောက်ရှိနေတဲ့ "ပန်းပန်းလျက်ပါ မဗေဒါ" ဘဝ အမြဲတမ်းဖြစ်ဖို့ မူဝါဒ ခိုင်မာ မှန်ကန်ဖို့ လိုတယ်။

အခု တိုင်းပြည်မှာ ဘယ်လူတစုပဲ အမြဲကောင်းစား "ပန်းပန်းလျက်ပါ" ဖြစ်နေတယ် ဆိုတာ မျက်မြင်ပဲ။

ပြည်သူ့ဘဝ ဒီမိုကရေစီအောင်ပန်းဆွတ် "ပန်းပန်ရဖို့" လူထုခေါင်းဆောင်၊ လူထုပါတီ ဆိုရင် ပြတ်သားမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ စီစဉ်မှုတွေနဲ့ ဦးဆောင်သင့်ပြီ။

အတိတ်မေ့သလိုလို၊ ရွှေပျောက်သလိုလိုနဲ့ အရူးကွက်နင်းကာ ဒီမိုကရေစီ နွားပြောက်(ပျောက်)ကြီးတရှဉ်း လက်ဖွဲ့သလို၊ တွေ့ရင်တော့ ရမယ် အချိုးမျိုးတွေ ရပ်သင့်ပြီ။

ငြိမ်းချမ်းအေး
စက်တင်ဘာ ၂၄၊ ၂၀၁၄

1 comment:

Unknown said...

၂၀၁၅မှာNLDကအများစုလွှတ်တော်ထဲရောက် အမေစုကဥက္ကဋ္ဌ အခြားတစ်ဦးကသမ္မတ ၃လအတွင်းပြည်သူနဲ့ပေါင်းပြီ ခြေဥကိုပြင် အမေစုသမ္မတဖြစ်ပြီ NLDကတစ်သမ္မတနေရာယူထားနိုင်ဖို့ ပဲ တစ်ခြားပင်ပန်းတာလုမနေနဲ့ ပြည်သူနားယောင်ပြီပါမသွားအောင်လုပ်ဖို့ပဲ