Friday, August 8, 2014

ရင်ပြင်နီအထိမ်းအမှတ်ကို ဆူးလေဘုရားအနီးတွင် ပြုလုပ်

ငြိမ်းချမ်း
Saturday, August 9, 2014
http://www.7daydaily.com/

ရင်ပြင်နီအထိမ်းအမှတ်ပွဲတွင် လွမ်းသူ့ပန်းခွေချ ဂုဏ်ပြုသူများ (ဓာတ်ပုံ−နစ်ကီ)
ရှစ်လေးလုံးအရေးတော်ပုံ ၂၆ နှစ်ပြည့် အမှတ်တရအဖြစ် အရေးတော်ပုံအတွင်း သွေးစွန်းသောသူများအတွက် ရင်ပြင်နီအထိမ်းအမှတ်ကို ဆူးလေဘုရားအနီးတွင် ပြုလုပ်ခဲ့ပြီး ကျဆုံးသွားသောသူများအား ပန်းခွေချ အလေးပြုခြင်းနှင့် ဟောပောပွဲများကို ရန်ကုန်မြို့ နေရာအနှံ့အပြား၌ ပြုလုပ်ခဲ့ကြသည်။

သြဂုတ် ၈ ရက်တွင် ရှစ်လေးလုံးအရေးတော်ပုံ ၂၆ နှစ် ပြည့် အမှတ်တရအဖြစ် ရှစ်လေးလုံးအရေးအခင်းတွင် ပါဝင်ခဲ့သူများနှင့် ပြည်သူများ၊ အရေးအခင်းတွင် ကျဆုံးသွားသောသူများအတွက် ပန်းခွေချ အလေးပြုခြင်း၊ အမှတ်တရ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ သတ်ဖြတ်ခံရမှုအတွက် အာဏာရှင်များအား လမ်းလျှောက်ဆန္ဒပြခြင်း၊ သီချင်းသီဆိုခြင်းများနှင့် ဆူးလေဘုရားအနီးတွင် သွေးစွန်းခဲ့သူများအတွက် ရင်ပြင်နီအထိမ်းအမှတ် ပြုလုပ်ကာ သရုပ်ပြပွဲများ ပြုလုပ်ခဲ့ကြသည်။ နံနက်ပိုင်းတွင် ရှစ်လေးလုံးအရေးတော်ပုံ၌ ပါဝင်ခဲ့သူများနှင့် ပြည်သူများက ဆူးလေဘုရားအနီးတွင် ပန်းခွေချအလေးပြုခြင်း၊ သီချင်းများသီဆိုခြင်း၊ ရင်ပြင်နီအထိမ်းအမှတ်ပွဲများ ပြုလုပ်ခဲ့ကြသည်။

‘‘ဒီနေ့မှာ ကျွန်တော့်သူငယ်ချင်းတွေ သေခဲ့ရတယ်။ ပြည်သူတွေ၊ ရဟန်းတွေ သေခဲ့ရတယ်။ သူတို့အတွက် ဆုတောင်းပေးတာပါ။ ဒီအာဏာရှင်စနစ်ဆိုးကြီးကနေ ရုန်းထွက်နိုင်ဖို့အတွက် အရင်က ပြည်သူတွေကို ဒီလိုမျိုး လုပ်ခဲ့တယ်ဆိုတာ အခု နောက်လူငယ်တွေ သိအောင်လို့ ဒီအခမ်းအနားတွေ လုပ်တာပါ’’ ဟု ၁၉၈၈ အရေးအခင်းတွင် ပါဝင်ခဲ့ပြီး ယခု ဆုတောင်းပွဲကို ဦးဆောင်ပြုလုပ်ရာတွင် ပါဝင်သူ ကိုဘိုဘိုက ပြောသည်။ အဆိုပါနံနက်တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယသာသနာ့ရိပ်သာကျောင်းတိုက်တွင် ၈၈ ငြိမ်း/ပွင့်မှ ဦးမင်းကိုနိုင်နှင့် အခြားပုဂ္ဂိုလ်များက အရေးတော်ပုံအကြောင်း ဟောပြောခဲ့ကြသည်။ ညနေပိုင်းတွင် လူဦးရေ ၁၀၀ ခန့်က တာမွေမြို့နယ်ဈေးအနီးမှ စတင်၍ ဆူးလေဘုရားအထိ လမ်းလျှောက်ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

၁၉၈၈ ခုနှစ် ၈ ရက်၊ ၈ လ နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ အကြီးကျယ်ဆုံး ဆန္ဒပြပွဲကြီး ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ဆန္ဒပြမှုများကြောင့် ဆန္ဒပြသူ ၄၄ ဦးကို ရဲတပ်ဖွဲ့က စတင်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုနေ့ နေ့လယ်ပိုင်းတွင် အခြားနယ်မြို့များ၌လည်း ဆန္ဒပြမှုများဖြစ်ပေါ်ကာ ထိုဆန္ဒပြမှုများကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ရာ မန္တလေးမြို့တွင် နှစ်ဦးသေဆုံးပြီး မြိတ်မြို့တွင် နှစ်ဦး သေဆုံးခဲ့သည်။ ထိုနေ့ ညနေပိုင်းတွင် ဆူးလေဘုရားအနီး၌ ဆန္ဒပြသူအရေအတွက် များပြားလာသောကြောင့် ညပိုင်းတွင် နိုင်ငံတော်သမ္မတက ပစ်မိန့်ပေးခဲ့သည်။

No comments: