Wednesday, June 11, 2014

ဝင်းတင်နဲ့ ခင်မောင်ရင် အလည်လာခြင်း

Aung Naing Moe's Facebook Status

လူကိုယ်တိုင် မကြုံမဆုံမတွေ့ဖူးလိုက်ပေမယ့် ဦးဝင်တင်ရဲ့ ထောင်ဝတ်စုံပြာ၊ ခင်မောင်ရင်ရဲ့ စွပ်ကျယ်အင်္ကျီတို့က ကျနော့်စိတ်ထဲ မှတ်မှတ်ထင်ထင် စွဲကျန်ရစ်တယ်။ ဦးဝင်းတင်က မလွတ်မြောက်သေးတဲ့ သင်္ကေတအဖြစ် ဝတ်တယ်ပဲပြောပြော ကျနော့်အတွက်တော့ အဲသည်ထက် နက်နဲတဲ့ အဓိပ္ပာယ်လည်း ဆောင်နေသလိုပါပဲ။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က စလို့ Simplified Living ဆိုတဲ့ ဘဝကို ရိုးစင်းစွာ ဖြတ်ကျော်နေထိုင်နည်းကို အားကျနှစ်ခြိုက်ပြီး ကျနော်ကိုယ်တိုင်လည်း လက်တွေ့မှာ တတ်စွမ်းသမျှ ကျင့်ကြံခဲ့ပေမယ့် သည်အဖိုးကြီး နှစ်ယောက်ရဲ့ အနေအထိုင်ကိုတော့ လုံးဝ မမီပါဘူး။ ပန်းချီကို ချစ်ကြတဲ့ ဦးဝင်းတင်ရော၊ ခင်မောင်ရင်ရော ငွေကြေးကို တွယ်တာမက်မောသူတွေ မဟုတ်ကြတာ၊ မိတ်ဆွေတွေအပေါ် စွန့်ကြဲရက်ရောတတ်သူတွေ ဖြစ်ကြတာကိုလည်း သတိမပြုမိဘဲ မနေနိုင်အောင်ပါ။

ဦးဝင်းတင် သတင်းသမားဘဝက လစာကို မိတ်ဆွေတွေ ဘယ်သူသုံးသုံး ယူသုံးဖို့ ခေါင်းအုံးအောက်မှာ ဒီအတိုင်း ထားတတ်ပုံတွေ၊ ဘီတီကြီး(မောင်သော်က)သေတော့ ဦးဝင်းတင်က သူရလာတဲ့ ထောင်ဝင်စာ ဝက်အူချောင်းတွေကို ကျန်တဲ့ အကျဉ်းသားတွေကို ဝေပေးပြီး သပိတ်သွတ်ပုံတွေကို ဖတ်ဖူးခဲ့တယ်။

အလားတူ ခင်မောင်ရင်နဲ့ ဦးဝင်းတင်တို့ရဲ့ မိတ်ဆွေ မောင်မိုးသူ ရဲ့ စာတွေထဲမှာ မြို့ထဲက (၂၄ လမ်း ထင်ရဲ့) ထမင်းဆိုင်တွေမှာ ခင်မောင်ရင်ရဲ့ မိတ်ဆွေတွေဟာ ခင်မောင်ရင် နာမည်နဲ့ စာရင်းမှတ်ခိုင်းပြီး အကြွေးစားကြပုံ၊ ဆိုင်ရှင်တွေကလည်း ခင်မောင်ရင် နာမည်နဲ့ဆို အကြွေးပေးကြပုံ၊ ခင်မောင်ရင်ကလည်း ပိုက်ဆံရတာနဲ့ အကြွေးဆပ်တတ်ပုံတွေ၊ ခင်မောင်ရင် မပြတ်တမ်း ဆွဲသမျှ ပန်းချီကားတွေကို ဝယ်သူတွေကလည်း မပြတ်တမ်းစောင့်ဝယ်ပြီး အနိမ့်ဆုံးဈေး ပေးသလောက်ဈေးနဲ့ ရောင်းပုံ၊ ရသမျှငွေကို ဘီစကစ်ပုံးထဲ မရေဘဲ ပစ်ထည့်ထားတတ်ပုံတွေ၊ မနက်စောစော ကိုရင်လေးတွေကို ငှက်ပျောသီး လောင်းလှူတတ်ပုံတွေ ဖတ်ဖူးခဲ့ပါတယ်။ (ပိုက်ဆံတပြားမှ မရှိဘဲ ရုပ်ရှင်ရိုက်ခဲ့တာတွေလည်း ပါတယ်)

ဘဝကို ရိုးစင်းစွာ ကျော်ဖြတ်မှုမှာ သူတို့ကို မီချင် မီနိုင်သေးပေမယ့် ငွေကြေးကို ပဓာနမထားပုံ၊ အပေါင်းအသင်းတွေအပေါ် ရက်ရောပုံ၊ သူတို့ လုပ်ချင်သမျှ ဘဝတခုလုံး နှစ်ပြီး/ပုံပြီး လုပ်ကြပုံတွေမှာတော့ ဒီတသက် သူတို့ကို မီနိုင်ဖွယ်မရှိ။ ဦးဝင်းတင် ပြောဖူးသလို "အတောင်သာလျှင် ဝန်ရှိသောငှက်" ဆိုတာ ဒီလို (လောဘ နဲ့ ကြောက်ရွံ့ခြင်းတို့ရဲ့) အတုပ်အနှောင်ကင်းတဲ့ လွတ်လပ်ပေါ့ပါးမှုလေလား ကျွန်တော် စဉ်းစားနေမိပါတယ်။ ။

No comments: