Wednesday, August 6, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသူ ငါးသန်းနီးပါးရရှိကြောင်း NLD နှင့် ၈၈ မျိုးဆက် ဗဟိုပူးပေါင်းကော်မတီ တရားဝင်ထုတ်ပြန်

ကျော်ဇင်ဝင်း၊ ဇာလီမြင့်ဦး
August 6, 2014
http://www.news-eleven.com/

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးသူ ငါးသန်းနီးပါးရှိကြောင်းNLD နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဗဟိုပူးပေါင်းကော်မတီက ဩဂုတ် ၆ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

အဆိုပါ လက်မှတ်ရေးထိုးလှုပ်ရှားမှု ရလဒ်များ တရားဝင်ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအား ဩဂုတ် ၆ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ ပြုလုပ်ခဲ့သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြုလက်မှတ်ရေးထိုး လှုပ်ရှားမှုများအား တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃ဝ ၌ဆောင်ရွက်ခဲ့ပြီး ယခုရရှိသည့် လက်မှတ်အရေအတွက်သည် မြို့နယ်ပေါင်း ၃ဝ၈ မြို့နယ်မှရရှိထားခြင်းဖြစ်ကာ လက်မှတ်စုစုပေါင်းမှာ ၄၉၄၁၉၉၈ ရှိကြောင်း အတည်ပြုထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးမှု စာရင်းများအား ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင် ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် မြို့နယ် အားလုံးမှစာရင်းများ ပြန်လည်ရရှိခဲ့ပြီး ကချင် ပြည်နယ်မှ မြို့နယ် ၂၁ မြို့နယ်တွင် ၁၂ မြို့နယ်၊ ချင်းပြည်နယ်တွင် မြို့နယ်ကိုးမြို့ နယ်၌ရှစ်မြို့နယ်၊ မန္တလေးတိုင်း၌ မြို့နယ် ၃၈ မြို့နယ်တွင် ၃၇ မြို့နယ်နှင့် ရှမ်းပြည် နယ်၌ မြို့နယ် ၅၄ မြို့နယ်တွင် ၂၆ မြို့နယ်သာ ဆန္ဒပြုသူစာရင်းများ ပြန်လည်ရရှိပြီး ကျန်မြို့နယ်များမှ မရရှိသေးကြောင်း သိရသည်။

“ပြည်သူ့ဆန္ဒဟာ ကျွန်တော်တို့ လွှတ်တော်ရဲ့ဆန္ဒဆိုတာကို လွှတ်တော်မှာ ဆိုင်းဘုတ်ကြီးရေးထားတယ်။ ဒါကိုလည်း ပြန်ကြည့်ကြပါ။ ပြည်သူတွေရဲ့ဆန္ဒကို ပြည်သူ့လွှတ်တော်ကြီးသိအောင်၊ ပြည်သူအများသိအောင် ကျွန်တော်တို့ ဆောင်ရွက်တာပါ။ ဒီတော့ ကျွန်တော်တို့ ဥပဒေပြုရေး၊ ဥပဒေ ပြန်လည်ရေးဆွဲရေး အားလုံးဟာပြည်သူတွေ ရဲ့ဆန္ဒပါပဲ။ ဒီမိုကရေစီမှာ ပြည်သူ့ဆန္ဒပါပဲ။ ပြည်သူ့ဆန္ဒရှိခဲ့ရင် ကျွန်တော်တို့နည်းလမ်း ပေါ်လာပါမယ်။ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို စောင့်ကြည့်လို့ကတော့ ဘယ်လိုမှပြင်လို့လည်းမရဘူး။ ဘာမှလည်း လုပ်လို့မရဘူး။ လုပ်လို့မရအောင်လည်း ပြဋ္ဌာန်းထားတယ်။ သို့သော် ပြည်သူအများ ဆန္ဒရှိလာပြီဆိုရင် နည်းလမ်းတွေ့လာမှာပါ။ အဲဒီလို နည်းလမ်းကို ကြိုးစားဖော်ထုတ်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ထို့အပြင် အစိုးရဝန်ထမ်းများနှင့် တပ်မ တော်သားများလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးမှုတွင် ပါဝင်ခဲ့ကြပြီး လက် မှတ်ရေးထိုးမှုတွင် ပါဝင်လှုပ်ရှားသူအချို့ အနေဖြင့် တရားစွဲဆိုခံရမှုများလည်းရှိကြောင်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောကြားသည်။

အလားတူ အချို့ပြည်နယ်များတွင် ဒေသဆိုင်ရာ အခက်အခဲများကြောင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးထားသည့် စာရင်းများမပေးပို့နိုင်သည့် မြို့နယ်များရှိပြီး ရှမ်းပြည်နယ်တွင် ဒေသဆိုင်ရာ အခက်အခဲများကြောင့် မရရှိမှုများရှိကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်ကဲ့သို့ ဝန်ထမ်းများနှင့် တပ်မတော်သားများ အများစုရှိပြီး အရပ်သားဦးရေ ၁ဝဝ ခန့်သာရှိသည့်မြို့နယ်မျိုး၌ပင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသူ ၅ဝ ခန့်ရှိကြောင်း၊ သို့သော် လမ်းပန်းဆက်သွယ်ရေးအရ လက်မှတ်ရေးထိုးထားမှုစာရင်းအား ပေးပို့နိုင်ခြင်းမရှိကြောင်း သိရသည်။

လက်မှတ်ရေးထိုးထားသည့် စာရင်းများအား ပြန်လည်စိစစ်ကာ လွှတ်တော်သို့ ပေး ပို့သွားမည်ဖြစ်သော်လည်း လက်ရှိ၌ မည်သည့်ရက်တွင် ပေးပို့သွားမည်ဟု သတ်မှတ်ထားခြင်းမရှိဘဲ စာရင်းပေးပို့ရန် ကျန်ရှိသည့် မြို့နယ်များမှ လက်မှတ်စာရင်းများပေးပို့ လာသည်ကိုလည်း စောင့်ဆိုင်းသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေး ထိုးမှုကို မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရက်သတ္တပတ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်အဖွဲ့မှ ခေါင်းဆောင်များသည် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများကို တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်များ၌ ပြု လုပ်ခဲ့သည့်အပြင် ပုဒ်မ ၄၃၆ ကို မည်သည့်အတွက်ကြောင့် ပြင်ဆင်ရန် လိုအပ်သည်ဆိုသည့် ရှင်းလင်းချက်များပါဝင်သည့် လက်ကမ်းစာစောင်များကို သိန်းနှင့်ချီပြီး ပြည်သူလူထုထံသို့ ဖြန့်ဝေခဲ့သည်။

ယင်းအပြင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုကိုNLD နှင့် ၈၈ မျိုးဆက်က ဦးဆောင်ပြုလုပ်ခဲ့သည်ဟု ဆိုသော်လည်း အခြားနိုင်ငံရေး အင်အားစုများကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အနုပညာရှင်များ၊ ကဗျာဆရာများ၊ မသန်စွမ်း အဖွဲ့အစည်းများကလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးမှုကို စုပေါင်းပြုလုပ်ခဲ့ကြသည်။

1 comment:

ဇင်မွန် said...

*** အင်တာနက်လိုင်း မှာ အထူးကို ......................
.
.
.
.
.
.
.
.
.
. ကျဆင်းလျက် ...................
.
.
.
. ပုံမှန် အခြေအနေ ... ပြန်လည် ရောက်ရှိနေပါကြောင်း ................။။။။။