Tuesday, June 3, 2014

"ဘောပဲ" ဟု သမုတ်၏

ကိုမွှေး

ငါ ကြည့်တယ်
ငါ့ကိုယ်ငါ ကြည့်တယ်
ငပူတင်းကြီးလိုပါပဲလား ....
ဖောင်းကားထွားကြိုင်း အဆီပိတ်
ဘယ် ဆွိတီလေးကမဆို
"ဟွန့် ... စိတ်ပျက်စရာကြီး" လို့ ပြောမယ့် ရုပ်ကြီး
ထွီ ...မှတ်တောင်မမှတ်မိဘူး ...။

ငါကြည့်တယ်
ငါ့သူငယ်ချင်းတွေ ဓာတ်ပုံတွေကို
ငါကြည့်တယ်။

ငါ့သူငယ်ချင်းမတွေရဲ့ ပုံတွေကို
ငါကြည့်တယ်...။

တချို့ ပိန်လို့ ...
တချို့ လောင်းရိပ်မိတဲ့ စံပယ်ခြုံကြီးလို ...။

ငါတို့တွေကို ဒင်းတို့က သေနာ ... မသာ
တိုက်ပွဲမှာ ဒဏ်ရာရရင်လည်း သူတို့က မာသာထရီဇာ
သိပ်ကြင်နာကြ ... သူတို့မောင်လေးအရင်းလို
ဟင်းကိုတော့ ဝေစားမယ်မထင်နဲ့ ငါ့ကောင် ...။

ငါတို့ ... ပျိုမြစ်မှုကို ပေးခဲ့ကြ၏။
ငါတို့ ....ချစ်ခြင်းမေတ္တာတွေကို ပေးခဲ့ကြ၏။
ငါတို့ ....ရောဂါသည်အမေကြီးအတွက်
မကြံတတ်မစည်တတ် ဆေးဘိုးရှာဖို့
ကိုယ့်အပျိုစင်အမြှေးပါးကလေးကို
မျှော်လင့်ချက်ဖြင့် ရောင်းစားခဲ့ရသော လူမမယ်လေးများလို
ငါတို့တိုင်းပြည်ကို ချစ်ခဲ့ကြ၏။

ခုတော့ ...
ဖာသည်မကြီးတစ်ယောက်လို
အတွေ့အကြုံတွေ ပြည့်
နည်းနာတွေ စုံလင်
ရုံတင်တော့မည့် ၂၀၁၅ အတွက်
သောက်ခွက်တွေ မိတ်ကပ်ရိုက်လို့ ထွက်လာမည့်သူများကိုလည်း
ထပ်မံ၍ ငါတို့ဘ၀များ လှူထားရမည်ထင့် ...။

ကယ်တင်ရှင်ကြီးများ အဓွန့်ရှည်ပါစေ ...
ပြောနိုင်သော ပါးစပ်ကြီးဖြင့်
ခုတမျိုး တော်ကြာတမျိုး
လျှပ်စီးလက်မိုးချုန်း
ဆယ့်နှစ်ကြိုးလုံးကုန်အောင် သုံးနိုင်ပါစေ ...
ဟားဟား ... ရှက်တယ်
မင်းကိုနိုင်မကဘူး အားလုံးအတွက် ရှက်တယ် ...
သောက်ရှက်မရှိရင် ရှက်ရယ် ...ရယ် ...။

ကိုမွှေး

(ကျောင်းသားတပ်မတော်မှ ညီအကိုမောင်နှမများအားလုံးကို သတိရလွမ်းဆွတ် နားလည်လျက် ...)

No comments: