Wednesday, August 27, 2014

''ဒီစနစ်မှာ ငါဟာ နွားကြီးပဲဆိုတာ ပိုပေါက်လာတယ်’’ (သူရဦးတင်ဦး)

(မြန်မာသံတော်ဆင့်ဂျာနယ်မှ ကူးယူဖော်ပြပါသည်။)

ကျနော်က စာတွေပေတွေ မဖတ်ဖူးဘူး။ စစ်စာတွေပဲ ဖတ်ဖူးတယ်။ အမှန်အတိုင်း ပြောရရင် ဥပဒေမေးရင် သိတယ်။ ကျနော်တို့က တိုတိုပဲ။ သူများလို ရှည်ရှည်မလာဘူး။ ၁၊ ၂၊ ၃၊ ၄ ... (၁) ဒါဆိုရင် ရည်ရွယ်ချက်၊ (၂) အခြေအနေ သုံးသပ်ခြင်း၊ (၃) ဘယ်နည်းလမ်းကို ရွေးပြီး ငါလုပ်မယ်၊ (၄) အဲဒါလုပ်ဖို့အတွက် စီမံချက်၊ (၅) အဲဒါအတွက် အစီအစဉ် ဒါပဲ။ အဲဒီဟာပဲ တပ်မှူးလုပ်တဲ့သူက ခေါင်းထဲမှာ စီထားတာပဲ။ ကြီးကျယ်ရင် ကြီးကျယ်သလိုမျိုး သေးရင် သေးသလို။ ဘယ်စာမှ မဖတ်ဖူးဘူး။

သူတို့ကို အများကြီး ကျေးဇူးတင်တယ်။ ဦးဝင်းထိန်တို့။ သူတို့ Research (သုတေသနဌာန) ပေါ့။ ကျေးဇူးအများကြီးတင်ပါတယ်။ Research က ကလေးတွေကလည်း တချိန်မှာ အပယ်ခံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗမာနိုင်ငံနဲ့ ပတ်သက်လို့ အခု မဆလ၊ တော်လှန်ရေးကောင်စီတက်တဲ့အချိန်တုန်းက နိုင်ငံခြားငွေတက်လာတာက ဗိုလ်ချုပ်ကြီးနေ၀င်းကလည်း သူက နေ့တိုင်း နိုင်ငံခြားငွေ ဘယ်လောက်တက်တယ်ဆိုတာ စာရင်းကို သတင်းစာထဲမှာ ပြတယ်။ တက်လာရင် တက်လာတာကို သူက ပြတယ်။ သူက သိပ်ပြချင်တဲ့အတွက် ကိုယ့်ဆီမှာရှိတဲ့ အသီးအနှံနဲ့ ရောင်းရတဲ့ပစ္စည်းကို ကြိုရောင်းတယ်။ ကြိုရောင်းတယ်ဆိုတော့ ဈေးနည်းနည်းနဲ့ ရတာပေါ့။ ကြိုရောင်းတယ်ဆိုတော့ ပိုက်ဆံရတာပေါ့။ တက်လာတာပေါ့ နိုင်ငံခြားငွေ။ အဲဒီတော့ သူတို့ သုတေသနဌာနက ဒီလိုနဲ့ ပိုက်ဆံတွေတက်လာခြင်းသည် ဒီက မတ်လ ၂ ရက်ကနေပြီးတော့ ဟိုဘက်ကို တက်လာတာ။ တော်လှန်ရေးကောင်စီက လုပ်တဲ့ဟာကြောင့် တက်လာတာမဟုတ်ဘူး။ ဖဆပလခေတ် ဟိုဘက်က လုပ်ခဲ့တဲ့ စီးပွားရေးစီမံကိန်းကြောင့် အရှိန်က အဲဒီအထိလာတာ။ အဲဒီတော့ ၁၉၆၆၊ ၆၇ ဟိုဘက်ရောက်ရင် စကျမယ်လို့ သုတေသနဌာနက တင်တယ်။ အဲဒါ တင်ရကောင်းမလားဆိုပြီး ကလေးတွေကို ဟိုပြောင်းဒီပြောင်း လုပ်လိုက်တယ်။ နောက်အသစ်တွေ ၀င်လာကြတယ်ပေါ့။ နောက်အသစ်တွေကလည်း သူတို့ ခိုင်းတာပဲ လုပ်တယ်။

ဒါပေမယ့် သူတို့ (ဦးဝင်းထိန်အား ညွှန်ပြလျက်) သုတေသနက စာဖတ်တဲ့သူ။ ကျနော်တို့က သုတေသန တင်ပြတာပဲ နားထောင်ပြီး ကျက်ရတယ်။ စနေနေ့ဆို သုတေသနစာတမ်းတွေ တော်တော် ဖတ်ရတယ်။ ဟောပြောပွဲရှိရင် နားထောင်ထားရတယ်။ ဒါပေမယ့် တိုင်းပြည်အခြေအနေနဲ့ ပတ်သက်လို့ အမှန်မသိတဲ့အတွက် လုပ်ခဲ့ရတာမရှိဘူး။ ဒါပေမယ့် အလုပ်ပြုတ်တဲ့နေ့မှာ သူတို့ (ဦးဝင်းထိန်) စာအုပ်တွေ ခိုးပြီး ကျနော့်ဆီကို ယူလာပေးတယ်။ အဲဒီတော့မှ ကျနော် ဖတ်ဖူးတယ်။ ဂျော့အော်ဝဲလ် ရေးတဲ့ စာအုပ်တွေ ဖတ်ဖူးတယ်။ ဘာသာပြန်တဲ့ သခင်ဘသောင်း ရေးတဲ့ ခြေလေးချောင်းတော်လှန်ရေး ဖတ်ဖူးတယ်။

သူတို့ဆီက စာအုပ်တွေ ဖတ်ဖူးတော့မှ ဘာသိလဲဆိုတော့ မောင်တင်ဦး မင်းဟာ (ချို) ဂျိုကားကြီး၊ နွားကြီးဆိုတာ သိတယ် ကောင်းကောင်း။ ဒါပဲ၊ ဘာလို့လဲ၊ ဒီစနစ်မှာ ငါဟာ နွားကြီးပဲဆိုတာ ပိုပေါက်လာတယ်။ ဒီတော့ စိတ်ထဲမှာ၊ ဒီစနစ်မှာ ဒို့တွေအားလုံး နွားကြီးလို အလုပ်ခံရတယ်။ ဒီဘ၀က လွတ်အောင် လုပ်ဖို့ဆိုတာ ငါ့မှာ ပြန်ပြီးတော့ တာဝန်ရှိလာတယ်ဆိုတာ သဘောပေါက်လာတယ်။

- ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး (NLD ပါတီ နာယက၊ သဘာပတိအဖွဲ့ဝင်)
(‘‘ပြည်သူချစ်သော ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး’’ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားသောစကား …)

No comments: