Saturday, July 12, 2014

နိုင်ငံရေးပါတီများ၏ တောင်းဆိုချက်များအား မပြင်ဆင်ဘဲ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်မူကြမ်းကို ရွေးကောက်ပွဲကော်မရှင် အတည်ပြု ထုတ်ပြန်

ကျော်ဇင်ဝင်း
July 11, 2014
http://www.news-eleven.com/

နိုင်ငံရေးပါတီများအကြား ဝေဖန်မှုများဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်မူကြမ်း(၁/၂ဝ၁၄)အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက် ရက်စွဲဖြင့် အတည်ပြုထုတ်ပြန်ထားကြောင်း ရွေးကောက်ပွဲကော်မရှင်မှ စုံစမ်းသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီတို့ ဇူလိုင် ၂ ရက် နေပြည်တော်၌တွေ့ဆုံသည့် ဆွေးနွေးပွဲတွင် ထုတ်ပြန်ချက်အား နိုင်ငံရေးပါတီများထံ ဖြန့်ဝေခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

အဆိုပါညွှန်ကြားချက်တွင် နိုင်ငံရေးပါတီများမှ ပြင်ဆင်ပေးရန် တောင်းဆိုထားသည့်အချက်များအနက် အနည်းငယ်သာ ပြင်ဆင်ထားပြီး အများစုမှာ မူလအတိုင်း ပါဝင်လျက်ရှိသည်။

နိုင်ငံရေးပါတီများမှ မဲဆွယ်စည်းရုံးခွင့်ကာလအား ရက်ပေါင်း ၆ဝ သတ်မှတ်ပေးရန်၊ စုဝေးဟောပြောခွင့်လျှောက်ထားခြင်းအား အသိပေးခြင်းသို့ပြောင်းလဲပေးရန်တို့ကို အဓိက တောင်းဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိထုတ်ပြန်ချက်တွင်မူ မဲဆွယ်စည်းရုံးခွင့်ကာလအား ရက်ပေါင်း ၃ဝ သာ သတ်မှတ်ထားပြီး စုဝေးဟောပြောခွင့်ကိုလည်း ကော်မရှင်လျှောက်ထားရယူရမည့်အချက်များအား မူလအတိုင်း ထည့်သွင်းထားသည်။

ထို့အပြင် စုဝေးဟောပြောခြင်းကို လျှောက်ထားရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း ကြေညာပြီးသည့် နေ့မှ ၁၅ ရက်အတွင်း စုဝေးဟောပြောမည့် အစီအစဉ်နှင့်တကွ လျှောက်ထားရမည်ဖြစ်ကာ စုဝေးဟောပြောပွဲ ပြုလုပ်လိုသည့်နေရာ၊ နေ့ရက်၊ စတင်မည့်အချိန်၊ ပြီးဆုံးမည့်အချိန်၊ ဟောပြောမည့်ပုဂ္ဂိုလ်၊ ယာဉ်များဖြင့် ဟောပြောခြင်းဖြစ်ပါက ခရီးစဉ်လမ်းကြောင်း၊ လှည့်လည်သွားရောက်မည့် ခန့်မှန်းအချိန်၊ ရပ်တန့်ဟောပြောမည့်နေရာ၊ ဟောပြောမှု စတင်ချိန်၊ ပြီးဆုံးချိန်တို့ကိုလည်း ထည့်သွင်းလျှောက်ထားရမည်ဟု မူလညွှန်ကြားချက်မူကြမ်းပါ အချက်များအတိုင်း ပြန်လည်ထည့်သွင်းထားသည်။

ပါတီရုံးများတွင် စုဝေးဟောပြောခြင်းဖြစ်ပါက လျှောက်ထားရန် မလိုသော်လည်း ကော်မရှင်အဖွဲ့ခွဲများသို့ နှစ်ရက်ကြိုတင်အကြောင်းကြားရမည် ဖြစ်သည်။

“မဲဆွယ်စည်းရုံးတာလျှောက်ခိုင်းတာက ကြေညာပြီးတဲ့နေ့ကစပြီးတော့ ၁၅ ရက် အတွင်း လူထုဟောပြောပွဲကို အစီအစဉ်ပြီးရမယ်ဆိုတော့ ဒါလည်းမဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရက်ပေါင်း ၃ဝ ပဲ သတ်မှတ် သတ်မှတ်၊ ရက်ပေါင်း ၆ဝ ပဲ သတ်မှတ် သတ်မှတ်၊ အဲဒီအတွင်းမှာ ကိုယ်အဆင်ပြေတဲ့ဆီကို လာဟောမယ့်ခေါင်းဆောင်ကိုရှာပြီးတော့ ကိုယ်အဆင်ပြေတဲ့သူကို ဟောခိုင်းရမှာလေ။ ဟိုတုန်းကလိုပဲ သုံး၊ လေး၊ ငါး ရက် ကြိုတင်အသိပေးရင်သိတဲ့ ကိစ္စပဲလေ။ အခုဟာ ကိုယ်စားလှယ်လောင်းစာရင်း ကြေညာပြီးဒီ ၁၅ ရက်အတွင်းမှာ အစီအစဉ်ပြောရမယ်။ ရွေးကောက်ပွဲလည်း မရောက်သေးဘူး။ နောက်ထပ် ၁၅ ရက် လောက်ကျန်သေးတယ် သဘောပြောပြတာ။ အဲဒီမှာဆို နောက်ပိုင်းပြောခွင့်မရတော့ဘူး။ ဆိုခွင့်မရတော့ဘူး။ ဒီထဲမှာ တစ်ခါတည်းအပြီးတင်ဆိုတာလည်း မဖြစ်သင့်ဘူးလေ။ အမှန်ဆိုလို့ရှိရင် ရွေးကောက်ပွဲရက်မတိုင်ခင်မှာ ဘယ်အချိန်ဟောဟော ပြောပြောကြိုအသိပေးရင် ဒီလောက်ဆိုပဲ လုံလောက်တာပေါ့နော်။ တစ်ကယ်တော့ အန်ကယ်ပြောချင်တာက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ကယ်လုပ်ချင်တဲ့ဆန္ဒရှိရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ ဘာပဲပြောပြော တိုင်းပြည်ရဲ့အလှည့်အပြောင်းဖြစ်တဲ့အခါကျတော့ လုပ်ပေးတဲ့ ပုဂ္ဂိုလ်တွေအတွက် တကယ်ကို သမိုင်းမှတ်ကျောက်တင်ကျန်ခဲ့မယ့် ရွေးကောက်ပွဲမျိုးဖြစ်တယ်ဆိုတဲ့ဟာကျတော့ တကယ်တမ်း လွတ်လပ်ပြီးတရားမျှတတဲ့ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်တွေ ထွက်ဖို့ကောင်းတာပေါ့။ တကယ်တမ်း တရားမျှတတဲ့ဟာမျိုးတွေ ရှိဖို့ကောင်းတာပေါ့”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောကြားသည်။

သို့သော် ညွှန်ကြားချက်မူကြမ်း၌ စုဝေးဟောပြောခွင့် လျှောက်ထားခြင်းအား ကော်မရှင်အဖွဲ့ခွဲများက “လိုအပ်သလိုစိစစ်၍ ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်လျှောက်ထားစေခြင်းတို့ ပြုနိုင်သည်”ဟု မူလရေးသားချက်အစား”လို အပ်သလို စိစစ်ပြီး ခွင့်ပြုချက်ထုတ်ပေးမည် ဖြစ်သည်”ဟု ပြင်ဆင်ပေးထားပြီး လျှောက်ထားချက်အား ငြင်းပယ်ပါက စုဝေးဟောပြောခြင်းမပြုမီ ၇၂ နာရီ ကြိုတင်အကြောင်းကြားရမည်ဟု အချက်ကိုလည်း ပယ်ဖျက်ခဲ့သောကြောင့် လျှောက်ထားလာပါက ခွင့်ပြုချက်ထုတ်ပေးမည့်သဘော ရေးသားထားသည်။

ယခုကဲ့သို့ အတည်ပြုထုတ်ပြန်ထားသည့် မဲဆွယ်းစည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆ဝ တိုးမြှင့်ပေးရန်အတွက် ဇူလိုင် ၂ရက်က ကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ တွင် နိုင်ငံရေးပါတီများဘက်မှ ထပ်မံဆွေးနွေးမှုများ ရှိခဲ့သဖြင့် ကော်မရှင်အနေဖြင့် ပြန်လည်စဉ်းစားပေးမည်ဟု ပြောကြားထားကြောင်းနှင့် ညွှန်ကြားချက်မူကြမ်းနှင့် အတည်ပြုလိုက်သော ညွှန်ကြားချက်တို့ ကွာခြားချက်မှာ အသုံးအနှုန်းနှင့် မလိုအပ်သည့် အချက်အချို့အား ပယ်ဖျက်ထားကြောင်း ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဆိုသည်။

“ခွင့်ပြုချက်တင်ဆိုတဲ့ သဘောကလည်း တစ်နည်းအားဖြင့်ပြောရရင် သမ္မစဉ်အတိုင်း လုပ်တဲ့သဘောပဲ။ တင်တာတွေအားလုံး ခွင့်ပြုမှာပဲ။ အဓိကဘာလဲဆိုတော့ သူတို့နားလည်မှုလွဲနေတာလေး ရှိတာပေါ့ဗျာ။ ကျွန်တော်တို့လည်း အသေးစိတ် မရှင်းပြနိုင်ဘူးလေ။ အဲဒီတော့ ဒီထဲမှာ သတ်မှတ်ထားတဲ့ဟာတွေအားလုံးက ကျွန်တော်တို့ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေမှာ ပါထားပြီးသားတွေ။ ဥပမာဖွဲ့စည်းပုံလိုဟာမျိုးမှာပါမယ်ဗျာ။ အရေးပေါ်စီမံမှု အက်ဥပဒေမျိုးမှာ ပါမယ်ဗျာ။ ပြစ်မှုဆိုင်ရာဥပဒေမျိုးမှာ ပါမယ်ဗျာ။ အဲဒီဥပဒေတွေမှာ ပါတဲ့အချက်အလက်တွေကို တစ်နည်းအားဖြင့်တော့ ဘယ်ဥပဒေကိုပဲဖြစ်ဖြစ် ဖောက်ဖျက်ကျူးလွန်ရင်တော့ အရေးယူခံရမှာပဲလေ။ ဒါတွေကို ကျွန်တော်တို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းထဲမှာ ကဏ္ဍအလိုက်ထည့်ပေးထားတာပေါ့ဗျာ”ဟု ဦးသောင်းလှိုင်က ပြောကြားသည်။

ယင်းအပြင် ညွှန်ကြားချက်ပါ ပြဌာန်းချက်အရ စုဝေးဟောပြောခွင့်ရှိသူများမှာ စိစစ်အတည်ပြုပြီးဖြစ်သည် လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ၎င်း၏ရွေးကောက်ပွဲ ကိုယ်စားလှယ်၊ သက်ဆိုင်ရာပါတီကိုယ်စားလှယ်များ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်လောင်းက အခွင့်အာဏာလွှဲအပ်ထားခြင်းခံရသူများဖြစ်ပြီး အခွင့်အာဏာလွှဲအပ်ထားခြင်းခံရသူများသည် ထိုအခွင့်အာဏာလွှဲအပ်ကြောင်းစာကို ကော်မရှင်အဖွဲ့ခွဲသို့ ဟောပြောခွင့်လျှောက်လွှာနှင့်အတူ တစ်ပါတည်းပေးအပ်ရမည်ဟု ဖော်ပြထားသည်။

“ဒါပဲလား။ ကျန်တဲ့သူပေးလို့ မရဘူးလား။ ဒီလိုတွေ လာတာပေါ့ဗျာ။ စာနဲ့ပေးလို့ရမှာတော့ ဘယ်သူပေးပေးလေ။ တစ်ယောက်တည်းပေးရမယ်။ တစ်စောင်တည်းပေးရမယ်လို့ သတ်မှတ်မထားဘဲ။ အခွင့်အာဏာပေးတဲ့သူ လာပြောရတာပဲလေ။ အဲဒါလေးတွေ နားလည်မှုလွဲတာပေါ့ဗျာ”ဟု ဦး သောင်းလှိုင်က မဲဆွယ်စည်းရုံးရာတွင် မဲဆန္ဒနယ်နှင့်မသက်ဆိုင်သူများ လာရောက်ဟောပြောပါက အခွင့်အာဏာလွှဲစာဖြင့် ဆောင်ရွက်၍ရကြောင်းကို ရှင်းလင်းပြောကြားသည်။

သို့ရာတွင် ယခုထုတ်ပြန်သည့် ညွှန်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လာမည့်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် သူမ၏ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးရာတွင် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ သွားရောက်ဟောပြောစည်းရုံးမှုများကဲ့သို့ လုပ်ဆောင်၍မရတော့ဘဲ ကြို တင်ခွင့်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ယခုညွှန်ကြားချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးဟောပြောခွင့်ကို ကန့်သတ်သည့်သဘော ဆောင်နေသည်ဟု သုံးသပ်မှုများရှိနေသည်။

ဆက်စပ်သတင်း
- ရွေးကောက်ပွဲကော်မရှင် ပါတီတွေရဲ့ တောင်းဆိုချက်ကို လျစ်လျူပြုပြီး မူကြမ်းထုတ်ပြန် click
- မဲဆွယ်စည်းရုံးရေး ညွန်ကြားချက် ဝေဖန်သံတွေ ထွက် click

No comments: