Thursday, June 5, 2014

ဆက်ဒမ်ရဲ့ ယုံမှားချက်များ

ဝင်းနိုင်ဦး
(Win Naing Oo ဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြပါသည်။)

မိတ်ဆွေများခင်ဗျား …

အမေရိကန်နိုင်ငံထုတ် Foreign Affairs နိုင်ငံတကာရေးရာစာစောင် (မေ-ဇွန်၊ ၂၀၀၆ ထုတ်)မှာ အာဏာရှင် အီရတ်သမ္မတ ဆက်ဒမ်ဟူစိန် အရေးနိမ့်ခဲ့ရတာနဲ့ပတ်သက်လို့ ‘ဆက်ဒမ်ရဲ့ယုံမှားချက်များ (Saddam's Delusions)’ဆိုတဲ့ခေါင်းစဉ်နဲ့ သုံးသပ်ရေးသားထားတဲ့ စာတမ်းတစ်စောင် ဖော်ပြပါရှိပါတယ်။ ဖမ်းမိထားတဲ့ ဆက်ဒမ်အစိုးရအဖွဲ့ဝင်တွေ စစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံးမေးမြန်းချက်တွေ၊ အရင်ကမတွေ့ရှိရသေးတဲ့ သိမ်းဆည်းရရှိလိုက်တဲ့ သိန်းနဲ့ချီတဲ့ စာရွက်စာတမ်း အထောက်အထားတွေကို နှစ်နှစ်ကြာ လေ့လာသုတေသနပြုပြီး ဒီစာတမ်းကို ပြုစုရေးသားထားတာဖြစ်ပါတယ်။

စာတမ်းပြုစုသူတွေက နာမည်ကြီးပညာရှင် ၅ ဦးဖြစ်ပြီး အခုတင်ပြချက်အဆုံးမှာ သူတို့အကြောင်း ဖော်ပြထားပါတယ်။ မူလအသေးစိတ်သုံးသပ်ချက်ဟာ စာအုပ်တစ်အုပ်စာရှိပါတယ်။ ဒါကို အကျဉ်းချုံ့ပြီး Foreign Affairs စာစောင်မှာ ဖော်ပြခဲ့ပါ။ အဲဒါကိုပဲ ကျနော်က ထပ်မံအကျဉ်းချုံ့ ကောက်နှုတ်ပြီး ပြန်တင်ပြထားတာပါ။ ဒီတင်ပြချက်ကို လွတ်လပ်တဲ့အာရှအသံ RFA ကနေလည်း စာတမ်းထွက်လာတဲ့၂၀၀၆ ခုနှစ် မေလမှာပဲ ကျနော် အသံလွှင့်ခဲ့ပါတယ်။ အခု နည်းနည်းပါးပါးပြန်ပြင်ပြီး တင်လိုက်တာပါ။

အာဏာရှင်များ၊ အာဏာရှင်ကိုတိုက်ရင်း အာဏာရှင်ဆန်လာသူများအား သံဝေဂပွားကြည့်တာပါ။

“ဆက်ဒမ်ရဲ့ ယုံမှားချက်များ …”

ဆက်ဒမ်(Saddam Hussein)ဟာ ၁၉၉၁ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ Operation Desert Storm ခေါ် ကန္တာမုန်တိုင်းစစ်ပွဲလွန်ကာလ နိုင်ငံတကာအနေအထားကို ကြည့်ပြီး ကိုယ့်ကိုကိုယ် အလွန်အမင်းယုံကြည်လာတယ်လို့ အီရတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Tariq Aziz က ပြောပါတယ်။ ဒီယုံကြည်မှုကတော့ “အမေရိကန်နိုင်ငံဟာ အီရတ်နိုင်ငံကို တိုက်ရဲမှာမဟုတ်ဘူး။ တိုက်ခဲ့ရင်လည်း အရေးနိမ့်မှာပဲဆိုတဲ့ယုံကြည်မှု”ပါပဲတဲ့။ ဆက်ဒမ်က အဲဒီလို ဘာလို့ယုံကြည်ခဲ့တာပါလိမ့်။

အရေးအကြီးဆုံးအချက်ကတော့ ပြင်သစ်နိုင်ငံနဲ့ရုရှားနိုင်ငံတွေအပေါ်မှာ ယုံကြည်လို့ပါပဲတဲ့။ အဓိကကတော့ အီရတ်နိုင်ငံထဲက ပြင်သစ်နဲ့ရုရှားတို့ရဲ့အကျိုးစီးပွားကို အခြေခံတာပါ။ ဒေါ်လာသန်းနဲ့ချီနေတဲ့ အဲဒီအကျိုးစီးပွားတွေကိုကာကွယ်နိုင်ရေးအတွက် အီရတ်နိုင်ငံအပေါ်ဒဏ်ခတ်အရေးယူထားမှုကို ပြင်သစ်နဲ့ရုရှားတို့က ရုတ်သိမ်းစေလိုပါတယ်။ ဒါ့အပြင် သူတို့ဟာ ‘ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးနိုင်တုန်း၊ ကမ္ဘာမှာအင်အားကြီးနိုင်ငံတွေဖြစ်နေတုန်း’ဆိုတဲ့အချက်ကို ပြချင်နေကြလို့ ဆက်ဒမ်က ခုလို ယုံကြည်တာပါတဲ့။

အမေရိကန်အစိုးရက ကြည်းတပ်နဲ့ဝင်တိုက်လာရင်တောင် နိုင်ငံတကာရဲ့ကန့်ကွက်ချက်ဖိအားကို အမေရိကန်အစိုးရ လွန်ဆန်နိုင်မှာမဟုတ်ဘူးလို့ ဆက်ဒမ်က ယုံကြည်နေတဲ့အကြောင်း အီရတ်ကာကွယ်ရေးဦးစီးချုပ် Ibrahim Ahmad al-Sattar က ထုတ်ဖော်ပြောပါတယ်။

'နိုင်ငံတကာတပ်တွေ ဘဂ္ဂဒက်(Baghdad)မြို့အထိ ရောက်လာလိမ့်မယ်'လို့ အဲဒီတုန်းက ဘယ်အီရတ်ခေါင်းဆောင်ကမှ မယုံကြည်ခဲ့ဘူးလို့ ဆိုပါတယ်။ အမေရိကန်တပ်တွေ အီရတ်နိုင်ငံထဲ ဝင်လာချိန်မှာ ရေနံတွင်းတွေကို မီးတင်ရှို့ဖို့တို့၊ အမေရိကန်တပ်တွေချီတက်လာရာဒေသတွေကို ရေလွမ်းမိုးသွားအောင် ရေကာတာတွေကို ချိုးချဖို့တို့ စတာတွေ လုပ်လာလိမ့်မယ်လို့ စစ်ရေးအကဲခတ်တွေက ခန့်မှန်းခဲ့ကြပါတယ်။

ဒါပေမဲ့ မဟာမိတ်တပ်တွေ အီရတ်နယ်စပ်ဖြတ်ကျော်လာချိန်မှာတောင် ဆက်ဒမ်အကြောက်ဆုံးက 'ပြည်တွင်းတော်လှန်ပုန်ကန်မှု'ပါပဲတဲ့။ ဒီလိုပုန်ကန်မှုနဲ့ကြုံလာရင် တံတားတွေ မပျက်မစီးရှိနေဖို့၊ အီရတ်တောင်ပိုင်းဒေသကို ရေလွှမ်းမိုးမနေဖို့တွေ လိုအပ်တယ်လို့ ဆက်ဒမ်က ဆုံးဖြတ်ပါတယ်။ ပြီးတော့ (အီရတ် ဒုဝန်ကြီးချုပ်) Aziz အဆိုအရ စစ်ပွဲဟာ ခုလိုပုံမျိုး အဆုံးသတ်သွားလိမ့်မယ်လို့ ဆက်ဒမ်က မယုံကြည်ခဲ့ဘူးတဲ့။ သူ့တွက်ကိန်းသာမှန်ခဲ့ရင် ဒီရေနံတွင်းတွေဟာ တချိန်မှာ အီရတ်အစိုးရ အသက်ဆက်ဖို့ အထောက်အပံ့ဖြစ်လာစေမယ့်အတွက် မဖျက်ဆီးခဲ့တာတဲ့။

နောက်တစ်ချက်က စစ်ပွဲအတွင်း အီရတ်လေတပ်ကို ထုတ်မသုံးခဲ့တာပါ။ စစ်ပွဲမှာ လေတပ်မသုံးဘူးလို့ စစ်မဖြစ်ခင် နှစ်လလောက်ကတည်းက ဆက်ဒမ်က ဆုံးဖြတ်ခဲ့တဲ့အကြောင်း အီရတ်လေတပ်အကြီးအကဲ Hamid Raja Shalah က ပြောပါတယ်။ အမေရိကန်လေတပ်ကို မယှဉ်ပြိုင်နိုင်ဘူး ဆိုတာထက် နောက်တချိန် ပြည်တွင်းပုန်ကန်မှု ပ်ါလာရင် လေတပ်လိုအပ်လာလိမ့်မယ်ဆိုပြီး အီရတ်စစ်လေယာဉ်တွေကို ပုံဖျက်၊ လေတပ်စခန်းတွေကနေ အုန်းပင်တွေကြားနဲ့ သဲတွေအောက်မှာ ဖွက်ခိုင်းထားခဲ့တာပါ။ ၂၀၀၃ ခုနှစ် မတ်လကုန်လောက်အထိ အခြေအနေမကောင်းဖြစ်နေတာတောင် ‘စစ်ပွဲဟာ သူ့တွက်ကိန်းအတိုင်းဝင်နေတယ်’လို့ ဆက်ဒမ်က ယုံကြည်နေပါသတဲ့။

ဆက်ဒမ် ဘာကြောင့် အဲဒီလို ယုံကြည်နေတယ်ဆိုတာကို ဖော်ပြနိုင်တဲ့နောက်တစ်ချက်ကတော့ စစ်ပွဲစတင်တဲ့ အစောပိုင်း ၁၀ ရက်လောက်အတွင်းက အဖြစ်အပျက်က သက်သေပြနေပါတယ်။ အဲဒီအချိန် အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်မျိုးဖြစ်လာမယ်ဆိုရင် ဝင်မထောက်ခံကြဖို့ ရုရှား၊ ပြင်သစ်နဲ့တရုတ်နိုင်ငံတွေကို ဆက်ဒမ်က တိုက်တွန်းခဲ့တာပါတယ်။ ဒီအဆိုပြုချက်မျိုးဟာ အီရတ်နိုင်ငံထဲ မဟာမိတ်တပ်တွေ ကျူးကျော်တည်ရှိခွင့်ကို ဥပဒေအရ အသိအမှတ်ပြုလိုက်ရတာမျိုးဖြစ်သွားမှာစိုးလို့ ဖြစ်ပါတယ်။

အဲဒီနေ့တုန်းက ဆက်ဒမ်ရဲ့အဓိကအတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး Abed Hamid Mahmoud က အီရတ်နိုင်ငံခြားရေးဝန်ကြီးကို ခုလို ညွန်ကြားခဲ့ပါတယ်။ “အီရတ်နိုင်ငံကနေ အမေရိကန်တပ်တွေ အကြွင်းမဲ့ ပြန်ဆုတ်သွားတာမျိုးကိုသာ အီရတ်အနေနဲ့ လက်ခံနိုင်မယ်။ ဘာလို့လည်းဆိုတော့ အီရတ်က အောင်ပွဲခံနေပီ၊ အမေရိကန်တွေ အရှုံးနွံထဲမှာမြုပ်နေလို့ပဲ”တဲ့။ ဒါပေမဲ့ အမှန်တကယ်က အဲဒီအချိန်မှာ အမေရိကန်တင့်ကားတွေက ဘဂ္ဂဒက်နဲ့ မိုင် ၁၀၀ အကွာလောက်တောင် ရောက်နေပြီး နောက်ဆုံးပိတ်တိုက်ပွဲနွှဲဖို့ ပြင်နေပါပြီ။

အီရတ်စစ်ထောက်လှမ်းရေးအကြီးအကဲ Zuhayr al-Naqib ကတော့ ဆက်ဒမ်နဲ့အတွင်းစည်းလူတွေကလွဲလို့ အကြားအမြင်များသူအများစုကတော့ အမေရိကန်တပ်တွေ အီရတ်ကို ရအောင်သိမ်းတော့မယ်ဆိုတာကို ကြိတ်ယုံနေခဲ့ကြတယ်လို့ ပြောပါတယ်။

နောက်တစ်ချက်ကတော့ ဖျက်အားပြင်းလက်နက်တွေ (Weapons of Mass Destruction-WMD) အီရတ်မှာရှိနေတယ်ဆိုတဲ့ကိစ္စ။ တကယ်တော့ အီရတ်နိုင်ငံမှာ WMD တွေမရှိဘဲ ရှိတယ်လို့ အများယုံအောင် ဖန်တီးထားတာသာ ဖြစ်ပါတယ်။ Chemical Ali လို့ အများသိကြတဲ့ Ali Hassan al-Majid က အီရတ်မှာ WMD တွေ မရှိပေမဲ့ အီရတ်ခေါင်းဆောင်တွေကြားတည်းမှာတောင် တကယ်ရှိနေတယ်လို့ ယုံကြည်နေကြကြောင်း ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အတွင်းစည်း အစည်းအဝေးတစ်ခုမှာ ထုတ်မေးကြတော့ ဆက်ဒမ်က တကယ်မရှိကြောင်း ငြင်းပါတယ်။ ဒါပေမဲ့ ရှိနေတယ်ဆိုတဲ့‘အမြင်မှား’အတိုင်း ဆက်ရှိနေဖို့လိုအပ်ပြီး မရှိဘူးဆိုတာသိသွားရင် အစ္စရေးက ဝင်တိုက်လာအောင် ဆွပေးသလိုဖြစ်သွားမယ်လို့ ဆက်ဒမ်က သတိပေးလိုက်ပါတယ်။

အမေရိကန်-အီရတ်စစ်ပွဲအတွင်း အီရတ်ကျဆုံးခဲ့တာမှာ ဖော်ပြခဲ့တဲ့အဓိကအချက်တွေအပြင် စစ်ရေးအရံသင့်ဖြစ်မှုကို အကြီးအကျယ်ကမောက်ကမဖြစ်စေခဲ့တဲ့ နောက်ထပ်အားနည်းချက် ၄ ချက်လည်း ရှိသေးတယ်လို့ စစ်ပွဲအပြီးမှာ အီရတ်စစ်ဘက်ခေါင်းဆောင်အများက ထောက်ပြကြပါတယ်။

ပထမအားနည်းချက်က စစ်ရေးအဆုံးအဖြတ်တွေချရာမှာ တပ်မှူးတွေထက် သူ့ကိုသူ ပို ယုံလာပြီး တပ်မှူးတွေကို ဘေးဖယ်ပြစ်လာတာဖြစ်ပါတယ်။ ပထမအကြိမ် ကန္တာရမုန်တိုင်းစစ်ပွဲတုန်းက သင်ခန်းစာတွေကိုရယူပြီး အီရတ်စစ်တပ်ကို ပြုပြင်သွားဖို့ အီရတ်စစ်ဘက်က အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ရာမှ ဆက်ဒမ်က အဟန့်အတားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အီရတ်စစ်ဘက်ခေါင်းဆောင်တွေက သူတို့ရဲ့အမှန်တရားကို ဆက်ဒမ်ကို ထုတ်ဖော်မပြောရဲခဲ့ကြပါဘူး။ “ကူဝိတ်စစ်ပွဲမှာရှုံးခဲ့ရတာဟာ အီရတ်တစ်နိုင်ငံတည်းကို နိုင်ငံပေါင်း ၃၀ လောက်က ဝိုင်းတိုက်ကြလို့ ရှုံးခဲ့ရတာ။ ငါတို့ဟာ သူရဲကောင်းပီသတယ်”ဆိုတဲ့အမြင်မျိုးဟာ အီရတ်ခေါင်းဆောင်တွေအကြားမှာ သမားရိုးကျပါပဲ။

ဒုတိယအားနည်းချက်ကတော့ နိုင်ငံရေးအရ စိတ်ချရလောက်သူတွေနဲ့ ကိုယ်ပိုင်စစ်တပ်တွေ ထောင်လာတာဖြစ်ပါတယ်။ ဒီစစ်တပ်တွေကတော့ The Saddam Fedayeen၊ The al Quds Army နဲ့ The Baath Party Militia တွေ ဖြစ်ပါတယ်။ The al Quds Army ထဲကိုဆိုရင် အီရတ် ၅ သိန်းလောက် ဝင်ကြပါတယ်။ အဲဒီတပ်တွေဟာ စစ်ရေးအတွေ့အကြုံလည်းမရှိ၊ လက်နက်လည်း မပြည့်စုံ။ ဒါပေမဲ့ ဒီတပ်တွေကို ဆက်ဒမ်က “ခြင်္သေ့တွေလို တိုက်ပွဲဝင်မယ့်သူတွေ၊ အမေရိကန်တွေကို ချိုနဲ့သားရည်ပဲကျန်အောင် တိုက်သွားမယ့်သူတွေ”အဖြစ် ချီးမွမ်းထောပနာပါတယ်။ ဒါပေမဲ့ မဟာမိတ်တပ်တွေ အနားကပ်လည်းလာရော၊ အဲဒီတပ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပါလေရော။ ဒီလိုဖြစ်သွားတာကိုလည်း ဆက်ဒမ်ကို ဘယ်သူကမှ အသိမပေးရဲကြပါဘူး။

တတိယအားနည်းချက်ကတော့ ဆွေမျိုးတွေ၊ ဘုန်းတော်ဖွဲ့သူတွေကို အဓိကနေရာတွေ ပေးလာတာဖြစ်ပါတယ်။ ဆက်ဒမ်ယုံတဲ့လူဆိုလို့ တစ်ယောက်ပဲရှိတယ်။ အဲဒါ သူ့ကိုသူပဲတဲ့။ ဒါကြောင့် စစ်ရေးအတွေ့အကြုံမရှိတဲ့ သူ့သားအငယ် Qusay ကို Republican Guard အစောင့်တပ်ဖွဲ့မှာ အကြီးအကဲ ခန့်ပါတယ်။ နောက် Special Republican Guard (အီရတ်ရဲ့အခွင့်ထူးခံတပ်) အကြီးအကဲအဖြစ် ညီအစ်ကိုဝမ်းကွဲတော်သူ ဗိုလ်ချုပ် Barzan ကို ခန့်ပြန်ပါတယ်။ Barzan ကို အဲဒီရာထူးခန့်လိုက်တာနဲ့ပတ်သက်လို့ အီရတ်ဗိုလ်ချုပ်ကြီးတစ်ဦးက ခုလိုမှတ်ချက်ပေးပါတယ်။ ဒါကတော့ ဗိုလ်ချုပ် Barzan မှာ အရည်အချင်းနှစ်ရပ် ရှိလို့ပါတဲ့။ “တစ်ရပ်က ဆက်ဒမ်ကို ခြိမ်းချောက်နိုင်လောက်အောင် ညာဏ်မရှိတာ၊ နောက်တစ်ရပ်ကတော့ တခြားလူတစ်ယောက်ရဲ့ အကြံအစည်မျိုးမှာ (ဆက်ဒမ်ကိုဆန့်ကျင်မယ့်အကြံအစည်မျိုးမှာ)ဝင်ပါရဲလောက်အောင် သတ္တိမရှိတာ”တဲ့။

စတုတ္တအားနည်းချက်ကတော့ လုံခြုံရေးနဲ့အမိန့်ဆိုင်ရာ အကန့်အသတ်များ..။ အီရတ်စစ်ဘက်ခေါင်းဆောင်တွေဟာ အစိုးရပိုင်းအတွင်းစည်းထဲကလူတွေရဲ့အမိန့်ကို တသဝေမတိမ်းနားခံကြရပြီး သူတို့ရဲ့သြဇာခံလုံးလုံးဖြစ်သွားတဲ့အချက်က စစ်တပ်ရဲ့စရိုက်နဲ့စွမ်းရည်ကို ဖျက်ဆီးပြစ်ခဲ့တာပါပဲ။ စစ်တပ်ထဲမှာ သတင်းပေးစပိုင်တွေထည့်၊ တပ်မှူးတွေကိုယ်တိုင်က သတင်းပေးတွေကို သိသိချည်းနဲ့ လက်ပိုက်ကြည့်နေရတဲ့အဖြစ်။ အဲဒီလောက်ကို တပ်ထဲမှာ အချင်းချင်းယုံကြည်မှုပျက်ပြားခဲ့ရတယ်လို့ဆိုပါတယ်။

ဧပြီလ ၆ ရက်နေ့စွဲနဲ့ အီရတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ပြန်တမ်းမှာ “ငါတို့ဟာ အကောင်းဆုံးအစွမ်းပြနိုင်တယ်။ ရန်သူကို ပိုတွက်တဲ့အပြောအဆိုမျိုး မပြောမိစေနဲ့”လို့ သတိပေးထားပါတယ်။ တကယ်တော့ အဲဒီအချိန်မှာ အီရတ်စစ်တပ် ပြိုလဲသွားပါပြီ။ အဲဒီအချိန်မှာပဲ အမေရိကန် သံချပ်ကာကားတစ်တပ်က ဘဂ္ဂဒက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သိမ်းလိုက်ပါပြီ။ နောက်တစ်တပ်ကတော့ ဆက်ဒမ်ရဲ့ ဗဟိုနန်းတော်မြက်ခင်းပြင်ထဲ ချင်းနင်းမောင်းဝင်လာနေပါပြီ။

ဒီလို အီရတ်ကျဆုံးခဲ့ရတဲ့အကြောင်းရင်းကတော့ သက်သေအထောက်အထားတွေအရဆိုရင် ‘ဆက်ဒမ်ဟူစိန်နဲ့သူ့ဘေးနားကလူတွေဟာ သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ ဝါဒဖြန့်ချိရေးစကားလုံးတွေကို သူတို့ကိုယ်တိုင် ယုံကြည်သွားလို့ပါပဲ’လို့ စာတမ်းပြုစုသူတွေက နောက်ဆုံးမှာ ကောက်ချက်ချပါတယ်။

စာတမ်းပြုစုသူများ …

Kevin Woods -defense analyst in Washington, D.C.
James Lacey -military analyst for the U.S. Joint Forces Command.
Williamson Murray - Class of 1957 Distinguished Visiting Professor of History at the U.S. Naval Academy.
Mark Stout and Michael Pease - the principal participants in the USJFCOM Iraqi Perspectives Project. (USJFCOM-United States Joint Forces Command)

1 comment:

Hurricane Sandy said...

ဒေါက်တာလွဏ်းဆွေ မြန်မာပြည် ပြန်သွားပေမယ်. ဆောင်းပါးတွေ မြိုင်မြိုင် ဆိုင်ဆိုင် လေး
ဖြစ်လာတာတော. ကြိုဆိုပါတယ် ။