Monday, September 15, 2014

နိုင်ငံရေးသီလ (သို့မဟုတ်) လူသာပဓာန

သရ၀ဏ်(ပြည်)
(စောင့်ကြည့်သတင်းဂျာနယ်၊ အတွဲ ၉၊ အမှတ် ၁၇)

ယမန်နှစ်မိုးတွင်း၏ တခုသောနေ့ဝယ် အမေရိကန်သံရုံး ပြန်ကြားရေးဌာနလက်အောက်ရှိ အမေရိကန်စင်တာ (American Center) ဟု ခေါ်သော တော်ဝင်လမ်းရှိ အမေရိကန်စာကြည့်တိုက်ဝယ် ကျွန်တော်နှင့် အခြားနှစ်ဦးကို ပင့်ဖိတ်၍ လူငယ်နှင့်ခရီးသွားခြင်း (Youth and Travel) ဟူသော ခေါင်းစဉ်ဖြင့် အင်္ဂလိပ်လို ဟောပြောဆွေးနွေးစေပါသည်။ ကျွန်တော်တို့က အင်္ဂလိပ်လိုဟောပြောပြီး တက်ရောက်လာသော လူငယ်ကျောင်းသားများကလည်း အင်္ဂလိပ်လို မေးခွန်းများမေးကြပါသည်။ ထိုဟောပြောပွဲသို့ လာရောက်နားထောင်သော လူငယ်အများစုမှာ အင်္ဂလိပ်စာကို ပြင်ပနာမည်ကြီး ပုဂ္ဂလိကကျောင်းကြီးများတွင် လေ့လာသင်ယူခဲ့သော ကျောင်းသားကျောင်းသူများဖြစ်သည်။ သူတို့ကို ဟောပြောပို့ချနေသော ကျွန်တော်မှာ ဘယ်ဘိုကျောင်းကိုမှ တက်ဖူးသူမဟုတ်။ ပြည်မြို့ ဒေါ်ဘုမ မူကြိုမှထွက်ကာ အစိုးရကျောင်းမှ ဆယ်တန်းအောင်လာခဲ့သူဖြစ်သည်။ ထို့ကြောင့် ကျွန်တော် စဉ်းစားမိသည်မှာ ပညာဆိုသည်မှာ လက်မှတ်ကို ခေါ်တာမဟုတ်ပါ ဥာဏ်ပညာနှင့် အသိကိုသာ ခေါ်တာပါလား။ ဤအသိ ရဖို့ဆိုလျှင် ဘယ်ကျောင်းတက်မှ တတ်မည်ဟူသော ဖော်မြူလာမရှိပါလားဟူ၍ ဖြစ်သည်။

ယနေ့အခါ ပိုက်ဆံတတ်နိုင်သော မြို့ပေါ်နေ မိဘများသည် အချို့က သားသမီးအပေါ် စေတနာဖြင့် အချို့ကကြွားဝါချင်၍ သူတို့၏သားသမီးများကို အကောင်းဆုံးပညာရေးကို ပေးအပ်ရန် ကြံရွယ်ချက်ဖြင့် နိုင်ငံတကာအဆင့်ဟု ကြွေးကြော်ထားသော ကျောင်းများ (အရပ်အခေါ် ဘိုကျောင်းများ)သို့ မိမိသားသမီးများကို ပို့လွှတ်သင်ကြားစေတာ တွေ့မြင်ရပေ၏။ ထိုကျောင်းများတွင် မတက်ဘဲ နိုင်ငံတော်မှ ဖွင့်လှစ်ထားသည့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် တက်ရောက်ပညာသင်ပါက လူရာပဲမ၀င်တော့သလိုလို၊ လူညွန့်ပဲတုံးတော့မလို ပြောကြရေးကြတာ ကြားဖူးပေ၏။ ထိုဘိုကျောင်းများသည် ကျောင်းဝင်ကြေး ပိုက်ဆံသောက်သောက်လဲ ယူထားသဖြင့် ကျောင်းဝင်းအဆင်အပြင်၊ စာသင်ခန်းအနေအထား၊ ကစားကွင်း၊ သိပ္ဗံလက်တွေ့စမ်းသပ်ခန်း၊ အားကစားခန်းမ၊ ပြင်ပဗဟုသုတလေ့လာရေး စသည်တို့တွင် အစိုးရကျောင်းများထက် အဘက်ဘက်က မယှဉ်နိုင်အောင်သာသည်မှာ မှန်ပါသည်။ သို့သော် ဤကိစ္စများသည် လူတယောက် ပညာသင်ကြားရေး၌ ကောင်းမွန်သော အခြေခံအဆောက်အဦများဖြစ်သော်လည်း ထိုရုပ်ဝတ္တုပစ္စည်းများ ရှိနေရုံမျှနှင့်လည်း စစ်မှန်သောပညာတတ်တယောက်ဖြစ် လာမည်ဟု အာမခံနိုင်သည်ကား မဟုတ်ပေ။ နက်ကတိုင်နှင့် ဘွတ်ဖိနပ်ကို စီးကာ ကြော့နေအောင် ၀တ်စားပြီး ကိုယ့်သားသမီး ကျောင်းသွားသည်ကို မိဘတိုင်း ကြည့်ချင်ပေလိမ့်မည်။ သို့သော် ဤသည်မှာ စက်ရုံထဲသို့ ၀င်သွား သော ကုန်ကြမ်းပစ္စည်းများနှင့် တူပေသည်ဟု ကျွန်တော် ထင်သည်။ ထိုကုန်ကြမ်းပစ္စည်းများကို အဆင့်ဆင့် ထုပ်ပိုး ပြင်ဆင်ပြီးသောအခါ အသုံးပြုနိုင်သော ကုန်ချောများ ထွက်လာပေမည်။ ကျွန်တော်တို့သည် စက်ရုံထဲသို့ ဘယ်လိုဝင်သွားသလဲဆိုတာသာ စိတ်ဝင်စားကြသည်။ စက်ရုံထဲမှ ဘယ်လို ပြန်ထွက်လာကြသလဲဆိုတာ ဆန်းစစ်မကြည့်ကြပေ။ ကုန်ကြမ်း ဘယ်လိုကောင်းသော်လည်း ကုန်ချောဖြစ်မလာဘဲ သုံးမရ၍ ပစ်လိုက်ရသည့် ဖြစ်စဉ်များလည်း ရှိမည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဦးနုတို့၏ နိုင်ငံရေးလမ်းစဉ်ကို ကြိုက်သူများလည်း ရှိမည်၊ အချို့သူများက မကြိုက်သည်လည်း ရှိမည်။ နိုင်ငံရေးလမ်းစဉ်ချင်း အယူဝါဒချင်း ကွဲပြား၍ ဝေဖန်ပြစ်တင်သူများပင် ရှိမည်။ သို့သော် မည်သို့ပင် အယူအဆ မတူ၍ ကွဲပြားကြစေကာမူ သူတို့သုံးဦးနှင့်ပတ်သက်လာလျှင် ရန်သူရော မိတ်ဆွေရော အားလုံးက တညီတညာတည်း သတ်မှတ်ဝန်ခံကြသည်မှာ သူတို့သည် မိမိကိုယ်ကျိုးအတွက် တိုင်းပြည်ဥစ္စာဘဏ္ဍာကို တစိုးတစေ့မှ ထိခဲ့ကြသူများမဟုတ်။ မိမိကိုယ်ကျိုးအတွက် တိုင်းပြည်ကို ရောင်းစားဖို့နေနေသာသာ ရာထူးအာဏာကို ကိုယ်ကျိုးအတွက် ဘယ်သောအခါမျှ အသုံးမချခဲ့ကြောင်း အားလုံးက ၀န်ခံကြခြင်းဖြစ်သည်။

နိုင်ငံကျော်အဆိုတော်တဦး၏ သားမှာ ထိုကဲ့သို့သော ဘိုကျောင်းတွင် သွားထားရာ စာမလိုက်နိုင်ဘဲ မကြာခဏ ကျနေသဖြင့် ယခုအခါ နိုင်ငံခြားတွင် ကျောင်းဆက်တက်ချင်၍လည်း မရ၊ အစိုးရကျောင်းတွင် ပြန်တက်ဖို့ကလည်း လူကကြီးကာ အတန်းက ငယ်နေသဖြင့် အရှက်ကွဲရမည့်အပေါက်ဖြစ်ကာ စကောစကဖြင့် ပညာရေးတပိုင်းတစဘ၀ဖြင့် ရပ်တန့်သွားလေသည်။ အချို့ကျောင်းသားကျောင်းသူအချို့မှာလည်း မြန်မာပြည်မှာနေ မြန်မာမိဘနှစ်ပါးက မွေးလာပါလျက် မြန်မာလိုတောင် ဌာန်ကရိုဏ်းကျအောင် မပြောတတ်၊ မရေးတတ်တော့တာ ၀မ်းနည်းဖွယ် ဖြစ်ပေသည်။ ပညာသင်ကြားသော ရည်ရွယ်ချက်မှာ မိမိဘာသာ အကောင်းအဆိုး ဝေဖန်သုံးသပ်နိုင်သော လောကအလင်းရောင်ဟု ခေါ်တွင်အပ်သော ဥာဏ်ပညာကို ရရန်ဖြစ်သည်။ ဘွဲ့ရခြင်းနှင့် ပညာဉာဏ်ရလာခြင်းသည် မတူပေ၊ ဘယ်ကျောင်းကို တက်ခဲ့သည်ဆိုသည်ထက် မည်ကဲ့သို့သော အသိဉာဏ်မျိုးကို ရခဲ့သည်ဆိုခြင်းက ပို၍ ပဓာနကျပေသည်။ ဤသို့ပြောခြင်းဖြင့် အင်္ဂလိပ်နာမည်အမျိုးမျိုးဖြင့် ဖွင့်လှစ်နေသော မြန်မာပြည်မှ ပုဂ်္ဂလိက ဘိုကျောင်းများကို နှိမ်လိုရင်းမဟုတ်၊ ထိုကျောင်းများလည်း ကောင်းပါသည်၊ သို့သော် မြန်မာနိုင်ငံသားအများစု မှီခိုနေထိုင်ရသော ကျောင်းများမှာလည်း သုံးတတ်လျှင် သူ့အတိုင်းအတာနှင့် အသုံးဝင်ပါသည်ဟု ဆိုလိုရင်းဖြစ်သည်။ ကျောင်းနေရင်း၏ အဓိကအချက်မှာ ဉာဏ်အလင်းဓာတ်ရဖို့ ဖြစ်သည်ဆိုခြင်းကို မိဘများရောကျောင်းသားများပါ မမေ့ကြဖို့ ထောက်ပြလိုခြင်းဖြစ်သည်။

ငါ ဘယ်ကျောင်းမှာ တက်နေသည်ဆိုခြင်းထက် ငါသည် အသိပညာဉာဏ်အလင်းနှင့် ဆင်ခြင်တုံတရား မည်မျှရှိနေပြီဆိုခြင်းက ပို၍အရေးကြီးသဖြင့် မိမိကိုယ်ကို အမှန်အတိုင်း မေးကြည့်ကြစေလိုပါသည်။ ကျွန်တော်သည် ပြည်မြို့ ပန်းပဲတန်း မူလတန်းကျောင်းမှ အခြေခံပညာကို ရရှိခဲ့ပြီး အထက (၁) ပြည်မြို့မှ အထက်တန်းအောင်မြင်ခဲ့သည်ဖြစ်ရာ မည်သည့်နိုင်ငံတကာအဆင့်ကျောင်းသို့မျှ မတက်ခဲ့ဖူးပါ။ သို့သော် အထက်တန်းတက်နေစဉ်ကပင် နေ့စဉ် ကျောင်းစာကြည့်တိုက်သို့ သွားကာ အချိန်ရသမျှ ပြင်ပစာများ ဖတ်ရှုလေ့လာခြင်း၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်၊ ကုလသမဂ္ဂစာကြည့်တိုက်၊ British Council စာကြည့်တိုက်၊ American Center စာကြည့်တိုက် စသည်ဖြင့် စာကြည့်တိုက်ပေါင်းစုံသို့ မကြာမကြာ သွားကာ ပညာဆည်းပူးခြင်းဖြင့် ဉာဏ်အလင်းရောင် ပို၍ ကျယ်ဝန်းအောင် ဖြည့်ဆည်းနိုင်ခဲ့ပါသည်။ ငါက ဘိုကျောင်းတွင် မတက်နိုင်ဘူး သူတို့ရသောပညာများ ငါတော့ ရမှာမဟုတ်ပါဘူးဟု စိတ်မထားအပ်ပေ။ လူတယောက်၏ အရည်အချင်းမှာ သူသည် ဘယ်ကျောင်းတွင် တက်ခဲ့သည်ဆိုခြင်းနှင့် ဆုံးဖြတ်၍မရဘဲ သူသည် ဘယ်လောက်အထိ လေ့လာသင်ယူခဲ့သည်၊ ဘယ်လိုကြိုးစားခဲ့သည်ဆိုတာနှင့်ပဲ တိုင်းတာ၍ ရကောင်းပါသည်။ သမ္မတလင်ကွန်းသည် သစ်ခုတ်သမားတယောက်ဘ၀မှ ပညာတတ် သမ္မတကြီး ဖြစ်လာခြင်းမှာ ကျောင်းကောင်းကောင်းတွင် နေရ၍မဟုတ်၊ မဖြစ်မနေ ကြိုးစားချင်သော စိတ်ဆန္ဒကြောင့် ဖြစ်သည်။ ယခုလို နိဒါန်းချီနေရသည်မှာ မြန်မာနိုင်ငံတွင် စတင်အမြစ် တွယ်စပြုနေသော လူမှုရေး၊ နိုင်ငံရေး နယ်ပယ်များ၌ နိုင်ငံတကာမှ ဖွင့်လှစ်သော ဘွဲ့များ၊ ဒီပလိုမာများ၊ ဆာတီဖီကိတ်များ၊ သင်တန်းဆင်းလက်မှတ်ရှိသူများသာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် လူတွင်ကျယ်အဖြစ် နေရာယူ နေရာပေးနေကြခြင်းကို မြင်နေရသောကြောင့်ဖြစ်သည်။ ဘယ်နိုင်ငံ ဘယ်တက္ကသိုလ်ကြီးမှ ဘာဘွဲ့ကြီးရလာသော ဖွဲ့စည်းပုံဥပဒေပညာရှင်ဟုတမျိုး၊ ဘယ်နိုင်ငံ ဘယ်တက္ကသိုလ်ကြီးတွင် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသော သမိုင်းပညာရှင်ဟူ၌တဖုံ၊ ကုလသမဂ္ဂ၏ ဘယ်အဖွဲ့ကြီးတွင် ဘာတာဝန်ထမ်းဆောင်ခဲ့သော ပညာရှင် ဘယ်သူက ပြောသည်ဟူ၍တနည်း ဉာဏ်ပညာနှင့်စေတနာထက် ဘွဲ့နှင့်ကျောင်းကို ခေါင်းပေါင်းပေါင်းလာကြသောကိစ္စများကိုသာ တွေ့လာရသောကြောင့် ဖြစ်သည်။

စေတနာသည် ကံဖြစ်သည်ဟု ဗုဒ္ဓဘုရားရှင်က ဟောပါသည်။ သင်သည် မည်မျှပညာတတ်သည်ဖြစ်စေ စေတနာမကောင်းပါက ကံကောင်းနိုင်မည်မဟုတ်။ ကုသိုလ်ရေးလုပ်ရာတွင် ကံငါးပါးဟုခေါ်သော အခြေခံ သီလခိုင်လုံဖို့ လိုသလို၊ နိုင်ငံရေးလုပ်ရာတွင် နိုင်ငံရေးသီလ မကျိုးပေါက်ဖို့ လိုပေလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုန်းတော်ကြီး ဦးသောဘိတ ကျောင်းထွက်ဖြစ်သည်။ နတ်မောက်အစိုးရအထက်တန်းကျောင်းမှ အထက်တန်းအောင်ခဲ့သူဖြစ်သည်။ သူသည် ILBC ကိုလည်း မတက်ဖူးခဲ့၊ Horizon ကိုလည်း မတက်ဖူးခဲ့၊ International School သို့လည်း အနားပင် မသီဖူးခဲ့၊ B.C တို့ အမေရိကန်စင်တာတို့လည်း ရောက်ဖူးသူမဟုတ်၊ ဒဂုန်(၁) ထွက်လည်းမဟုတ်၊ TTC ကျောင်းထွက်လည်းမဟုတ်၊ နန်ယန်ကျောင်းတွင်လည်း ကျောင်းတက်ခဲ့သူမဟုတ်။ ထူးချွန်မည့်သူသည် ထူးချွန်မည်ဖြစ်သည်။ ကျောင်းက အဓိကမဟုတ် လူက အဓိကဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တောကျောင်းမှ အထက်တန်းအောင်သော်လည်း အင်္ဂလိပ်စာတွင် ညံ့သူမဟုတ်ကြောင်း သူ အင်္ဂလိပ်လို ရေးခဲ့ပြောခဲ့သော မိန့်ခွန်းများက သက်သေခံနေသည်။ ဗိုလ်ချုပ်ပြတိုက် ဖွင့်လှစ်ထားသော ရန်ကုန်မြို့ တာဝါလိန်းလမ်း နေအိမ်အပေါ်ထပ် စာကြည့်ခန်းထဲတွင် ပြသထားသော ဗိုလ်ချုပ်အောင်ဆန်း ဖတ်ခဲ့သည့် အင်္ဂလိပ်စာအုပ်များက သက်သေခံနေပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်သို့ စရောက်ကာစက အင်္ဂလိပ်စာတော်သည်မဟုတ်ပေ။ သူပြောသော အင်္ဂလိပ်စာမှာ သိပ်ပြီး အစပ်အဟပ် မတည့်သဖြင့် ဘိုကျောင်းထွက် ကောလိပ်ကျောင်းသားများ၏ ၀ိုင်းဝန်းလှောင်ပြောင်မှုကို ခံခဲ့ရသူ ဖြစ်သည်။ သို့သော် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ဘာကိုပဲလုပ်လုပ် ဖိဖိစီးစီး ဇွဲကြီးမဲကြီး လုပ်ကိုင်လေ့ရှိသော အောင်ဆန်းသည် နှစ်အနည်းငယ်အတွင်း အင်္ဂလိပ်လို ဂျောင်းဂျောင်းပြေးအောင် ပြောနိုင်သည်ကို ဘိုကျောင်းထွက်များကပင် ငေးယူရသည့်အခြေအနေသို့ ရောက်အောင် ကြိုးစားပြနိုင်ခဲ့သည်။ လူတော်တယောက်သည် ကိန်းဘရစ်ဂ်ျ တက္ကသိုလ်မှာပဲတက်တက်၊ နတ်မောက်အထက်တန်းကျောင်းမှာပဲနေနေ တော်မည့်သူက တော်မည်သာဖြစ်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ရာထူးကို သက်တမ်းနှစ်ကြိမ် အောင်မြင်စွာ ထမ်းရွက်နိုင်ခဲ့သော မြန်မာ့ဂုဏ်ဆောင် ဦးသန့်သည် ILBC လည်း မတက်ဘူးပါ။ YES မှာလည်း အင်္ဂလိပ်စာ မသင်ဖူးပါ။ ဗြိတိသျှသံရုံးမှာလည်း အင်္ဂလိပ်စာ မလေ့လာဖူးပါ။ အမေရိကန်စင်တာမှာလည်း မင်ဘာမဟုတ်ပါ။ တော်မည့်သူက တော်သည်သာဖြစ်သည်။ ဦးသန့် အသက် ၆ နှစ်သားတွင် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ ဆရာကြီးဦးဘဟန်၏ မြန်မာကျောင်းတွင် စတင်ပညာသင်ကြားသည်။ ပန်းတနော် အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲကို အောင်မြင်ပြီး ရန်ကုန်တက်္ကသိုလ်သို့ တက်ရောက်ပညာဆည်းပူးသည်။ တကောင်းကျောင်းဆောင်၊ ပုဂံကျောင်းဆောင်များတွင် နေထိုင်ခဲ့ကာ အသက် ၁၉ နှစ်တွင် ဥပစာတန်း (IA) အောင်မြင်ခဲ့သည်။ ဦးသန့်ကို ဖခင်ဖြစ်သူ ဦးဘိုးနှစ်က အိမ်တွင် အင်္ဂလိပ်စာသင်ပေးသည်။ ၀ါသနာပါ၍ လေ့လာသဖြင့် မောင်သန့်သည် အသက် ၁၂ နှစ်အရွယ်ကပင် ရှိတ်စပီးယားစာအုပ်များနှင့် ဆာအာသာကိုနင်ဒွိုင်း စာအုပ်များကို အင်္ဂလိပ်လို ဖတ်နိုင်နေပြီဟုဆို၏။ အရင်းအမြစ် စစ်လိုက်သောအခါ ဗိုလ်ချုပ်အောင်ဆန်းရော၊ ဦးသန့်ရော၊ ဦးနုရော အင်္ဂလိပ်စာတော်ခြင်းမှာ အင်္ဂလိပ်စာ အဓိကသင်သော ကျောင်းကောင်းကောင်းမှာ နေရ၍မဟုတ်၊ မိမိဘာသာ ၀ါသနာပါသဖြင့် လေ့လာသောကြောင့်ဖြစ်သည်။ သူတို့သုံးယောက်လုံးတွင် တူညီသာအချက်မှာ အင်္ဂလိပ်စာ ကောင်းစွာတတ်သော်လည်း မြန်မာစာတွင် မညံ့ကြခြင်းဖြစ်သည်။ မညံ့သည့်အပြင် အလွန်ကောင်းမွန်သော စာပေလက်ရာများကိုပင် ပြုစုနိုင်ခဲ့သည်။ ယခုခေတ် အင်္ဂလိပ်စာလေး အနည်းငယ်သင်မိသည်နှင့် “မြန်မာလို ဘယ်လိုခေါ်ရမလဲဆိုတော့” ဟူသော စကားကို အရသာခံပြောတတ်သော ကျီးမဟုတ်၊ ကြက်မဟုတ်သူများနှင့်မူ အတော်ကြီး ကွာခြားလှသည်။

ဖဆပလအဖွဲ့ကြီး၏ခေါင်းဆောင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုသည်လည်း ငယ်စဉ်က ၀ါးခယ်မမြို့ရှိ အင်္ဂလိပ် မြန်မာအလယ်တန်းကျောင်းတွင် ပညာဆည်းပူးခဲ့သူဖြစ်သည်။ ထိုမှတဆင့် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလာသူဖြစ်သည်။ ထို့နောက် နိုင်ငံလှုပ်ရှားမှုထဲတွင် ဆက်တိုက်ပါဝင်လာပြီး လွတ်လပ်သောမြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်အဖြစ်နှင့် ကမ္ဘာသိ ထင်ရှားသူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းရော၊ ဦးသန့်ရော၊ ဦးနုပါ တောကျောင်းထွက်များဖြစ်သော်လည်း အင်္ဂလိပ်စကားကို စကားပြန် မလိုဘဲ ကျွမ်းကျင်စွာပြောနိုင်သည်။ အင်္ဂလိပ်လို ကောင်းကောင်းရေးနိုင် ဖတ်နိုင်သည်။ သူတို့၏ပညာရေးကို အောက်စဖို့ဒ်၊ ယေးလ်၊ ကိန်းဘရစ် စသော ကမ္ဘာကျော်တက္ကသိုလ်မှ ကျောင်းပြီးခဲ့သူများက အထင်မသေးရဲကြပေ။ ဦးသန့်ကို ကုလသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူးအဖြစ် အမည်စာရင်းတင်သွင်းထားသောအခါ မလိုသူများက ဦးသန့်သည် ဘီအေဘွဲ့ ရရှိခဲ့သူမဟုတ် ဟူသော အကြောင်းပြချက်ဖြင့် ကန့်ကွက်ခဲ့ကြသည်။ သို့သော် ဦးသန့်သည် ရန်ကုန်တက္ကသိုလ်တွင် အိုင်အေတန်းကို အောင်မြင်ခဲ့ပြီး ဖြစ်သည်။ သူ့ဘာသာ ဆက်မတက်ချင်ဘဲ အမျိုးသားကျောင်းတွင် ကျောင်းအုပ်ဆရာ ၀င်လုပ်သောကြောင့်သာ ဘွဲ့မရခြင်းဖြစ်ကြောင်း အားလုံးသိကြသဖြင့် ဘီအေဘွဲ့ ရခြင်း မရခြင်းကို မည်သူကမျှ အရေးတယူ ပြောမနေတော့ဘဲ တော်သည်နှင့်အညီ UN အတွင်းရေးမှူး တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဦးနုတို့၏ နိုင်ငံရေးလမ်းစဉ်ကို ကြိုက်သူများလည်း ရှိမည်၊ အချို့သူများက မကြိုက်သည်လည်း ရှိမည်။ နိုင်ငံရေးလမ်းစဉ်ချင်း အယူဝါဒချင်း ကွဲပြား၍ ဝေဖန်ပြစ်တင်သူများပင် ရှိမည်။ သို့သော် မည်သို့ပင် အယူအဆ မတူ၍ ကွဲပြားကြစေကာမူ သူတို့သုံးဦးနှင့်ပတ်သက်လာလျှင် ရန်သူရော မိတ်ဆွေရော အားလုံးက တညီတညာတည်း သတ်မှတ်ဝန်ခံကြသည်မှာ သူတို့သည် မိမိကိုယ်ကျိုးအတွက် တိုင်းပြည်ဥစ္စာဘဏ္ဍာကို တစိုးတစေ့မှ ထိခဲ့ကြသူများမဟုတ်။ မိမိကိုယ်ကျိုးအတွက် တိုင်းပြည်ကို ရောင်းစားဖို့နေနေသာသာ ရာထူးအာဏာကို ကိုယ်ကျိုးအတွက် ဘယ်သောအခါမျှ အသုံးမချခဲ့ကြောင်း အားလုံးက ၀န်ခံကြခြင်းဖြစ်သည်။ ဤသည် ကိုယ်ကျင့်တရားဖြစ်သည်။ နိုင်ငံရေးသီလ ဟူသည် ရှိသေး၏။ နိုင်ငံရေးတွင် ကိုယ်ကျင့်တရားသည် အရေးကြီးသလို နိုင်ငံရေးသီလသည် ထပ်တူအရေးကြီးပေ၏။ နိုင်ငံရေးသီလဟူသည်မှာ မိမိအကျိုးနှင့် အများအကျိုးယှဉ်လာလျှင် အများအကျိုးကို ဦးစားပေးခြင်း၊ အများအကျိုးနှင့် နိုင်ငံအကျိုးယှဉ်လာလျှင် တနိုင်ငံလုံးအကျိုးကို ဦးစားပေးခြင်းတို့ဖြစ်သည်။ ထိုသို့မဟုတ်ပါဘဲ မိမိနှင့်မိမိပါတီ၊ မိမိအဖွဲ့အစည်း အသာစီးရဖို့ မတရားသောအဖွဲ့တဖွဲ့ကို မတရားမှန်းသိပါလျက် ထောက်ခံခြင်း၊ ပူးပေါင်းခြင်း၊ လိမ်လည်ခြင်း၊ ပြည်သူကိုသစ္စာဖောက်ခြင်းများသည် နိုင်ငံရေးသီလကျိုးပေါက်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးနုတို့၊ ဦးသန့်တို့ကို ယခုအချိန်အထိ ကြည်ညိုသူပေါသည်မှာ ကိုယ်ကျင့်တရား ကောင်းသလို နိုင်ငံရေးသီလလည်း မြဲသောကြောင့် ဖြစ်သည်။

ယနေ့ခေတ်အခါတွင် နိုင်ငံ့အရေးကို ဆောင်ရွက်ကြပါသည် ဟူသော နိုင်ငံရေးသမား များစွာပေါ်ပေါက်နေကြသည်။ အချို့သည် အစိုးရနှင့် ကင်းကင်းနေကာ အတိုက်အခံနိုင်ငံရေးသမားအဖြစ် တောက်လျှောက် လုပ်ကိုင်လာကြ၏။ အချို့မှာ ထင်ပေါ်သဖြင့် စင်တော်ကောက်သည်ဟုပဲပြောပြော၊ ပုလင်းတူဘူးဆို့ ပူးပေါင်းမိကြသည်ပဲဆိုဆို အာဏာရ အသိုင်းအ၀ိုင်း၏ ခေါ်ယူအသုံးချခြင်းကို ကျေကျေနပ်နပ် ခံယူ၍ နိုင်ငံရေးဖြစ်စဉ်တွင် လူမြင်သာသောကဏ္ဍမှ ပါဝင်ကပြကြလေသည်။ အချို့လူများသည် လူတော်တွေ ဖြစ်ကြကုန်၏။ နိုင်ငံခြားတက္ကသိုလ်များမှပေးသော ဘွဲ့ထူးဂုဏ်ထူး တသီကြီးကို ရထားသူများလည်းပါသည်။ သူတို့သည် ပညာတတ်များပီပီ ဘိုလိုတွေမှုတ်လျက် ရှင်းနေသော အကြောင်းအရာတခုကိုပင် လူတွေ နားမလည်အောင် ရှုပ်သွားအောင် အလွန်ကြီးမားသော အင်္ဂလိပ်စာလုံး ခံ့ခံ့ထည်ထည်ကြီးတွေကို သုံးကာ ဟောပြောနိုင်ကြပေ၏။ လက်တွေ့တွင် တခါမှ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုမရှိဘဲ သဘောတရားရေးရာများ သီအိုရီများ ဖော်မြူလာများကို နှုတ်တက်ရွရွ ရွတ်ဆိုနိုင်ကြပေကုန်၏။ Moderate နဲ့ Radical တို့ Reform တို့၊ Hard Liner တို့၊ No Trust တို့၊ Political Opening တို့၊ Reality တို့၊ Win Win Theory တို့၊ Constitutional Crisis တို့၊ Power Sharing တို့၊ ဘိဇနက်တို့၊ Opposition တို့၊ Awarness တို့ Third World တို့ စသည်ဖြင့် ပြောမဆုံးအောင် ရွတ်ပြကြပေလိမ့်မည်။ သို့သော် တခုရှိသည်မှာ ထိုဘိုကျောင်းထွက်တွေ၊ နိုင်ငံခြားပြန်တွေကို ပြည်သူတွေက မယုံ။ ဤလူတွေသည် အစိုးရနှင့်ပေါင်းကာ လူကြားကောင်းအောင် စကားကြီး စကားကျယ်တွေ ပြောနေကြသည်မှတပါး ပြည်သူလူထု၏ရင်ထဲ အသည်းထဲအထိ ရောက်မလာနိုင်ကြခြင်းမှာ နိုင်ငံရေး၏အသည်းနှလုံးဟု ခေါ်ဆိုအပ်သော ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးသီလ မစင်ကြယ်ခြင်းကြောင်းဖြစ်သည်။ ဆိုဖာပေါ်မှာ ထိုင်၍ နိုင်ငံရေးစကားတွေ ပြောနေသော်လည်း ပြည်သူလူထု၏ မျက်ရည်ကို ကိုယ်တိုင်ခံစားမကြည့်နိုင်သောအခါ ထိုလူတွေ၏ပြောစကားကို မည်သူမျှနားလည်မည်မဟုတ်ချေ။

ဗိုလ်ချုပ်အောင်ဆန်းသည် တခါတရံ အပြောဆိုးသော်လည်း လူတွေကချစ်ကြသည်မှာ သူ့နှလုံးသားသည် ပြည်သူတွေနှင့် တသားတည်း ဖြစ်နေသောကြောင့်ပင်တည်း။ ထိုသို့မဟုတ်ဘဲ အပြောတမျိုး၊ အလုပ်တမျိုးဖြစ်ကာ ပြည်သူကို မိဘနှင့်နှိုင်းပြီး စကားလုံးချိုချိုကလေးများဖြင့် လစဉ်လေလှိုင်းမှ သြ၀ါဒကထာမြွက်ကြားနေလည်း ပြည်သူက ဂရုစိုက်မည် မဟုတ်ချေ။ စကားလုံးများထက် စေတနာသည် အရေးကြီး၏။ မြေမဲ့ယာမဲ့ဒုက္ခ၊ လယ်သမားများ ထောင်ချခံရသောဒုက္ခ၊ ပြည်တွင်းစစ် မရပ်စဲနိုင်သေးသည့်ကိစ္စ၊ ဥပဒေစိုးမိုးမှုမရှိသောကိစ္စ စသည်တို့ကို စကားလုံးလှလှလေးတွေသည် လာမကယ်နိုင်။ ပြည်တွင်း ပြည်ပမှ ဘွဲ့ထူးဂုဏ်ထူးတွေ အမြီးအမောက်တွေထက် ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးသီလသည် ပို၍အရေးကြီး၏။ အချုပ်အားဖြင့်ပြောရလျှင် သင်ဘယ်ကျောင်းမှာ စာသင်ခဲ့သည်ဆိုခြင်းသည် အရေးမကြီးပါ။ သင် ဘာစာတွေသင်ခဲ့သည်၊ သင် ဘာတွေလုပ်နိုင်သည်၊ သင် ဘာတွေလုပ်နေသည်ဆိုခြင်းက ပို၍ အရေးကြီးပါသည်။ ဟစ်တလာ၊ ပိုပေါ့၊ အိုစမာဘင်လာဒင်နှင့် မြန်မာပြည်မှ ဟိုပုဂ်္ဂိုလ်ကြီးတို့သည် တက်ရောက်ခဲ့သောကျောင်းမတူသော်လည်း သင်ယူခဲ့သော ဘာသာတွဲချင်း တူညီပုံရလေသည်။

ထို့ကြောင့် မည်သည့်ခေတ်တွင် မဆို
တောကျောင်းမှာပဲနေနေ
မြို့ကျောင်းမှာပဲတက်တက်
ဘိုကျောင်းကပဲထွက်ထွက်
တော်မည့်သူသည် တော်ကိုတော်မည်။ ညံ့မည့်သူသည်ညံ့ကို ညံ့မည်။ လိမ်မည့်သူသည် လိမ်ကိုလိမ်မည်၊ ယုတ်မာမည့်သူသည် ယုတ်ကိုယုတ်မာမည်ဖြစ်သည်။ ကျောင်းသည် သာမည၊ လူသည် အဓိကဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

သရ၀ဏ်(ပြည်)

1 comment:

Unknown said...

Why do you want your children going to school?
Is good Education the best future of everybody, every child?