Monday, June 9, 2014

စစ်တပ်သည် တရားဥပဒေကို မထီမဲ့မြင်လုပ်နေပြီလော (သို့) ကလေးစစ်သားအရေး

Thulin Wai's Facebook Status

တနေ့က ကျနော့်ငယ်သူငယ်ချင်းဖြစ်သူ ကိုကျော်ဌေးနှင့် သူ့အမျိုသမီး မနီနီမာ တို့ ကျနော့်အိမ်ကို ရောက်လာကြသည်။ သူတို့မျက်နှာကို ကြည့်လိုက်တော့ သာသာယာယာ မရှိကြ။ သောကရိပ်တွေ လွှမ်းနေကြသည့် မျက်နှာများ။ ဘာဖြစ်ကြတာလဲလို့ မေးလိုက်တော့ သူ့တို့ရဲ့ တဦးတည်းသော သားလေး မောင်ဖြိုးလင်းကို (ခ) မောင်မင်းမင်းစိုး အသက်မပြည့်သေးဘဲ တပ်ထဲအသွင်းခံထားရကြောင်း ပြောပြသည်။ ကျနော်က "နင့်တို့သားက အသက် ဘယ်လောက်မို့လို့လဲ လို့မေးတော့ ၁၆ နှစ်တောင် မပြည့်သေးဘူး။ ၃၁-၇-၁၉၉၈ မွေးတာတဲ့။ ဒီတော့မှ ကျနော် အတိတ်ကို ပြန်သတိရမိသည်။ ကျော်ဌေးက ဆယ်တန်းနှစ်မှာ မိန်းမယူသည်။ ကျနော်တို့ ဆယ်တန်းအောင်ခဲ့ကြတာပင် ၁၆ နှစ်စွန်းစွန်းလေးပဲ ရှိသေးသည်။ ဒီတော့ သူ့သား ၁၆ နှစ်မပြည့်သေးသည်မှာ မဆန်း။ ခုတော့ ကျနော့်သူငယ်ချင်း လင်မယားမှာ သောကတွေ ထမ်းနေရသည်။
ပြောပြောဆိုဆိုနှင့် ကျော်ဌေးက သူ့သားနှင့်ပတ်သက်သည့် ၁၆ နှစ်မပြည့်သေးကြောင်း အထောက်အထားတွေ ထုတ်ပြသည်။ သူ့သားရဲ့ မှတ်ပုံတင်/လ ဝ က ထောက်ခံစာ/ကျောင်းဝင်မှတ်တမ်း စုံနေတာပါပဲ။ သူတို့ရင်ထဲ ဘယ်လိုရှိနေလိမ့်မလဲဆိုတာ ကိုယ်တိုင်က မိဘတယောက်မဟုတ်ပေမယ့် ကိုယ်ချင်းစာကြည့်လို့ရပါတယ်။ ဒီတော့ ကျနော်က ဆက်မေးတယ် ဒါဆို သားသားကို တပ်က ဘယ်အထောက်အထားနဲ့ လက်ခံတာလဲ။ ကျော်ဌေးက "ဘယ်က အထောက်အထားရှိမှာလဲ သူငယ်ချင်းရယ်။ ငါ့သားကို တပ်ထဲ သွေးဆောင်ဖြားယောင်းပြီး သွင်းခဲ့တဲ့ ငပလီ ၅၅ တပ်က ဗိုလ်ကြီးကောင်းမြတ်သူ (ကိုယ်ပိုင်အမှတ် ၅၅၇၉၅) နဲ့ တပ်ကြပ်ကြီးစောမင်းနိုင်က သံတွဲခရိုင် လဝကရုံးမှာ ၁၈ နှစ်ပြည့် မှတ်ပုံတင်ကို တရားမဝင် လုပ်ပြီး သွင်းလိုက်တာလေ။ ကြည့်ပါဦး သူငယ်ချင်းရာ ဒါက ငါ့သားရဲ့မူရင်း မှတ်ပုံတင်။ ကျနော် ကြည့်လိုက်တော့ ဟုတ်သည် ကျိန္တလီ လဝကရုံးတွင် တရားဝင် လုပ်ထားသော မှတ်ပုံတင်။
နံပါတ်က ၁၁/ကတလ(နိုင်)၀၀၅၆၆၅။ သံတွဲက တရားမဝင် လုပ်ထားတဲ့ နံပတ်က ၁၁/သတန(နိုင်)၀၀၂၁၄၂။ သြော် လဝက အထက်တွင် စစ်တပ် ရှိနေတာကတော့ သေချာနေပြီ။ ခု နင့်သား ဘယ်မှာလဲလို့မေးတော့ ရခိုင်ပြည်နယ် မင်းပြားမြို့က အမှတ် ၉ တပ်မတော် တန်းမြှင့်လေ့ကျင့်ရေး ကျောင်းမှာတဲ့။ ပြီးတော့ ကျော်ဌေးက ဆက်ပြောသည်။ သူတို့လင်မယား မင်းပြားအထိ လိုက်သွားပြီး အထောက်အထားတွေ ပြပြီး အကျိုးအကြောင်းပြောပြတော့ ကလေးကို ငပလီတပ်ဆီ ပြန်ပို့ပေးပြီး အထက်က နှုတ်ထွက်ခွင့်ပေးတာနဲ့ ပြန်လာခေါ်လို့ရကြောင်း ငပလီတပ်ရင်းမှူးက ပြောလိုက်တယ်တဲ့။ ခု ကလေးကို မင်းပြားသင်တန်းကျောင်း ပြန်ပို့လိုက်တယ်လို့ သတင်းကြားလို ငပလီတပ်ကို ဖုန်းဆက်တော့ တပ်ရင်းမှူးက ရိုင်းရိုင်းပြပြ ပြောပြီး ဖုန်းချသွားတယ်။ ငါ ဘယ်လို လုပ်ရမလဲ သူငယ်ချင်းတဲ့။ သူတို့အပူ ကျနော့်ဆီ ကူးလေပြီ။ ကျနော် ပြောနိုင်တာလေးတော့ ကျနော့်သူငယ်ချင်းကို ပြန်ပြောလိုက်သည်။ "တရားဥပဒေစိုးမိုးရေးလို့ ပြောပြောနေတဲ့ ဒီအစိုးရရဲ့ တရားဥပဒေအပေါ် လေးစားလိုက်နာမှု ဘယ်လောက်ရှိလဲ စမ်းကြည့်ကြတာပေါ့ကွာ" ဟူ၍သာ ..။ ။

ပြည်တွင်းပြည်ပ သတင်းမီဒီယာများကိုလည်း ကလေးမိဘများကိုယ်စား အကူအညီတောင်းခံအပ်ပါသည်။

ကလေးမိဘများနှင့် ဆက်သွယ်ရန် ...
ဦးကျော်ဌေး+ဒေါ်နီနီမာ
ဖုန်း ၀၉၄၂၁၇၇၁၇၀၄
အမှတ် ၁ ရပ်ကွက် ငုဝါလမ်း၊
ကျိန္တလီမြို့၊ ဂွမြို့နယ် ရခိုင်ပြည်နယ်။

သုလင်းဝေ
၈-၆-၂၀၁၄

No comments: