Thursday, June 5, 2014

လူထုအင်အားနဲ့ သင်ကြားမှသာ သူတို့ ယဉ်ပါးလိမ္မာလာကြလိမ့်မယ်

တူမောင်ညို
မိုးမခ၊ ဇွန် ၃၊ ၂၀၁၄

“ကျမဟာ ဒီအခြေခံဥပဒေကို လွှတ်တော်အတွင်းက ပြင်ချင်တယ်”

“ကျမတို့ပြည်သူရဲ့အင်အားကို အလွဲသုံးစားလုပ်ဖို့မဟုတ်ပါဘူး၊ ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒဟာ အစ က တည်းက အကြမ်းဖက်မှုကို လုံးဝအားမပေးဘူး၊ လုံးဝမသုံးဘူး၊ ပြည်သူလူထုရဲ့အင်အားကို ပြည်သူလူထု တိုးတက်မှုအတွက်ပဲ ကျမတို့ရယူပြီးတော့ စည်းရုံးပြီးတော့ ကျမတို့အတူ သုံးစွဲတာဖြစ်ပါတယ်” (ဒေါ်အောင်ဆန်းစုကြည်)

“ကျွန်တော်တို့က အရေအတွက် အင်အားပြပြီးတော့ ခြိမ်းခြောက်တာမျိုး မဟုတ်သေးပါဘူး၊ ဘာကိုပြလဲဆိုတော့ ကျွန်တို့ ပြည်သူလူထုရဲ့ အရည်အချင်းကိုပြတာပါ” (မင်းကိုနိုင်)

“ယနေ့ လုပ်ဆောင်နေသာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒပြင်ဆင်ရေးဆိုင်ရာ လုပ်ဆောင်မှုများသည် တိုက်-ပြင်လမ်း မဟုတ်ဘဲ ပေါင်း-ပြင် လမ်းစဉ်သာ ဖြစ်တယ်” (ကိုကိုကြီး)

[ကိုကိုကြီးအနေနဲ့ “၈၈ မျိုးဆက်” ဆိုတဲ့စကားလုံးကို မျက်နှာပြောင်တိုက်ပြီးပြောတယ်ထားပါအုံး၊ “တိုက်-ပြင် လမ်းစဉ်” မဟုတ်။ “ပေါင်း- ပြင်လမ်းစဉ်” ဖြစ်တယ်လို့ ပြောတာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲ (backdrop) နီရင့်ရင့် နောက်ခံကားချပ်ကြီးထဲက ရွှေဝါရောင်လက်သီးဆုပ်ကြီးကိုတော့ “စတိ” ပဲဖြစ်ဖြစ် အားနာသင့်ပါတယ်။

ဒီမိုကရေစီအခွင့်အရေးဆိုသည်မှာ တောင်းယူ/ပေါင်းယူ၍ရရိုးမဟုတ်၊ တိုက်ယူမှသာရပါတယ်၊ “တိုက်ယူသည်” ဆိုသည်မှာ လူထုလှုပ်ရှားမှုတိုက်ပွဲများကို ဆိုလိုပါတယ်။

အဝေးခေတ်သမိုင်းကို ပြန်ကြည့်တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းတို့ (ဖတပလ)ကို ဘုရင်ခံကောင်စီထဲ ဗြိတိသျှအစိုးရက (ဆာဟူးဘတ်ရန့်စ်) ဖိတ်ခေါ်သည်မှာ နေသူရိန်ု၊ စက္ကူဖြူဆန့်ကျင်ရေး၊ ထန်းတပင် အရေးအခင်း၊ စက်တင်ဘာလူထုအုံကြွမှု စတဲ့ လူထုတိုက်ပွဲများကြောင့်ဖြစ်ပါတယ်။

အနီးခေတ်သမိုင်းကိုကြည့်ပြန်တော့ ၁၉၈၈ မှာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး ကျင်းပပေးမယ်လို့ (နဝတ) စစ်အစိုးရက ကြေညာပေးရတာဟာ “၈၈လူထုတိုက်ပွဲကြီး” ကြောင့်ဖြစ်တယ်ဆိုတာတော့ ကိုကိုကြီး နားလည်သဘောပေါက်ပြီးသားဖြစ်လိမ့်မယ်ထင် ပါတယ်။ ကိုကိုကြီးက “ပေါင်း-ပြင်” ချင်တယ် ဆို ရင် လူထုတိုက်ပွဲ အရှိန်မြှင့်ရပါလိမ့်မယ်၊ လူထုတိုက်ပွဲများနဲ့ ကြံ့ဖွံ့အစိုးရနဲ့ လွှတ်တော် ကို အကြပ်ကိုင်ရလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် သူတို့ပြင်ပေးသလောက်ပဲ လက်ခံရလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်စကားနဲ့ပြောရရင် “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာတပ်မတော်က ပေးသလောက်ပဲရမှာပါ၊ တပ်မတော် အလိုရှိသလောက်ပဲ ကျမတို့ လွှတ်တော် သက်တမ်း က ရှိမှာပါ” ဆိုတဲ့စကားလိုပေါ့ဗျာ။

ဒါ့အပြင်လောလောဆယ်မှာ ကိုကိုကြီးမှာ“မှတ်ပုံတင်နိုင်ငံရေးပါတီ”မရှိ၊ “လွှတ်တော်အမတ်”လည်းမဟုတ်သေးတဲ့အတွက် ကျနော်တို့ ပေါင်းဖို့ခက်နေပါတယ်လို့ ကြံ့ဖွံ့ပါတီဘက်ကများ အားနာပါနာငြင်းခဲ့ရင်မခက်ပါလား။

ဒေါ်အောင်ဆန်းစုကြည်၊ (ဦး) မင်းကိုနိုင်၊ (ဦး) ကိုကိုကြီးတို့က တောင်းပန်၊ aချာ့မော့၊ ပန်ကြားပြောဆိုနေသော်ငြားလည်း၊ ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရတို့ဘက်မှ တုန့်ပြန်မှုများဟာ ရိုင်းစိုင်းကြမ်းတမ်းလွန်းလှပါတယ်။

မေလ ၁၀ ရက် မအူပင်ဟောပြောပွဲနှင့် မေလ ၁၇/၁၈ (ဗိုလ်စိန်မှန်/အောင်ပင်လယ်ဟောပြောပွဲများ) မှ ယခုဇွန်လ ဆန်းပိုင်း အထိ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှု” အပေါ် ပုံစံမျိုးစုံဟန့်တားနှောင့်ယှက်မှုတွေကို ပြည်သူအားလုံးက သတိပြုမိပါတယ်။ အခုလို ပုံစံမျိုးစုံဟန့်တားနှောင့်ယှက်မှုတွေကို နောက်ကွယ်မှ ကြံ့ဖွံ့ပါတီနဲ့ကြံ့ဖွံ့အစိုးရ ကြိုးကိုင်စီမံဖန်တီးနေတယ်ဆိုတဲ့ အချက်ကိုလည်း ပြည်သူအားလုံးက ရှင်းရှင်းလင်းလင်း သိမြင်သဘောပေါက်ထားကြပါတယ်။

မေလ ၁၈ ရက်နေ့၊ မြန်မာ့အလင်းသတင်းစာထဲမှာ ပထမဆုံးပွဲထွက်လာသူက သင်္ဃန်းကျွန်း အမတ်ဦးသိန်းညွန့် ဖြစ်ပါတယ်။ သူနဲ့အမေးအဖြေကိုဖော်ပြပေးတယ်။ မေလ ၂၀ ရက်နေ့ ၊ မြန်မာ့အလင်းသတင်းစာထဲမှာတော့ ဝံသာနုပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာကို စင်တင်ပေးထားတယ်။

မေလ ၂၂ ရက်မှာတော့ ဒီချုပ်ပါတီထံ လိပ်မူထားတဲ့ “အခြေခံဥပဒေကိုလေးစားလိုက်နာ/တည်ဆဲဥပဒေနဲ့အညီဟောပြော” ဆိုတဲ့ ဗိုလ်တင်အေးကော်မရှင်ရဲ့ သတိပေးစာ။

“ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ (မူကြမ်း)” ဆိုတာကို မေလ ၂၇ ရက်နေ့မှာ ချိန်ကိုက်ပြီး သတင်းစာကနေ ထုတ်ပြန်ပေး လိုက်ပါတယ်။

RSO တွေကပဲ ရခိုင်ပြည်နယ်မှာဝင်ရောက်တိုက်ခိုက်နေသလိုလို၊ ဘင်္ဂလားဒေ့ရှ်နဲ့ပဲ စစ်ခင်းရတော့မှာလိုလို သတင်းတွေ နဲ့ ပွဲလှန့်ပေးတယ်။ ဒါ့အပြင် လေးမျက်နှာ၊တပ်ကုန်း၊ လယ်ဝေးစတဲ့ မြို့နယ်အချို့မှာ “ပုဒ်မ ၄၃၆နဲ့ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး” ဆိုင်းဘုတ် လေးတွေ ထောင်စေပြီး တန်ပြန်ဆန္ဒပြခိုင်းတယ်။

ဒီလောက် ဟန့်တားနှောင့်ယှက်နေရုံနဲ့ မလုံလောက်သေးဘူးလို့ ယူဆလို့ရော ၊ ပေါ်ပေါက်နေတဲ့ ဟန့်တားနှောင့်ယှက်မှုမျိုးစုံနဲ့ တစ်ကျိတ်ထဲ၊ တစ်ဉာဏ်ထဲ၊ တစ်သွေးထဲ၊ တစ်သားထဲ ရှိတယ်ဆိုတာကိုဖော်ပြဖို့ သမ္မတဗိုလ်သိန်းစိန်ကိုယ်တိုင် ပွဲထွက်လာခဲ့ပါတော့တယ်။

“ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် မဖြစ်မနေပြုလုပ်ရမည့် နိုင်ငံရေးဆွေးနွေးပွဲ များမှ ပေါ်ပေါက်လာသော သဘောတူညီချက်များအပေါ် မူတည်၍ လိုအပ်သလိုပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်” တဲ့။

ဒီလိုနှောင့်ယှက်ဟန့်တားမှုတွေကို ကျော်လွှားပြီး လွှတ်တော်ထဲမှာ “ပုဒ်မ ၄၃၆” ကို ဒီချုပ်နဲ့ ၈၈ ငြိမ်းပွင့်တို့ ဘယ်လိုနည်းနဲ့ ဖြစ်မြောက် အောင် ပြင်ဆင်ကြမလဲ။

သင်ကြားရခက်ခဲတဲ့ အမျိုးအစားတွေထဲမှာ စစ်ဗိုလ်ဟောင်း/သစ်တွေဟာ ထိပ်ဆုံးက ရှိပါလိမ့်မယ်။

ထိုသူတို့ကို လူထုတိုက်ပွဲအင်အားနဲ့ သင်ကြားယဉ်ပါးစေခြင်းဖြင့်သာလျှင် သူတို့သည် အလွယ်တကူသင်ယူတတ်မြောက်၊ ယဉ်ကျေး၊လိမ္မာ လာကြလိမ့်မည်ဟု ယုံကြည်ယူဆပါကြောင်း။ ။

2 comments:

Tomahawk said...

ကျမကအကြမ်းဖက်မှူကိုအားမပေးဘူး
ကျမကရှင်တို့ယောက်ကျားတွေလိုအတောင်
၂၀ဝတ်မပာုတ်တော့၊ဒူးမထောက်ယုံတမယ်
ပဲအပျော့ဆွဲနဲ့ဒီလိုအခြေအနေရောက်လာတာပဲ။သူမဒီအတိုင်းဆက်လုပ်နေရင်တော့ဘာမှ
ဖြစ်လာမှာမပာုတ်ဘူး။
အာဏာရူးတွေကအခုအချိန်ထိအလျှာ့ပေး
ညှိနှိုင်းလို့ရမယ့်အရိပ်အယောင်တချက်မှ
မပြဘူး၊အမြဲလိုပဲခြိမ်းချောက်စော်ကားမှူမျိုး
စုံနဲ့အာဏာကိုဖက်တွယ်ထားနေမှာပဲ။
I always say, "No Pain No Gain"
They have the power for so long,they know that if they let lose their power, they are going to finish their lives(get killed or prosecuted).
They are not willing to negotiate for sure but they always pretend to be negotiable.
To kill them is not a easy job. In my opinion, do not ask to let lose and give up power to the people,that is waste of time.
Like the author said, we must "FIGHT" for our own freedom.There is no other way...

ဇင်မွန် said...

ဖွဲ.စည်းပုံဥပဒေ မှာ ဘာတွေရေးထားတယ်ဆိုတာ ထားလိုက် .. ။
နိုင်ငံအ၀ှမ်း ပြည်သူ အများ ဘာတွေ တောင်းဆိုနေလဲ ?
ပြည်သူတွေရဲ.အသံကို နားထောင်ပြီး ဖြစ်အောင်လုပ်ပေး
ရမှာ ၊ ဆောင်ရွက်ပေးရမှာ အစိုးရတာဝန်ပါ ၊
..
* ဒီမိုကရေစီ ဆွေးနွေးခန်းမှာ
..
ပြည်သူတစ်ဦး ဆွေးနွေး သွားတာ ....... ။

(တိုင်းပြည်အာဏာ ကို ပြည်သူတွေပိုင်ရင် ဒီအတိုင်း
ဖြစ်ရမှာပါ )