Friday, July 4, 2014

DVB မကွေးသတင်းထောက် ကိုဇော်ဖေ သရက်အကျဉ်းထောင်မှ လွတ်၊ ဝန်ကြီး ဦးအုန်းမြင့် အလိုမရှိကြောင်း ဆန္ဒပြသူကို အလုပ်ကြမ်း နှင့် ထောင်တလ အမိန့်ချ

မှူး(အောင်လံ)
အောင်လံ၊ မဇ္ဈိမ - Friday, 04 July 2014

မကွေးတိုင်း၊ သရက်အကျဉ်းထောင်တွင် ထောင်ချခံထားရသည့် DVB သတင်းဌာန၏ မကွေးမြို့နယ်သတင်းထောက် ကိုဇော်ဖေ ဇူလိုင်လ ၄ ရက် နံနက်က လွတ်မြောက်လာပြီ ဖြစ်သည်။

ကိုဇော်ဖေ၏ အယူခံကို မကွေးတိုင်း တရားလွှတ်တော် ခုံရုံးက ပြစ်ဒဏ်သုံးလသို့ ပြင်ဆင်လျှော့ပေါ့သည့် အမိန့် ဇူလှိုင် ၃ရက်က ထုတ်ပြန်လိုက်ပြီး ယနေ့ လွတ်မြောက်လာခြင်း ဖြစ်သည်။

အောင်လံမြို့ မော်တော်ဆိပ်သို့ ရှုတိုင်းယာဉ်ပဲ့ထောင်ဖြင့် မွန်းလွဲ ၁ နာရီတွင် ရောက်ရှိသည့် ကိုဇော်ဖေက ကျွန်တော် ထောင်ထဲဝင်သွားတဲ့အခါ မတရားတဲ့ ပုဒ်မနဲ့ ထောင်ချခံရတဲ့ ကျွန်တော့်ကို လွတ်မြောက်အောင် ဝိုင်းဝန်းပေးတဲ့ ဒီမိုကရေစီအင်အားစုတွေ မီဒီယာမိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်"ဟုပြောသည်။

ကိုဇော်ဖေကို ပညာရေးမှူးရုံးအတွင်း ကျောင်းသားမိဘတစ်ဦးနှင့်အတူ ပညာတော်သင်သတင်းကိစ္စ သွားရောက်သတင်းမေးမြန်းမှုကြောင့်၊ ပညာရေးဌာနက တရားလိုပြုကာ ဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၈၈တို့ဖြင့် ၂ဝ၁၂ခုနှစ်ကလည်းက တရားစွဲဆိုခဲ့ပြီး ဧပြီလက ပြစ်ဒဏ် တစ်နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ
- DVB သတင်းထောက် ကိုဇော်ဖေ ပြန်လွတ် click
- ဒီဗီဘီသတင်းထောက် ကိုဇော်ဖေ လွတ်မြောက် click

ဝန်ကြီးဦးအုန်းမြင့် အလိုမရှိကြောင်း ဆန္ဒပြသူကို အလုပ်ကြမ်း နှင့် ထောင်တလ အမိန့်ချ
ရေခဲ(ပြည်)
ပြည်၊ မဇ္ဈိမ - Friday, 04 July 2014
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်အား ရာထူးမှနုတ်ထွက်ပေးရန် မကွေးတိုင်း သရက်ခရိုင် အောင်လံမြို့နယ်တွင် ဦးဆောင်ဆန္ဒပြခဲ့သူ အောင်လံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ကိုမြတ်ကိုအား အောင်လံမြို့နယ်တရားရုံးက ဇူလိုင်လ ၄ရက်တွင် အလုပ်ကြမ်း နှင့် ထောင်ဒဏ်တစ်လ ချမှတ်လိုက်သည်။

"ဒီနေ့ ဆယ်နာရီ ရုံးချိန်းသွားတော့ တစ်နာရီ ပြန်ချိန်းတယ်။ နှစ်နာရီလောက်မှာ အမိန့်ချသွားတယ်။ အပေါ်က စာရွက်နဲ့ လုပ်သွားတာ။ အမိန့်ချပြီးပြီးချင်းပဲ သရက်ထောင်ကို တန်းခေါ်သွားတယ်။ ဘာမှတောင် မှတ်ချက်ပေးမသွားနိုင်ဘူး " ဟု ကိုမြတ်ကို ၏ ညီဖြစ်သူ ကိုထွန်းလွင်က မဇ္ဈိမသို့ပြောသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကို ရာထူးမှ နုတ်ထွက်ပေးရန် မကွေးတိုင်း သရက်ခရိုင် အောင်လံမြို့နယ်တွင် ၂ဝ၁၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁ဝရက်က ကိုမြတ်ကို ဦးဆောင်သော မြို့သူမြို့သား တစ်ထောင်ကျော်က ဆန္ဒဖော်ထုတ်ခဲ့သည်။

ယင်းအမှုကို အောင်လံမြို့နယ်တရားရုံးတွင် မြို့နယ်တရားသူကြီး ဒေါ်နွဲ့နွဲ့ဦးက လေးလကျော်ကြာ စစ်ဆေးခဲ့ပြီး ဇူလိုင်လ ၄ရက်တွင် ထောင်ဒဏ်တစ်လ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ဝန်ကြီးဦးအုန်းမြင့် ရာထူးမှ နုတ်ထွက်ပေးရန်အတွက် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင်လည်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့၍ ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)ဖြင့် တရားဆွဲခံထားရသည်။

ဝန်ကြီးဦးအုန်းမြင့်က မကွေးတိုင်း၊ သစ်ရာကောက်ကျေးရွာမှ ရွာသားများနှင့်တွေ့ဆုံစဉ် “ဘယ်ကောင်မှ ဂရု မစိုက်ဘူး။ ကြိုက်တဲ့ကောင်ပြော၊ ရေးချင်တဲ့ကောင်ရေး ကျွန်တော်ကလည်း ပုဆိုးလှန်ပြလိုက်မယ်။ ဒီလိုမျိုး နေခဲ့တဲ့ကောင်လေ၊ သေမှာတောင် မကြောက်တဲ့ကောင်၊ ကျွန်တော်က ဘာကိုကြောက်ရမလဲ” ဟု ပြောဆိုခဲ့သည်။ ယင်းအပြင် နယ်လှည့်ပါးရိုက်နေသည်ဆိုသည့် စကားများ မကျေနပ်၍ ရန်ကုန်၊ မန္တလေး၊ မကွေးတိုင်းနှင့် ပြည်မြို့တို့တွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

No comments: