Saturday, July 5, 2014

အာဏာရှင်စနစ်တွင် တာဝန်ယူရန်၊ တာဝန်ခံရန် မလိုအပ်သဖြင့် ပြည်သူများ တာဝန်ယူမှုနှင့် ဝေးကွာဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခင်ငြိမ်းသစ်၊ အေးမြင့်စန်း
ရန်ကုန်၊ မဇ္ဈိမ - Saturday, 05 July 2014


မြန်မာနိုင်ငံသည် အာဏာရှင်စနစ်အောက်တွင် ရာစုနှစ်ဝက်ခန့် နေထိုင်ခဲ့ရပြီး အာဏာရှင်စနစ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်မလိုအပ်ဘဲ အမိန့်အာဏာတစ်ခုတည်းဖြင့်သာ အုပ်ချုပ်ခဲ့သဖြင့် ပြည်သူများအနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည့် အရာများနှင့် ဝေးကွာခဲ့ရသည်ဟု တော်ဝင်နှင်းဆီခန်းမတွင် ဇူလိုင်လ ၅ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က "အထူးသဖြင့် ကျွန်မတို့နိုင်ငံလို အာဏာရှင်စနစ်အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရတဲ့ နိုင်ငံမှာဆိုလို့ရှိရင် တာဝန်ယူမှုစိတ်ဓါတ်ဟာ အင်မတန်မှ နည်းပါတယ်။ အခြေခံအကြောင်းကတော့ အာဏာရှင်စနစ်မှာ အုပ်ချုပ်တဲ့ လူတွေကိုယ်တိုင်က တာဝန်ယူစရာမလိုဘူး။ အမိန့်အာဏာနဲ့ အုပ်ချုပ်တာဖြစ်လို့ ဘယ်သူ့ကို မှလည်း တာဝန်ယူစရာမလိုဘူး၊ တာဝန်ခံစရာမလိုဘူး။ အဲဒီတော့ တာဝန်ဆိုတဲ့ နက်နဲမှုကိုသိတဲ့ လူတွေက အင်မတန်နည်းပါတယ်။ အုပ်ချုပ်သူတွေကိုယ်တိုင်က တာဝန်ဆိုတဲ့ စကားကို မှန်မှန်ကန်ကန် နားမလည်တော့ အုပ်ချုပ်ခံရတဲ့ ပြည်သူလူထုလည်း တာဝန်ဆိုတဲ့ စကားနဲ့ ဝေးကွာ သွားကြပါတယ်" ဟုပြောကြားခဲ့သည်။

ထို့ကြောင့် ဒီမိုကရေစီစနစ်ကို ထူထောင်မည်ဟုဆိုလျှင် ပြည်သူများ၏ စိတ်နှလုံးအတွင်း တာဝန်ယူမှုကို ထည့်ပေးရန်လိုသည်ဟု ပြောသည်။ ထို့ကြောင်း ၎င်းအနေနှင့် လူငယ်များအား နေရာပေးပါဟုဆိုလာလျှင် ငြင်းဆိုလေ့ရှိပြီး လူငယ်များအား တာဝန်သာပေးလိုကြောင်းလည်းပြောကြားသည်။ လူငယ်ညီလာခံတွင် တက်ရောက်လာသည့် တာဝန်ခံများအနေနှင့် တာဝန်ယူရန်၊ တာဝန်ခံရန်အတွက်သာ စဉ်းစားစေလိုသည် ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀င်ရောက်ရာတွင် ရည်ရွယ်ချက်အမျိုးမျိုးရှိကြမှာဖြစ်ပြီး မိမိအနေနှင့် မည်သည့်ရည်ရွယ်ချက်ဖြင့် ၀င်ရောက်လာသည်ကို မိမိသာ အသိဆုံးဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် ၀င်ရောက်လာသည်ဖြစ်စေ၊ မိမိလုပ်ကိုင်ရမည့် တာဝန်နှင့်ဝတ္တရားများကို ကျေပြွန်စွာ ဆောင်ရွက်မည်ဟုပြောသည်။

ထို့အပြင် NLD ပါတီအတွင်းသို့ မိမိကိုယ်ကျိုးအတွက် ၀င်ရောက်လာခဲ့သည်ဆိုပါက စောစောစီးစီး ထွက်ခွာသွားရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့အပြင် ပြည်သူလူထုအနေဖြင့် NLD ပါတီကိုယခုအချိန်အထိ ထောက်ခံနေခြင်းမှာ ကိုယ်ကျိုးရှာသည့် ပုဂ္ဂိုလ်များအား ထိန်းချုပ်နိုင်သည့် အဖွဲ့ဟု ယုံကြည်သောကြောင့် ဖြစ်သည်ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဆိုတာလည်း သာမာန်ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ ပြည်သူတွေပါပဲ။ လောဘဒေါသ ဆိုတာလည်း ကင်းကြတာမဟုတ်ပါဘူး၊ အဲ့ဒီထဲမှာလဲ ကိုယ်ကျိုးရှာတဲ့သူတွေ၊ ရည်ရွယ်ချက်နဲ့ ၀င်တဲ့သူတွေရှိမယ်ဆိုတာ ပြည်သူလူထုက မှန်းဆလို့ရပါတယ်။" ဟု ပြောကြားခဲ့သည်။

NLD ပါတီအနေနှင့် ၁၉၈၉ခုနှစ်ကတည်းက လူငယ်ညီလာခံပြုလုပ်ရန်အတွက် ကျိုးပမ်းခဲ့သော်လည်း ဖိနှိပ်ခံရမှုများကြောင့် လူငယ်ညီလာခံအထိ မပြုလုပ်နိုင်ခဲ့ဘဲ ယခုမှသာပြုလုပ်နိုင်သည်ဟု ဆိုသည်။ ယနေ့ပြုလုပ်သည့် လူငယ်ညီလာခံတွင် တက်ရောက်ခွင့်ရှိသူ ၁၆၅ ယောက်ရှိရာ ၁၅၀ကျော် တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ
- ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ပြည်သူများ၏ လက်မှတ်ရေးထိုး တောင်းဆိုမှုများသည် ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဆိုသည့်စကားအရ လွှတ်တော်အပေါ် သက်ရောက်မှုရှိရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား click
- ပြည်သူ့ယုံကြည်မှုကို ထိန်းသိမ်းထားနိုင်ရန် ခက်ခဲကြောင်း ဒေါ်အောင်ဆန်းစုကြည် ပါတီဝင်လူငယ်များကို ပြော click
- နိုင်ငံ၏အနာဂတ်အတွက် ပစ္စုပ္ပန်အချိန်တွင် လူငယ်များ မည်သို့လုပ်သင့်သည်ကို သုံးသပ်နိုင်ရန် လိုအပ်ကြောင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် NLD လူငယ်ညီလာခံ၌ တိုက်တွန်း click
- နိုင်ငံလုံးဆိုင်ရာ NLD လူငယ်ညီလာခံ ပထမဆုံးအကြိမ် ကျင်းပ click
- အန်အယ်ဒီရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ကျင်းပ click
- ပထမဆုံးအကြိမ် NLD လူငယ်ညီလာခံ ကျင်းပ (ရုပ်သံ) click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ပြုလုပ် (ရုပ်သံ) click
- အန်အယ်ဒီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ကျင်းပ (ဓာတ်ပုံ) click

No comments: