Tuesday, June 17, 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကိစ္စနဲ့ ပတ်သက်လို့ …

Ko Hmway's Facebook Comment

စိတ်နာသလား ဆိုတော့ နာတယ်။ ပစ်ရက်သလားဟေ့ ဆိုတော့လည်း မပစ်ရက်ဘူး။ တခါတလေ ရန်သူက သူ့ကို အိုးနင်းခွက်နင်းတွေဖြစ်အောင် အကွက်ဆင်ပြီး ထောင်ချောက်ထဲသွင်းလို့ သူ ၀င်သွားရင် ဥပမာ ၂၀၀၈ ကို ကျမ်းသစ္စာကျိန်ရသလိုပေါ့။ သူကတော့ ပေါ့ပေါ့လေး TECHNICAL ERROR လို့ ဖြေလျှော့ပြောသွားတယ်။ ဒါပေမယ့် အဲဒီအတိမ်အနက်ကို သူ သိပြီးသား။ ထားလိုက်တော့ ...။

ဘ၀ကြီးတွေနဲ့ ငတ်မွတ်မှုတောင်ထွတ်တွေပေါ်မှာ လိပ်လို တွားသွားသွားရင်း မျှော်လင့်ခဲ့ဖူးတယ်။ အမေပေါ့ ...။ အားကိုးခဲ့ဖူးတယ်။ ကျသွားတဲ့ သူငယ်ချင်းတွေရဲ့ မြေပုံလေးတွေ ဒီတသက် ပြန်တောင်မှ သွားလည်ပတ် အလေးပြုဖို့ မလွယ်တော့တဲ့ တောကြီးတွေထဲက ကိုယ့်ရဲဘော်ရဲဘက်တွေရဲ့ အလောင်းမြေကျခဲ့တဲ့ နေရာလေးတွေမှာ၊ မြေကြီးကို တချက် ပေါက်ပြားနဲ့ ကော်မိတိုင်း၊ ဓားနဲ့ တချက်ဆွမိတိုင်း ကိုယ့်နှလုံးသားကိုယ် ပေါက်ပြားနဲ့ ဆွမိသလို ခံစားခဲ့ရတိုင်း၊ မျက်ရည်ကို ထိန်းခဲ့ပေမယ့် ... အော် .. ငါတို့အမေ ... တချိန် ငါတို့တွေရဲ့ ဆင်းရဲခြင်း ငတ်မွတ်ခြင်းတွေနဲ့ တိုင်းပြည်အတွက် ဘာမှ တကိုယ်ရေ မျှော်လင့်ချက် မပါဘဲ လုပ်နေတာတွေကို နားလည်ပြီး သူလည်း ငါတို့တိုင်းပြည်ကြီးကို လူတလုံး သူတလုံးဖြစ်အောင် ဦးဆောင်လိမ့်မယ်ဟဲ့လို့ ...။

ဒါပေမယ့် … ဖြစ်မလာခဲ့ဘူး။ ဖြစ်မလာခဲ့တဲ့အပြင် ရန်သူနဲ့ သွားပြီး ပလဲပနံတွေသင့်၊ သူ ၀မ်းရေမစပ်ခဲ့ပေမယ့် သူ့ကို အမေအရင်းလို ချစ်မြတ်နိုးတဲ့ သားတွေသမီးတွေကို ဥပေက္ခာတွေပြု၊ ထားပါ ဖြစ်ပါတယ်၊ အဲလို ဥပေက္ခာပြုတာလည်း ခံနိုင်ပါတယ်။ ဒါပေမယ့် ပြည်သူကိုတော့ ခုချိန်မှာ ရိုးသားသင့်ပြီ။

စောစောက ပြောခဲ့သလိုပါပဲ ပြည်သူလူထုကတော့ ဒေါ်အောင်ဆန်းစုကြည်လား ... ဟေ့ ... သမ္မတ မကဘူး၊ သက်ဦးဆံပိုင် ဘုရင်မကြီးအဖြစ်နဲ့ပါ မေတ္တာအပြည့်နဲ့ နန်းတင်လိုက်ဦးမယ်။ အဲသလိုပါ။ ဒီနေ့ ဒီကပဲ တခု ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ မှာဝင်မယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျုပ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။ တုတ်ကြီး(ခေတ္တတာဝတိံသာ) ဆိုတဲ့နာမည်နနဲ့ ‘‘ဥုံဖွ ဟဲ့ ယုံကြဟဲ့ကွယ်’’ ဆိုပြီး ဆောင်းပါးတစောင် ဒေါက်တာလွဏ်းဆွေဘလော့မှာ ရေးခဲ့ပါတယ်။ လာဆဲကြတယ်၊ ကိုယ့်နှမကိုယ် အန်စာတုံးလှိမ့်နည်း သင်ပေးတဲ့ ကောင်တွေ တလှေကြီးပါ။ ဒီကြားထဲ တမြို့တည်းသား မျိုးနဲ့ ရိုးနဲ့ ဘိုးတော်ဘုရားလက်ထက်ကတည်းက ငါတို့က တော်လှန်လာတာကွ ဆိုတဲ့ ဆိုက်ကားဘီးပေါက်ရင် ဖျာလိပ်ထဲ ၀င်ပုန်းတဲ့ နိုင်ငံရေးသမားဆိုသူကလည်း တုတ်ကြီး ဘာလဲ ဘယ်လဲ ဆိုပြီး လာလုပ်ဖူးပါတယ်။

ဒါပေမယ့် အနှစ်ချုပ်လိုက်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့ဘက်ကပါ။ ဒါပေမယ့် သူ မျက်ခြေပြတ်တာ သူ အနှပ်ခံလိုက်ရတာ၊ သူ့ရဲ့ အမေကြီးဆန်ပြီး အားလုံးကို သြဇာပေးတာ ရှိမှာပါ။ ရှိတာပေါ့။ ခုချိန်မှာ တိုင်းပြည်မှာ ရွေးကြကြေးဟေ့ဆိုရင် ကျိန်းသေတာကတော့ စိတ်နာနာ မနာနာ၊ ကြိုက်ကြိုက် မကြိုက်ကြိုက် ဟိုခွေးခြင်္သေ့နဲ့ လဒ စပ်ကျတဲ့ ဖွတ်စုတ်တွေထက်စာရင်တော့ ဒေါ်အောင်ဆန်းစုကြည်သည်သာ အသင့်လျော်ဆုံး သမ္မတပါပဲ။ ဒါမှလည်း ဒေါ်စုဟာ အဘဦးဝင်းတင်တို့ အဘဦးစိန်ဝင်းတို့ အဘဗိုလ်ချုပ်ကျော်ဇောတို့နဲ့တကွ ကျဆုံးလေပြီးသော ဒီမိုကရေစီတိုက်ပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲအသီးသီးက ရဲဘော်များ၊ ပြည်သူများရဲ့ သစ္စာကို စောင့်သိတန်ဘိုးထားရာ ရောက်ပါလိမ့်မယ်။ သူသမ္မတဖြစ်ပြီးမှ ချိုမိုင်မိုင်ကလည်း ‘‘အော် ငါတို့  အမေ သူငယ်ပြန်သွားပါပေါ့လား’’ လို့  ခွင့်လွှတ်လိုက်ချင်လည်း ခွင့်လွှတ် ဒါမှမဟုတ်လည်း နောက်မျိုးဆက်သစ်တွေ (NGO မွေးထားတဲ့ ခွေးထီးခွေးမ မဟုတ်) တိုင်းပြည်ကို ဦးဆောင်နိုင်အောင် ၀န်းရံကြရုံပေါ့ဗျာ။

တုတ်ကြီး (ခေတ္တ - တာဝတိံသာ) (၀ါ) ငြိမ်းဇေဦး (၀ါ) ကိုမွှေး

No comments: